Monday, December 10, 2012

ဆန္ဒပြမှုတွေက လက်ရှိနိုင်ငံရေးလမ်းကြောင်းကို ဘာတွေသက်ရောက်လာနိုင်မလဲ


ဆန္ဒပြမှုတွေက လက်ရှိနိုင်ငံရေးလမ်းကြောင်းကို ဘာတွေသက်ရောက်လာနိုင်မလဲ

(AP Photo/Khin Maung Win)
Messenger News Journal, 10 December 2012 —-
ကျွန်မတို့နိုင်ငံမှာ တစ်ဖက်နဲ့တစ်ဖက် ညှိနှိုင်းဆွေးနွေး အဖြေရှာတဲ့အလေ့အထ အားနည်းတယ်။
(ဒေါ်အောင်ဆန်းစုကြည်)
၂ဝ၁ဝ ပြည့်နှစ် နိုဝင်ဘာလ ၇ ရက်နေ့က ရွေးကောက်ပွဲ ကျင်းပပြီးနောက် ဖွဲ့စည်းခဲ့တဲ့ အစိုးရ အဖွဲ့ရဲ့ သက်တမ်းတစ်နှစ် ခွဲကျော်လာချိန်မှာ ပုံသဏ္ဍာန် မတူညီတဲ့ ဆန္ဒပြမှုတွေ အများ အပြား ပေါ်ပေါက်လာခဲ့ ပါတယ်။ နှစ်ပေါင်းများစွာ မြိုသိပ်ထား တဲ့ ပြည်သူတွေ ရဲ့ ဆန္ဒတွေဟာ အခုလို ဖွင့်ထုတ်လို့ရတဲ့ အချိန်မှာ ဖွင့်ထုတ်တာ တကယ်တော့ မထူးဆန်းလှပါဘူး။
ဒီလို ဆန္ဒပြမှုတွေဟာ ဒီမိုကရေစီလမ်းကြောင်းကို အသွင် ကူးပြောင်းနေတဲ့ အစိုးရအသစ်အတွက် ဘေးကျပ်နံကျပ် ကိစ္စလို့ မထင်သင့်ပါဘူး။ ဆန္ဒပြမှုတွေကို အစိုးရအနေနဲ့  သိမ်သိမ်မွေ့မွေ့ ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတဲ့ အာရုံစိုက်မှုက အဆင့်တိုင်း အဆင့်တိုင်းမှာ အရေးကြီးလှ ပါတယ်။ အခုဖြစ်သွားတဲ့ လက်ပံတောင်းတောင် သပိတ်စခန်း နောက်ဆက်တွဲအခြေအနေတွေကို သန်း ၆ဝ သော ပြည်သူတစ်ရပ်လုံးက စောင့်ကြည့်နေပါတယ်။ လက်ပံတောင်း သပိတ် စခန်းကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အင်အားသုံး ဖြိုခွင်းခဲ့တဲ့ မီးစဟာ လက်ပံတောင်း သပိတ်စခန်းတစ်ခုတည်းကို မဟုတ်ဘဲတစ်နိုင်ငံလုံးကို တောင်လောက်ကျွမ်းသွားနိုင်တဲ့ မီးစတစ်ခုပါ။
မြန်မာနိုင်ငံမှာ ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်း ပေးခဲ့တဲ့ ငြိမ်းချမ်းစွာ စုဝေးခြင်းနဲ့ စီတန်းလှည့်လည် ခြင်းဥပဒေ ပြည်ထဲရေးဝန်ကြီးဌာနက ရေးဆွဲခဲ့တဲ့ နည်း ဥပဒေတွေရှိနေပြီး ဖြစ်ပေမဲ့ ဆန္ဒထုတ်ဖော်မှုတွေ ပြု လုပ်တဲ့အခါမှာ ဥပဒေနဲ့မညီညွတ်လို့ တရားဥပဒေနဲ့ ရင်ဆိုင်နေရတဲ့ အဖြစ်အပျက်တွေလည်း ရှိနေပါတယ်။ အချို့သော ခွင့်တောင့် လျှောက်ထားချက်တွေမှာ အုပ် ချုပ်ရေးပိုင်းကသူတွေရဲ့ အားနည်းချက်တွကြောင့်လည်း အတိုက်အခံ အသွင်ဆောင်ခဲ့ကြတာလည်း ရှိနေပါတယ်။ ဆန္ဒပြခွင့် လျှောက်ထားရာမှာ အုပ်ချုပ်ရေးအဖွဲ့အစည်း အဆင့်ဆင့်ရဲ့ တာဝန်ခံမှု၊ တာဝန်ယူနိုင်မှု စတဲ့ အားနည်း ချက်တွေကြောင့် မလိုလားအပ်တဲ့ ပဋိပက္ခအသွင် သဏ္ဍာန်ဆောင်ခဲ့တာမျိုးတွေလည်း ရှိခဲ့တယ်လို့ နိုင်ငံရေး လေ့လာသူအချို့က ဆိုပါတယ်။
