Saturday, October 13, 2012

ရခိုင်တစ်မျိုးသားလုံးကိုယ်ပိုင်ပြဌါန်းခွင့်နှင့် တိုင်းရင်းသားအားလုံး တန်းတူညီမျှရေးရရှိရန် ၂၀၀၈ ဖွဲ့စည်းပုံကိုပြင်ဆင်ရန် အစွမ်းကုန်ကြိုးစားမည်ဟု ALD ပြော


ရခိုင်တစ်မျိုးသားလုံးကိုယ်ပိုင်ပြဌါန်းခွင့်နှင့် တိုင်းရင်းသားအားလုံး တန်းတူညီမျှရေးရရှိရန် ၂၀၀၈ ဖွဲ့စည်းပုံကိုပြင်ဆင်ရန် အစွမ်းကုန်ကြိုးစားမည်ဟု ALD ပြော


Arakan Times, 13 October 2012 —- ရခိုင်ပြည်သူလူထုနှင့် ထပ်တူ ဒုက္ခအမျိုးမျိုးကို ခါးသီးစွာခံစားယင်း (၂၄) နှစ်တာ ဖြတ်သန်းခဲ့ရသော်လည်း ရခိုင်တစ်မျိုးသားလုံးကိုယ်ပိုင်ပြဌါန်းခွင့်နှင့် တိုင်းရင်းသားအားလုံး တန်းတူညီမျှရေးရရှိရန် ၂၀၀၈ ဖွဲ့စည်းပုံကိုပြင်ဆင်ရန် အစွမ်းကုန်ကြိုးစားမည်ဟု ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ယမန်နေ့က ပြောဆိုလိုက်သည်။
လွတ်လပ်မှု၊ ညီမျှမှု၊ တရားမျှတမှုနှင့်အညီ ရခိုင်လူမျိုးတို့၏ အမျိုးသားရပိုင်ခွင့်များနှင့် ကိုယ်ပိုင်ပြဌာန်ခွင့်များကို အခြေခံကာ အောက်တိုဘာ (၁၂) ရက်နေ့က ကျရောက်သော ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၏ (၂၄) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားတွင် ကြေငြာချက်ထုတ်ပြန်ပြောဆိုလိုက်ခြင်းဖြစ်သည်။
ကြေညာချက်တွင် ရသေ့တောင်လူထုအစည်းအဝေး၏ ကြေငြာချက်စာတမ်းပါအချက်များအား ခြွင်းချက်မရှိ ထောက်ခံကြောင်း၊ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီသို့ ကမ်းလှမ်းထားသည့် ပူးပေါင်းရေးအဆိုနှင့်အညီ ရခိုင်ပြည်တွင်းရှိ အခြားသော နိုင်ငံရေပါတီများ အားလုံးနှင့် ညီညွတ်ရေးကို မဖြစ်မနေတည်ဆောက်မည်ဖြစ်ကြောင်း။ ရခိုင်ပြည်တွင် အကောင်အထည်ဖော်ဆောင်လျှက်ရှိသော စီမံကိန်းများသည် ဒေသဖွံ့ဖြိုးမှုသာမက ရခိုင်ပြည်သူ တစ်ရပ်လုံး ဖွံ့ဖြိုးတိုးတက်မှုကို လက်တွေ့ခံစားနိုင်ရန် အစွမ်းကုန် ကြိုးပမ်းသွားမည်ဖြစ်ပြီး စီမံကိန်းကြောင့် ပေါ်ပေါက်လာမည့် ဆိုးကျိုးများကိုလည်း ကာကွယ်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ပါတီ၏ လုပ်ငန်းစဉ်နှင့် မူဝါဒများကို အကောင်အထည် ဖော်ဆောင်ရာတွင် ပြည်တွင်းပြည်ပရှိ ရခိုင်လူမျိုးများအားလုံး ပူးပေါင်းပါဝင်မှ အောင်မြင်မည်ဟုယုံကြည်ကြောင်း စသည့် အချက် (၉) ချက်ပါဝင်သော ကြေငြာချက် တစ်စောင်ကိုထုတ်ပြန်ခဲ့သည်။
(၂၄ ) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ဗဟန်းမြို့နယ် ဒို့ရိုးရာစားသောက်ဆိုင်တွင် ကျင်းပခဲ့ရာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)၊ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(MNDF)၊ ပါတီဝင်များ၊ စသည့် တိုင်းရင်းသားပါတီများ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ခေါင်းဆောင်များ၊ ရခိုင်ဒီကရေစီအဖွဲ့ချုပ်၏ အဖွဲ့ဝင်များ၊ တသီးပုဂ္ဂလများ၊ ရခိုင်တိုင်းရင်းသားများ၊ သတင်းထောက်များ၊ လူဦးရေ ၄၀၀ ခန့် တက်ရောက်ခဲ့ကြသည်။
ဒေါက်တာစိုးမြအောင် မိသားစုမှ သိန်း (၂၀) ရန်ကုန်အောင် ဗဟိုကော်မတီဝင်များမှ သိန်း (၂၀) ကိုထွန်းရွှေသိန်းမှ သိန်း (၂၀) ၊ ဦးမျိုးဆွေမှ သိန်း (၂၀) ၊ ဦးလှမြင့်( ရခိုင်သားကြီးစာပေ) မှ သိန်း(၂၀)၊ စုစုပေါင်း မြန်မာငွေ ကျပ် သိန်း(၁၀၀) ကို အခမ်းအနားတွင် ပါတီသို့ အသီးသီ လှူဒါန်ခဲ့ကြသည်။
ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်အား ၁၉၈၈ တွင်ဖွဲ့စည်းကာ ၁၉၉၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၌ (၁၁)နေရာ အနိုင်ရရှိပြီးနောက် တစ်နှစ်အကြာတွင် ဖျက်သိမ်းခံခဲ့ရသည်။ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) က လာမည့် ၂၀၁၅ ခုနှစ်တွင် ရွေးကောက်ပွဲဝင်ရန် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ပြန်လည် မှတ်ပုံတင်ခဲ့ခြင်းဖြစ်သည်။
Written by ဇင်ကီး

