နိုင်ငံတော်အဆင့် သတင်းများအား ပုဂ္ဂလိက သတင်းစာများ၊ သတင်းအေဂျင်စီများသို့ ရောင်းချမည်ဆိုသော ပြန်ကြားရေးဝန်ကြီးဌာန၏ အစီအစဉ်ကို ၀ါရင့်သတင်းစာ ဆရာကြီးများ အပါအ၀င် ဂျာနယ်လစ်များ ဝေဖန်
- Created on Sunday, 07 April 2013 21:42
ရန်ကုန်တိုင်းမ်ဂျာနယ်နှင့် The Voice Weekly ဂျာနယ်များတွင် သတင်းဖော်ပြထားစဉ်
နိုင်ငံတော်အဆင့် သတင်းများအား ပုဂ္ဂလိက သတင်းစာများသို့ လပေး (သို့မဟုတ်) နေ့အလိုက် ရောင်းချမည်ဟု ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ပြောကြား ခဲ့ပြီးနောက် ထိုအစီအစဉ်ကို လက်မခံနိုင်ကြောင်း ၀ါရင့်သတင်းစာ ဆရာကြီးများနှင့် ဂျာနယ်လစ်များ က ဝေဖန်ပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့် ရှိသူနှင့် ပြန်ကြားရေး ၀န်ကြီးဌာနမှ ပြည်ထောင်စု ဒုတိယ၀န်ကြီး ဦးရဲထွဋ်က၂၀၁၃ ခုနှစ်ဧပြီလ ၂ ရက်တွင် ထုတ်ဝေခဲ့သည့် ရန်ကုန်တိုင်းမ် ဂျာနယ် (အတွဲ ၉၊ အ မှတ် ၁၄) တွင် နိုင်ငံတော်အဆင့် သတင်းများကို ပုဂ္ဂလိက သတင်းစာများသို့ ရောင်းချရန် ညှိနှိုင်းမှုများ ပြုလုပ်နေ သည်ဟု တရားဝင် ပြောကြားခဲ့ခြင်းဖြစ်သည်။
ပြန်ကြားရေး ၀န်ကြီးဋ္ဌာနအနေဖြင့် နိုင်ငံတော်အဆင့် သတင်းများကို ပုဂ္ဂလိက သတင်းစာများသို့ လပေး(သို့ မဟုတ်)နေ့အလိုက်ရောင်းချနိုင်ရန် စီစဉ်နေပြီး ရောင်းချပေးမည့် အစီအစဉ်အား ဧပြီလ တတိယအပတ်အတွင်း ထုတ်ပြန်ပေးမည်ဟု ဦးရဲထွဋ်က ပြောကြားခဲ့ကြောင်း ရန်ကုန်တိုင်းမ် ဂျာနယ် တွင် ဖော်ပြခဲ့ပါသည်။
လက်ရှိအချိန်တွင် နိုင်ငံတော် သမ္မတနှင့် နိုင်ငံတကာ ခေါင်းဆောင်များ တွေ့ဆုံကြသည့် နိုင်ငံတော်အဆင့် သတင်းများ၊ နိုင်ငံတော်သမ္မတ၏ ပြည်တွင်းပြည်ပ ခရီးစဉ်များ အပါအ၀င် အခြားသော နိုင်ငံတော်အဆင့် သတင်းများကို ပြန်ကြားရေး ၀န်ကြီးဌာန၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း၊ မြန်မာ့သတင်းစဉ် အစရှိသော အစိုးရ သတင်းဌာနများကသာ ချုပ်ကိုင်ထားလျက် ရှိနေပါသည်။ ထို့အတူ အခြားသော ၀န်ကြီးဌာနများ၏ သတင်းများ အပါအ၀င် အစိုးရသတင်းများကို အစိုးရ သတင်းဌာနများကသာ ချုပ်ကိုင်ထားဆဲ ဖြစ်ပါသည်။