စစ်အစိုးရလက်ထက်မှ အစိုးရသစ်လက်ထက်သို့ အကူးအပြောင်းမှာ ကစားသမားတွေ မပြောင်းဘဲ နည်းစနစ် ပြောင်းလဲ ကစားခဲ့ပေမယ့် အချို့သော လုပ်ဆောင်ချက်တွေမှာ အရင်အစိုးရဟောင်း လက်ထက် က Mind-set တွေကို အစိုးရသစ်လက်ထက်ရောက်တော့ ချက်ချင်း ပြုပြင်ပြောင်းလဲနိုင်တာမျိုး မလုပ်နိုင်သေး တာတွေကိုလည်း တွေ့ရပါတယ်။ အစိုးရသစ်အဖွဲ့မှာ ဒီလို Mind-set ရှိတဲ့သူတွေ အစိုးရသစ်ရဲ့ အဆင့်တိုင်း အဆင့်တိုင်းမှာ အများအပြားရှိနေမယ်ဆိုရင်တော့ ရှေ့သို့ သွားမယ့် ခြေလှမ်းတိုင်းခြေလှမ်းတိုင်းဟာ တုံ့ဆွဲနေမှာ သေချာပါတယ်။
သမ္မတကြီး ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ၊ တိုးတက်မှုတွေ၊ အရင် နိုင်ငံတကာက မြန်မာနိုင်ငံအပေါ် မြင်နေတဲ့ ပုံရိပ်ဆိုးတွေကို အကောင်း ဘက်သို့ ပြောင်းလဲနိုင်ခဲ့တာတွေ သမ္မတကြီးရဲ့ မိန့်ခွန်း တွေအရ သမ္မတကြီးဟာ တိုင်းပြည်ကို နောက်ကြောင်း ပြန်လှည့်အောင် လုပ်မယ့်သူ မဟုတ်ဘူးဆိုတာ သေချာ ပါတယ်။ ဒါပေမဲ့ ဒီလိုကိစ္စကို သမ္မတကြီးတစ်ယောက် တည်းက စွမ်းနိုင်ပါ့မလား။
လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံတစ်ဝန်း ဆန္ဒပြမှုတွေ ဟာ အစိုးရသစ်အတွက် ခေါင်းခဲစရာကိစ္စဆိုပေမယ့် လက်ရှိမြန်မာနိုင်ငံရဲ့ အခင်းအကျင်းအရ ဒီလိုဆန္ဒပြမှု တွေဟာ အစိုးရသစ်အနေနဲ့ ရှောင်လွှဲလို့ရမယ့် ကိစ္စ မဟုတ်ပါဘူး။ အစိုးရသစ်သက်တမ်း ၂ နှစ်အတွင်းမှာ ပြည်သူတွေရဲ့ ယုံကြည်မှုကို အရင်ကထက် ပိုရခဲ့တယ်။    နှစ်ပေါင်းများစွာ အထီးကျန်နေတဲ့ နိုင်ငံတကာနဲ့ ဆက် ဆံရေးကိုလည်း ပြောင်းလဲပစ်နိုင်သလို နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု ခြေလှမ်းသစ်တွေကိုလည်း လျှောက်လှမ်းနိုင် အောင် ဆွဲဆောင်နိုင်ခဲ့တယ်။ ဒါပေမဲ့ ဒါတွေအားလုံး ဟာ အချိန်တိုလေးတစ်ခုအတွင်း အလုံးစုံ ကြေမွသွား နိုင်တယ်။
ဒါဆို လက်ရှိနိုင်ငံရေး အခင်းအကျင်းသစ်ထဲမှာ ဖြစ်ပေါ်နေတဲ့ ဆန္ဒပြမှုတွေက ဘာတွေ သက်ရောက် လာနိုင်မလဲဆိုတာ မေးခွန်းတစ်ခု ဖြစ်လာခဲ့ပါတယ်။
