Saturday, September 29, 2012

အဆင့်မြင့် မြို့ပြသယ်ယူပို့ဆောင်ရေးစနစ် ဖော်ဆောင်မှုအတွက် ကဏ္ဍပေါင်းစုံမှ ပူးပေါင်းဆောင်ရွက် ကြပ်မတ်မှုများလိုအပ်


အဆင့်မြင့် မြို့ပြသယ်ယူပို့ဆောင်ရေးစနစ် ဖော်ဆောင်မှုအတွက် ကဏ္ဍပေါင်းစုံမှ ပူးပေါင်းဆောင်ရွက် ကြပ်မတ်မှုများလိုအပ် 

သီဟတိုး
အတွဲ ၃၀ ၊ အမှတ် ၅၈၈ ( ၂၈ ၊ ၉ - ၄ ၊ ၁၀ ၊ ၂၀၁၂)
အများအပြား တင်သွင်းလာတဲ့ ကားသစ်တွေ၊ အငှားယာဉ်တွေ ရန်ကုန်မြို့တွင်း နေရာအနှံ့မှာ မောင်းနှင်သွားလာနေကြလို့ အရင်က ထက် ယာဉ်ကြောပိတ်ဆို့မှုတွေကို ရန်ကုန်မြို့ ခရီးသွားလုပ်သား ပြည်သူတွေ နေ့စဉ်ကြုံတွေ့နေရပါတယ်။
ယာဉ်ကြောပိတ်ဆို့မှုတွေကြောင့် လိုင်းကားတွေကိုအားကိုးပြီး ကျောင်းတွေ၊ ရုံးတွေသွားနေရတဲ့ ခရီးသွား လုပ်သားပြည်သူတွေဟာ လိုအပ်တာ ထက်ကို အချိန်ပေးပြီး ကားစီးနေရ ပါတယ်။
လိုင်းကားတိုးစီးတဲ့အခါမှာ လည်း ခရီးသည်တွေအတွက် လုံခြုံစိတ်ချမှု အပိုင်းတွေ အများကြီး လိုအပ်နေတာလည်း ကိုယ်တိုင် ကြုံတွေ့ဖူးသူ တွေ အသိဆုံးပါ။
ကားတစ်စီးနဲ့တစ်စီး စည်းကမ်းမဲ့ စွာ ပြိုင်မောင်းနေကြလို့ ခရီးသည်တွေ ရင်တမမနဲ့ အသက်ရင်းပြီး နိစ္စဓူဝ ဒုက္ခခံ ကားစီးနေကြရ ပါတယ်။ မိန်းကလေး တစ်ယောက်ရဲ့ ဣနြေ္ဒနဲ့ အလှဟာ အိမ်ကနေပြင်ဆင်ပြီး ကားမှတ်တိုင်ကို လျှောက်လာတဲ့ အထိပဲ တွေ့ရပါ တယ်။
ကားမှတ်တိုင် ကနေ ဘတ်စ်ကားပေါ်ကို တက်လိုက်ပြီဆိုတာနဲ့ တစ်ယောက်စာ ထိုင်ရဖို့တောင် မရေရာတဲ့ ကျပ်ကျပ်ညပ်ညပ် ဘတ်စ်ကားကို တိုးစီးရင်း အလုပ်ကို မရွှင်မလန်း သွားနေကြရပါတယ်။ မိန်းကလေးတွေမှ မဟုတ်ပါဘူး။ ဒီလိုပဲ သပ်သပ်ရပ်ရပ်ဝတ် စားလာတဲ့ အမျိုးသားတွေရော၊ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူတွေရော အရွယ်စုံ လူတန်းစားစုံကိုယ်စီကိုယ်စီ လူ့အခွင့်အရေး ဆုံးရှုံးမှုတွေ နေ့စဉ်နဲ့အမျှ ကြုံတွေ့ခံစား နေကြရပါတယ်။