ပုဂ္ဂလိက သတင်းဌာနများက နိုင်ငံတော်အဆင့် သတင်းများကို လွတ်လပ်စွာ သတင်းရယူခွင့်ရှိရန် အတွက် ကြိုးပမ်းနေသည့်နည်းတူ အစိုးရ၀န်ကြီးဌာနများ အနေဖြင့်လည်း နိုင်ငံတကာရှိ အစိုးရ၀န်ကြီးဌာနများ နည်းတူ ၀န်ကြီးဌာနတစ်ခုချင်းစီ အလိုက် ၀က်ဘ်ဆိုက်များ၊ ပြောရေးဆိုခွင့်ရှိသူများ ထားရှိခြင်းအားဖြင့် သတင်းထုတ်ပြန်မှုများ ပြုလုပ်ရန် တိုက်တွန်းမှုများ ရှိနေချိန်တွင် နိုင်ငံတော်အဆင့် သတင်းများကို ပုဂ္ဂလိက သတင်းစာများသို့ ရောင်းချမည်ဟု ပြန်ကြားရေးဝန်ကြီးဌာနမှဒုတိယ၀န်ကြီးဦးရဲထွဋ်က ပြောကြား ခဲ့ခြင်း ဖြစ်ပါသည်။
“ပြည်သူသိဖို့ နိုင်ငံတော်က ထုတ်ပြန်ပေးရမဲ့ သတင်းတွေကို ရောင်းစားမယ်ဆိုတာ မကောင်းပါဘူး။ ဒီလိုသတင်းတွေကို ထုတ်ပြန်ပေးရမှာ ပြန်ကြားရေး ၀န်ကြီးဌာန အလုပ်ပါ။ အရင်တုန်းက ၀ါဒဖြန့်နိုင်ဖို့ အလကားပေးတယ်၊ မထည့်မနေရ ညွှန်ကြားတယ် ဆိုတာကနေ အခုလိုမျိုး ပုံစံပြောင်းပြီး ရောင်းစားမယ်ဆိုတာကို သပိတ်မှောက်သင့် သပိတ်မှောက်ရပါမယ်” ဟု ၀ါရင့် သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်က ပြောကြားခဲ့သည်။
ပြည်သူသိဖို့ နိုင်ငံတော်က ထုတ်ပြန်ပေးရမဲ့ သတင်းတွေကို ရောင်းစားမယ်ဆိုတာ မကောင်းပါဘူး။ ဒီလိုသတင်းတွေကို ထုတ်ပြန်ပေးရမှာ ပြန်ကြားရေးဝန်ကြီးဌာန အလုပ်ပါ။ အရင်တုန်းက ၀ါဒဖြန့်နိုင်ဖို့ အလကားပေးတယ်၊ မထည့်မနေရ ညွှန်ကြားတယ် ဆိုတာကနေ အခုလိုမျိုး ပုံစံပြောင်းပြီး ရောင်းစားမယ်ဆိုတာကို . . . |
“ပြန်ကြားရေး ၀န်ကြီးဌာနအနေနဲ့ သူ့အလုပ်မဟုတ်တဲ့ သတင်းဋ္ဌာန အလုပ်တွေကို ၀င်လုပ်နေတယ်။ တိုင်းပြည်နဲ့ လူမျိုးအတွက် အလုပ်လုပ်တဲ့ ၀န်ကြီးဌာန မဟုတ်တော့ဘဲ၊ စီးပွားရေးပဲ လုပ်နေတဲ့ ၀န်ကြီးဋ္ဌာန ဖြစ်နေတယ်” ဟု မြန်မာနိုင်ငံ သတင်းစာဆရာများ သမဂ္ဂ (MJU) မှ ကိုဇော်သက်ထွေး က ပြောသည်။
“ဒီလောက်ကြီးတော့ စီးပွားရှာဖို့ မကောင်းပါဘူး၊ အရင်တုန်းက Myanmar News Agency ဆိုတာ ရှိတယ်။ အစိုးရထုတ်ပြန်တဲ့ သတင်းတွေကို ညနေစောင်းမှာ သတင်းထောက်တွေက သွားယူရုံပဲ။ အားလုံး ညီတူမျှတူ ထုတ်ပြန်ပေးတယ်။ အခုလိုလွတ်လပ်တဲ့ အချိန်ကျမှ စီးပွားရှာတာ သဘာဝမကျဘူးလို့ ထင်ပါတယ်” ဟု အေပီသတင်းဌာန၏ မြန်မာနိုင်ငံဆိုင်ရာ သတင်းထောက် ဒေါ်အေးအေးဝင်းက ပြောပါသည်။
