Reporters Without Borders (RSF) မှ ချီးမြှင့်ခဲ့သော ဆုကြေးငွေ ယူရို ၂၅၀၀ ကို NLD မှတစ်ဆင့် ကချင်ပြည်နယ်ရှိ စစ်ဘေးဒုက္ခသည်များသို့ Eleven Media Group လှူဒါန်း | | Print | |
RSF မှ ချီးမြှင့်ခဲ့သော ဆုကြေးငွေ ကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) မှတစ်ဆင့် ကချင်ပြည်နယ်ရှိ စစ်ဘေးဒုက္ခသည်များသို့ Eleven Media Group မှ လှူဒါန်းနေစဉ် ပြင်သစ်နိုင်ငံ အခြေစိုက်နယ် စည်းမခြား သတင်းထောက်များ အဖွဲ့ Reporters Without Borders (RSF) မှ ချီးမြှင့်ခဲ့သော ဆုကြေးငွေ ယူရို ၂၅၀၀ (မြန်မာငွေကျပ် ၂၆ သိန်းနှင့် ငါးသောင်း) ကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) မှတစ်ဆင့် ကချင်ပြည်နယ်ရှိ စစ်ဘေးဒုက္ခသည်များသို့ Eleven Media Group မှ စက်တင်ဘာလ ၂၆ ရက်နေ့တွင် လှူဒါန်းမှု ပြုလုပ်ခဲ့ကြောင်း သိရပါသည်။ Eleven Media Group သည် ပြင်သစ်နိုင်ငံ အခြေစိုက်နယ်စည်း မခြားသတင်းထောက်များအဖွဲ့ (RSF) မှ ၂၀၁၁ ခုနှစ်အတွက် ချီးမြှင့်သည့် တစ်နှစ်တာ အကောင်းဆုံး သတင်းမီဒီယာဆုကို ၂၀၁၁ခုနှစ် ဒီဇင်ဘာလ အတွင်းက ရရှိခဲ့ပြီး အဆိုပါဆုအတွက် ဆုကြေးငွေကို ၂၀၁၂ခုနှစ် စက်တင်ဘာလ (၂၂) ရက်နေ့က လက်ခံရရှိခဲ့ခြင်း ဖြစ်သည်။ ထိုသို့ လက်ခံရရှိခဲ့ပြီးနောက် ရရှိခဲ့သော ဆုကြေးငွေများကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ တစ်ဆင့် ကချင်ပြည်နယ်ရှိ စစ်ဘေးဒုက္ခသည်များသို့ စက်တင်ဘာလ (၂၆) ရက်နေ့တွင် လှူဒါန်းခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါ လှူဒါန်းမှုကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ နာယက ဦးတင်ဦးက လက်ခံရယူခဲ့ပါသည်။ Reporters Without Borders (RSF) အဖွဲ့၏ ဆုပေးပွဲအခမ်းအနားကို ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့က ပဲရစ်မြို့၌ ကျင်းပခဲ့ပြီး ပြင်သစ်နိုင်ငံမှ Le Monde သတင်းစာ၏ Director ဖြစ်သူ Éric Israelevitch က ဆုပေးအပ်ခဲ့ကာ Eleven Media Group မှ Weekly Eleven News Journal အယ်ဒီတာချုပ် ကိုဝေဖြိုးနှင့် Premier Eleven Sports Journal တာဝန်ခံအယ်ဒီတာ ကိုမြတ်ထွဋ်ဝင်းတို့ တက်ရောက်လက်ခံရယူခဲ့ပါသည်။ ၂၀၁၁ခုနှစ်အတွက် RSF မှ ချီးမြှင့်သော တစ်နှစ်တာအကောင်းဆုံး သတင်းမီဒီယာဆုကို Eleven Media Group (Weekly Eleven News Journal)မှ ရရှိခဲ့ပြီး Journalist of the Year ဆုကို ဆီးရီးယားနိုင်ငံမှ ကာတွန်း ဆရာ Ali Fersat က ရရှိခဲ့ပါသည်။ အကောင်းဆုံး သတင်းမီဒီယာဆု ရွေးချယ်ရန်အတွက် မက္ကဆီကိုနိုင်ငံမှ Emeequis၊ အာဖဂန်နစ္စတန် 8 Sobh ၊ ဘာရိန်းနိုင်ငံ မှ AL-Wazat ၊ မြန်မာနိုင်ငံမှ Weekly Eleven Journal ၊ ဥဇဘက်ကစ္စတန်နိုင်ငံမှ Uznews နှင့် ဆူဒန်နိုင်ငံမှ Ajras Al-Hurriya ဂျာနယ်တို့အား ပဏာမရွေးချယ်ခဲ့ပြီးမှ ပြန်လည်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ အကောင်းဆုံး ဂျာနယ်လစ်ဆုအတွက် ဆီးရီးယား၊ တရုတ်၊ ဂရိ၊ ကိုလံဘီယာ၊ အီရန်၊ ဘူရွန်ဒီနိုင်ငံတို့မှ ဂျာနယ်လစ်များ အား ပဏာမရွေးချယ်ခဲ့ပြီးမှ ပြန်လည်ရွေးချယ်ပေးခဲ့သည်။ ယခင်က ပြင်သစ်နိုင်ငံအခြေစိုက် နယ်စည်းမခြား သတင်းထောက်များအဖွဲ့(Reporters Without Borders-RSF) မှချီးမြှင့်သည့် ဆုများဖြစ်သော တစ်နှစ်တာအကောင်းဆုံး ဂျာနယ်လစ်ဆု (Journalist of the Year)ကို ၂၀၀၆ ခုနှစ်တွင် သတင်းစာဆရာကြီး ဦးဝင်းတင်မှ ရရှိခဲ့ဖူးသည်။ တစ်နှစ်တာ အကောင်းဆုံး အွန်လိုင်းမီဒီယာဆု(Cyber Dissident) ကို ၂၀၀၈ ခုနှစ်က ဦးသူရခေါ် ဇာဂနာနှင့် ကိုနေဘုန်းလတ်တို့က ပူးတွဲ ရရှိခဲ့ဖူးသည်။ ၁၉၉၉ ခုနှစ်တွင် RSF ကပေးအပ်သည့်ဆုကို ဒေါ်စမ်းစမ်းနွဲ့မှ ရရှိခဲ့ပါသည်။ နယ်စည်းမခြား သတင်းထောက်များအဖွဲ့သည် ၁၉၉၂ ခုနှစ်မှစ၍ ဂျာနယ်လစ်များနှင့် မီဒီယာများကို ဂုဏ်ပြုဆုများ ပေးအပ်ခဲ့ခြင်းဖြစ်ပါသည်။ ၂၀၁၁ခုနှစ်အတွက် ဆုရွေးချယ်ရေးအဖွဲ့တွင် လူ့အခွင့်အရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ဂျာနယ်လစ် ၁၂ ဦးပါဝင်ခဲ့သည်။ အဆိုပါဆုသည် ကမ္ဘာ့နိုင်ငံ ၂၀၀ ကျော်မှ ရွေးချယ်ချီးမြှင့်သည့်ဆုဖြစ်ပြီး မီဒီယာလောကတွင် အလေး ထားသည့်ဆုများအနက် တစ်ခုအပါအ၀င်ဖြစ်ကြောင်း သိရသည်။ |
Comments