မြန်မာအစိုးရတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကချင်ပြည်သူ ၃ ဦးသေဆုံး ၃ ဦး ဒဏ်ရာရ
သြဂုတ်၁၇၊၂၀၁၂နေ့ဖားကန့်ဗျူဟာကုန်းမှလက်နက်ကြီးပစ်ခတ်မှုကြောင့်သေဆုံး ဒဏ်ရာရရှိခဲ့သောကချင်ပြည်သူများ(ဓာတ်ပုံကချင်သတင်းဌာန)
သေဆုံးသူများသည် ကလာတူးအောင် (Kala Tu Awng) ၃၁ နှစ်၊ မကောင် နော်ဆန် (Magawng Naw San) အသက် ၃၀၊ ဂွမ်ရော် တန်ခွန်း (Gumraw Tang Gun) အသက် ၃၃ နှစ်ဖြစ်ကြပြီး ဒဏ်ရာရရှိသူများသည် ဆဂ လဂျာ (Saga La Ja) အသက် ၂၂ နှစ်၊ လဖိုင် ဇိုင်းလတ်အောင် (Lahpai Zai Lat Awng) အသက် ၁၉ နှစ်၊ လဗျ ဘရန်ဆိုင်း (Labya Brang Seng) အသက် ၁၇ နှစ်များ ဖြစ်ကြသည်။
မြန်မာအစိုးရသည် တပ်ရင်း ၆ တပ်ရင်းမှူး ဒု-ဗိုလ်မှူး အင်ခွမ်ဇော်ဒွဲ (Nhkum Zau Doi) နေအိမ်သို့ အမြောက်လက်နက်ကြီး ၈၁ မမ ဖြင့်ချိန်ရွယ်၍ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အမြောက်ကျည်ဆံများသည် ဒု-ဗိုလ်မှူးကြီး အင်ခွမ်ဇော်ဒွဲ အနီးအိမ်များတွင် ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။
ဖားကန့်ဗျူဟာကုန်းရှိ မြန်မာအစိုးရတပ်များသည် KIO ထိန်းချုပ်နယ်မြေကျောက်စိမ်းမှော်ကျေးရွာ မှော်မောဘွမ်သို့ လက်နက်ကြီး (၈၁ မမ) ဖြင့် ၁၀ ကြိမ်ထက်မကပစ်ခတ်ခဲ့ခြင်းကြောင့် အိမ်များပျက်စီးပြီး ဒေသခံများသေဆုံးဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်းဒေသခံတစ်ဦးပြောသည်။
“မနေ့ ည ၁၀ နာရီကနေဒီမနက် ၂ နာရီထိ (၄)နာရီပစ်တယ်။ ဒဏ်ရာရတာအားလုံး အတိအကျ မဟုတ်သေးဘုး။” ဟု ဆိုသည်။
ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)မှလည်း အရာခံဗိုလ်နှင့် ဗိုလ် ၂ ဦးသေဆုံးပြီး ၂ ဦးဒဏ်ရာရရှိ ကြောင်းသိရသည်။
ပြီးခဲ့သည့် သြဂုတ်လကတည်းက ထိုကျေးရွာသို့ မှော်မော်ဘွမ်ရွာသားများမှအပ မည်သူမျှ ၀င်ရောက်ခွင့် မရှိသော်လည်း အောက်တိုဘာ ၉၊ ၁၁၊ ၁၃ ရက် များတွင် မှော်မော်ကမ်းပါးရှိ အစိုးရနှင့်အကျိုးတူ မန်းဧရာ ကုမ္ပဏီ၏ ကျောက်စိမ်းရွေးကျန်ဂိုဒေါင်အား သာမန်ပြည်သူများ လာယူရောင်းစားနိုင်ရန် အခွင့်အရေး ဖွင့်ပေးရသည့် အခြေအနေသို့ရောက်ခဲ့သည်။
ထိုနေရာသို့ မြန်မာအစိုးရတပ်မှလည်း လာရောက်ခဲ့ပြီး KIA နေရာ မြေပုံများကို GPS စနစ်ဖြင့် တိတိကျကျ မှတ်ယူနိုင်ခဲ့ပြီး ယခုလိုလက်နက်ကြီးများဖြင့် ပစ်မှတ်ထိအောင် ချိန်ရွယ်ပစ်ခတ်နိုင်ခဲ့ခြင်းဖြစ်နိုင်ကြောင်း ဒေသခံ စစ်ရေးသုံးသပ်သူများဆိုသည်။
ဒဏ်ရာရရှိသူများကို ဖားကန့်ပြည်သူ့ဆေးရုံတွင် ပို့ဆောင်ထားပြီး အချို့သည် မြစ်ကြီးနားပြည်သူ့ဆေးရုံသို့ ယနေ့သွားရောက် ကုသမည်ဖြစ်သည်။
ပေါက်ကွဲမှုကြောင့်သေဆုံးသူများ၏ ရုပ်အလောင်းကိုယနေ့သဂြိုလ်မည်ဖြစ်ကြောင်းသိရသည်။
၎င်းဗျူဟာကုန်းတွင်ရှိသော မြန်မာအစိုးရတပ်သည် မှော်မော်ဘွမ်ကျေးရွာသို့ ဒေသခံများအိမ်စက်နေချိန် အကြောင်းမဲ့ ပစ်ခတ်ခြင်းဖြစ်သည်။
၎င်းဒေသမှ စစ်ပြေးဒုက္ခသည် ဒေသခံအချို့သည် အောက်တိုဘာလမှ ၎င်းသို့၏ ကျောက်စိမ်းမှော် မှော်မော်ဘွမ်ကျေးရွာသို့ ပြန်လည်နေထိုင်လာခြင်းဖြစ်သည်။
မြန်မာအစိုးရသည် အောက်တိုဘာ ၁၆ ရက်နေ့တွင်လည်း မှော်မော်ဘွမ်ကျေးရွာသို့လက်နက်ကြီးဖြင့် ၂ ကြိမ် ပစ်ခတ်ခဲ့သော်လည်း ထိခိုက်ဒဏ်ရာမရှိကြောင်းသိရသည်။
မှော်မော်ဘွမ်ကျေးရွာနှင့် မြန်မာစစ်တပ် ဖားကန့်ဗျူဟာကုန်းသည် ၂ မိုင်ကျော်အကွာတွင်ရှိသည်။ ၎င်း ဗျူဟာကုန်းသို့ မြန်မာအစိုးရတပ်သည် ပြီးခဲ့သည့်အပတ်တွင် မြစ်ကြီးနားမှ ရဟတ်ယာဉ်ဖြင့် လက်နက်ကြီးများ ပို့ဆောင်ထားကြောင်းလည်း သိရသည်။
ပြီးခဲ့သည့် သြဂုဏ်လတွင် နှစ်ဖက်တပ်မှ စစ်ရေးတင်းမှာသော်လည်း ယခုကဲ့သို့ မြန်မာအစိုးရတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းမရှိခဲ့ကြောင်း ဒေသခံများဆိုသည်။
By KNG
No comments:
Post a Comment