Wednesday, August 29, 2012

နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးအနေဖြင့် မှားယွင်းဆောင်ရွက်မိကြောင်း ကြေညာချက် ထုတ်ပြန်ပေးရေး ပြည်ထောင်စုလွှတ်တော်က တိုက်တွန်းကြောင်းအဆိုကို တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များက ကန့်ကွက်ဆွေးနွေးခဲ့သော်လည်း ထောက်ခံမဲ ၄၄၇ မဲဖြင့် အနိုင်ရ




နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးအနေဖြင့် မှားယွင်းဆောင်ရွက်မိကြောင်း ကြေညာချက် ထုတ်ပြန်ပေးရေး ပြည်ထောင်စုလွှတ်တော်က တိုက်တွန်းကြောင်းအဆိုကို တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များက ကန့်ကွက်ဆွေးနွေးခဲ့သော်လည်း ထောက်ခံမဲ ၄၄၇ မဲဖြင့် အနိုင်ရ 
Wednesday, 29 August 2012 10:11
အဆိုနှင့် ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်၌ ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးနေစဉ် ဓာတ်ပုံ - ဝေယံဖြိုးဦး
ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးအနေဖြင့် လွှတ်တော်အသီးသီးမှ ဖွဲ့စည်းသည့်ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့များသည် ပြည်ထောင်စုအဆင့် မဟုတ်ကြောင်း ဆုံးဖြတ်ချက်အတွက် လုပ်ပိုင်ခွင့်မရှိဘဲ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တည်ဆဲဥပဒေကို ဆန့်ကျင်ဆုံးဖြတ်ခဲ့ကြောင်းကို ခုံရုံးအနေဖြင့် ကြေညာချက်ပြန်လည်ထုတ်ပြန်ပေးရေး ပြည်ထောင်စုလွှတ်တော်က တိုက်တွန်းကြောင်းအဆိုကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များက ကန့်ကွက်ဆွေးနွေးခဲ့သော်လည်း ထောက်ခံမဲ ၄၄၇ မဲဖြင့် အနိုင်ရရှိကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ဦးခင်အောင်မြင့်က သြဂုတ်လ ၂၇ ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန်အစည်အဝေးတွင် ပြောကြားခဲ့သည်။
ပျော်ဘွယ်မဲဆန္ဒမှ ဦးမြင့်စိုးတင်သွင်းသည့် ''နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးအနေဖြင့် လွှတ်တော်အသီးသီးက ဖွဲ့စည်းသည့်ကော်မတီ၊ ကော်မရှင်နှင့်အဖွဲ့တို့အား ပြည်ထောင်စုအဆင့် အဖွဲ့အစည်းအဖြစ် ထည့်သွင်းအဓိပ္ပာယ်ဖွင့်ဆိုခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်ခြင်း မရှိကြောင်း ဆုံးဖြတ်ချက်သည် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးအနေဖြင့် မှားယွင်းဆောင်ရွက်မိကြောင်း  