Wednesday, March 20, 2013

မြန်မာနိုင်ငံ တစ်ဝှမ်း တွင်ဖြစ်ပွား နေသော မတော်တဆဖြစ်ပွားမှုများလွှတ်တော်သို့အရေးကြီးအဆိုတင်သွင်းခြင်း


မြန်မာနိုင်ငံ တစ်ဝှမ်း တွင်ဖြစ်ပွား နေသော မတော်တဆဖြစ်ပွားမှုများလွှတ်တော်သို့အရေးကြီးအဆိုတင်သွင်းခြင်း


ကန်ပက်လက်မဲဆန္ဒနယ်မှ သူရဦးအောင်ကိုက မြန်မာနိုင်ငံ တစ်ဝှမ်း တွင်ဖြစ်ပွား နေသော ယာဉ်မတော်တဆမှု၊ ထိခိုက်မှုအပါအဝင် အခြား မတော်တဆဖြစ်ပွားမှုများကြောင့် လည်းကောင်း၊ ခိုက်ရန်ဖြစ်ပွားမှု များကြောင့် လည်းကောင်း ရရှိသည့်ထိခိုက်ဒဏ်ရာရလူနာများအား အချိန်မီဆေးကုသနိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းနှင့် ပြဋ္ဌာန်းချက် များမရှိသေးပါက လိုအပ်သည့်လုပ်ထုံးလုပ်နည်းများကို ဆောလျင်စွာ ထုတ်ပြန်ပေးရေးအတွက် လွှတ်တော်သို့တိုက်တွန်းကြောင်း အရေးကြီးအဆိုတင်သွင်းခြင်း

ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်မှ ချမှတ်ပေးထားသော ဈေးကွက် စီးပွားရေးစနစ်အရ မော်တော်ယာဉ်မျိုးစုံကို လွတ်လပ်စွာဝယ်ယူ တင်သွင်း ခွင့်ပြုထားရာ ရန်ကုန်၊ မန္တလေးမြို့ကြီးများအပါအဝင် တစ်နိုင်ငံလုံး အတိုင်း အတာ အရ မော်တော်ယာဉ်အစီးရေသည် ၃ သန်းကျော် အထိ ရောက်ရှိ လာခဲ့ပြီဖြစ်သည့်အပြင် မော်တော်ယာဉ်သွားလာမှုလည်း လွန်စွာများပြား လာနေပါကြောင်း၊ မော်တော်ယာဉ်အရေအတွက် တိုးပွားလာခြင်းနှင့်အတူ ယာဉ်မတော်တဆဖြစ်မှုများဟာလည်းပဲ များပြား လာနေသည်ဖြစ်ရာ အထူး သဖြင့် ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီးပေါ်မှာ မော်တော် ယာဉ် မတော်တဆမှု မှုခင်းများ မကြာခဏဖြစ်ပွားနေကြောင်းလည်းတွေ့ ရှိနေရပါကြောင်း၊ ရန်ကုန်-နေပြည်တော် အမြန်လမ်း ၁၁၅ မိုင်စခန်း မှာ နိုင်ငံခြားမှကြက်ခြေနီအသင်း၊ လူနာတင်ယာဉ်နှင့် ရှေးဦးသူနာပြုစုရေး အဖွဲ့၊ နောက် ဆက်သွယ်ရေးအတွက် ဖုန်းများထားရှိပေးလျှက်ရှိပြီး မတော်တဆဖြစ်မှုများမှာ ဒဏ်ရာရ လူနာများကို သွားရောက်ခေါ်ဆောင်ကာ သက်ဆိုင်ရာ ရဲစခန်း၊ ဆေးရုံ၊ ဆေးခန်းများသို့ ပို့ဆောင်ပေးနေ ကြောင်း ကိုလည်းပဲ ယင်းကြက်ခြေနီအဖွဲ့မှ ပံ့ပိုးဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့သော် ဆက်သွယ်ရမည့် လမ်းကြောင်းနှင့် ဖုန်းနံပါတ်ကို အများပြည်သူတို့ ကျယ်ပြန့်စွာ မသိရှိသေးသည့်အတွက်ကြောင့် ကူညီဆောင်ရွက်ပေးနိုင်မှု အပိုင်းမှာ အားနည်းနေကြောင်းလည်းပဲ မှတ်သားကြားသိရ ပါကြောင်းပြော ကြား ပါသည်။

