နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ပြည်တွင်းမီဒီယာများ တွေ့ဆုံပွဲကျင်းပ
Sun, 10/21/2012 - 18:39
နေပြည်တော် အောက်တိုဘာ ၂၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် ပြည်တွင်းမီဒီယာများ တွေ့ဆုံပွဲကို
ယနေ့မွန်းလွဲ(၂)နာရီမှ ညနေ(၄)နာရီ မိနစ်(၂ဝ)အထိ နိုင်ငံတော်သမ္မတ
အိမ်တော်သံတမန်ဆောင်၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီးများ၊ ဌာနအကြီးအကဲများ၊
ပြည်တွင်းဂျာနယ် သတင်းထောက်များနှင့် ပြည်တွင်းအခြေစိုက်
ပြည်ပသတင်းဌာနများမှ သတင်းထောက်များ တက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင် နိုင်ငံတော်သမ္မတက နှုတ်ခွန်းဆက်စကား
ပြောကြားရာတွင် ယခုကဲ့သို့ မီဒီယာအဖွဲ့များနှင့် သိုက်သိုက်ဝန်းဝန်း၊
စုံစုံညီညီတွေ့ဆုံ ခွင့်ရသည့်အတွက် ကျေးဇူးတင်ကြောင်းကို ရှေးဦးစွာ
ပြောကြားလိုပါကြောင်း၊မိမိအနေဖြင့် ပြည်ပခရီးစဉ်များတွင်
ပြည်ပမီဒီယာများနှင့် မကြာခဏ တွေ့ဆုံရသော်လည်း ပြည်တွင်းမီဒီယာများနှင့်
အချိန်အတော်ကြာ မတွေ့ဖြစ်တော့သည့်အတွက် ယခုကဲ့သို့မီဒီယာများနှင့် ရင်းရင်း
နှီးနှီး တွေ့ဆုံရန် စီစဉ်ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း၊ မီဒီယာများသည်
မိမိတို့ အစိုးရအဖွဲ့၏ နား၊ မျက်စိ များပင်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ မီဒီယာ
များ၏ သဘောထားအမြင်များနှင့် မိမိတို့၏ သဘောထားအမြင်များကို နှစ်ဦးနှစ်ဖက်
သိရှိနားလည်ကြရန် လိုအပ်ပြီး ပြည်သူများ သိရှိရန်လည်း အဓိက
အရေးကြီးပါကြောင်း၊ ပြည်သူများသိရှိအောင် ဆောင်ကြဉ်းပေး
နိုင်သည့်အဖွဲ့များမှာ မီဒီယာအဖွဲ့များပင် ဖြစ်ပါကြောင်း၊ အစိုးရအဖွဲ့၏
လုပ်ဆောင်ချက်များသည် စတုတ္ထမဏ္ဍိုင်ဖြစ်သည့် မီဒီယာများနှင့်
ပေါင်းစပ်လိုက်မှသာလျှင် အောင်အောင် မြင်မြင်ဖြစ်မည်ဟု မိမိအနေဖြင့်
ခံယူထားပါကြောင်း၊ ထို့ကြောင့် မီဒီယာများနှင့် ပေါင်းစပ် ဆောင်ရွက်ရန်၊
မီဒီယာများသိလိုသည်များ၊ မေးမြန်းသည်များကို စိတ်ရှည်သည်းခံ၍ မှန်မှန်
ကန်ကန်ဖြေကြားရန် ဝန်ကြီးဌာနများကို မှာကြားထားပါကြောင်း။
မိမိတို့အစိုးရအနေဖြင့် ယနေ့ မည်သည့်လုပ်ငန်းများကို
မည်သည့်အတွက်မည်သို့ လုပ်ဆောင်နေသည်ကိုလည်းကောင်း၊ တွေ့ကြုံရသည့် အခက်
အခဲများ၊ စိန်ခေါ်မှုများ ကိုမည်ကဲ့သို့ ကျော်ဖြတ်နေရသည်ကိုလည်းကောင်း
မီဒီယာအဖွဲ့များက သိရှိထားမှသာ မိမိတို့အားဝေဖန်နိုင်၊ အကြံပေးနိုင်
မည်ဖြစ်ပါကြောင်း၊ ထိုအချက်များအပေါ် မူတည်ပြီး မိမိတို့အစိုးရအဖွဲ့
အနေဖြင့် လုပ်ဆောင်သွားမည် ဖြစ်ပါကြောင်း၊ မီဒီယာသည် မိမိတို့ အစိုးရ၏
အရေးကြီးသော ဆက်သွယ်ရေးဖြစ်သည်ဟု ခံယူထားပြီး မီဒီယာကိုလည်း
အားပေးဆောင်ရွက်နေပါကြောင်း၊ သို့ဖြစ်၍ မီဒီယာများအနေဖြင့် ပြည်သူ လူထုက
အစိုးရအဖွဲ့ကို အကြံဥာဏ်များပေးနိုင်အောင် အသိပေးပြောကြားပြီး အစိုးရ၏
လုပ်ဆောင် ချက်များကိုလည်း ပြည်သူများအတွင်း မှန်မှန် ကန်ကန်
သိရှိနိုင်ရန်အတွက် ဆောင်ရွက် ပေးကြရန် မေတ္တာရပ်ခံအပ်ပါကြောင်းဖြင့်
ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် သတင်းထောက်များက
သိရှိလိုသည်များကို မေးမြန်းကြရာ နိုင်ငံတော်သမ္မတက အမေရိကန် ပြည်ထောင်စု
တွင် တွေ့ဆုံဆွေးနွေးမှုများ နှင့် ရလဒ်အခြေအနေ၊
ငြိမ်းချမ်းရေးဖော်ဆောင်နေမှု၊ ပညာရေးပြုပြင် ပြောင်းလဲနေမှုနှင့်
အဂတိလိုက်စားမှု ပပျောက်ရေး ဆောင်ရွက်နေမှု အခြေအနေများနှင့် စပ်လျဉ်း၍
ပြန်လည် ဆွေးနွေးဖြေကြားခဲ့ပြီးနောက် သတင်းထောက်များအား ရင်းရင်း နှီးနှီး
နှုတ်ဆက်ကာ စုပေါင်း ဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment