ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သူများအား တရားစွဲသင့်မသင့် မြို့နယ် ဥပဒေတရားရုံးများ၏ ဆုံးဖြတ်ချက်အပေါ်မူတည်နေ
အိအိတိုးလွင်နှင့် ထူးအောင်
အတွဲ ၃၀ ၊ အမှတ် ၅၈၈ ( ၂၈ ၊ ၉ - ၄ ၊ ၁၀ ၊ ၂၀၁၂)
အတွဲ ၃၀ ၊ အမှတ် ၅၈၈ ( ၂၈ ၊ ၉ - ၄ ၊ ၁၀ ၊ ၂၀၁၂)
တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးရရှိရေးအတွက် စီတန်းလှည့်လည် ဆန္ဒဖော်ထုတ်သူများကို တွေ့ရစဉ်။
ဓာတ်ပုံ - ကောင်းထက်
စက်တင်ဘာလ ၂၁ ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့အထိမ်းအမှတ်အဖြစ် ပြည်တွင်း လူမှုအဖွဲ့အစည်းများ သည် ရန်ကုန်မြို့တော်ခန်းမရှေ့မှ တံတားဖြူ အင်းလျားကန်ပေါင် အထိ မြို့နယ် ၁၀ မြို့နယ်ကိုဖြတ်ကာ ငြိမ်းချမ်းစွာစီတန်း လှည့်လည် မှု ပြုလုပ်ခဲ့ရာ ဦးဆောင်သူဟု ယူဆသူကိုးဦးမှာ ငြိမ်းချမ်းစွာစုဝေးခွင့် နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၈ အရ အမှုဖွင့် အရေးယူခံရခြင်းဖြစ်သည်။
"စခန်းကို ၁၇ ရက်နေ့က ခွင့်ပြုမိန့် လာလျှောက်တယ်။ ၁၉ ရက်နေ့မှာ ငြင်းပယ်တယ်ဆိုတဲ့ အကြောင်းပြန်ခဲ့ တယ်။ ဒါကြောင့် ပုဒ်မ ၁၈ နဲ့ အမှုဖွင့် တာ ပါ။ အခုတော့ ကိုးယောက်တော့ စစ်ဆေး ပြီးသွားပြီ။၂၁ ရက်နေ့မှာ အမှုစဖွင့်ပြီး ၂၂ ရက်နေ့မှာ ဖုန်းနဲ့ လှမ်းအကြောင်း ကြားတယ်။ သူတို့လည်း သူတို့လုပ်ခဲ့တာ တွေကို အမှန်အတိုင်းထွက်ဆိုပေးခဲ့ပါ တယ်။ အားလုံးကိုးယောက်ပေါ့။ အာမခံ ပေးလို့ရတဲ့အမှုမို့ အာမခံပေး ထားပါ တယ်"ဟု ဗိုလ်တထောင်မြို့နယ် ရဲစခန်း မှ ရဲအုပ်ဝင်းရွှေက ပြောသည်။
ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်သူများ သည် ယင်းနေ့မတိုင်မီ သက်ဆိုင်ရာ မြို့နယ်ရဲစခန်းများတွင် ခွင့်ပြုမိန့် တောင်း ခံခဲ့သော်လည်း မည်သည့် မြို့နယ်ကမှ ခွင့်ပြုမိန့်မရခဲ့ကြောင်း၊ သို့ရာတွင် ပြည်တွင်းငြိမ်းချမ်းရေးကို ဦးတည်ကာ ဆောင်ရွက်ခဲ့သည့်အတွက် ဥပဒေချိုး ဖောက်သည်ဟု မယူဆကြောင်း၊ တရားစွဲ ဆိုခံရပါကလည်း မိမိတို့ဘက်မှ ဥပဒေ ကြောင်းအရ ပြန်လည်ခုခံသွားရန် အဆင့်သင့်ရှိကြောင်း ပြောသည်။
"ဦးဆောင်သူဆိုပြီး ကျွန်မတို့ လေး ယောက်ကို ၁၀ မြို့နယ်က အမှုဖွင့်တယ်။ ကျွန်မတို့ကလည်း ပြည်သူတစ်ယောက် အနေနဲ့ ငြိမ်းချမ်းရေးအတွက် လုပ်တယ်။ ဒါကိုမှားတယ် မထင်တဲ့အတွက် သွားပြီး ဖြေရှင်းပါတယ်။ စစ်ဆေးတာတွေကို အမှန်အတိုင်းဖြေခဲ့ တယ်။ သူတို့လိုအပ် တဲ့အချိန်မေးဖို့ခေါ်ရင် လာပါ့မယ်ဆိုတဲ့ ခံဝန်ချက်တော့ထိုးခဲ့တယ်။ ဥပဒေချိုး ဖောက်တယ် ဆိုတာမျိုးတော့ ခံဝန်ချက် မပေးခဲ့ဘူး။ မနေ့ကပဲ (၂၅ရက်နေ့) ရဲစခန်းအားလုံးမှာ အစစ်ခံပြီးပါပြီ"ဟု ငြိမ်းချမ်းရေးကွန်ရက် (Peace Network)မှ မခင်စန္ဒာညွန့်က ပြောသည်။
