အရင်းပျောက် လူ့အဖွဲ့အစည်း
by Zeya Thu on Friday, February 15, 2013 at 11:02am ·
ကျွန်တော်တို့ရဲ့
ပြသနာက အရင်း ပြသနာဖြစ်ပါတယ်။ ဒီကိစ္စရှင်းနိုင်မှ တိုင်းပြည်
ရှေ့ရောက်နိုင်မယ့်အကြောင်း ရေးထားတဲ့ ဆောင်းပါးပါ။ မနက်ဖြန် ထွက်မယ့်
Voice အတွက် ရေးထားတာပါ။
အရင်းပျောက် လူ့အဖွဲ့အစည်း
မြန်မာ့ စီးပွားရေး အောက်ကျနောက်ကျနိုင်ရခြင်းကို အရင်းစစ်လိုက်သောအခါ အရင်းပျောက် နေကြောင်း တွေ့ရသည်။
ဖွံ့ဖြိုးမှုပန်းတိုင်သို့ မြန်မာနိုင်ငံ သွားနေသော လမ်းကြောင်းသည် ယနေ့ တစ်ကမ္ဘာလုံးနီးနီး ကျင့်သုံးနေသည့် ဈေးကွက် စီးပွားရေးစနစ်ဖြစ်ပြီး ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေတွင်လည်း “နိုင်ငံတော်၏ စီးပွားရေးစနစ်သည် ဈေးကွက်စီးပွားရေးစနစ်” ဟု အတိအလင်းဖော်ပြထားသည်။ ဈေးကွက်စီးပွားရေးဆိုသည်မှာ capital ခေါ် အရင်းကို အခြေပြုပြီး စီးပွားရေးလုပ်ငန်းများ ထူထောင်ကာ လူအများလိုအပ်သည့် ကုန်ပစ္စည်းများထုတ်လုပ်၊ ၀န်ဆောင်မှုများ ပေးခြင်းဖြစ်သည့် အရင်းရှင်စနစ် (capitalism) ကိုပင် နားဝင်ပိုချိုမည့် နာမည် နောက်တစ်မျိုးဖြင့်ခေါ်ခြင်းဖြစ်သည်။ဈေးကွက်စီးပွားရေး သဘောအရကုန်ပစ္စည်းများ၊ ၀န်ဆောင်မှုများ ဈေးကွက်အတွင်း ရောင်းချခြင်းဖြင့် အမြတ်အစွန်းများ ရလာမည်။ ထိုအခါ ထပ်မံလုပ်ငန်းတိုးချဲ့ရင်း တိုးချဲ့ရင်း ကြီးပွားသည်ထက် ကြီးပွားလာမည်။ စီးပွားရေးလုပ်ငန်းများသည် လွတ်လပ်သော ဈေးကွက်အတွင်း ကုန်ပစ္စည်းများ၊ ၀န်ဆောင်မှုများ ရောင်းရရန်၊ လူသုံးရန် အပြိုင်အဆိုင်ဖြင့် ပစ္စည်းအရည်အသွေးကောင်းအောင်၊ ဈေးသက်သာအောင် ကြိုးစားလုပ်ဆောင်ကြမည်။ ထိုအခါ လူအများ ပစ္စည်းကောင်းသုံးရ၊ ဈေးသက်သက်သာသာဖြင့်သုံးရသောကြောင့် လူနေမှုအဆင့်အတန်းတိုးတက်လာမည်။ စီးပွားရေးလုပ်ငန်းများ တိုးတက်လာသော ၀င်ငွေမှတစ်ဆင့် တိုင်းပြည်လည်း ၀င်ငွေတိုးမည်။ လုပ်သားတို့ အလုပ်အကိုင်ရကြမည်။
အရင်းရှင်စနစ်ဟုဆိုသည့်အတိုင်း နာမည်နှင့် လိုက်အောင် အရင်း လိုအပ်သည်။ အရင်းရှိမှ စီးပွားရေးလုပ်ငန်းတွင် လိုအပ်မည့် နေရာ( မြေ၊ တိုက်ခန်း၊ ဂိုဒေါင်)၊ လုပ်အား( အလုပ်ကြမ်း အလုပ်နုလုပ်သား)၊ နည်းပညာ ( land၊ labor ၊ technology) ဟူသော ကုန်လုပ်စွမ်းအားစုများကို စုဆောင်းရယူကာ ကုန်ပစ္စည်းများ၊၀န်ဆောင်မှုများ ထုတ်လုပ်နိုင်မည်။ အရင်းရှိမှသာ ကျန်သော ကုန်လုပ်စွမ်းအားစုများကို ရယူနိုင်မည် ဖြစ်သောကြောင့် အရင်းမရှိဘဲနှင့် အရင်းရှင်စနစ် တည်ဆောက်ရန် လုံးဝမဖြစ်နိုင်။