ဆန္ဒပြမှုအများစုအနေဖြင့် အစိုးရကို ဆန့်ကျင်ကန့် ကွက်နေတဲ့ အသွင်သဏ္ဍာန်မဟုတ်ဘဲ စီမံကိန်းတစ်ခု၊ လုပ်ငန်းတစ်ခု၊ အခြေအနေတစ်ခုအပေါ်မှာသာ ကူညီ ဖြေရှင်းပေးရန် တောင်းဆိုနေကြခြင်းဖြစ်တယ်လို့ နိုင်ငံ ရေးနယ်ပယ်က သူတွေက ပြောပါတယ်။
”အသွင်ကူးပြောင်းမှုကာလ ၂ နှစ်နီးပါးဆိုတာက လိုချင်တဲ့ ရာနှုန်းပြည့်တော့ မရသေးဘူး။ အဲဒီအပေါ်မှာ မူတည်ပြီး ပြသင့် ပြထိုက်တဲ့ ဆန္ဒပြမှုတွေကို ပြရမယ်။ ဥပဒေနဲ့အညီလည်း ဖြစ်ရမယ်။ ဆန္ဒပြမယ့် သူတွေက လည်း ဥပဒေအရ ခွင့်တောင်းရမယ်။ ဥပဒေကို အပ် နှင်းခံထားရသူကလည်း ခွင့်ပြုပေးရမယ်။ နှစ်ပေါင်း ၅ဝ လောက် ဆန္ဒပြတယ်ဆိုတာ ရာဇဝတ်မှုလို့ မြင်ခဲ့ တော့ လုံခြုံရေးအကြောင်းပြပြီး ငြင်းပယ်နေကြတယ်” ဟု ဥပဒေနဲ့အညီ ဆန္ဒ ထုတ်ဖော်မှုများ ဖြစ်လာဖို့အတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြော ပါတယ်။
ဒီမိုကရေစီစနစ်ကို ကျင့်သုံးပါက တစ်ဦးချင်းရဲ့ အခွင့်အရေးနဲ့ လိုအပ်ချက်တွေကို အသိအမှတ်ပြုရမှာ ဖြစ်တဲ့အတွက ဆန္ဒပြပွဲ၊ ဆန္ဒထုတ်ဖော်ပွဲတွေဆိုတာ ရှိနေမှာဖြစ်တဲ့အတွက် စိတ်ပူစရာ မရှိဘူးလို့ သုံးသပ် ပြောကြားသူတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ဥပဒေတွေ ကိုလည်း လိုက်နာသင့်တယ်လို့ ထောက်ပြကြပါတယ်။
”ဆန္ဒပြတယ်ဆိုတာ သူတို့အခွင့်အရေးပဲ ဒီမိုကရေ စီနိုင်ငံတွေမှာ ဆန္ဒပြမှုတွေက ရှိနေမှာပဲ။ ဆန္ဒပြတာတွေ ကို ကြောက်နေလို့တော့ မရဘူး။ ဘယ်လို ဖြေရှင်းပေး မလဲဆိုတာနဲ့ ဘယ်လိုညှိနှိုင်းမလဲဆိုတာကပဲ အရေးကြီး တယ်။ ဥပဒေတွေက မသင့်တော်ရင်တော့ ပြင်ပေါ့။ မပြင်နိုင်သေးရင်ရှိတဲ့ ဥပဒေကိုတော့ လိုက်နာရမှာပဲ” ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်  က ပြောပါတယ်။
နိုဝင်ဘာ ၂၉ ရက်နေ့ မနက် ၃ နာရီဝန်းကျင်မှာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်တွေကို ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေက အင်အား သုံး ဖြိုခွဲခဲ့တာကြောင့် သံဃာတော်များနဲ့ ပြည်သူအချို့ ထိခိုက်ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ပြီးနောက် ဆန္ဒထုတ် ဖော်ပွဲတွေ ဖြစ်ပေါ်လာခဲ့ပြီး ရန်ကုန်မြို့မှာတော့ ခေါင်း ဆောင်တချို့ကို ဖမ်းဆီး အရေးယူမှုတွေ ပြုလုပ်ခဲ့ပါ တယ်။ ဆန္ဒပြခေါင်းဆောင်တွေကို ဖမ်းဆီးအရေးယူ တာကြောင့် ပြန်လွှတ်ပေးရေးအတွက် နောက်ထပ် ဆန္ဒ ပြမှုတွေ ထပ်မံ ဖြစ်ပွားလာခဲ့ပါတယ်။