မော်တော်ယာဉ်မတော်တဆဖြစ်မှုများတွင် ထိခိုက်ဒဏ်ရာရရှိသောလူနာများ အများကြီး ရှိနေပါကြောင်း အချို့လူနာများသည့် နီးစပ်ရာဆေးရုံ၊ ဆေးခန်း များသို့ အချိန်မီပို့ဆောင်ဆေးဝါးကုသမှု မပြုနိုင်ခြင်းကြောင့် မသေဆုံး သင့်ဘဲ သေဆုံးနေရကြောင်းလည်းပဲ ဝမ်းနည်းစွာကြားသိနေရ ပါကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ကျင့်‌သုံးဆောင် ရွက် လျက်ရှိသော အပြည်ပြည်ဆိုင်ရာ ယာဉ်ထိန်းနည်းစနစ် ၅ မျိုးအနက်မှ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းမှာ အလွန်အရေးကြီးလှပါကြောင်း။ ယာဉ်တိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူများကို အရေးပေါ် ကုသခြင်းနှင့် အချိန်မီဆေးရုံကို ပို့ဆောင်ပေးဖို့ အတွက်လည်း လွန်စွာအရေးကြီးလှ ပါကြောင်း၊ နေပြည်တော် အပါအဝင် တိုင်းဒေသကြီး များနှင့် ပြည်နယ်များ မှာ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်စုစုပေါင်း ၁၅၀၀ ခန့်သာရှိကြောင်းကြားသိရပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်ဦးရေလည်း လွန်စွာ နည်းပါးလျှက်ရှိနေကြောင်း၊ တစ်ဖက်ကလည်း မသေဆုံးသင့်ဘဲ သေဆုံးနေရတဲ့ဖြစ်စဉ်များကို လေ့လာ ဆန်းစစ်ကြည့်‌သောအခါ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်အင်အားနည်းခြင်းနှင့် အခင်းဖြစ်တဲ့နေရာကိုအချိန်မီရောက်ရှိအောင် သွားလာ နိုင်ရန်လိုအပ်တဲ့ Facility များလည်း လိုအပ်နေကြောင်း၊ ယင်းကိစ္စများမှာ ရဲမှုခင်းဖြစ်သည့် အတွက် တာဝန်ရှိ ရဲတပ်ဖွဲ့ကို အကြောင်းကြားပြီး ရဲတပ်ဖွဲ့ ရောက်ရှိသည့် အချိန်ကျမှ အခင်းဖြစ်ပွားရာ အနေအထား၊ မှတ်တမ်းတင် လုပ်ဆောင် ရခြင်း၊ လူနာ၏ အခင်းဖြစ်အနေအထား မပျက်ယွင်စေရန် စောင့်ဆိုင်းရခြင်း၊ ထိုသို့ မစောင့်ဆိုင်းဘဲ နီးစပ်ရာဆေးရုံ၊ ဆေးခန်းများသို့ အချိန်မီ ပို့ဆောင်ခဲ့ ပါကလည်းပဲ ဆေးရုံဆေးခန်းများမှ ရဲတပ်ဖွဲ့၏ မှုခင်းဆေးမှတ်ချက်များ မပါရှိသဖြင့် လုပ်ထုံးလုပ်နည်းများအရ ချက်ချင်းကုသမှု မပြုလုပ်နိုင်ခြင်း စသည့် အကြောင်းအချက်များကြုံတွေ့ နေရပြီး ဒဏ်ရာရသူများ၊ လူနာများမှာလည်း ဆေးကုသမှုနောက်ကျသည့်အတွက် မလိုလားအပ်သော ဆုံးရှုံးမှုမျိုးများလည်း ဖြစ်ပေါ်နေကြောင်း။