ကြေညာချက်ထုတ်ပြန်ပေးရေး ပြည်ထောင်စုလွှတ်တော်က တိုက်တွန်းပေးရန်''အဆိုကို ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ပြည် ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၂၂ ဦးက ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးရာတွင် ''လေးစားအပ်ပါသော နာယကကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များရှင့်။ အခုဦးမြင့် စိုးအဆိုကို တရားဥပဒေရှုထောင့်က ကြည့်နိုင်သလို နိုင်ငံရေးရှုထောင့်က လည်း ကြည့်နိုင်ပါတယ်။ တရားဥပဒေရှုထောင့်ကနေ အများအပြား ဆွေးနွေးသွားပြီးဖြစ်ပါတယ်။ အဲဒါကိုတော့ ထပ်ပြီး မဆွေးနွေးတော့ပါဘူး။ နိုင်ငံရေးရှုထောင့်ကနေပဲ ဆွေးနွေးပါရစေ။ နိုင်ငံရေးရှုထောင့်ကနေ ကြည့်မယ်ဆိုရင် ဒီမိုကရေစီကို ကျင့်သုံးတဲ့နိုင်ငံတွေမှာ အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင်တို့အကြား ချိန်ခွင်လျာညီမျှရေးအတွက် ဆောင်ရွက်ကြရတာ ဖြစ်ပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး အငြင်းအခုံတွေဖြစ်ကြတာ ပြဿနာတွေတက်တာ မထူးဆန်းပါဘူး။ ထိုနည်းတူပဲ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေဖြစ်တာ၊ သဘောမတူညီမှုတွေ ဖြစ်တာ၊ ပြဿနာတွေတက်တာလည်း မထူးဆန်းပါဘူး။ ဒီလိုအခြေအနေတွေ ရောက်ခဲ့ရင် ကြိုက်သလို မကြိုက်သလို ဒီဘက် ဟိုဘက်ဝေဖန်တာတိုက်ခိုက်တာ ပြောဆိုတာတွေ ရှိတတ်ပါတယ်။ ဒီလိုပြဿနာတွေတက်လို့ ကျွန်မတို့ အနေနဲ့လည်း စိတ်ပျက်စရာလည်း မရှိပါဘူး။ ကြောက်ရွံ့စရာလည်း မရှိပါဘူး။ ဘယ်လောက်ပဲ အရေးကြီးတဲ့ ပြဿနာတွေပဲဖြစ်ဖြစ် အရေးကြီးတာက ဒီပြဿနာကို ဘယ်လိုဖြေရှင်းမလဲဆိုတာပါပဲ။ ပြဿနာကို ဖြေရှင်းတဲ့နေရာမှာ တကယ့်ဒီမိုကရေစီ စံနှုန်းစံထားတွေနဲ့ ညီရဲ့လား။ တကယ်ကို ပြည်သူပြည်သားတွေရဲ့ အေးချမ်းသာယာရေးကို ဦးတည်ရဲ့လားဆိုတာကို စဉ်းစားပြီးတော့ ဖြေရှင်းရမှာ ဖြစ်ပါတယ်။ ပြဿနာ ဖြေရှင်းပုံ ဖြေရှင်းနည်းက မှန်လို့ရှိရင် ကျွန်မတို့နိုင်ငံရဲ့ သိက္ခာလည်း တက်ပါလိမ့်မယ်။ ပြည်သူတွေကလည်း ဒီဖြေ ရှင်းပုံ ဖြေရှင်းနည်းရဲ့ ရလဒ်ကို တလေးတစားနဲ့ လက်ခံမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်မပြောချင်တာက အခုကိစ္စက တရားဥပဒေကိစ္စဖြစ်တဲ့အပိုင်းမှာ တရားဥပဒေအရ ကျေကျေနပ်နပ် နှစ်ဦးနှစ်ဖက် ဆွေးနွေးဖို့ လိုပါတယ်။ တစ်ဖက်နဲ့တစ်ဖက် လေးစားဖို့ လိုပါတယ်။ ကိုယ့်အမြင်နဲ့မတူတဲ့သူဟာ အားလုံးမှားတယ်ဆိုပြီးတော့ စွပ်စွဲလို့မရပါဘူး။ ကိုယ့်အမြင် သူ့အမြင် နှစ်ဖက်စလုံးကို လေးစားဖို့ လိုပါတယ်။ နားလည်အောင် လုပ်ဖို့လိုပါတယ်။ ပြည်သူတွေလည်း နားလည်အောင်လုပ်ဖို့ လိုပါတယ်။ အဓိကကတော့ ပြည်သူတွေပါပဲ။ ပြည်သူတွေအတွက်ဆိုတဲ့ ဒီပြည်ထောင်စုလွှတ်တော်ဟာ ပြည်သူတွေရဲ့ လေးစားမှုခံနိုင်မှ ပြည်ထောင်စုလွှတ်တော်ဆိုတဲ့ ဂုဏ်နဲ့ ကိုက်ညီမှာဖြစ်ပါတယ်။ ဒါကြောင့် အခုပြဿနာတက်နေတာ မှန်ပါတယ်။ ဒီပြဿနာကို ဖြေရှင်းတဲ့နေရာမှာ အားလုံးဟာ ညှိညှိနှိုင်းနှိုင်း တိုင်တိုင်ပင် ပင်သဘောထားကြီးကြီးနဲ့ အမြော်အမြင်ရှိရှိနဲ့ ဖြေရှင်းဖို့ကိုပဲ ဦးတည်ကြပါလို့ ကျွန်အနေနဲ့ မေတ္တာရပ်ခံရင်း နိဂုံးချုပ်ပါတယ်''ဟု ဆွေးနွေးခဲ့သည်။


ကိုယ့်အမြင်နဲ့ မတူတဲ့သူဟာ အားလုံးမှားတယ်ဆိုပြီးတော့ စွပ်စွဲလို့ မရပါဘူး။ ကိုယ့်အမြင် သူ့အမြင် နှစ်ဖက်စလုံးကို လေးစားဖို့ လိုပါတယ်။ နားလည်အောင်လုပ်ဖို့ လိုပါတယ်။ ပြည်သူတွေလည်း နားလည်အောင်လုပ်ဖို့ လိုပါတယ်။ အဓိကကတော့ ပြည်သူတွေပါပဲ။ ပြည်သူတွေအတွက်ဆိုတဲ့ ဒီပြည်ထောင်စုလွှတ်တော်ဟာ ပြည်သူတွေရဲ့ လေးစားမှုခံနိုင်မှ ပြည်ထောင်စုလွှတ်တော်ဆိုတဲ့ ဂုဏ်နဲ့ကိုက်ညီမှာ ဖြစ်ပါတယ်  .  .  .
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၄)အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ''ဒီကိစ္စမှာ ကျွန်တော်အနေနဲ့ ပြောချင်တဲ့စကား၊ အရေးကြီးတဲ့စကား နှစ်ခွန်းပဲ ရှိပါတယ်။ ခုံရုံးက အဆိုလွှာတင်သွင်းမှုကို စတင်လက်ခံက တည်းကိုက မှားပြီးတော့ နောက်ဆုံး ဆုံးဖြတ်တဲ့ အဖြေကလည်း မမှန်ဘူးလို့ ပြောဖို့ပဲရှိပါတယ်။ ဒီဟာက ကျွန်တော်ဥပဒေနဲ့ လုပ်ထုံးလုပ်နည်းများအပေါ်မှာ မူတည်ပြီး တင်ပြခြင်းဖြစ်ပါတယ်။ ပထမဆုံးခုံရုံးကနေပြီးတော့ နိုင်ငံတော်သမ္မတကိုယ်စား ပြည်ထောင်စုရှေ့နေချုပ်ကနေ တင်သွင်းတာကို လက်ခံလိုက်တဲ့ အချိန်ကစပြီး အမှားစတာပဲ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ ကျွန်တော်ဥပဒေအရပဲ ပြောပါမယ်။ ခုံရုံးကို တိုက်ရိုက်တင်ပြရာမှာ သမ္မတကပဲ တိုက်ရိုက်တင်သွင်းရမှာ ဖြစ်ပါတယ်။ တိုက်ရိုက်တင်ပြသူမဟုတ်ဘူးဆိုရင် သတ်မှတ်ထားတဲ့ နည်းလမ်းများအတိုင်း တင်ပြခွင့်ရှိတယ်လို့ ပေးထားတဲ့ ၄ ဦးထဲမှာ ရှေ့နေချုပ်မပါတာကို တွေ့ရပါတယ်။ ရှေ့နေချုပ်ရဲ့ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေမှာလည်း