မောင်တောမြို့တဖက်ကမ်း အခြေစိုက် BGB တပ်ရင်းက မူးယစ်ဆေးဝါး တာကာ ၃၅ သိန်းဖျက်ဆီး


မောင်တောမြို့တဖက်ကမ်း အခြေစိုက် BGB တပ်ရင်းက မူးယစ်ဆေးဝါး တာကာ ၃၅ သိန်းဖျက်ဆီး


Arakan Times, 12 October 2012  —-  မောင်တောမြို့နှင့် မျက်နှာချင်းဆိုင် တည်ရှိသော ဘင်္ဂလာ BGB တပ်ဖွဲ့တစ်ခုက မြန်မာ-ဘင်္ဂလာ နှစ်နိုင်ငံနယ်စပ်အကြားမှ ဖမ်းဆီး ရမိသည့် မူးယစ်ဆေးဝါးများတချို့ တာကာ ၃၅ သိန်းတန်ဖိုးအား ကြာသပတေးနေ့က ဖျက်ဆီးလိုက်ကြောင်း သတင်းရရှိသည်။
ဘင်္ဂလာ တာခ်နာမြို့နယ် အခြေစိုက် အမှတ် ၄၂ တပ်ရင်းမှ နေ့လည် ၁ နာရီက စတင်ဖျက်ဆီးခြင်းဖြစ်ပြီး စစ်တကောင်းမြို့မှ BGB အကြီးအကဲနှင့် တခြားမူးယစ်ဆေးဝါး ရှာဖွေဖေါ်ထုတ်ရေးအဖွဲ့တို့မှ အကြီးအကဲများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ယင်းဖျက်ဆီးခံ မူးယစ်ဆေးဝါးများမှာ အဆိုပါ တပ်ရင်းက ဇွန်လနှင့် စက်တင်္ဘာလတို့တွင် စုစုပေါင်း ဖမ်းဆီးရမိခဲ့သော ကာလ ပေါက်ဈေးမှာ တာကာ ၃၅၀၂၃၅၀ တန်ဖိုးရှိ မူးယစ်များအား တရားဝင် ဖျက်ဆီးလိုက်ခြင်းဖြစ်ကြောင်း သက်ဆိုင်ရာက ထုတ်ပြန်ချက်အရ သိရှိရသည်။
သက်ဆိုင်ရာက ယင်းဖျက်ဆီးခံ မူးယစ်ဆေးဝါး အသေးစိပ်ကို မြန်မာလုပ် ရာဘားဆေး ၇၄၇၉ လုံး၊ ၉ ဂရမ် ဂင်ဇာ၊ ၁၄၄၃ ကာတွန့် Golden Beer၊ ၂၄ ကာတွန့် ဒါယာဘီလ် ဘီယာ၊ မန္တလေး ဘီယာ ၁၀ ပုလင်း ၊ ၁၄၄ ကာတွန့် ဆေညင် ဘီယာ၊ ၄၈ ပုလင်း Golden Royal ကြံ့ဘီယာ၊ ၈၅ ပုလင်း မန္တလေး ရမ်၊ ၂၀ ပုလင်း ကြံ့ မာစ္စတာအရက်၊ ၂၃၁ ပုလင်း ဒရိုင်းဇိမ်၊ ၃၇ ပုလင်း နိုင်ငံခြားအရက်၊ ၃၉၇ လီတာ ဘင်္ဂလာ ထုတ်အရက်နှင့် တခြား မှောင်ခိုပစ္စည်းတချို့ ပါဝင်ကြောင်း ယမန်နေ့က ထုတ်ဖေါ်ပြောဆိုသည်။
အဆိုပါ မူးယစ်ဆေးဝါး ဖျက်ဆီးသော အခမ်းအနားသို့ စစ်တကောင်းမြို့ အခြေစိုက် ဗဟိုBGBမှ အကြီးအကဲ မိုဟာမ္မတ် ဇိလ် လူလ်ဟောက် PSC၊ အမှတ် ၄၂ တပ်ရင်းမှူး ဇာဒိဒ် ဟာဆန်နှင့် တခြားနယ်စပ်မူးယစ်ဆေးဝါး ရှာဖွေဖေါ်ထုတ်ရေးအဖွဲ့တို့မှ အကြီးအကဲများ တက်ရောက်ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက အတည်ပြုပြောသည်။
