Saturday, March 30, 2013

မြန်မာပြည် အလယ်ပိုင်း ပုံမှန် အခြေအနေ ပြန်ဖြစ်လာ

Hits:2,673

ပုတီးကုန်းမြို့တွင် ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားပြီးနောက် ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေး ယူနေသည်ကို မတ်လ၂၈ ရက်နေ့က တွေ့မြင်ရစဉ် (ဓာတ်ပုံ – ကောင်းမြတ်မင်း / ဧရာဝတီ)
ပြည်-ရန်ကုန် ကားလမ်း တလျှောက်တွင် ဖြစ်ပွားခဲ့သည့် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ အရှိန်သည် ယခုအခါ လျော့ကျသွားပြီး မြို့ရွာများမှာ ပုံမှန်အခြေအနေနီးပါး  ပြန်လည် ရောက်ရှိလာနေပြီဟု သိရသည်။
ယမန်နေ့ညနေတွင် သမ္မတ ဦးသိန်းစိန်က ပြဿနာများအပေါ် အင်အားသုံး ဖြေရှင်းခြင်းကို မနှစ်သက်သော်လည်း  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အနေဖြင့် ဥပဒေနှင့်အညီ ရဲဝံ့ပြတ်သားစွာ ဆောင်ရွက်ရန် ပြောဆိုခဲ့ပြီးနောက် အခြေအနေများ တည်ငြိမ်လာခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
မင်းလှမြို့နယ်မှ မြို့ခံ ဦးတင်ထွန်းက “မနေ့ကတော့ ထပ်ပြီး ဖြိုကြ ဖျက်ကြသေးတယ်။
ပစ်မိန့်ပေးလိုက်တော့ လူတွေကွဲကုန်ပြီ။ သာရေးနာရေးတို့ ဆွမ်းလောင်း အသင်းကအစ အကူအညီပေးတဲ့ မွတ်စလင်တွေကို ရပ်ကွက်ကပဲ အကာအကွယ် ပေးထားတယ်” ဟု ပြောသည်။
လက်ရှိ အခြေအနေမှာ ငြိမ်သက်မှု ရှိလာပြီ ဆိုသော်လည်း မင်းလှမြို့ရှိ ဈေးမှာ ပြန်လည် ဖွင့်လှစ်ခြင်း မရှိသေးကြောင်းသိရသည်။
အလားတူ စစ်ကွင်း၊ မိုးညို စသည့်မြို့၌  ယနေ့ အခြေအနေမှာ ငြိမ်သက်လျက်ရှိပြီး အရောင်းအ၀ယ်မှာလည်း ပုံမှန်ပြုလုပ်နေပြီဟု ဒေသခံများကဆိုသည်။
လွန်ခဲ့သည့် ၉ ရက်ခန့်က မိတ္ထီလာမြို့မှ စတင်ဖြစ်ပွားခဲ့သည့် ပဋိပက္ခသည် ရက်ပိုင်းအတွင်း ပြည်မြို့ အနီးတ၀ိုက်ရှိ မင်းလှ၊ စစ်ကွင်း၊ မိုးညို၊ အုတ်ဖို၊ ကြို့ပင်ကောက်၊ ဇီးကုန်း၊ နတ္တလင်း၊ ပုတီးကုန်း စသည့် မြို့များသို့ ကူးစက်ပျံနှံခဲ့ခြင်း ဖြစ်သည်။
ယင်း ပဲခူးတိုင်း အနောက်ခြမ်း မြို့များတွင် ပုဒ်မ ၁၄၄၊ ပုဒ်မ ၁၈၈ ထုတ်ပြန်ထားသော်လည်း  ဒေသအာဏာပိုင်များ၏ ကိုင်တွယ်မှုများမှာ နှေးကွေးခဲ့သည့်အတွက် ဆူပူအကြမ်းဖက်မှုများမှာ ယမန်နေ့အထိ ဖြစ်ပွားခြင်းဖြစ်သည်ဟု ဒေသခံများက ပြောဆိုကြသည်။
ဇီးကုန်းမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ဒေါ်ခင်ဝိုင်းက “မနေ့နေ့ခင်းကတော့ ဗလီ မပြိုသေးလို့ဆိုပြီး လူစုတယ်ဆိုတဲ့ ကောလာဟလတွေ ထွက်လာသေးတယ်၊ မြို့က လူတွေကလည်း ကြောက်နေကြတယ်” ဟု ဆိုသည်။
ဇီးကုန်းမြို့တွင်သာမက  နတ္တလင်း၊ ကြို့ပင်ကောက်၊ ပုတီးကုန်း စသည့်မြို့များတွင်လည်း အရောင်းအ၀ယ် လုပ်ငန်းများ ပုံမှန်လုပ်ဆောင်နေပြီ ဖြစ်သော်လည်း မြို့ခံ မွတ်စလင်များမှာ တိမ်းရှောင်နေရဆဲ ဖြစ်ကြောင်း သိရသည်။
သဲကုန်းမြို့NLD မှ ဦးအောင်သန်းက “မနေ့ကအထိ လူတွေ ရပ်ရွာကာကွယ်ရေးအတွက် လုပ်နေရတာ။ တရက်မှ အိပ်ကောင်းခြင်း မအိပ်ရဘူး။ ဒီနေ့တော့ နည်းနည်းတော်သွားတယ်။ မြန်မာတပြည်လုံး မင်းမဲ့စရိုက်လို ဖြစ်နေတာ ပြည်သူတွေမှာ ဘယ်သူ့ အားကိုးရမှန်း မသိတော့ လှိမ့်ခံနေရတယ်” ဟု ဧရာဝတီသို့ ပြောသည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တရားဝင် ထုတ်ပြန်ချက်အရ မန္တလေးတိုင်း မိတ္ထီလာနှင့် ပဲခူးတိုင်း အနောက်ခြမ်း၌ ဖြစ်ပွားခဲ့သည့် ပဋိပက္ခများအတွင်း သေဆုံးသူ ၄၂ ဦး၊ အိမ် ၁၂၂၇ လုံး၊ ဆိုင် ၇၇ ခန်း၊ ဘာသာရေး အဆောက်အဦး ၃၇ လုံး၊ ယာဉ် ၂၁ စီး ပျက်စီးဆုံးရှုံးခဲ့ပြီး ဖမ်းဆီးတရားခံ ၆၈ ဦး ရှိကြောင်း သိရသည်။
လေ့လာသူများကမူ မြန်မာပြည် အလယ်ပိုင်း မိတ္ထီလာမှ ရန်ကုန်-ပြည်ကား လမ်းတလျှောက်ရှိ မြို့များသို့ ဆူပူ ဖျက်ဆီးမှုများ ကူးစက်လာခြင်း၊ ဘာသာရေး လူမျိုးရေး ပဋိပက္ခ ၃ ကြိမ် ဖြစ်ပေါ်ဖူးသည့် ပြည်မြို့သို့ ဦးတည်နေသည်ဟူသော ကောလဟာလများကို ရည်ရွယ်ချက်ရှိရှိ ထုတ်လွှင့်နေခြင်းအပေါ် နောက်ကွယ်မှ ကြိုးကိုင်နေသူများ ရှိသည်ဟု သုံးသပ်ကြသည်။
သမ္မတ ဦးသိန်းစိန်ကလည်း ကိုယ်ကျိုးစီးပွားနှင့် ယှဉ်သည့် နိုင်ငံရေး၊ စီးပွားရေး အမြတ်ထုတ်မှုများကို တည်ဆဲဥပဒေနှင့်အညီ ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်သွားရန် ယမန်နေ့က ပြည်သူသို့ ပြောကြားသည့် မိန့်ခွန်းတွင် ထည်သွင်းပြောဆိုသွားသည်။

"လက်နက်စွန့်ဖို့ ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး"

Saturday, March 30, 2013

 ဗိုလ်ချုပ်ဆေထင်သည် ရှမ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တခုဖြစ်သည့် SSPA/SSA ၏ အထင်ကရခေါင်းဆောင် ဖြစ်သည်။

မကြာသေးမီက လားရှိုးမြို့တွင် ပြုလုပ်သော ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း ဆွေးနွေးပွဲသို့ တက်ရောက်လာသည့်  ဗိုလ်ချုပ်ဆေထင်ကို အလွတ်သတင်းထောက် ဂျွန်ချစ်ငြိမ်း(တောင်ကြီး)က တွေ့ဆုံပြီး ရှမ်းပြည်နယ်အတွင်း တိုက်ပွဲများ၊ မူးယစ်ဆေးဝါး၊ နိုင်ငံရေး၊ ငြိမ်းချမ်းရေး အကြောင်းအရာတို့ကို မေးမြန်းထားသည်။
 
မေး ။ ။ 
ဗိုလ်ချုပ်ဆေထင် ဒီဆွေးနွေးပွဲတက်ရောက်ရခြင်း အကြောင်းရင်းကို ပြောပြပေးပါ။

ဖြေ။    ။ လာတက်ရတာကတော့ ရှင်းနေတာပဲလေ၊ ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်တာပေါ့၊ ဒီပွဲကနေတဆင့် မြန်မာတပြည်လုံး ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ သွားကြနိုင်မယ်လို့ ယုံကြည်လို့ လာတက်တာပါ။

မေး။  ။  ဒီပွဲ မတိုင်မီ ရှေ့တရက်ကလည်း ၀န်ကြီးဦးအောင်မင်းတို့အဖွဲ့ နဲ့ တွေ့ဆုံရာမှာ ဘာတွေဆွေးနွေးဖြစ်ခဲ့သလဲ။