ဒီလို စိတ်အနှောင့်အယှက်ဖြစ်စရာ အခြေအနေမျိုးစုံနဲ့ ရင်ဆိုင်နေရတဲ့ ခရီးသွားပြည်သူတွေအနေနဲ့ ပိုက်ဆံပေးပြီး ရသင့်တဲ့ အခွင့် အရေးတွေ ဆုံးရှုံးနေရတဲ့အတွက် ဒီလိုမဖြစ်အောင် တာဝန်ရှိသူတွေ အနေနဲ့ ပြုပြင်ပြောင်းလဲပေးဖို့ လိုအပ်တယ်လို့ မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကော် မတီ (ရန်ကုန်တိုင်းဒေသကြီး)မှ ဒုတိယဌာနမှူး ဦးဝင်းဇော်က ပြောပါတယ်။
"ရန်ကုန်မြို့ရဲ့ မြို့ပြ သယ်ယူ ပို့ဆောင်ရေးကဏ္ဍမှာ အရေးပါဆုံး ဖြစ်တဲ့ ရန်ကုန်မြို့တွင်းယာဉ်လိုင်းတွေ ကို အဆင့်အတန်းမြင့်လာ အောင် ပြောင်းလဲဖို့ဆိုရင် နိုင်ငံတော်ပိုင်းအနေ နဲ့ လိုအပ်တဲ့ ပြောင်းလဲမှုတွေလုပ်ကိုင် ဖို့ အခွင့်အလမ်းတွေ ဖန်တီး ပေးဖို့ လိုပါတယ်။ ဒီကဏ္ဍမှာ လုပ်ငန်းရှင် တွေ လုပ်ကိုင်ချင်စိတ်ဖြစ်လာအောင် အားပေးအားမြှောက် ပြုပေးရပါမယ်။ ဒီလိုလုပ်ပေးမယ်ဆိုရင် ရန်ကုန်မြို့ရဲ့ ယာဉ်လိုင်းတွေ အဆင့်မြင့်လာပြီး ခရီးသွား ပြည်သူတွေအတွက် အဆင်ပြေ ချောမွေ့တဲ့ သယ်ယူ ပို့ဆောင်ရေး ကဏ္ဍ တစ်ခု ဖြစ်လာမယ် လို့ မျှော်လင့် မိပါတယ်"လို့ ဦးဝင်းဇော်က ပြောပါတယ်။
ရန်ကုန်မြို့က ခရီးသွားတွေဟာ သူ့ ထက် ငါ အလုအယက်မောင်းနေကြ တဲ့ ဘတ်စ်ကားကြီးတွေကို အသက် အန္တရာယ်နဲ့ရင်းပြီး စီးနေကြရသလို တစ်နေရာကနေ တစ်နေရာကို သွားဖို့ လာဖို့ ယာဉ်ကြောပိတ်ဆို့မှုတွေ၊ ကား တစ်စီးနဲ့တစ်စီးကြား အချိန်ကြန့်ကြာမှု တွေအတွက် အဖိုးတန်အချိန်တွေ များစွာပေးပြီး စောင့်နေရပါတယ်။
"အခုနောက်ပိုင်းက တက္ကစီစီးရေတွေ အရမ်းများလာ တယ်။ တက္ကစီတွေ အများကြီး တင်သွင်းလာကြတယ်။ အဲဒီအတွက် လည်း ယာဉ်ကြောပိတ်ဆို့မှုတွေ အများကြီး တွေ့ကြုံနေကြရတယ်။ ဒါပေမယ့် တင်သွင်းလာတဲ့ကား တွေထဲမှာ တက္ကစီတွေနဲ့ အိမ်စီးကား တွေကများတယ်။ အိမ်စီးကားတွေ ကတော့ တတ်နိုင်တဲ့သူတွေ ၀ယ်စီးကြတာ ဘာမှမဖြစ်ပေမယ့် တက္ကစီစီးရေ အများအပြား တင်သွင်း တာနဲ့ပတ်သက်ပြီး ဘတ်စ်ကား