ကြေးနီတောင်စုံစမ်းစစ်ဆေးရေး ကော်မရှင်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဆန္ဒပြသူများနဲ့ ပတ်သက်ပြီး ပြောကြားရာမှာတော့ ”ပထမဆုံး ကျွန်မသိချင်တာက ဘာအတွက် ဆန္ဒပြနေကြတာလဲဆိုတာ သိချင်တယ်။ ဘာအတွက် ဆန္ဒပြလဲဆိုတာ သိလို့ရှိရင် ဒီဆန္ဒပြမှုတွေ ရဲ့ လိုအပ်ချက် ဆန္ဒပြသူတွေရဲ့ သဘောထားကို နား လည်လို့ရှိရင် ညှိနှိုင်းဖြေရှင်းရတာ လွယ်ကူမှာပါ”ဟု ပြောကြားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ ဘာအတွက် ဆန္ဒ ပြနေကြတာလဲဆိုတာ သိချင်ပါတယ်ဆိုတဲ့ စကားကို ဝေဖန်ပြောကြားမှုတွေ ရှိလာခဲ့ပေမယ့် ဒေါ်စုအနေနဲ့ မသိချင်ယောင်ဆောင်၍ မေးခြင်းမဖြစ်နိုင်ဘဲ အကြောင်း ရှိ၍သာ ပြောကြားခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်မှုများ လည်း ရှိပါတယ်။ ဆန္ဒထုတ်ဖော်နေတဲ့အကြောင်းအရာ တွေမှာ နိုင်ငံရေးအရ နေရာရရှိမှု၊ နိုင်ငံခြားရင်းနှီးမြှုပ် နှံမှုများ တုံဆိုင်းနေရေး တရုတ်-အမေရိကန်နိုင်ငံ ဆက်ဆံ ရေး ချိန်ညှိဖို့နဲ့ အစိုးရကို စမ်းသပ်ခြင်းအပြင် အချို့သော လက်ဝါးကြီးအုပ် စီးပွားရေးသမားတွေရဲ့ မပြောင်းသေး တဲ့ အမြင်တွေ ပါဝင်နိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေ ပါတယ်။
”နိုင်ငံတကာရဲ့ အခြေအနေအရ ကိုယ်နိုင်ငံကို ဘယ်နိုင်ငံရဲ့ ကစားကွင်း စစ်တလင်းမဖြစ်ဖို့လိုတယ်။ စီမံကိန်းတိုင်းကို ဖျက်ပစ်ရမယ်ဆိုတာကလည်း အစိုးရ အနေနဲ့တော့ မဖြစ်နိုင်ဘူးပေါ့။ အစိုးရအနေနဲ့ကလည်း ပြင်စရာရှိတာတွေ ရဲရဲဝံ့ဝံ့ပြင်ဆင်ရမယ်။ ဒီလိုမှ မဟုတ် ဘဲ သိမ်းငှက်ကြီးနဲ့ နဂါးတို့ရဲ့ ကစားကွင်းဖြစ်အောင် လုပ်ရင်တော့ နိုင်ငံရေးအရ မှားယွင်းမှုတစ်ခုပဲ။ ကိုယ့် ဝေစု ကိုယ့်အကျိုးစီးပွားတစ်ခုအတွက်ပဲ ကြည့်ပြီး လုပ် မယ်ဆိုရင် ဥပဒေရဲ့စက်ကွင်းကို ဥပဒေချိုးဖောက်သူ တွေ ရောက်သွားလိမ့်မယ်။ ပြည်သူကလည်း ဒဏ်ခတ် ပါလိမ့်မယ်”ဟု ဦးသိန်းညွန့်က ပြောပါတယ်။
လက်ရှိ ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်နေတဲ့ အကြောင်း အရင်းဖြစ်တဲ့ ကြေးနီတောင်စီမံကိန်းအတွက် နိုင်ငံတော် မှ စုံစမ်းရေးကော်မရှင် ဖွဲ့စည်းပေးခဲ့ပြီး ဒေါ်အောင် ဆန်းစုကြည်ကို ဦးဆောင်စေခဲ့ပါတယ်။ ဒေါ်အောင်ဆန်း စုကြည်ရဲ့ လုပ်ဆောင်ချက်တွေကို စောင့်ကြည့်ပြီးမှသာ လိုအပ်သလို ဆက်လက်လုပ်ဆောင်သင့်ပြီး ယခုအချိန် တွင် စောင့်ကြည့်သင့်သေးကြောင်း သုံးသပ်မှုများလည်း ရှိနေပါတယ်။
