RCSS/SSA ဖမ်းဆီးရမိသော ယာဘဆေးပြားသောင်းချီအား တရုတ်အစိုးရလက်လွှဲအပ်
ဦးစိုင်းလူ၏ထောက်ခံစာနှင့်ဖမ်းမိပစ္စည်းများ(ဓါတ်ပုံ- မောက်ကောန်ထုန့်မောဝ်)
သျှမ်းသံတော်ဆင့်သတင်းဌာန. ၁၁ရက်နေ့ ဒီဇင်ဘာ ၂၀၁၂ —-
သျှမ်းပြည်တပ်မတော် RCSS/SSA မှ ဖမ်းဆီးရမိသော ယာဘဆေးပြား
ခုနှစ်သောင်းကျော်ကို ယခု အပတ်တနင်္ဂနွေနေ့က တရုတ်အစိုးရထံ
လွှဲအပ်ပေးလိုက်ပြီဖြစ်ကြောင်း သျှမ်းပြည်မြောက်
ပိုင်းသတင်းရပ်ကွက်ကဆိုပါသည်။တရုတ်နိုင်ငံသို့ ယာဘနှင့်မူးယစ်ဆေးဝါးများ သယ်ယူပို့ဆောင်သော တန့်ယန်း မိုင်းကောင် ပြည်သူ့စစ်အဖွဲ့ဝင်အား သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော်၏ နမ့်ခမ်းမြို့ တရုတ်နယ်စပ်အခြေစိုက် အမှတ် ၇၀၁ စစ်ဒေသမှ ဖမ်းဆီးရမခဲ့ပြီး မူးယစ်ဆေးဝါးများအား ဒီဇင်ဘာ ၉ ရက်နေ့က အခမ်းအနားဖြင့် တရုတ်အစိုးရထံသို့ လွှဲပြောင်းပေးခဲ့သည်ဟု RCSS/SSA အမှတ် ၇၀၁ တပ်မှူးတဦးက ပြောသည်။
“ ဒီဇင်ဘာ ၉ ရက် မွန်းလွဲ ၂ နာရီခွဲက ကျနော်တို့ တရုတ်အစိုးရလက်ကို အပ်လိုက်ပြီ။ မြို့ခံလူထုကို ဖိတ်ခေါ်ပြီး သက်သေ လုပ်ခိုင်းတယ်။ ယာဘအပြားပေါင်း ၇ သောင်း နဲ့အတူ ဖမ်းမိပစ္စည်းတွေပေါ့။ ဒီမူးယစ်ဆေးတွေသယ်ပေးတဲ့လူက ဦးစိုင်းလူ ခေါ် အိုက်လွယ်ဆုံ ။ မိုင်းကောင် လားဟူအထူးတိုက်ခိုက်ရေးရဲ/ဌာနေပြည်သူ့စစ် တပ်ဖွဲ့ကထောက်ခံစာနဲ့သွားလာတာတဲ့” ဟု အမည်မဖော်လိုသည့် RCSS/SSA တပ်မှူးတဦးကပြောသည်။
စိုင်းလူအား နိုဝင်ဘာလ ၉ ရက်နေ့က မီဇူဘီရှီ ဗင်ကားတစီးနှင့်အတူ ယာဘအပြားပေါင်း ၇၀,ဝ၀ဝ ဖြင့် သျှမ်းပြည်တပ်မ တော်က နမ့်ခမ်းမြို့နယ်အတွင်း ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်သည်ဟုဆိုပါသည်။၎င်းသည် လားဟူအထူးတိုက်ခိုက်ရေးရဲ/ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ခေါင်းဆောင် ဦးကျာညီး ( ဂျညီး) နှင့် စီးပွါး/ဆက်ဆံရေးတာဝန်ခံ ခွန်ညွန့်တို့၏ ထောက်ခံချက် လက်မှတ်ကိုကိုင်ဆောင်ကာယာဘများသယ်ဆောင်ပေးခဲ့ခြင်းဖြစ်သည်ဟု ထွက်ဆိုကြောင်း အဆိုပါတပ်မှူးကပြောသည်။
ဖမ်းမိပစ္စည်းများအား တရုတ်အစိုးရထံ လွှဲပြောင်းပေးအပ် (ဓါတ်ပုံ- မောက်ကောန်ထုန့်မောဝ်)
“သူက မိုင်းရယ်ကနေ လားရှိုး သိန္နီ ကွတ်ခိုင် ၁၀၅ မိုင်ဂိတ်ကိုတောင်
ဖြတ်သန်းလာနိုင်ခဲ့တယ်။ မိုင်းကောင်အဖွဲ့ထဲက ပစ္စည်းကို သယ်ပေးတာလို့တော့
ထွက်ချက်ပေးတာဘဲ” ဟုဆိုပါသည်။တန့်ယန်းမြို့နယ် မိုင်းကောင်အခြေစိုက် ဂျညီးနှင့် ဂျကွယ်တို့ဦးဆောင်သော ပြည်သူ့စစ်တပ်ဖွဲ့သည် မြန်မာအစိုးရ၏ စစ်တိုင်းမှူး ၊ တပ်ရင်းမှူး များနှင့်အထူး ရင်းနှီးဝင်ရောက်ခဲ့ကြသည်ဖြစ်ရာ အခွင့်အရေးများအထူးရရှိကာ တန့်ယန်း မိုင်းရယ် မြို့နယ်အတွင်း လှုပ်ရှားနေခဲ့သည့်ဌာနပြည်သူ့စစ်အဖွဲ့ဖြစ်သည်။ ဒေသခံရွာသားများထံမှလည်း ကောက်ယူမှုများ မပြတ်ရှိနေသဖြင့် သျှမ်းပြည် တပ်မတော်နှင့် မကြာခဏ ပစ်ခတ်မှုများဖြစ်ပွါးနေခဲ့ရသော အဖွဲ့လည်းဖြစ်ပါသည်။
သျှမ်းသံတော်ဆင့်
No comments:
Post a Comment