ဒီကိစ္စအတွက် ဆောင်ရွက်ဖို့ တာဝန်မရှိကြောင်း တွေ့ရပါတယ်။ ဆုံးဖြတ်လိုက်တဲ့ အဖြေဟာလည်း တည်ဆဲဥပဒေပြဋ္ဌာန်း ချက်တွေနဲ့ ကွာဟနေတဲ့ အချက်ပဲဖြစ်ပါတယ်။ ခုံရုံးအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၄၃ အရ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံဖြိုးရေးကောင်စီက ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြဋ္ဌာန်းကြောင်း မှတ်ယူရမည့် ဥပဒေများဖြစ်သော ပြည်ထောင်စု လွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်ဥပဒေများ၊ ပြည်ထောင်စုရှေ့နေချုပ် ဥပဒေ၊ ပြည်ထောင်စု စာရင်းစစ်ချုပ် ဥပဒေတို့တွင် လွှတ်တော်ကော်မတီ၊ ကော်မရှင်နှင့် အဖွဲ့တို့သည် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဟု အတိအလင်း ပြဋ္ဌာန်းထားသည်ကို မျက်ကွယ်ပြု၍ အမျိုး သားညီလာခံ ကျင်းပရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးအောင်တိုး၏ ရှင်းလင်းပြောကြားချက်ကို ထည့်သွင်းစဉ်းစားရန် လိုအပ်သည်ဟုဆိုကာ ဆန့်ကျင်ဆုံးဖြတ်ခဲ့ခြင်းသည် ဥပဒေအရ တိမ်းစောင်း ချွတ်ချော် မသင့်လျော်ကြောင်း ထင်ရှားပေါ်ပေါက်လျက် ရှိပါတယ်။ နိဂုံးချုပ် တင်ပြချင် တာကတော့ သဘောရိုးနဲ့ဆိုရင် မှားတတ်တာက လူတွေရဲ့ သဘာဝဖြစ်ပါတယ်။ အမှားကိုပြန်လည်ပြင်ဆင်ရဲတဲ့ သတ္တိကလည်း လူတွေရဲ့ ဂုဏ်သိက္ခာဖြစ်ပါတယ်။ အဲဒီလိုစဉ်းစားတဲ့နေရာမှာ ကျွန်တော်တို့ အတွင်းထဲမှာ တစ်ဦးနဲ့တစ်ဦး၊ တစ်ဖက်နဲ့တစ်ဖက် ထိပါးမှု အနည်းဆုံးနည်း လမ်းနဲ့ ရှာဖွေစဉ်းစားခြင်းဟာ လူ့ယဉ်ကျေးမှုဖြစ်ပါတယ်''ဟု ဆွေးနွေးခဲ့သည်။
သင်္ဃန်းကျွန်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးသိန်းညွန့်က ''ကျွန်တော်တို့ ဖွဲ့စည်းပုံဥပဒေ ၄၄၃ မှာအင်မတန်ရှင်းပါတယ်။ အဲဒီဥပဒေရဲ့အပေါ်မှာ မူတည်ပြီးတော့ နအဖက ကြိုတင်ပြဋ္ဌာန်းလိုက်သည့် လွှတ်တော်ဥပဒေသုံးရပ်သည် အခြေခံဥပဒေရဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။ အဲဒီရဲ့ ကြိုတင်ဆောင်ရွက်မှုများသည် အခြေခံဥပဒေအရ ဆောင်ရွက်ရမည်လို့ မှတ်ယူရမယ်လို့ ဖွင့်ဆိုပြဋ္ဌာန်းထားပါတယ်။ အဲဒါကြောင့်  ဥပဒေကို အဓိပ္ပာယ်ကောက်တဲ့အခါမှာ ရှင်းလင်းနေတဲ့အခါကျရင် ဒီရှင်းလင်းတဲ့အတိုင်း၊ နေ့စဉ်သုံး အဓိပ္ပာယ်အတိုင်း ကောက်ယူဖို့ ဖြစ်ပါတယ်။ ရှင်းလင်းတဲ့ဥပဒေကို ထပ်ဖွင့်ဆိုဖို့ မလိုတော့ပါဘူး။ မလိုတဲ့ဟာကို ပညာရှိခုံရုံးအဖွဲ့ဝင်များက