”ဘာပဲဖြစ်ဖြစ် ဆန္ဒပြမယ်ဆိုတဲ့ သူတွေကို ပြော တာပါ။ ဆန္ဒပြတာကို ဒီမိုကရေစီ ယူဆနေလား မသိ ဘူး။ အချို့ကိစ္စတွေက အကြံပြုရင် ရပါတယ်။ နေရာ တကာ ဆန္ဒပြရင် ဒေသဆိုင်ရာကလည်း စိတ်ညစ်မှာပဲ။ ပြည်သူတွေက မီဒီယာတွေကို တိုက်ရိုက် တင်ပြလာကြ တယ်။ ဆန္ဒပြမယ့် အကြောင်းတွေ အများကြီး ရှိနေသေး တယ်။ အစိုးရအနေနဲ့ ဘယ်လိုဖြေရှင်းမလဲဆိုတာ အဖြေ ရှာထားရမယ်။ အစိုးရအရာရှိကြီးတချို့မှာက အရင်လို လုပ်ဆောင်တာတွေ ရှိနေသေးတော့ ပြည်သူတွေက လည်း မခံချင်ဘူးပေါ့”ဟု နိုင်ငံရေးဆောင်းပါးများ ရေးသားနေသူ ဆရာထင်လင်းဦးက ပြောပါတယ်။
မြန်မာနိုင်ငံရှိ အခြားသော စီမံကိန်းတွေဖြစ်တွဲ့ျေ ပိုက်လိုင်းစီမံကိန်း၊ ရေအားလျှပ်စစ်ထုတ်လုပ်ရေး တွေနဲ့ အခြားသော စီမံကိန်းတွေမှာလည်း ဆန္ဒထုတ် ဖော်မှုတွေ ရှိလာနိုင်မယ်လို့ သုံးသပ်မှုတွေရှိနေပြီး ဆန္ဒ ထုတ်ဖော် ဦးဆောင်လှုပ်ရှားသူတွေ ရှိနေဦးမည်ဖြစ် ကြောင်း သုံးသပ်နေကြပါတယ်။
”နိုင်ငံရေးပါတီအနေနဲ့လည်း မအောင်မြင်ဘူး။ လူမှုရေးခေါင်းဆောင်တွေအနေနဲ့လည်း မပေါက်မြောက် ကြဘူးဆိုတဲ့ သူတွေက နေရာရဖို့အတွက်ဆိုပြီး လုပ်နေ တယ်ဆိုရင်တော့ မကောင်းပါဘူး”ဟု နိုင်ငံရေးလေ့လာ သူတစ်ဦးက ပြောပါတယ်။
နိုင်ငံတော်သမ္မတက ကြေးနီတောင်မှာဖြစ်ခဲ့တဲ့ အဖြစ် အပျက်တွေအတွက် နိုင်ငံခေါင်းဆောင်တစ်ဦးဖြစ် တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တာဝန်ပေးစုံစမ်းခိုင်းခဲ့ပါ တယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ မည်သူ့မျက်နှာ ကိုမှ မထောက်ဘဲ အမှန်အတိုင်းဖြစ်အောင် ကြိုးစားသွား မယ်လို့ အတိအလင်းပြောဆိုထားပြီးချိန်မှာ ဆန္ဒထုတ် ဖော်မှုတွေ ဆက်ဖြစ်နေတာကတော့ စဉ်းစားစရာတွေ ရှိနေပါတယ်။
ဆန္ဒထုတ်ဖော်မှုများကြောင့် လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးဖြစ်စဉ်တွေကို ဘယ်လိုအကျိုးသက်ရောက်မှု တွေရှိလာမလဲဆိုတာကလည်း ရှေ့ဆက်ဘယ်လို အကြောင်းတရားတွေ ပေါ်ပေါက်လာမလဲ၊ ဘယ်လို လုပ်ကိုင်ဆောင်ရွက်မလဲဆိုတဲ့ အပေါ်မှာတော့ မူတည်နေ မှာ သေချာပါတယ်။ အစိုးရအနေနဲ့လည်း ယခု အကြပ်အတည်းများကို တည်ငြိမ်စွာ ဖြတ်ကျော်နိုင်ခဲ့ ပါလျှင် မှတ်တမ်းကောင်းများ ထပ်မံရရှိမှာဖြစ်တဲ့ အတွက် ဂရုတစိုက် ကိုင်တွယ်ဖြေရှင်းဖို့ အရေးကြီးပါ တယ်။