ဘင်္ဂလာတွင် ကော့စ်ဘဇားခရိုင်အတွင်းရှိ BGBတပ်ရင်းများအတွင်း ယင်းကဲ့သို့ မူးယစ်ဆေးဝါးများ လွန်ခဲ့သောနှစ်များက ဖမ်းဆီး ရရှိထားမှု လက်ကျန်များ ကျန်ရှိနေသေးကြောင်း သက်ဆိုင်ရာ တပ်ဖွဲ့များက ထုတ်ဖေါ်ပြောဆိုမှုများ ရှိခဲ့သည်။
Written by သဇင်ဥ

မြန်မာနိုင်ငံတွင် OIC ရုံးစိုက်မည် မဟုတ်ဟု နယ်စပ်ရေးရာ ဝန်ကြီး ဌာနဆို




မြန်မာနိုင်ငံတွင် OIC ရုံးစိုက်မည် မဟုတ်ဟု နယ်စပ်ရေးရာ ဝန်ကြီး ဌာနဆို

အမျိုး ၊ ဘာသာ ၊ သာသနာ အတွက် ခေတ္တ ဖြစ်ဖြစ် ၊ ယာယီ ဖြစ် ဖြစ် ရုံး ခွဲ ဖြစ် ဖြစ် လက်မခံ ပါ နဲ့  ။ (freedom news group's image)
The Voice Weekly , 13 October 2012  —  ရန်ကုန်၊ အောက်တိုဘာ ၁၁
နိုင်ငံများ စုပေါင်းဖွဲ့စည်းထားသော OIC (Origanization of The Islamic Cooperation) က မြန်မာနိုင်ငံတွင် ရုံးစိုက်မည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက် ရန်ကုန်မြို့နှင့် ရခိုင်ပြည်နယ် စစ်တွေမြို့တို့တွင် OIC ကို ကန့်ကွက် ဆန္ဒ ဖော်ထုတ်မှုများ ဆက်တိုက် ဖြစ်ပေါ် ခဲ့သော်လည်း မြန်မာနိုင်ငံတွင် OIC ရုံးစိုက်ရန် သဘောတူညီထားခြင်း မရှိကြောင်း နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးထွေးလှက ပြောကြားသည်။
အဆိုပါ အဖွဲ့အစည်း မြန်မာနိုင်ငံ တွင် ရုံးခွဲ ဖွင့်လှစ်ရန် နယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့် OIC တို့ အကြား နား လည်မှု စာချွန်လွှာ ရေးထိုး ထားကြောင်း ပြည်ပ မီဒီယာ အချို့တွင် ဖော်ပြခဲ့သည့် အပေါ် ၄င်းက ယင်းသို့ ငြင်းဆိုလိုက် ခြင်းဖြစ်သည်။
“လူမျိုးဘာသာ မရွေး လူသားချင်း စာနာ ထောက်ပံ့ရေး အစီအစဉ်အတွက်ပဲ OIC နဲ့ နားလည်မှု စာချွန်လွှာ ရေးထိုး ထားတယ်။ ရုံးစိုက်မယ့် ကိစ္စမပါဘူး။ ဒါပေမဲ့ လိုအပ်ချက် အရ ယာယီ ရုံးစိုက် မယ်ဆိုရင် ရန်ကုန်မှာပဲ ယာယီရုံး တစ်ရုံး အချိန် အကန့်အသတ်နဲ့ ခွင့်ပြု သွားမယ်”” ဟု ၄င်းက ရှင်းပြသည်။
OIC နှင့် နားလည်မှု စာချွန်လွှာ ရေးထိုးမှုကို ၄င်းကိုယ်တိုင် လက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်ကြောင်း ဦးထွေးလှက ဆိုသည်။