စင်စစ် မြန်မာနိုင်ငံတွင် အရင်းပျောက်နေသည်မှာ ကြာမြင့်လှပြီ ဖြစ်သောကြောင့် အရင်းမရှိဘဲနှင့် အရင်းရှင်စနစ်တည်ဆောက်သလို ဖြစ်နေသည်။ တိုင်းပြည်တွင်း ငွေအတန်ငယ် ရှိသော်လည်း စီးပွားရေးလုပ်လိုသူများလက်တွင် ငွေမရှိ။ အရင်းမရှိသောကြောင့် အကွက်မြင်လျင်ပင် မရင်းမနှီးနိုင်၊ လက်ပိုက်ကြည့်နေကြရသည်။ ထို့ကြောင့် စီးပွားရေး လုပ်ငန်းအတော်များများသည် ကြီးသင့်လျက်နှင့် မကြီးနိုင်ဘဲ တန့်နေကြရသည်။
ဥပမာပြရလျင် တတ်သည် နားလည်သည် ကြိုးစားသည်ချင်းအတူတူ တရုတ်ပြည်မှ ကျောက်သမားနှင့် မြန်မာပြည်မှ ကျောက်သမား ယှဉ်ပြီး ရောင်းကြ၀ယ်ကြလျင် ဆယ်နှစ်ခန့်ကြာလျင် အပြတ်အသတ်ကွာသွားတတ်သည်။ ဈေးကွက်ရှိခြင်း၊ နည်းပညာလိုအပ်ချက်တို့က စကားပြောသော်လည်း အထူးအရေးကြီးသည့်အချက်က အရင်း။ တရုတ်မှ ကုန်သည်က အရင်းကို ဘဏ်မှ ရနိုင်သည်။ ထို့ကြောင့် ဘဏ်မှ ချေးငွေဖြင့် လုပ်လိုက်ကိုင်လိုက်လျင် တရုတ်နိုင်ငံသားက တစ်ရင်းမှ နှစ်ရင်း၊ နှစ်ရင်းမှ လေးရင်းဖြစ်ပြီး ကြီးပွားချမ်းသာသွားချိန်တွင် မြန်မာနိုင်ငံမှ ပုဂ္ဂိုလ်မှာ ခပ်လှမ်းလှမ်းတွင် ပြတ်ကျန်ခဲ့သည်။
မြန်မာနိုင်ငံသားမှာ လုပ်နိုင်ကိုင်နိုင်ပြီး အခွင့်အလမ်းများမြင်နေလျင်ပင် ငွေမရင်းနိုင်။ဘဏ်မှ ငွေချေးမရ။ ရင်းချင်လျင် အိမ်ရောင်း၊ အိမ်ပေါင်၊ ရွှေရောင်း လုပ်နိုင်မှ ရမည်။ ယင်းလုပ်ရပ်တို့သည် စွန့်စားရာ ရောက်လွန်းသောကြောင့် တော်ရုံတန်ရုံဖြင့် လုပ်ရဲမည်မဟုတ်။ ရှုံးလျင် အိမ်ပေါ်မှ ဆင်း၊ အခြေပျက်အနေပျက် ဘ၀ပျက်မည်။ တရုတ်တို့ကမူ ထိုသို့ စွန့်ရန်မလို၊ ဘဏ်မှ ငွေရနိုင်သည်။ ထိုသို့ဖြင့် တရုတ်တို့သာ မြန်မာ့ကျောက်မျက်မှ ကြီးပွားသထက် ကြီးပွားသွားသည်။ ကျောက်မျက်သည် ဥပမာတစ်ခုတည်းသာ ရှိသေးပြီး ကျန်သည့်နယ်ပယ်များတွင်လည်း အလားတူပင်။
အရင်းလိုအပ်ချက်သည် မြန်မာနိုင်ငံတွင် နယ်ပယ်စုံ၊ အဆင့်စုံတွင် ဖြစ်ပေါ်နေသည်ကို တွေ့ရသည်။ လယ်ယာစိုက်ပျိုးရေးကဏတွင် အရင်းလိုအပ်ချက်မှာ ကြောက်စရာ၊ အရင်းမထည့်နိုင်လျင် လယ်ယာကဏ ပြိုကျတော့မည်ဟု မြန်မာ့လယ်ယာပညာရှင်တို့က စိုးရိမ်နေကြသည်။ သို့သော် ကျန်သည့် မွေးမြူရေး၊ ရေလုပ်ငန်း၊ စက်မှု စသည်တို့တွင်ရော။ နေရာတိုင်းတွင် အရင်းလိုအပ်နေသည်။ စီးပွားရေးလုပ်ငန်း အရွယ်အစားဖြင့် ကြည့်လျင်ရော။ မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းအများစုသည် အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများသာ ဖြစ်ရာ ထိုလုပ်ငန်းများ ကြီးထွားရန် အရင်း အလွန်လိုအပ်နေသည်။ ခေါင်းရွက်ဗျတ်ထိုး၊ လမ်းဘေးဈေးသည် စသည့် သေးသေးမွှားမွှား စီးပွားရေး ( micro-business) များသည် တိုင်းပြည်၏ အခြေခံအကျဆုံး စီးပွားရေးများ ဖြစ်ပြီး ထိုလုပ်ငန်းများသည် အရင်းရရန် မျှော်လင့်ချက် အနည်းဆုံး ဖြစ်သောကြောင့် ရှိရင်းစွဲ အရင်းလေးမပြုတ်ရန် မနည်းရုန်းကန် ရပ်တည်နေရသည်။ လက်ရှိအရင်းကိုပင် နေ့ပြန်တိုး အတိုးနှုန်းကြီးကြီးဖြင့် နင့်ခနဲပေးရသောကြောင့် အရင်းဟုပင် မဆိုနိုင်။ မြန်မာနိုင်ငံတွင်းသို့ အသေးစားချေးငွေ ဒေါ်လာသန်းတစ်ထောင်ခန့် ထည့်ပေးနိုင်မှ စီးပွားရေး အခြေအနေ ပြောင်းလဲ သွက်လက်လာလိမ့်မည်ဟု ခန့်မှန်းထားသည်ကို ကြည့်လျင် ကျန်အရွယ်အစားများအတွက် အရင်းလိုအပ်ချက်ကို မှန်းကြည့်နိုင်သည်။ တစ်ဖန် လုပ်ငန်းကြီးဟု မြန်မာစံဖြင့် ဆိုနိုင်မည့် လုပ်ငန်းများသည်လည်း နိုင်ငံတကာ စံနှင့် ယှဉ်ကြည့်လျင် အသေးစားနှင့် အလတ်စား လုပ်ငန်း ( SME Small and Medium Enterprises) အဆင့်သာရှိပြီး နိုင်ငံတကာ အဆင့်မီ တိုးချဲ့ယှဉ်ပြိုင်နိုင်မည့် အရင်း မရှိပါ။
အရင်း ဘယ်ကရမည်နည်း။ အရင်းရနိုင်သည့်နေရာ ပြည်တွင်းနှင့် ပြည်ပဟု ရင်းမြစ်နှစ်မျိုးရှိသည်။ ပြည်ပမှ အရင်းသည် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှု အဖြစ်ဝင်လာနိုင်သလို ပြည်တွင်းမှ အရင်းသည်လည်း အလွန်အရေးကြီးသည်။ ပြည်တွင်းမှ ရင်းနှီးငွေသည် တည်ငြိမ်သည်။ မြန်မြန်ဝင်၊ မြန်မြန်ပြန်ထွက်တတ်သည့် ပြည်ပရင်းနှီးငွေများကဲ့သို့ စီးပွားရေး ကမောက်ကမ ဖြစ်နိုင်ချေနည်းသည်။
အရင်းအမြစ်ကို သူ့နေရာနှင့်သူချတတ်ခြင်း (resource allocation) သည် စီးပွားရေးစနစ်အောင်မြင်ခြင်း၏ အကြောင်းတရားဖြစ်သည်။ စီးပွားရေးမလုပ်လိုသူ၊ မလုပ်တတ်သူတို့ထံမှ သင့်တင့်သော အမြတ်ငွေပေးပြီး စီးပွားရေးလုပ်တတ်သူ၊ လုပ်လိုသူအတွက် အရင်းငွေကို လွှဲပြောင်းပေးနိုင်ရန် ဘဏ်များ ပြုပြင်ပြောင်းလဲရန်လိုသည်။ မြန်မာ့ ဘဏ်စနစ်သည် စတင်ပြောင်းလဲနေပြီ ဖြစ်သော်လည်း စီးပွားရေးလုပ်ငန်းများကို ပံ့ပိုးနိုင်လောက်အောင်သည့် ပြောင်းလဲခြင်း အဆင့်သို့ မရောက်သေး။