ပါလီမန်ခေတ် အစိုးရမှ တော်လှန်ရေးကောင်စီအစိုးရ လက်ထက်အထိ အဆင့်ဆင့်သော အစိုးရများ အုပ်ချုပ်စဉ် ကာလကပင် နိုင်ငံတော်အဆင့် သတင်းများကို သတင်းစာတိုက်အထိ လာရောက်ပေးခြင်းများ၊ သတင်းယူခွင့် ပြုခြင်းများ ရှိခဲ့သော်လည်း ပုဂ္ဂလိက သတင်းစာများ ထုတ်ဝေခွင့် ပေးခဲ့သည့် ယနေ့အစိုးရ လက်ထက်တွင် နိုင်ငံတော်အဆင့် သတင်းများကို ပုဂ္ဂလိက သတင်းစာများကို ရောင်းချမည်ဆိုခြင်းမှာ ပုဂ္ဂလိက သတင်းစာများ ချိုးနှိမ်လိုသည့် ရည်ရွယ်ချက်ဖြစ်ကြောင်း သုံးသပ်မှုများ ရှိနေပါသည်။
“အမှန်ကတော့ လုံးဝမတရားပါဘူး။ အရင်တုန်းက အလကား ပေးခဲ့တဲ့အပြင် တော်လှန်ရေးအစိုးရ လက်ထက်အထိ သတင်းစာတိုက်ကို ကိုယ်တိုင်လာပေးတာမျိုးတွေ ရှိခဲ့တယ်။ ကျွန်တော်တို့က သွားယူရတာလည်း ရှိတာပေါ့။ အစိုးရက သူ့ဝါဒဖြန့်တဲ့ သတင်းတွေကို အခုမှ ရောင်းမယ်ဆိုတာ မဖြစ်သင့်ပါဘူး၊ Freedom of Press ကို ပုဂ္ဂလိကကပဲ ပေးနိုင်လို့ မကိုက်တဲ့ ကြားထဲက နေ့စဉ်ထုတ် သတင်းစာတွေကို ပြည်သူ့အတွက် အရှုံးခံပြေးနေတာပါ။ မပြေးနိုင်ရင်တော့ ကျွန်တော်တို့လည်း ရပ်သွားမှာပေါ့။ အခုလို အစိုးရသတင်းစာနဲ့ ပုဂ္ဂလိက သတင်းတွေ ပြိုင်ချိန်ရောက်နေမှ သူတို့ရဲ့ ၀ါဒဖြန့်ချိရေး တွေကို ရောင်းမယ်ဆိုတာ ပုဂ္ဂလိက သတင်းစာတွေကို တမင်နှိပ်ကွပ်တာလို့ မြင်ပါတယ်” ဟု ရွှေနိုင်ငံသစ် နေ့စဉ်ထုတ် သတင်းစာမှ အယ်ဒီတာချုပ် ၀ါရင့်သတင်းစာ ဆရာကြီး ဖိုးသောကြာ(ခေတ်+မိုး)က ပြောကြား ခဲ့သည်။
နေ့စဉ်ထုတ် သတင်းစာများ ထုတ်ဝေခွင့်ပြုသည့် အချိန်တွင် နိုင်ငံတော်အဆင့် သတင်းများကို တန်ဖိုးသတ်မှတ်၍ ရောင်းချမည်ဆိုခြင်းသည် ပြည်သူ့ဘဏ္ဍာငွေဖြင့် အရှုံးခံ ထုတ်ဝေနေသည့် အစိုးရ သတင်းစာများနှင့် ပုဂ္ဂလိက သတင်းစာများအကြား မမျှတသည့် ဈေးကွက်ပြိုင်ဆိုင်မှုကို ဖြစ်ပေါ်စေကြောင်း မြန်မာဂျာနယ်လစ်ကွန်ယက် (MJN) အဖွဲ့ ၀င် တစ်ဦးက ဆိုသည်။
အစိုးရ၀န်ကြီးဌာန အချို့တွင် ပြောရေးဆိုခွင့် ရှိသူများ ထားရှိထားသော်လည်း ထိုသူများကို ဆက်သွယ် သည့် အချိန်တိုင်း တာဝန်ခံမှုဖြင့် ဖြေကြားပေးသူများ မရှိသည့် အချိန်တွင် ထိုကိစ္စရပ်ကို ပြေလည်အောင် မဖြေရှင်းဘဲ နိုင်ငံတော်အဆင့် သတင်းများကို ရောင်းချမည်ဆိုသော ပြန်ကြားရေး ၀န်ကြီးဌာန၏ လုပ်ရပ် မှာ မေးခွန်းထုတ်စရာများ ရှိနေသည် ဆိုသော သုံးသပ်မှုများ ရှိနေပါသည်။