OIC သည် ရန်ကုန်မြို့နှင့် စစ်တွေ မြို့တွင် မကြာမီ ရုံးစိုက်မည်ဖြစ်ပြီး ရန်ကုန်ရုံးကို ဗီဇာကိစ္စ အပါအဝင် ထောက်ပံ့ရေး အစီစဉ်များ အတွက် ဖွင့်လှစ်မည် ဖြစ်ကာ စစ်တွေရုံးကို ထောက်ပံ့ရေး ကိစ္စများအတွက် ရုံးစိုက် သွားမည် ဖြစ်ကြောင်း၊ အစ္စလာမ် ဘာသာ၊ ဗုဒ္ဓဘာသာ မခွဲခြားဘဲ ထောက်ပံ့ ကူညီ သွားမည်ဖြစ်ကြောင်း OIC မွတ်ဆလင် လူနည်းစု ရပ်ဝန်း ဌာန ၏ ရိုဟင်ဂျာ အရေးဆိုင်ရာ တာဝန်ခံ မစ္စဒီနာမန်ဒနီ၏ ပြောကြားချက်ကို ဘီဘီစီ မြန်မာပိုင်း အစီအစဉ်တွင် အောက်တိုဘာ လ ၁၀ ရက်နေ့က ဖော်ပြခဲ့သည်။
OIC ရခိုင်ပြည်နယ်တွင် ရုံးစိုက် မည့် ကိစ္စနှင့် ပတ်သက်၍ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့မှ ရခိုင်ပြည်နယ် ပဋိပက္ခ အတွင်း ယာယီ ဖွဲ့စည်းခဲ့သော သတင်း ပြန်ကြားရေး ဌာန အတွင်းရေးမှူး ဦးဝင်းမြိုင်ကို ဆက်သွယ် မေးမြန်းခဲ့ရာ OIC ကိစ္စနှင့် ပတ်သက်၍ တစ်စုံတစ်ရာ အကြောင်းကြားထားခြင်း မရှိကြောင်း ပြန်လည် ဖြေကြားသည်။
ရခိုင်ပြည်နယ် မြို့တော် စစ်တွေ မြို့တွင် အောက်တိုဘာလ ၁၀ ရက်နေ့ က အမျိုးသမီးများ အပါအဝင် ဒေသခံ ၄၀၀၀ ခန့်သည် “Get Out OIC, No
OIC, Stop OIC” စသည့် စာတန်းများ ပါဝင်သည့် အင်္ကျီများကို ဝတ်ဆင်ကာ ဆန္ဒ ဖော်ထုတ် ခဲ့ကြကြောင်း ဒေသခံ များထံမှ သိရသည်။