ဈေးကွက်စီးပွားရေးစနစ်တွင် ဘဏ်သည် အလွန်အရေးကြီးသည်။ ငွေပိုသူက ဖျာအောက်တွင် ငွေမထားဘဲ အတိုးရရန် လာစု၊ ထိုငွေကို ငွေလိုသူ လုပ်ငန်းလုပ်မည့်သူ တိုးချဲ့မည့်သူက ငွေစုသူရမည့် အတိုးထက် ပိုသော အတိုးပေးပြီး လာချေးခြင်းဖြင့် ဘဏ်တို့သည် ငွေလိုသူ (အရင်းလိုသူ) နှင့် ငွေပိုသူများ (မရင်းလိုသူ၊ အရင်းမလိုသူ) အကြား ချိတ်ဆက်ပေးသော အရင်းရှင်စနစ်၏ အရင်းရှာကဏကို တာဝန်ယူရသည်။ ယနေ့ ဘဏ်များသည် ထိုတာဝန်ကို ထမ်းဆောင်နိုင်ခြင်း မရှိသေး။ ပြတ်နေသေးသော ထိုကွင်းဆက် ( missing link) ကို ဆက်ပေးနိုင်မှ စီးပွားရေးစနစ် လည်ပတ်လာမည်။ သို့သော် ဘဏ်ချေးငွေကို သုံးပြီး တကယ်စီးပွားရေး မလုပ်ဘဲ မြေ၀ယ်ပြီး ဈေးကစားခြင်းမျိုး မလုပ်နိုင်အောင်မူ ထိန်းသိမ်းမှသာ ချေးငွေများ နိုင်ငံအတွက် အကျိုးမရှိခြင်းမှ ကာကွယ်နိုင်ပြီး ကုန်ထုတ်လုပ်မည့်နေရာများသို့ ငွေကြေး ရောက်ရှိမည်။
ဘဏ်များတွင်းသို့၊ ငွေကြေးလည်ပတ်စနစ်တွင်းသို့ ပြည်သူများ ယုံကြည်အပ်နှံလာစေရန် အာမခံချက်၊ နိုင်ငံရေးတည်ငြိမ်မှု ပေးနိုင်ရန်လည်း လိုအပ်သည်။ ဘဏ်များကို မယုံကြည်လျင်၊ နိုင်ငံရေးတည်ငြိမ်မှုဟု မယုံကြည်လျင်၊ဘဏ်တွင် အပ်သော အလေ့အကျင့်မရှိလျင် ငွေကြေးမဟုတ်သော အခြားနေရာများ (non-monetary assets) တွင်သာ ဥစ္စာဓနကို ထားလိုကြမည် ( ရွှေ၊ မြေ စသည်)။ ငွေကြေးဖောင်းပွမှုနှုန်းမြင့်လျင်လည်း စုသည်ထက် ချက်ချင်းစား၊ သုံးပစ်လိုက်သည်က စိတ်ချရသည့်သဘောဆောင်သောကြောင့် စုလိုစိတ် ရှိကြမည် မဟုတ်။ ထို့ကြောင့် ငွေကြေးဖောင်းပွနှုန်း နိမ့်ရန်၊ နိုင်ငံရေးတည်ငြိမ်ရန်၊ ဘဏ်အပ်ကျင့်တို့ ရှိမှသာ ဘဏ်များသည်လည်း အရင်းရှာပေးသည့် တာဝန်ကို ထမ်းနိုင်မည်။
ခေတ်ပေါ် စီးပွားရေးပညာရပ်၏ ဖခင်တစ်ဦး ဖြစ်သူ စီးပွားရေးပညာဂုရု Joseph Schumpeter က
“Capitalism is that form of economy in which innovations are carried out by means of borrowed money’
“အရင်းရှင်စနစ်ဆိုတာ ချေးငွေကိုသုံးပြီး တီထွင်ဖန်တီးမှုတွေ လုပ်တဲ့ စီးပွားရေးစနစ်ပဲ” ဟု ၁၉၃၉ ခုနှစ်ကပင် အထင်အရှား ပြောကြားခဲ့သည်။
အရင်းပျောက်လူ့အဖွဲ့အစည်းအတွင်းသို့ အရင်း ထည့်ပေးနိုင်မှသာ စီးပွားရေးဘီး တစ်ပတ်ပြီး တစ်ပတ် လည်ပတ်နိုင်လိမ့်မည်။
ဇေယျသူ

No comments:
Post a Comment