နိုင်ငံရေး အကျပ်အတည်းဖြစ်နေချိန်မှာ စီမံကိန်းလုပ်ငန်းများကို သီးသန့်ဆန္ဒထုတ်ဖော်မှု တွေကြောင့် မြန်မာနိုင်င့မှာ လာရောက် ရင်းနှီးမြှုပ်နှံ မယ့် အခြေအနေတွေကို တန့်သွားနိုင်တဲ့အတွက် ဂရုပြုသင့်ပါတယ်။ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု တိုးတက်နေသော်လည်း စီးပွားရေး ပြုပြင်ပြောင်လဲမှု မလုပ်နိုင်ပါက နိုင်ငံရေး အခြေအနေ တွေအပေါ်မှာ ထိခိုက်မှုတွေလည်း ရှိလာနိုင်ပါတယ်။ ဒီနေရာမှာ အစိုး ရရဲ့ စီမံကိန်းတွေဆောင်ရွက်တဲ့နေရာမှာ ပြည်သူကို အသိပေးဖို့ ပွင့်လင်းမြင်သာဖို့ အစိုးရတစ်ရပ်အနေနဲ့ မဖြစ်မနေဆောင်ရွက်ဖို့ သတိပြုသင့်ပါတယ်။
”ကြေးနီစီမံကိန်းနဲ့ ပတ်သက်လို့ ကျွန်မတို့ ဘယ် လို ကိုင်တွယ်လဲဆိုတာကို နိုင်ငံတကာက ကြည့်ပြီးမှ ကျွန်မတို့နိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုလုပ်လို့ရှိရင် ဘယ်လို အကျိုးဆက်တွေ ရှိမယ်ဆိုတဲ့အပေါ်မှာ အခြေခံပြီး မှန်းဆ တာတွေရှိလာမယ်။ ဘယ်လိုဖြစ်မယ်ဆိုတာ ကျွန်မတို့ အပေါ်မှာ မူတည်တယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က မီဒီယာများနဲ့ တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။
နိုင်ငံတစ်ခု ပြုပြင်တည်ဆောက်နေချိန်မှာ ပြဿနာ မျိုးစုံရှိနေမှာ ဖြစ်ပေမယ့် ပြဿနာတွေက ကြောက်စရာ မဟုတ်ဘဲ၊ ဘယ်လိုဖြေရှင်းမလဲဆိုတာကသာ အရေး ကြီးတယ်လို့ နိုင်ငံရေးသမားတွေက သုံးသပ်ပြောကြား ပါတယ်။ နိုင်ငံရေး မတည်မငြိမ်ဖြစ်ပေါ်နေတဲ့ နိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ ဘယ်သူကမှ စဉ်းစားမှာ မဟုတ်ပါဘူး။ နှစ်ဖက်စလုံးမှာ ပါဝင်ပတ်သက်နေတဲ့သူတွေအနေနဲ့ နိုင်ငံအကျိုး၊ သန်း ၆ဝ သော ပြည်သူ့အကျိုးအတွက် အတတ်နိုင်ဆုံး ညှိနှိုင်းအဖြေရှာပေးကြရန်သာ အရေး ကြီးမှာ ဖြစ်ပါတယ်။
”အကောင်းဆုံးဖြေရှင်းနည်းဆိုတာ အခြေခံအား ဖြင့် ညှိနှိုင်းပြီး ဆွေးနွေး အပေးအယူ လုပ်နိုင်ရမယ်။ အပေးအယူ မလုပ်ဘဲ ဒီကမ္ဘာကြီးမှာ ဘယ်တော့မှ တိုး တက်မှုရမှာ မဟုတ်ဘူး၊ အပေးအယူဆိုတာ ကိုယ့်ဘက် ကချည်းပဲ အသာယူလို့ မရဘူး”ဟု အကောင်းဆုံး အဖြေရှာနည်းကို ဒေါ်အောင်ဆန်းစုကြည်က ပြောကြား ခဲ့ပြီး ဖြစ်ပါတယ်။
The Messenger

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။