"အခုလောလောဆယ်တော့ သူတို့က စစ်ဆေးချက်တွေကို တရားရုံးကို ပို့ပြီး တရားစွဲသင့်မသင့် ဆုံးဖြတ်မယ်လို့ ပြော တယ်။ ကျွန်မတို့ဘက်ကလည်း ဒီကိစ္စနဲ့ ပတ်သတ်ပြီးကြေညာချက်တစ်ခုထုတ်ဖို့ ပြင်ဆင်နေပါတယ်"ဟု မခင်စန္ဒာညွန့်က ပြောသည်။
ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ ကိုဂျော်ဂွန်းကလည်း ရဲစခန်းခြောက်ခု တွင် စစ်ဆေးခံပြီးဖြစ်ကြောင်း၊ ရဲစခန်း သုံးခုတွင် ကိုယ်တိုင် ခံဝန်ချက်ဖြင့် အာမခံပေးခဲ့ကြောင်းပြောသည်။
"တရားစွဲဖို့သင့်၊ မသင့် အမြန် အကြောင်းပြန်မယ်လို့တော့ ပြောပါတယ်။ နိုင်ငံသားတစ်ယောက်အနေနဲ့ ဥပဒေ ကို လေးစားတဲ့ အတွက် ခွင့်ပြုမိန့် လျှောက်ခဲ့တယ်။ သူတို့က ဥပဒေအရ မပေးဘဲနဲ့ ဘာကြောင့်ငြင်းဆိုလဲ"ဟု ကိုဂျောင်ဂွန်းက ပြောသည်။
ထို့ပြင် လယ်သမားအရေးကိစ္စများ တွင် ပါဝင်ဆောင်ရွက်သူ ဦးဝင်းချိုကို လည်း ပုဒ်မ ၁၈ ဖြင့်ပင် အရေးယူခဲ့ ကြောင်းသိရသည်။
"ကျွန်တော်က ဦးဆောင်သူလည်း မဟုတ်ဘူး။ ဒီအဖွဲ့တွေနဲ့လည်း သိပ် မရင်းနှီးပါဘူး။ ဒီအတိုင်းပြည်သူ တစ်ယောက်အနေနဲ့ ပါဝင်ခဲ့တာ။ အရင် တုန်းက ကျွန်တော်တို့ ပြုလုပ်ခဲ့တဲ့ လယ်သမားဆန္ဒဖော်ထုတ်မှုကိစ္စတွေ ကိုပါ လမ်းကြုံတုန်းစစ်ပြီး အမှုဖွင့်လိုက် တယ်။ အခု ရဲစခန်းကိုးခုက ကျွန်တော့ကို အမှု ၁၀ မှုဖွင့်လိုက်တယ်"ဟု ဦးဝင်းချို က ပြောသည်။
ဆန္ဒဖော်ထုတ်သူများက ၎င်းတို့၏ လုပ်ရပ်များသည် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေအရသော်လည်းကောင်း၊ ငြိမ်းချမ်းစွာစုဝေး ခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဥပဒေအရသော် လည်းကောင်း ချိုးဖောက်ခဲ့ခြင်းမရှိသော ကြောင့် ယခုဖြစ်စဉ်များအပေါ် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အစိုးရတာဝန်ရှိသူများနှင့် နိုင်ငံရေး ပါတီများထံ တင်ပြသွားမည်ဖြစ်ကြောင်း ပြောသည်။
ငြိမ်းချမ်းရေးအတွက်ဆန္ဒပြသူများ ကို ခွင့်ပြုချက်မပေးရခြင်းမှာ လမ်း လျှောက်မည့်မြို့နယ်များခြင်း၊ အချိန် ကြာခြင်းနှင့် လူများခြင်း တို့ကြောင့် ဖြစ် ကြောင်း၊ ယခုကဲ့သို့ အရေးယူခြင်းမှာ ငြိမ်းချမ်းရေးလှုပ်ရှားမှုကြောင့် အရေးယူ ခြင်းမဟုတ်ဘဲ ဥပဒေချိုးဖောက်မှုဖြင့် သာ အရေးယူခြင်းဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲမှူး မြင့်ထွေး က ပြောသည်။
"နိုင်ငံတော်ကလည်း ငြိမ်းချမ်းရေးကိုလိုလားတယ်။ သူတို့အနေနဲ့ ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေကို ဖောက်ဖျက်တဲ့အတွက် သက်ဆိုင်ရာ မြို့နယ်မှူးတွေက စီတန်းလှည့်လည်မှုမှာ ပါဝင်တဲ့ ခေါင်းဆောင်တွေနဲ့ ပါဝင်တဲ့သူတွေကို ပုဒ်မ ၁၈ အရ အရေးယူဖို့ ဆောင်ရွက် သွားမှာပါ"ဟု စက်တင်ဘာလ ၂၁ ရက် နေ့တွင် ကျင်းပသော သတင်းစာ ရှင်းလင်း ပွဲတွင် ရဲမှူးမြင့်ထွေးက ပြောသည်။
No comments:
Post a Comment