“အစိုးရ၀န်ကြီးဌာနဲ့ ပတ်သတ်တဲ့ သတင်းတွေကို ထုတ်ပြန်မေးမြန်းဖို့ Contact Person တွေ ထားပေး တယ် ဆိုပေမဲ့ ပြည်တွင်းပြည်ပ သတင်းသမားတွေ ဆက်သွယ်မေးမြန်းတဲ့ အခါတိုင်း တာဝန်ယူ တာဝန်ခံမှု အပြည့်နဲ့ဖြေဆိုနိုင်တဲ့ မရှိသလောက် ဖြစ်ခဲ့တယ်။ ပြန်ကြားရေး ၀န်ကြီးဌာနအနေနဲ့ မီဒီယာတာဝန်ခံ ဆိုတာမျိုး ပြည်သူ့အကျိုးပြု ပုံစံလုပ်တာကို ကြိုဆိုရမှာ ဖြစ်ပေမဲ့ အကျိုးအမြတ်ယူပြီး စီးပွားရေး လုပ်မယ် ဆိုရင်တော့ အစိုးရတစ်ရပ်ရဲ့ ပြည်သူ့အပေါ်ထားတဲ့ စေတနာကို မေးခွန်းထုတ်ရလိမ့်မယ်” ဟု ဒီမိုကရက် တစ် မြန်မာ့အသံ (DVB) မှ သတင်းထောက် ကိုအံ့ဘုန်းမြတ်က ပြောပါသည်။
“ပြန်ကြားရေး ၀န်ကြီးဌာန အနေနဲ့ သတင်းရောင်းချခွင့် ရှိတယ်ဆိုပေမဲ့ နိုင်ငံတော် တည်ဆောက်ရေးကို လုပ်ဆောင်နေတဲ့ အချိန်မှာ လုပ်သင့်မလုပ်သင့် စဉ်းစားစေချင်ပါတယ်။ အစိုးရသတင်းတွေကို ပြန်ရောင်းမယ် ဆိုကတည်းက ပြန်ကြားရေး ၀န်ကြီးဌာန အနေနဲ့ ပုဂ္ဂလိက သတင်း စာေ တွကို ပြိုင်ဘက်လို့ ယူဆနေတယ်။ လက်ရှိထုတ်ဝေနေတဲ့ ပုဂ္ဂလိက သတင်းစာတွေက အရှုံးခံ ထုတ်ဝေနေကြတာပါ။ သူတို့သတင်းစာက ပြည်သူ့ဘဏ္ဍာတွေနဲ့ ထုတ်ဝေနေတယ်၊ အခုလည်း အကျိုးအမြတ်ရရေး ဦးတည်နေတယ်ဆိုရင် ရလာတဲ့ အကျိုးအမြတ်ကို ဘယ်နေရာမှာ သုံးမလဲ။ ပွင့်ပွင့်လင်းလင်း ထုတ်ပြန်ပေးဖို့လိုတယ်။ ပြန်ကြားရေး ၀န်ကြီးဌာန အနေနဲ့ ပြည်သူနဲ့ ပေါင်းကူးပေးနေတဲ့ ကျွန်တော်တို့လို ပုဂ္ဂလိက မီဒီယာတွေကို လက်ဝါးကြီးအုပ်တာမျိုး၊ သတင်းစီးဆင်းမှုကို ဖြတ်တောက်တာမျိုး မလုပ်သင့်ပါဘူး” ဟု Messenger သတင်းဂျာနယ်မှ တာဝန်ခံ အယ်ဒီတာ ကိုသူရအောင်က ပြောကြားခဲ့ပါသည်။
နိုင်ငံတော်အဆင့် သတင်းများအား ပြန်ကြားရေး ၀န်ကြီးဋ္ဌာနမှ ရောင်းချမည်ဆိုခြင်းနှင့် ပတ်သက်၍ သတင်းစာဆရာကြီးများ၏ ကန့်ကွက်မှုအပေါ် ဦးရဲထွဋ်ကို မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်း မရှိခဲ့ပေ။