“OIC လို့ ကြားလိုက်တိုင်း အသည်း ကို အပ်နဲ့ဆွ နေသလို ခံစားရတယ်။ OIC ရခိုင်မှာ ရုံးစိုက်မယ် ဆိုတာ ရခိုင် တစ်မျိုးသားလုံးကို သွေးဆူအောင် လုပ်တာပဲ” ဟု စစ်တွေမြို့ ဆန္ဒ ဖော်ထုတ်မှုတွင် ပါဝင်ခဲ့သော ရခိုင် အမျိုးသမီးတစ်ဦးဖြစ်သူ ဒေါ်ညိုအေး က ရှင်းပြသည်။
ရခိုင်ပြည်နယ် အတွင်း OIC ရုံးစိုက်မည်ဟု သတင်းများ ထွက်ပေါ် လာမှု၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကော့က်ဘဇား နှင့် စစ်တကောင်း ဒေသတို့တွင် ဗုဒ္ဓ ဘာသာဝင်များ အကြမ်းဖက် ခံရမှုများ အတွက် ရန်ကုန်မြို့နှင့် ရခိုင်ပြည်နယ် တို့တွင် သံဃာတော်များ အပါအဝင် တိုင်းရင်းသားများ ဆန္ဒ ဖော်ထုတ်မှု ဆက်တိုက် ဖြစ်ပေါ်ခဲ့သည်။

မြန်မာနိုင်ငံက တင်နေတဲ့ အကြွေး ဒေါ်လာ သန်း ၉၀၀ ကို ဂျပန် စိုက်ဆပ်မယ်



မြန်မာနိုင်ငံက တင်နေတဲ့ အကြွေး ဒေါ်လာ သန်း ၉၀၀ ကို ဂျပန် စိုက်ဆပ်မယ်  

အောက်တိုဘာ(၁၃)
Japan134567jwft45






 
 
 
 
 
photo-မြန်မာ ဘဏ္ဍာရေး ဝန်ကြီး ဦးဝင်းရှိန်နဲ့ ဂျပန်ဘဏ္ဍာရေးဝန်ကြီး Koriko Jojima 
တိုကျိုမြို့မှာ ကျင်းပတဲ့ နိုင်ငံတကာ ငွေကြေးဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ ညီလာခံ ကနေ ထွက်လာတဲ့ သတင်းတွေ အရ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ စခဲ့ပြီးတဲ့ နောက်ပိုင်းမှာ ဂျပန်နိုင်ငံဟာ မြန်မာအပေါ် အကူညီအများဆုံး ပေးတဲ့ နိုင်ငံဖြစ်လာပါတယ်။
အခုနောက်ဆုံး အစီအစဉ်အရ ကမ္ဘာ့ဘဏ်ကို မြန်မာက ပေးစရာရှိတဲ့ အကြွေးဒေါ်လာသန်း ၄၀၀ နဲ့ ADB အာရှဖွံ့ဖြိုးရေး ဘဏ်ကို ပေးစရာရှိတဲ့ ဒေါ်လာသန်း ၅၀၀ စုစုပေါင်း ဒေါ်လာသန်း ၉၀၀ ကို ဂျပန်နိုင်ငံက စိုက်ပြီး ဆပ်ပေးမှာဖြစ်ပါတယ်။မြန်မာနိုင်ငံက ပေးစရာ ကျန်နေတဲ့ကြွေးမြီတွေကို ၂၀၁၃ ဇန်နဝါရီလမှာ ဂျပန်နိုင်ငံက စိုက်ပြီး ဆပ်ပေးဖို့အတွက် ဆုံးဖြတ် လိုက်ပြီ ဆိုတာကို ဝမ်းမြောက်စွာနဲ့ပြောလိုကြောင်း၊ ၁၉၈၇ နှစ်တုန်းက မြန်မာနိုင်ငံအပေါ် အထူးချေးငွေ ပေးထားတဲ့ အစီအစဉ်ကို သက်တမ်းတိုး ပေါင်းကူးပေးလိုက်ပြီး၊ ကြွေးမြီတွေကို ပယ်ဖျက်ပေးလိုက်ကြောင်း ဂျပန် ဘဏ္ဍာရေး ဝန်ကြီး Koriki Jojima က အဲဒီညီလာခံမှာ ပြောသွားပါတယ်။
အဲဒီငွေတွေကို ဂျပန်နိုင်ငံရဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ဘဏ်ကနေ ထုတ်ပေးမှာဖြစ်ပါတယ်။
အခုနှစ်ဧပြီလ တုန်းကလည်း ဂျပန်နိုင်ငံက မြန်မာအပေါ် တင်ရှိနေတဲ့ကြွေးမြီ ယန်းငွေဘီလျံ ၅၀၀၊ ဒေါ်လာနဲ့ဆိုရင် ၆.၄ ဘီလျံထဲက ယန်းငွေဘီလျံ ၃၀၀ ကိုလျှော်ပေးခဲ့ပါတယ်။
အခုလို ဂျပန်နိုင်ငံရဲ့ ကူညီမှုနဲ့ ပတ်သက်ပြီး ကျေးဇူးတင် ကြောင်း မြန်မာ ဘဏ္ဍာရေး ဝန်ကြီး ဦးဝင်းရှိန်က ပြန်လည် ပြောကြားခဲ့ပြီး မြန်မာနိုင်ငံကို အာရှနိုင်ငံတွေနဲ့အတူ ယှဉ်တွဲပြီး ငြိမ်းချမ်း တည်ငြိမ်တဲ့ ဒီမိုကရေစီ နိုင်ငံ အဖြစ် အားလုံး ပါဝင် တည်ဆောက်နိုင်အောင် ဆောင်ရွက်ဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း ကိုလည်းပြောခဲ့ပါတယ်။
ဂျပန်နိုင်ငံဟာ ရန်ကုန်မြို့မှာ ရထားလမ်းနဲ့ ရေပေးဝေရေး စနစ်တွေ တည်ဆောက်ဖို့ အပါအဝင် မြန်မာနိုင်ငံရဲ့ အခြေခံ အဆောက်အဦတွေ ဆောက်လုပ်တဲ့ လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံဖို့ လေ့လာနေပြီး အဲဒီ စီမံကိန်းတွေမှာ အသုံးပြုဖို့ အထူးသက်သာတဲ့ အတိုးနှုန်းနဲ့ နှစ်ရှည် ချေးငွေတွေကို ထုတ်ချေးမယ့် အစီအစဉ်လည်း ရှိတယ်လို့ New York Times သတင်းစာက ရေးပါတယ်။
ဒါ့အပြင် ရန်ကုန်မြို့အတွက် ဓါတ်အားပေး စက်ရုံတည်ဆောက်ရေး၊ သီလဝါဆိပ်ကမ်းနဲ့ ပဲခူးမြစ်ကူးတံတား တည်ဆောက်ရေး တွေကိုလည်း ဆောင်ရွက်ချင်နေတယ်လို့ ဆိုပါတယ်။
ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေးနဲ့ ပတ်သက်လို့ ဂျပန်နိုင်ငံက အထူး အလေးထားတာကြောင့် အခုလို မြန်မာနိုင်ငံမှာ ဂျပန်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့ စိတ်ဝင်စားတာဟာ ကောင်းတဲ့ အလားအလာ ဖြစ်တယ်လို့ ဂျပန်နိုင်ငံ ကန်တ တက္ကသိုလ်က ဒေါက်တာ အေးချမ်းက သုံးသပ်ပါတယ်။