တင်သွင်းမှုနဲ့ ခရီးသွားလုပ်သား ပြည်သူတွေအပေါ်ကို အကျိုးပြုနိုင် မှုကို နှိုင်းယှဉ်ကြည့် မယ်ဆိုရင် အဖြေက ရှင်းပါတယ်။ ရန်ကုန်မြို့ရဲ့ အများစုသော ခရီးသွား လုပ်သား ပြည်သူတွေက ယာဉ်လိုင်းတွေကိုပဲ အဓိက အားထားပြီး စီးနေကြတာပါ။ အဲဒါကြောင့်မို့ ရန်ကုန်မြို့လူထု အားကိုးနေရတဲ့ ဘတ်စ်ကားစီးရေ များများ တင်သွင်းရင် တိုးတက်လာ မယ်" လို့ ဦးဝင်းဇော်က သုံးသပ်ပြပါတယ်။
"ယာဉ်ကြောပိတ်ဆို့မှုတွေကို ဖြေရှင်းဖို့အတွက် လမ်းဘေး ဈေးသည်တွေကို စနစ်တကျ ရှင်းလင်းပေးပြီး သီးခြားနေရာတွေ ပြန်လည် စီစဉ် ဆောင်ရွက်ပေးရမယ်။ လမ်းဘေး လူသွားလမ်း ပလက်ဖောင်းတွေကို ကောင်းမွန် အောင်၊ လူသွားလို့ အဆင်ပြေအောင် လုပ်ပေးရမယ်။ လမ်းပေါ်မှာ ရပ်တန့် နေတဲ့ ကားတွေအတွက် သီးခြား ယာဉ်ရပ်နားစခန်းတွေ ဆောင်ရွက် ပေးသင့်တယ်။ ယာဉ်မှတ်တိုင်တွေ၊ မီးပွိုင့်တွေ၊ လမ်းညွှန်အမှတ်အသား တွေကို ပြည့်စုံစွာရေးဆွဲပြီး ယာဉ်ထိန်း ရဲ အပါအ၀င် သက်ဆိုင်ရာ တာဝန် ရှိသူတွေက ၀ိုင်းဝန်းဆောင်ရွက်သင့် တယ်"လို့ မြို့ပြအင်ဂျင်နီယာ တစ်ဦးက ပြောပါတယ်။
ရန်ကုန်မြို့ရဲ့ သယ်ယူပို့ဆောင်ရေး လုပ်ငန်းလိုင်စင်အရ ခရီးသွားပြည်သူ တွေကို လုံခြုံမှုမပေးနိုင်တဲ့ လိုက်ထရပ်၊ ဒိုင်နာ စတဲ့ ယာဉ်မျိုးနဲ့ သွားလာနေရတဲ့ အနေအထားမျိုး တွေကို ဒီဘက်ခေတ်စနစ်အရဆိုရင် သယ်ယူပို့ဆောင်ရေး ယာဉ်ကြီးတွေ၊ ဘတ်စ်ကား လိုင်းတွေ အစားထိုး ဆောင်ရွက်ပေးသင့်ပြီး ယာဉ်ပိုင်ရှင် တွေအနေနဲ့လည်း မိမိယာဉ်ရဲ့ ကြံ့ခိုင်တောင့်တင်းမှုကို အမြဲစစ်ဆေး ပြုပြင် မှုတွေပြုသင့်ပါတယ်လို့ ယာဉ် လိုင်းပိုင်ရှင်တစ်ဦးက ပြောပါတယ်။
"အခုနောက်ပိုင်း ယာဉ်ပိုင်ရှင်တွေ က ၀င်ငွေနဲ့ ထွက်ငွေ မမျှတတဲ့ အတွက် မပြုပြင်ဘဲထားရှိတဲ့ကား တွေကို ခရီးသည်တွေဟာ နေ့စဉ်နဲ့ အမျှ ဒုက္ခခံ စီးနင်းနေကြရပါတယ်"လို့ သူက ဆိုပါတယ်။