အခုလိုဖွင့်ဆိုခဲ့တာကို ကျွန်တော်တို့ နားမလည်ပါဘူး။ ဥပဒေပညာရှင် မက်စ် ၀ဲကျမ်းမှာ ဘာပါလဲဆိုတော့ ဥပဒေကို အဓိပ္ပာယ်ဖွင့်ဆိုတဲ့အခါမှာ အများပြည်သူအကျိုးကို ရှေးရှုပြီးတော့ ဖွင့်ဆိုရပါတယ်။ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်များသည် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၀၀ နဲ့ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ပိုင်ဆိုင်တဲ့ ပြည်သူတွေက ရွေးကောက်တင်မြှောက်လိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ပါတယ်။ ဘယ်အကြောင်းနဲ့ပဲ အဓိပ္ပာယ်ဖွင့်ဖွင့် လွှတ်တော်ကိုယ်စားလှယ်များရဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အာဏာသုံးရပ်ခွဲပြီးတော့ အပြန်အလှန် ထိန်းကျောင်းနေတဲ့ အင်မတန် အရေးကြီးတဲ့ အခြေခံမူကြီးကို ပျက်ပြားအောင် ခုံရုံးအဖွဲ့ဝင် လူကြီးများ ဆောင်ရွက်ဖို့ မသင့်ဘူးလို့ ကျွန်တော်ရိုးရိုးသားသား တင်ပြလိုပါတယ်။ အခုလို အင်မတန်အရေးကြီးတဲ့ အခြေ ခံဥပဒေ အဓိပ္ပာယ်ဖွင့်ဆိုတဲ့ တာဝန်ကြီးကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်မဟုတ်တဲ့၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်မဟုတ်ဘဲနဲ့ ပေးတဲ့ တာဝန်ကိုယူတယ်ဆိုတဲ့ ဥပဒေကျွမ်းကျင်သူများနဲ့ ဖွဲ့စည်းခဲ့တာဟာ ကျွန်တော်တို့ ပုဂ္ဂိုလ်ရေးအရ မဟုတ်ဘဲနဲ့ ပြန်လည်ဆန်းစစ်ရပါလိမ့်မယ်။ တကယ်ပြောရရင် ဖွဲ့စည်းပုံ အခြေခံဥပဒေ အနက်အဓိပ္ပာယ်ဖွင့်ဆိုတဲ့တာ ၀န်ကိုခုံရုံးကို မပေးသင့်ပါဘူး။ အင်မတန်မှ အရေးကြီးတဲ့ ဒီတာဝန်ကိုယူရမယ့်သူတွေဟာ ပြည်ထောင်စု တရားသူကြီးချုပ်တို့၊ ရှေ့နေချုပ်တို့ ပါဝင်တဲ့အဖွဲ့တစ်ဖွဲ့ကနေ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အနက်အဓိပ္ပာယ်ဖွင့်ဆိုတဲ့တာဝန်ကို လွှဲအပ်မယ်ဆိုရင် အခုလိုပြဿနာမျိုး ပေါ်ပေါက်မှာ မဟုတ်ပါဘူး''ဟု ပြောကြားခဲ့သည်။

တကယ်ပြောရရင် ဖွဲ့စည်းပုံ အခြေခံဥပဒေ အနက်အဓိပ္ပာယ် ဖွင့်ဆိုတဲ့တာဝန်ကို ခုံရုံးကို မပေးသင့်ပါဘူး။ အင်မတန်မှ အရေးကြီးတဲ့ ဒီတာဝန်ကိုယူရမယ့်သူတွေဟာ ပြည်ထောင်စု တရားသူကြီးချုပ်တို့၊ ရှေ့နေချုပ်တို့ပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့ကနေ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အနက်အဓိပ္ပာယ်ဖွင့်ဆိုတဲ့တာဝန်ကို လွှဲအပ်မယ်ဆိုရင် အခုလိုပြဿနာမျိုး ပေါ်ပေါက်မှာ မဟုတ်ပါဘူး  . . .
ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခက်ထိန်နန်က ''ခုံရုံးလုပ်ပိုင်ခွင့်ခုနစ်ချက်မှာ အကျူံးမ၀င်တဲ့ လုပ်ပိုင်ခွင့်ကို ခုံရုံးက ကျင့်သုံးခြင်းဖြစ်ပါတယ်။ ခုံရုံးဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပေမယ့် တင်သွင်းလွှာမှာ ဘယ်ပြဋ္ဌာန်းချက်ကို၊ ဘယ်စကားရပ်ကို အဓိပ္ပာယ်ဖွင့်ဆိုပေးရန် တိတိကျကျ မပါတဲ့အတွက် ခုံရုံးက အဓိပ္ပာယ်ဖွင့်ခြင်းဟာ မှားယွင်းပါတယ်။ နောက်တစ်ချက်က ခုံရုံးရဲ့ အပြီးသတ်ဆုံးဖြတ်မှုအပြင် ဥပဒေနဲ့ ညှိနှိုင်းအဖြေထုတ်မှုများဟာ မှားယွင်းပါတယ်။ နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီက ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေများဟာ ၂၂ ခုဖြစ်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေကို အကောင်အထည်ဖော်ဖို့ ပြဋ္ဌာန်းခဲ့တာဖြစ်ပါတယ်။ ဒါကို ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၄၃ မှာ အတိအလင်း ပြဋ္ဌာန်းထားပြီး ဒီဥပဒေများဟာ တရားဝင်အတည်ဖြစ်ကြောင်း ပုဒ်မ ၄၄၆ အရ ထင်ရှားပါတယ်''ဟု ဆွေးနွေးခဲ့သည်။
ထို့နောက် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များဖြစ်သည့် ဗိုလ်မှူးကြီးလှထွန်း၊ ဒုတိယဗိုလ်မှူးကြီး ရဲနိုင်ဦးနှင့် ဗိုလ်မှူးကြီးအောင်သီဟတို့က အဆိုကို ကန့်ကွက်ဆွေးနွေးခဲ့သည်။
လွှတ်တော်ကိုယ်စားလှယ် ၂၂ ဦး ၏ ဆွေးနွေးမှုအပြီးတွင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ ဦးသိန်းစိုးက ပြန်လည်ရှင်းလင်းခဲ့သည်။

ဦးသိန်းစိုးက ''လွှတ်တော်အသီးသီးက ဖွဲ့စည်းထားတဲ့ကော်မတီ၊ ကော်မရှင်အဖွဲ့တွေကို ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများဖြစ်ကြောင်း၊ ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ(၂)(စ)မှာ အဓိပ္ပာယ် ဖွင့်ဆိုထားပါတယ်။ အဲဒီအပြင် ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ(၂)(ဇ)၊ အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ(၂)(ဇ)တို့မှာ အသီးသီး အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။ အဲဒီလို ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေ၊ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေနဲ့ အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေတွေမှာ အဓိပ္ပာယ်ဖွင့်ဆိုထားချက်တွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ညီညွတ်ခြင်း ရှိ၊ မရှိ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနဲ့ ယှဉ်တွဲသုံးသပ်ပြီးတော့ ခုံရုံးက အဓိက ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ 
ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဖွဲ့စည်းတဲ့ ပြည်ထောင်စုအဆင့် အဖွဲ့အစည်း၊ ပုဂ္ဂိုလ်များဟာ ပြည်ထောင်စု လွှတ်တော်နာယကရဲ့ ခွင့်ပြုချက်နဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေး အခမ်းအနားများကို တက်ရောက်နိုင်ပါတယ်။ ဆွေးနွေးနိုင်ပါတယ်။ မိမိတို့ရဲ့ သက်ဆိုင်ရာတွေကို ရှင်းပြနိုင်ပါတယ်။ အဲဒီလိုပဲ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌရဲ့ ခွင့်ပြုချက်နဲ့ သူတို့ လွှတ်တော်အစည်းအဝေးတွေကို တက်ရောက်ရာမှာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်းတွေဟာ မိမိတို့နဲ့ သက်ဆိုင်တဲ့ ဥပဒေကြမ်းတွေ၊ ကိစ္စရပ်တွေကို ရှင်းလင်းပြောကြားနိုင်ပါတယ်။ အဲဒီလိုပဲပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်က ဖွဲ့စည်းတဲ့ ကော်မတီ၊ ကော်မရှင်အဖွဲ့တွေရဲ့ အစည်းအဝေးတွေကို အဲဒီ ကော်မတီ၊ ကော်မရှင်အဖွဲ့ရဲ့ အကြီးအမှူးရဲ့ ခွင့်ပြုချက်နဲ့ တက်ရောက်ရတဲ့အခါမှာလည်း အဲဒီပြည်ထောင်စုအဆင့် အဖွဲ့အစည်းတွေဟာ မိမိအဖွဲ့အစည်းနဲ့ သက်ဆိုင်တဲ့ ဥပဒေကြမ်းတွေ၊ ကိစ္စရပ်တွေကို ရှင်းလင်းပြောဆို ဆွေးနွေးခွင့်ရှိပါတယ်။ အဲဒီတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၄) ဥပဒေပြုရေးအခန်းမှာပါရှိတဲ့ လွှတ်တော်မှာ ရှင်းလင်းဆွေးနွေးပြောဆိုခွင့်နဲ့ ပတ်သက်တဲ့ အကြောင်းအရာပါတဲ့ ပုဒ်မတွေ၊ ဥပဒေကြမ်းတင်သွင်းခွင့်နဲ့ ပတ်သက်တဲ့အကြောင်း အရာပုဒ်မတွေအရ အဓိပ္ပာယ်ကောက်ယူတဲ့အခါမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဖွဲ့စည်းတဲ့ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတစ်ရပ်ရပ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ဖွဲ့စည်းတဲ့ ပြည်ထောင်စုအဆင့် အဖွဲ့အစည်း တစ်ရပ်ရပ်ရဲ့ ကိုယ်စားပြု အဖွဲ့အ စည်းဝင်တွေ သို့မဟုတ် ပုဂ္ဂိုလ်တွေဟာ လွှတ်တော် အဖွဲ့အစည်းအသီးသီးနဲ့ အဲဒီလွှတ်တော်အသီးသီးက ကိုယ်စားလှယ်တွေကို ရည်ညွှန်းတာ မဟုတ်ကြောင်း တွေ့ရှိရပါတယ်။ 
ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းတဲ့ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းနဲ့ စပ်လျဉ်းပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေ၊ အမျိုးသားညီလာခံ ဆွေးနွေးချက် မှတ်တမ်းတွေအရ အနက်အဓိပ္ပာယ်ဖွင့် ဆိုခြင်း ဖြစ်ပါတယ်။ အခု အနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်းနဲ့ ဆန့်ကျင်တဲ့ တည်ဆဲဥပဒေပါ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၄၆ အရ အတည်မဖြစ်တဲ့အကြောင်း ရှင်းလင်းပြော ကြားအပ်ပါတယ်။ ဒါကြောင့်မို့ ဦးမြင့်စိုးတင်သွင်းတဲ့အဆိုဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ညီညွတ်ခြင်းမရှိတဲ့အတွက် လက်ခံအတည်ပြုရန် မရှိကြောင်း တင်ပြအပ်ပါတယ်''ဟု ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။  
အဆိုကို မဲခွဲဆုံးဖြတ်ခဲ့ရာ ဆန္ဒမဲပေးမှုအရ ဆန္ဒမဲပေးခွင့်ရှိသူ ၆၂၉ ဦးရှိသည့်အနက် ထောက်ခံမဲပေးသူ ၄၄၇ ဦးရှိပြီး ကန့်ကွက်မဲပေးသူ ၁၆၈ ဦးရှိကြောင်း သိရသည်။ ကြားနေမဲ အရေအတွက်မှာ လေးမဲ ရရှိခဲ့သည်။
Comments 
0 #4 U TUN 2012-08-29 16:04
ဘာပဲလုပ်ကြလုပ်ကြ သမိုင်းမှတ်တမ်းတော့ ဝင်သွားပြီ
ဒီသတင်းကို နိုင်ငံတကာက ဥပဒေပညာရှင်တွေ ကြားရင်
လွှတ်တော်ကို တအံ့တသြနဲ့ မှတ်ချက်တွေပေးလိမ့်မယ်
ကိုယ်ပိုင်ဥပဒေပြုခွင့်အာဏာရှိပါလျက် တရားရုံး၏ ဆုံးဖြတ်ချက်ကို မဲခွဲဆုံးဖြတ်ပြီး စွက်ဖက်နေလို့လေ
နိုင်ငံ့သမိုင်းအတွက် မကောင်းပါ နောင်ဆိုလျှင် တရားသူကြီးများ
သည် အမတ်တို့ အလိုကျသာ ဆုံးဖြတ်ရတော့မည့် သဘောဖြစ်သွားလိမ့်မည် အမတ်မင်းတို့ လုပ်ရပ်တိုင်းမှန်တယ် လို့တော့ မငြင်းနဲ့နော် ရန်ကုန်တိုင်းလွှတ်တော်မှာ ပြည်သူများရေရရှိရေး အဆိုကို ပြည်သူ့ အမတ်တွေကန့်ကွက်ခဲ့ဖူးတယ်
 
+11 #3 yemaykyi 2012-08-29 12:16
Quote:
"သဘောရိုးနဲ့ဆိုရင် မှားတတ်တာက လူတွေရဲ့ သဘာဝဖြစ်ပါတယ်။ အမှားကိုပြန်လည်ပြင်ဆင်ရဲတဲ့ သတ္တိကလည်း လူတွေရဲ့ ဂုဏ်သိက္ခာဖြစ်ပါတယ်။ အဲဒီလိုစဉ်းစားတဲ့နေရာမှာ ကျွန်တော်တို့ အတွင်းထဲမှာ တစ်ဦးနဲ့တစ်ဦး၊ တစ်ဖက်နဲ့တစ်ဖက် ထိပါးမှု အနည်းဆုံးနည်း လမ်းနဲ့ ရှာဖွေစဉ်းစားခြင်းဟာ လူ့ယဉ်ကျေးမှုဖြစ်ပါတယ်"
မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၄)အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့် ပြောတာ လုံးဝ မှန်ကန်တယ်။
 
+20 #2 ကျောင်းသားလူငယ် 2012-08-29 10:55
လွှတ်တော်ရေးရာကော်မတီ များသည် ပြည်ထောင်စု အဆင့်ဖြစ်သင့်ပါသည်။ ဒါဟာ မဏ္ဍိုင်ကြီး သုံးရပ်ထဲမှာ အဓိကမဏ္ဍိုင် ဖြစ်တဲ့ ဥပဒေပြုရေးမဏ္ဍိုင် ရဲ့ လုပ်ပိုင်ခွင့်ပါ။
သေချာတယ် ပြည်ထောင်စု အဆင့်ဖြစ်သင့်တယ်။ ဖြစ်ရမယ်။
ဥပဒေကိုလည်းပြင်ဆင်မှဖြစ်တော့မယ်။။။
 
-7 #1 AMKs 2012-08-29 10:51
Do u want to ' QUIT ' with your own accords? OR
Do we have to make you to do so ?
 

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။