သို့သော် ဧပြီလ ၆ ရက်နေ့ထုတ် The Voice Weeklyဂျာနယ်၌ ဖော်ပြခဲ့သော“မီဒီယာများသို့ ပြန်ကြားရေး ၀န်ကြီးဌာန သတင်းနှင့်ဓာတ်ပုံများ ရောင်းမည်” သတင်းတွင် နိုင်ငံတော်ဝင်ငွေ ရှာဖွေရန် ကိုယ်ပိုင်သတင်းများကို ရောင်းချမည် ဖြစ်သော်လည်း အစိုးရ၏ ဌာနဆိုင်ရာ သတင်းများ ကိုမူ ပြည်တွင်း သတင်းစဉ်ဌာနက အခမဲ့ထုတ်ပြန်မည်ဟု ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ပြောကြားခဲ့သည်ဟု ဖော်ပြခဲ့သည်။
လက်ရှိအခြေအနေရ ပြန်ကြားရေး ၀န်ကြီးဌာန အနေဖြင့် အစိုးရနှင့် ပတ်သက်သော သတင်းအားလုံးကို ထိန်းချုပ်ထားသည့်အပြင် သတင်းများ ကို ပုဂ္ဂလိကသို့ ရောင်းချပြီး အကျိုးအမြတ်ရရှိရန် လုပ်ဆောင်မည်ဆိုပါက ၀န်ကြီးဌာန အနေဖြင့် မရပ်တည်သင့်ပဲ ကုမ္ပဏီအဖြစ် ပြောင်းလဲသင့်ကြောင်း ပည်ပအခြေစိုက် မြန်မာမီဒီယာသမား တစ်ဦးက ဝေဖန်ခဲ့ပါသည်။
“တခြားနိုင်ငံတွေမှာဆိုရင် အစိုးရတစ်ရပ် လုပ်ကိုင်နေတဲ့ လုပ်ငန်းစဉ်တွေကို တရားဝင် ထုတ်ပြန်ဖို့ မီဒီယာစင်တာတွေထောင်ပြီး သတင်းအခမဲ့ ထုတ်ပြန်ပေးတယ်။ ၀န်ကြီးဌာနတွေ သူ့အလုပ်သူ လုပ်နေတာကိုပဲ သူတို့လုပ်တာ မှန်တာမှားတာ ထောက်ပြဖို့ မီဒီယာတွေကတစ်ဆင့် ပြည်သူကို ဖော်ပြပေးရတယ်။ အခုကျတော့ သူတို့က ထုတ်ပြန်ရမဲ့ တာဝန်လည်း ပျက်ကွက်တယ် သူတို့လုပ်ရမဲ့ အလုပ်ကို ကြားဝင်လုပ်ပေးနေတဲ့ သူကိုလည်း အခကြေးငွေ ယူဦးမယ်။ အစိုးရအဖွဲ့တွေ အနေနဲ့တာဝန်လည်း ပျက်ကွက်ဦးမယ်။ ပြန်ကြားရေးကလည်း အစိုးရသတင်းအားလုံးကို ထိန်းချုပ်ပြီး အစိုးရထုတ်ပြန်တဲ့ သတင်းတိုင်းကို သူ့ဌာနကနေ ဖြတ်ရမယ်။ အကျိုးအမြတ်ရဖို့ သူ့ဋ္ဌာန ကနေ တစ်ဆင့် ၀ယ်ရမယ်ဆိုလည်း ၀န်ကြီးဌာနအနေနဲ့ မရပ်တည်ဘဲ ကုမ္ပဏီအဖြစ် ပြောင်းလဲလိုက်ပါ” ဟု ပြည်ပအခြေစိုက် မြန်မာမီဒီယာသမား တစ်ဦးက ပြောကြားခဲ့သည်။
Comments
+2
#
2013-04-08 10:26
သတင်းစာကို အစိုးရ
ပိုင်ဘာတစ်ခုမှမလုပ်ပါနဲ့ ကွန်မြူနစ်တိုင်းပြည်မှာပဲ သတင်းစာကို အစိုးရက
ပိုင်ပြီး ချုပ်ကိုင်ထားတယ် မြန်မာပြည်ဟာ ကွန်မြူနစ်တွေ အုပ်ချုပ်နေသလား
မေးချင်တယ်။ မြန်မာပြည်က လက်ရှိအစိုးရဟာ ကွန်မြူနစ်အစိုးရလားသိချင်တယ်။
0
#
2013-04-08 11:33
u still don't know!? it is burmese way of democracy.
