Thursday, November 15, 2012

ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယ၀န်ကြီးချုပ်နှင့်တွေ့ဆုံ


ဒေါ်အောင်ဆန်းစုကြည် အိန္ဒိယ၀န်ကြီးချုပ်နှင့်တွေ့ဆုံ 


7Day News Journal, 14 November 2012  —-  အိန္ဒိယနိုင်ငံသို့ ရက်သတ္တပတ်တစ်ပတ်ကြာ အလည်အပတ်သွားရောက်နေသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် အိန္ဒိယနိုင်ငံဝန်ကြီးချုပ် ဒေါက်တာမန်မိုဟန်ဆင်းအား ၎င်း၏အိမ်တော်၌ သွားရောက်တွေ့ဆုံခဲ့သည်။

 မြန်မာ့ဒီမိုကရေစီရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နံနက်စောစောပိုင်းတွင် အိန္ဒိယနိုင်ငံ၏ ခေါင်းဆောင်ကြီးဂန္ဓီ၏ ဂူဗိမာန်သို့ သွားရောက်ဂါရ၀ပြုခဲ့သည်။ ယင်းနောက် ဒေါ်အောင်ဆန်းစုကြည်သည် ဂျာဝါဟာလာနေရူး အထိမ်းအမှတ်နေရာသို့လည်း သွားရောက်ဂုဏ်ပြုခဲ့သည်။ ယနေ့ ညနေပိုင်းတွင် နေရူးမွေးနေ့အထိမ်းအမှတ် အောက်မေ့ဖွယ်အခမ်းအနားသို့ တက်ရောက်ကာ မိန့်ခွန်းပြောကြားမည်ဖြစ်သည်။ဒေါ်အောင်ဆန်းစုကြည်၏ အလည်အပတ်ခရီးမှာ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုအားကောင်းနိုင်စေရန်အတွက်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က မီဒီယာများအား ပြောကြားသည်။ အိန္ဒိယနိုင်ငံဖွံ့ဖြိုးတိုးတက်လာခြင်းကို မြင်တွေ့ရခြင်းအတွက် ၀မ်းမြောက်ဝမ်းသာဖြစ်မိပြီး ဂူဗိမာန်ကဲ့သို့ အထိမ်းအမှတ် အဆောက်အအုံအချို့ မပျက်မယွင်းရှိနေခြင်းကိုလည်း ပျော်ရွှင်မိသည်ဟု ၎င်းကပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် အိန္ဒိယနိုင်ငံတွင် ရောက်ရှိနေစဉ်အတွင်း အိန္ဒိယဒုတိယသမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌ၊ နိုင်ငံခြားရေးဝန်ကြီးတို့နှင့်လည်း တွေ့ဆုံသွားရန် အစီအစဉ်ရှိသည်။
ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်သည် ငယ်စဉ်က ပညာသင်ကြားခဲ့ရာ မိခင်ကျောင်းတော်ဖြစ်သော လေစီဆရီရမ်ကောလိပ်သို့လည်း သွားရောက်မည်ဖြစ်ကာ ကျောင်းသား၊ ကျောင်းသူများနှင့် အပြန်အလှန် ပြောဆိုဆွေးနွေးမည်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ဘန်းဂလိုးမြို့သို့ သွားရောက်ကာ အိန္ဒိယသိပ္ပံအင်စတီကျုဒ်နှင့် Infosys Campus သို့လည်း သွားရောက်လည်ပတ်မည်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်သည် မိခင်ဖြစ်သူဒေါ်ခင်ကြည် အိန္ဒိယဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေစဉ်အတွင်း အိန္ဒိယနိုင်ငံ၌ နှစ်အတန်ကြာ နေထိုင်ခဲ့ဖူးသည်။
အိမ်နီးချင်းနိုင်ငံများဖြစ်သော အိန္ဒိယနှင့် မြန်မာနိုင်ငံတို့ကြားတွင် မကြာသေးမီ နှစ်များအတွင်း အဆင့်မြင့်ခေါင်းဆောင်များ အပြန်အလှန်လည်ပတ်မှုများရှိခဲ့ပြီး ဆက်ဆံရေး ပိုမိုတိုးတက်ခိုင်မာလာခဲ့သည်။
မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်သည် ၂၀၁၁ ခုနှစ် အောက်တိုဘာလတွင် အိန္ဒိယနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့ပြီး အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်းကလည်း ၂၀၁၂ မေလတွင် မြန်မာနိုင်ငံသို့ ပြန်လည် လည်ပတ်ခဲ့သည်။
Ref: ANI
Photo: Reuters


No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။