လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာအပေါ် အကောင်ထည်ဖော်ရေး ကော်မတီမှ သိမ်းဆည်းခံ မြေယာများအတွက် လျော်ကြေးငွေများ ပေးအပ်
- Created on Monday, 18 March 2013 01:26
ကော်မရှင်၏ အကြံပြုချက်များကို ဖတ်ရှုနေသော တောင်သူများအား မတ်လ ၁၆ ရက် မွန်းလွဲပိုင်းက တွေ့ရစဉ်
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် သိမ်းယူထားသော မြေယာများအတွက် လျော်ကြေးငွေများကို မတ်လ ၁၆ ရက်နေ့မှ စတင်ပြီး ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော လက်ပံတောင်းတောင် စီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာ ထွက်ပေါ်ပြီးနောက် ဖွဲ့စည်းခဲ့သည့် အစီရင်ခံစာ အကောင်အထည်ဖော်ရေး ကော်မတီသည် မတ်လ ၁၆ ရက်နေ့က ဆားလင်းကြီးမြို့နယ်သို့ ရောက်ရှိလာပြီး ယာမြေသိမ်းဆည်း ခံခဲ့ရသူများအတွက် လျော်ကြေးငွေများကို ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“မတ်လ ၁၃ ရက်နဲ့ ၁၄ ရက် မှာ ဒေါ်အောင်ဆန်းစုကြည် လာရောက်ပြီး ယာမြေအတွက် လျော်ကြေးငွေ သိန်းပေါင်း ၅၀၀၀၀ နီးပါး ပေးမယ်လို့ ပြောသွားခဲ့ပါတယ်။ ၁၅ ရက်နေ့မှာတော့ ကံတော-၀က်မှေး ရွာသစ်မှာ မြေယာတွေ စိစစ်ပြီး လျော်ကြေးငွေ ထပ်ပေးမယ်လို့ ကြေညာတာကို ကြားလိုက်ရတယ်။ သမ္မတရုံးဝန်ကြီး ဦးလှထွန်း၊ ပြည်ထဲရေးဝန်ကြီးနဲ့ စစ်ကိုင်းတိုင်း ၀န်ကြီးချုပ်တို့အဖွဲ့ လာတာကိုလည်း တွေ့ရပါတယ်” ဟု ရွှေလှေကျေးရွာတွင် နေထိုင်သူ တစ်ဦးက ပြောပါသည်။
“လျော်ကြေးငွေ ပေးတဲ့နေရာမှာ ကွင်းအမှတ်စဉ်တွေနဲ့ စနစ်တကျ စစ်ဆေးပြီး တောင်ပလူ၊ ကျော်ရွာ၊ အောင်ချမ်းစည်၊ ဖောင်ကတာ ကျေးရွာတွေက တောင်သူတွေကို လျော်ကြေးငွေတွေ ပေးနေတာ တွေ့ရတယ်။ ရေသွင်းစိုက်လို့ရတဲ့ လယ်မြေတစ်ဧကအတွက် ၁၅ သိန်း၊ မိုးစိုက်ယာ မြေတစ်ဧက အတွက် ၁၂ သိန်း၊ ကျောက်ကုန်းတွေလို သီးနှံစိုက်ရခက်တဲ့ မြေတွေအတွက်တော့ ၁၀ သိန်းနှုန်းနဲ့ လျော်ကြေးပေးတယ်လို့ သိရပါတယ်” ဟု ဆားလင်းကြီးမြို့ပေါ်တွင် နေထိုင်သူ တစ်ဦးက ပြောကြားပါသည်။
မတ်လ ၁၆ ရက်နေ့က ကျေးရွာငါးရွာမှ မြေသိမ်းခံတောင်သူ ၅၂ ဦးကို ငွေကျပ် ၂၂၄၆၇၆၀၀၀ အား ပေးအပ်ခဲ့ကြောင်း သိရပြီး မတ်လ ၁၇ ရက်နေ့တွင်လည်း အခြားကျေးရွာများမှ တောင်သူများအား လျော်ကြေးငွေများ ဆက်လက်ထုတ်ပေးခဲ့သည်ဟု သတင်းရရှိပါသည်။