ဖြေ။     ။  ကြိုကြား အပစ်အခတ်ဖြစ်နေတာတွေပေါ့၊ ဒါနဲ့ ပတ်သက်ပြီး နှစ်ဘက်တပ်တွေအရေး  ပြောခဲ့တယ်၊ ပြေလည်ပါတယ်။

မေး။  ။  အစိုးရနဲ့  ငြိမ်းချမ်းရေးသဘောတူချက် တခုက  လက်နက် စွန့်၊ ပါတီထောင်ပြီး နိုင်ငံရေးလုပ်ဖို့ပေါ့ဗျာ..၊ အဲဒါကို ဘယ်လိုသဘောရပါသလဲ။ 

 ဖြေ။   ။ လက်နက်စွန့်ဖို့ ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး။
 နိုင်ငံရေးပါတီ ထူထောင်ပြီး လုပ် ဆိုတာ  လွှတ်တော်ထဲမှာ နိုင်ငံရေး လုပ်ဖို့ဖြစ်တယ်၊ ဒီအတွက်က ၂၀၀၈ အခြေခံ ဥပဒေနဲ့ ဖွဲ့ထားတဲ့ လွှတ်တော်၊ မိုးထဲလေထဲ   နာဂစ်မုန်တိုင်း ကာလမှာ ပေါ်လာတဲ့ ဖွဲ့စည်းပုံ၊ အတည်ပြုခဲ့တဲ့ ဖွဲ့စည်းပုံ၊ အဲသည် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ကျနော်တို့ လုံးဝ လက်မခံဘူး။ 
 ဒီအခြေအနေမှာ လွှတ်တော် သွားဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။ 

အပစ်အခတ် ဆိုတာလည်း နိုင်ငံရေး ပြဿနာ တရပ်ပါ၊ ဒါကို နိုင်ငံရေး နည်းလမ်းနဲ့ ဖြေရှင်းရမယ်၊  ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေကို ပြင်ဆင်ရမယ်။ ဒီနေရာမှာ ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းအုပ်ချုပ်ပုံနဲ့  အစားထိုးမှသာလျှင် နိုင်ငံရေး ပြဿနာ ဖြေရှင်းနိုင်မယ်

မေး။  ။  ဘိန်းထုတ်လုပ်မှုမှာလည်း ကျနော်တို့ နိုင်ငံဟာ သည်နှစ်အတွက် မလျော့သွားဘဲ ထပ်တိုးနေတယ် လို့ ပြောနေကြတယ်။

ဖြေ။   ။ တည်မြဲတဲ့ အစိုးရ တရပ် မတည်ထောင်နိုင်ဘူး ဆိုရင် ကျနော်ထင်တယ် ဘိန်းကတော့ ပပျောက်မှာ မဟုတ်ဘူး။  
ဘိန်းကတော့ နှစ်ပေါင်း ရာချီ ရှိခဲ့တဲ့ပြဿနာပါ၊ အင်္ဂလိပ်ခေတ် ကတည်းက ရှိခဲ့တာပဲ၊ အထူးသဖြင့် ရှမ်းပြည်နယ်မှာပေါ့၊ ခေတ်အဆက်ဆက် ငြိမ်းချမ်းရေးမရခဲ့ဘူး၊ နယ်မြေက မအေးချမ်းဘူး။

မေး ။  ။ ငြိမ်းချမ်းရေး ရဖို့ ဘာ အဓိကလိုမလဲ။

ဖြေ။   ။ အခု လားရှိုးမှာ လုပ်နေတဲ့ ပွဲလိုပေါ့၊ တဦးနဲ့ တဦး ယုံကြည်မှု တည်ဆောက်သွားဖို့လိုတယ်၊ အပေး အယူတော့ ရှိရမှာပေါ့...၊
ဗိုလ်ချုပ်အောင်ဆန်းပြောဖူးခဲ့တယ်လေ.... ခင်ဗျားတို့ ရှမ်းတွေက တိုင်းရင်းသားတွေ တဲ့။ အင်္ဂလိပ်ကျွန် မဖြစ်စေရသလို၊  ဗမာကျွန်လည်း မဖြစ်စေရဘူးဆိုတာကိုလေ..။
ဗိုလ်ချုပ်အောင်ဆန်းသေတော့ နောက်ပိုင်း ကျနော်တို့လည်း ဗမာကျွန်ဖြစ်သွားတာပဲ၊ ဒီပြဿနာကို ဖြေရှင်းဖို့က အချိန်ယူရမယ်။

ဓာတ်ပုံ -
ဂျွန်ချစ်ငြိမ်း(တောင်ကြီး)   ဧရာဝတီ Facebook / ဧရာဝတီ Twitter
 
- See more at: http://blog.irrawaddy.org/2013/03/blog-post_2867.html#sthash.YjEE4hk0.dpuf

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။