BBC

ဒီစာစောင်ကို မိန်းကလေးအားလုံးကို ဖတ်စေချင်ပါတယ်


ဒီစာစောင်ကို မိန်းကလေးအားလုံးကို ဖတ်စေချင်ပါတယ် 

  အဖေ့သမီးအတွက်
သမီးအတွက်..ဖခင်ရဲ့ ဥပမာကောင်းလေးတစ်ခု.............
ဖခင်ဖြစ်သူက သမီးဖြစ်သူကို ခေါ်ပြီးပြောတာကနေ စကြရအောင်…. ဖခင်။
အဖေသမီးကိုတစ်ခုပြမယ်.အရေးကြီးတယ်နော်.. ပြီးတော့ ဖခင်ဖြစ်သူက တစ်စုံတစ်ခုကို အင်္ကျီအိပ်ထဲကနှိက်ပြီး လက်ထဲဆုပ်ကိုင်ထားလိုက်ပါတယ်။

ဘာလဲဆိုတာသိချင်လားလို့သမီးဖြစ်သူကိုမေးတယ်။

သမီးဖြစ်သူက ခေါင်းညှိက်တဲ့အခါမှာတော့ ဒါဆို သမီး ထိုင်ထ ၁ခေါက်လုပ်.. သမီးဖြစ်သူက ထိုင်ထ လုပ်လဲပြီးရော ဖခင်ဖြစ်သူက ၃ ခေါက်လုပ်မှပြမယ်လို့ဆိုပြန်တယ်။