+1
#
2013-04-07 23:10
နိင်ငံတော်အဆင့် အမှားသတင်းများကို (သတင်းမှားမဟုတ်ပါ)
ပြန်လည်ပြုပြင်မွန်းမံပြီးမှ ပြန်လည်ရောင်းချမှာဖြစ်ပါကြောင်း......
ပြန်လည်ပြုပြင်မွန်းမံပြီးမှ ပြန်လည်ရောင်းချမှာဖြစ်ပါကြောင်း......
+7
#
2013-04-07 22:45
မူပိုင်ခွင့်ဥပဒေကို
အမြန်ဆုံးပြဌာန်းပေးပါ လို့ပဲ တောင်းဆိုချင် ပါတယ်။ သတင်းပုံရိပ်
ဝယ်ရောင်းမှုက ပုဂ္ဂလိကမီဒီယာ လုပ်ငန်းတွေကပဲ ဆောင်ရွက်တာက အားလုံးအတွက်
အဆင်ပြေမှာပါ။ ပြန်ကြားရေးအနေဖြင့် အင်္ဂလန်နိုင်ငံ ဘီဘီစီသတင်းဌာန
ပုံစံမျိုး သွားချင်လျှင်တော့ ၀ါဒဖြန့်သတင်းတွေကို ရှောင်ကျဉ်ရမှာပါ။
ပြန်ကြားရေးဌာနလက်အောက်ရှိ နေ့စဉ်ထုတ်သတင်းစာများ ပြည်သူဘဏ္ဍာငွေဖြင့်
အရှုံးခံရေရှည် ထုတ်ဝေဖြန့်ချီနေလျှင် ပုဂ္ဂလိက နေ့စဉ် သတင်းစာများ
စီးပွားရေးအရ ရေရှည် တောင့်ခံလို့ မဖြစ်နိုင်ပါဘူး။ ဒီအတွက်
အရှုံးကာမိအောင် အစိုးရနေ့စဉ်သတင်းစာများ အရည် အသွေးမြင့်အောင်ကြိုးစားပြီး
ဈေးနှုန်းမြင့်ဖို့ ကြိုးစားရမယ်။ ဒီပြဿနာကို မဖြေရှင်းလျှင်
ပြန်ကြားရေးနှင့် ပုဂ္ဂလိက နေ့စဉ်သတင်းစာတွေရဲ့ တိုက်ပွဲက ပြင်းထန်လာ
ဦးမယ့် လက္ခဏာပါပဲ။
+40
#
2013-04-07 21:51
အရပ်အရပ် နေပြည်တော်
ကြားလို့မှ မတော်...ပြည်သူလူထု ထောက်ပံ့ငွေနဲ့ ပြည်သူတင်မြှောက်တဲ့ အစိုးရ
(ပြည်သူလူထု မတင်မြှောက်ထားဘူး ပြောရင်လဲ ဖင်ကို ရွှံပိတ်ပြီး
ငြင်းကြအုံးမှာမို့လား)က ပြည်သူလူထုကို သတင်းရောင်းစားသတဲ့..သြော် ..လောက
လောက..
you always complain and don't believe government news. all false and propaganda.
why complain??? just don't buy it.
government wants to be a broker. needs money.