ယာဉ်စည်းကမ်း ထိန်းသိမ်း ကြပ်မတ်မှုကိုလည်း ယာဉ်အများ အပြား သွားလာတတ်တဲ့နေရာတွေ၊ ယာဉ်အန္တရာယ်ဖြစ်တတ်တဲ့ နေရာတွေ၊ ဈေးတွေ၊ ကျောင်း တွေရှိတတ်တဲ့နေရာတွေမှာ စနစ်တကျ ထိန်းသိမ်းကြပ်မတ်မှုတွေ ပိုမိုလုပ်ဆောင်ပေးသင့်တယ်လို့ ခရီးသည်ယာဉ်လိုင်းတွေကို မောင်းနှင်နေကြတဲ့ ယာဉ်မောင်း တွေက ပြောပါတယ်။
"အဆင့်မြင့် မြို့ပြသယ်ယူပို့ဆောင် ရေးစနစ်တစ်ခုဖြစ်ဖို့ အားလုံးပူးပေါင်း ပါဝင်ဆောင်ရွက်ဖို့ လိုပါတယ်။ သက် ဆိုင်ရာစည်ပင်က လည်း လမ်းဘေးဈေးသည်တွေကို ရှင်းလင်းပေးပြီး ပြန်လည်နေရာချထားပေးရမယ်။ လမ်းတွေချဲ့ တံတားတွေဖောက်သလို လက်ရှိ လမ်းတွေ၊ လူကူးမျဉ်းကြားတွေ ကောင်းကောင်း ရှိရမယ်။ လမ်းဘေး ဈေးသည်တွေ စနစ်တကျ ဈေးရောင်း ဖို့ နေရာသီးသန့်ရှိရမယ်။ ရန်ကုန်မြို့ရဲ့ လူဦးရေနဲ့ ထပ်တူကျတဲ့ ယာဉ်လိုင်း အရေအတွက်တွေ ရှိလာအောင် ဆောင်ရွက်ရမယ်။ အဲဒီယာဉ်လိုင်း တွေကိုလည်း သက်ဆိုင်ရာ ယာဉ်ပိုင်ရှင်တွေနဲ့ အုပ်ချုပ်သူတွေ က မှန်မှန်ကန်ကန်နဲ့ စနစ်တကျ အုပ်ချုပ်ရမယ်။ ယာဉ်မောင်းတွေ ဘက်ကလည်း စည်းကမ်းတကျ လိုက်နာနိုင်ရမယ်။
"ဒီလိုဘက်ပေါင်းစုံကနေ သုံးသပ် ပြီး တစ်ချက်ချင်းအပေါ်မှာ သက်ဆိုင် ရာ အသီးသီးက အားလုံး ပူးပေါင်း ပါဝင်ပြီး အကောင်းဆုံး အတူတူ ဆောင်ရွက်ကြမယ်ဆိုရင် ရန်ကုန်မြို့ ရဲ့ မြို့ပြသယ်ယူပို့ဆောင်ရေးစနစ် ကြီးက အဆင့်မြင့် အဆင်ပြေလာနိုင် မှာပါ"လို့ ဦးဝင်းဇော်က ပြောပါတယ်။
၁၉၆၂ နှစ်ကစပြီး တည်ထောင်ခဲ့တဲ့ မထသ ရန်ကုန်တိုင်းဒေသကြီးမှာ ယာဉ်မောင်း ၃,၄၁၄ ဦး၊ ယာဉ် နောက်လိုက် ၅,၀၇၃ ဦး၊ ယာဉ်လိုင်း ပေါင်း ၁၃၀၊ ယာဉ်စီးရေ ၂,၀၁၂ စီးတို့ဖြင့် ပြေးဆွဲနေပြီး ရန်ကုန်တိုင်း ဒေသကြီးအတွင်းမှာ သယ်ယူပို့ဆောင် ပေးနေတဲ့ ယာဉ်စီးရေ ၈,၀၀၀ ကျော် ရှိတဲ့အနက် ယာဉ်စီးရေ ၅,၀၀၀ ၀န်းကျင်က ခရီးသည် ၃ ဒသမ ၅ သန်း ၀န်းကျင်ကို နေ့စဉ်ပြေးဆွဲ နေတယ်လို့ သိရပါတယ်။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။