သမီးဖြစ်သူလုပ်လဲပြီးရော ၅ ခေါက်လုပ်မှပြမယ်လို့ဆိုပြန်တယ်။
သမီးဖြစ်သူကလဲ ၅ခေါက်လုပ်ပြန်ပါတယ်။ ပြီးတော့ ဖခင်ဖြစ်သူက ၁၀ ခေါက်အထိ ဆိုလာပြန်တယ်။
ထိုအခါ သမီးဖြစ်သူက ၁၀ခေါက်လုပ်ပြီးတော့..အဖေရယ် သမီးကို ဘာလဲဆိုတာသိအောင်ပြပါတော့လို့ဆိုတယ်။ အဲ့ဒီတော့မှ ဖခင်ဖြစ်သူက လက်ထဲမှာဆုပ်ကိုင်ထားတာလေးကိုဖွင့်ပြလိုက်တော့ အကြွေတစ်မတ်စေ့ ဖြစ်နေတယ်။

အဲ့ဒီအကြွေစေ့လေးကိုပဲ လက်ထဲမှာနောက်တစ်ခေါက်ပြန်ဆုပ်ကိုင်လိုက်ပြီးတော့ သမီးဖြစ်သူကို ထိုင်ထ ၁၀ ခေါက်လုပ်ရင်ပြမယ်လို့ပြောတယ်။ သမီးဖြစ်သူက မတွေ့ချင်ပါဘူး.. သမီးတွေ့ပြီးပြီပဲဟာ..လို့ပြန်ပြောလိုက်တယ်။

ထိုအခါ ဖခင်ဖြစ်သူက ၁ ခေါက်ပဲလုပ်ပါသမီးရယ်..အဖေပြပါ့မယ်လို့ဆိုသတဲ့။ ၁ခေါက်လဲမလုပ်နိုင်ဘူး..တွေ့ပြီးမြင်ပြီးသားပဲဟာလို့ သမီးကပြန်ပြောသတဲ့။
ဒါဆို အလကားပဲပြမယ်သမီးရယ်..ကြည့်မလားလို့ဖခင်ကပြန်မေးတယ်။

အလကားလဲ မတွေ့ချင်ပါဘူး..တွေ့ပြီးမြင်ပြီးသွားရင်ဘာတန်ဖိုးရှိတော့တာမှတ်လို့… ဆိုပြီးသမီးဖြစ်သူကပြန်ပြောတယ်။

အဲ့ဒီတော့မှဖခင်ဖြစ်သူက.. ဒီဥပမာလေးလိုပဲသမီးရယ်.မတွေ့ခင်မမြင်ခင်က တန်ဖိုးကြီးမားပြီးလိုသလို ခိုင်းလို့ရတဲ့ ဒီမတ်စေ့လေးဟာ တွေ့မြင်သွားပြီးတဲ့နောက်မှာ တန်ဖိုးမရှိတော့ဘူးမဟုတ်လား

" ဒီလိုပဲသမီးရေ..ထိန်းသိမ်းစောင့်ရှောက်ထားသင့်တဲ့အရာတွေကိုလဲ အချိန်မတန်ခင်မှာ တန်ဖိုးမဲ့သွားအောင် သူတစ်ပါးကို ပေးမမြင် ပေးမတွေ့သင့်ဘူး.."

သမီးတို့ရဲ့ အပျိုစင်ဘ၀ကိုလဲဒီမတ်စေ့လေးလိုပဲ အချိန်မတန်ခင် တန်ဖိုးမဲ့သွားအောင် သူတစ်ပါးကိုပေးမမြင် ပေးမတွေ့သင့်ဘူး။
ကဲ.ဒါဆို..သူငယ်ချင်းတို့ရဲ့မတ်စေ့လေးကရော တန်ဖိုးရှိသေးရဲ့လား*

တန်းဖိုးသိမှ တန်ဖိုးရှိတယ်...

တန်ဖိုးရှိမှ တန်ဖိုးထားတတ်မယ်...

တန်ဖိုးရှိတဲ့ လူတော် လူကောင်း သူတော်ကောင်းတွေ ဖြစ်ကြပါစေ....

အားလုံးပဲ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနဲ့ ပြည့်စုံပြီး ကောင်းကျိုး လိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေ.....
....
... ♥♪♥ ...အခုခေတ်မြန်မာမိန်းကလေးတွေကို ဦးတည်ပြီး ပြောတာထင်တယ်နော် ... အမျိုးကောင်းသမီးများ ပေါ်ထွန်းလာရေးအတွက် ရည်ရွယ်ပါတယ် ........ ..
Myanmar Express

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။