ဖော်ပြပါ ယာဉ်တိုက်ခိုက်မှုများအပြင် ဒုတိယအများဆုံးမတော်တဆမှုမှာ ခိုက်ရန်ဖြစ်ပွားမှုကြောင့် ထိခိုက် ဒဏ်ရာရရှိမှု များဖြစ်ပြီး အရက်အလွန် အကျွံ သောက်စားမှုကြောင့်လည်းကောင်း နောက်ဆက်တွဲမတော်တဆမှုများလည်း ဖြစ်ပွားလျက်ရှိနေပါကြောင်း။ မည်သို့သောမတော်တဆမှု များကြောင့် ဖြစ်စေကာမူ ထိခိုက်ဒဏ်ရာရသေဆုံးသူ များသည် မြန်မာနိုင်ငံ သား များသာဖြစ်သောကြောင့် အချိန်မီ ဆေးရုံ၊ ဆေးခန်းများသို့ရောက်ရှိ ကုသမှုခံယူနိုင်အောင် စီစဉ်ဆောင်ရွက်ပေးနိုင်ရန်သည် နိုင်ငံသား အားလုံး မှာ တာဝန်ရှိပါကြောင်း။ ပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေးတွင် ကိုယ်စားလှယ်တော်ကြီး ဦးရဲထွဋ်ဦးရဲ့မေးခွန်း အပေါ်မှာ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ရဲချုပ် ကျော်ကျော်ထွန်း မှပြန်လည် ရှင်းလင်းခဲ့ရာ ရဲတပ်ဖွဲ့ဝင်များအတွက် စုံထောက်စစ်ဆေးရမည့် မှုခင်း ဖြစ်ရပ်ကအရေးကြီးတဲ့အတွက် မှုခင်းဖြစ်ရပ်မပျက်စီးစေရေး အမှတ် အသားများ မှတ်သားထားရှိပြီး လူနာကိုအချိန်မီ နီးစပ်ရာဆေးရုံသို့ ပို့ပေး ပါက ဥပဒေနဲ့ ညှိစွမ်းမှုရှိမည် မဟုတ်ကြောင်း ဖြေကြားခဲ့ရာ ပြည်သူများ အနေဖြင့် ၎င်းဖြစ်ရပ်များနှင့်ပတ်သက်၍ အတွေ့အကြုံ ဗဟုသုတ နည်းပါးခြင်း၊ လုပ်မှားကိုင်မှားဖြစ်၍ ပြန်လည် အရေးယူ ခံနိုင်ဖွယ်ရှိခြင်း ရဲစခန်းများကလည်း အကြိမ်ကြိမ် မကြာခဏ ခေါ်ယူစစ်ဆေးခြင်း စသည့် စိုးရိမ်စိတ်များကြောင့် ယင်းကာလနောက်ပိုင်း မော်တော်ယာဉ် မတော်တဆ မှုနှင့် အခြား မတော်တဆမှု ဖြစ်စဉ်များကြောင့် ထိခိုက်ဒဏ်ရာရသူများကို နီးစပ်ရာဆေးရုံ၊ ဆေးခန်းများသို့ အချိန်မီပို့ဆောင်နိုင်ခြင်း မပြုရဲ ကြသောကြောင့် မလို လားအပ်သော ဆုံးရှုံးမှုများ ဆက်လက်ဖြစ်ပွားလျက် ရှိနေသည်ကို ဝမ်းနည်းဖွယ်ရာ ကြားသိနေရပါကြောင်း၊ ဆေးရုံ၊ ဆေးခန်း များမှလည်း ရဲတပ်ဖွဲ့စစ်ဆေးချက်မပါရှိပါက ထိခိုက်ဒဏ်ရာရလူနာကို အလွယ်တစ်ကူလက်မခံကြပါကြောင်း၊ ဤနေရာတွင် မှုခင်းဖြစ်ရပ် အမှတ်အသားများ မပျက်စီးစေရန်သည် ရဲတပ်ဖွဲ့လုပ်ထုံးလုပ်နည်းအရ အရေးကြီးသည်မှန်ပါသည်။ သို့သော်လည်း နိုင်ငံသားတစ်ဦး၏ အသက် ရှင်သန်မှုသည် ထို့ထက်ပို၍ အရေးကြီးပါကြောင်း၊ တန်ဖိုးကြီး ပါကြောင်း အလေးအနက်တင်ပြလိုပါတယ်။ ဒဏ်ရာရ လူနာတစ်ဦး သို့မဟုတ် အများ ကို အချိန်မီဆေးရုံ၊ ဆေးခန်းသို့ပို့ဆောင်နိုင်သဖြင့် ဆက်လက် အသက် ရှင်သန် ပါက ဖြစ်ပွားခဲ့သည့် မှုခင်းဖြစ်စဉ် အကြောင်းအရာများကို ဆက် လက် စစ်ဆေး သိရှိခွင့် ပိုမိုရရှိနိုင်သည့် အခွင့်အရေး ရရှိ မည် ဖြစ်ကြောင်း ကိုလည်း ယုံကြည်ပါကြောင်း၊ ထို့အတွက်ကြောင့် မြန်မာနိုင်ငံ တစ်ဝှမ်း တွင်ဖြစ်ပွားနေသော ယာဉ် မတော်တဆဖြစ်ပွားမှုများ၊ အခြားမတော်တ ဆဖြစ် ပွားမှု များနှင့် ခိုက်ရန်ဖြစ်ပွားမှု များကြောင့် ထိခိုက် ဒဏ်ရာရ လူနာများကို အချိန်မီဆေးကုသနိုင်ရေးအတွက် လုပ်ထုံး လုပ်နည်းနှင့် ပြဋ္ဌာန်း ချက်များ မရှိသေးပါက လိုအပ်သော လုပ်ထုံးလုပ်နည်း များကို ဆောလျင်စွာ ထုတ်ပြန်ပေးနိုင်ရေး အတွက် ပြည်သူ့ လွှတ်တော်သို့ တိုက်တွန်းကြောင်း အရေးကြီးအဆိုတစ်ရပ်ကို တင်သွင်းခဲ့ပါသည်။


ဘကြီးသက်

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။