မြန်မာ့စီးပွားရေး ဦးမော့ရန် အများကြီး လုပ်စရာလို
“အချိန် အတော်ကြီး ကြာအောင် ပြင်ဆင်လုပ်ကိုင်ရမှာ၊ ပုံစံတကျ အလုပ်ဖြစ်ဖို့ကို မျိုးဆက် နှစ်ဆက် သုံးဆက်လောက် သွားရဦးမယ်” ဟု မြန်မာစီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ပက်သတ်ပြီး အိုင်အမ်အက်ဖ်နှင့် အမေရိကန်တွင် သက်တမ်းအရင့်ဆုံး ပညာရှင်များအဖွဲ့တဖွဲ့ဖြစ်သည့် ဘရွတ်ကလင်း အင်စတီကျူးရှင်းတို့က ကြီးမှူးကျင်းပသော ဆွေးနွေးပွဲ၌ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံတမာန် အကြီးအကဲဖြစ်ဖူးသူ မစ္စ ပရစ်ဆီလာ ကလပ်က ပြောဆိုသည်။
စွမ်းဆောင်နိုင်ရည် မြှင့်တင်ရာတွင် မြန်မာနိုင်ငံကို အကြီးအကျယ် လတ်တလော ကူညီမှုများ အကြောင်းပြောဆိုရာတွင် မစ္စ ပရစ်ဆီလာ ကလပ်က အကူအညီများ ရနိုင်သမျှ များများရအောင် မြန်မာတို့ ရှာဖွေနေကြသော်လည်း နောက်ဆုံး ကိုယ့်ဘာသာကိုယ် ရပ်တည် လုပ်ကိုင်နိုင်ရေးဖြစ်ကြောင်း ဆိုသည်။
“နိုင်ငံတကာအနေနဲ့ စွမ်းဆောင်ရည်နဲ့ အင်စတီကျူးရှင်း တည်ထောင်ရေးမှာ သူတို့ (မြန်မာ) တွေကို ကူညီသင့်တယ်လို့ ကျမ ယုံကြည်ပါတယ်။ ကမ္ဘာကြီးရဲ့ အခြားတဖက်က အကောင်းဆုံး အလေ့အကျင့်တွေ၊ အတွေ့အကြုံတွေကို သူတို့ကို ပြသရမယ်။ ဒါပေမယ့် သူတို့ဟာ သူတို့ချည်း လုပ်မယ်ဆိုပြီး အဆင့် ပေးမကျော်သင့်ပါဘူး။ အကြောင်းကတော့ ကမ္ဘာမှာ ဘယ်လိုအလုပ်လုပ်နေတယ်ဆိုတာ သူတို့ မသင်ယူ မလေ့ကျင့်မှာ စိုးလို့ပါ” ဟု မစ္စ ပရစ်ဆီလာ ကလပ်က ပြောဆိုသည်။
မြန်မာနိုင်ငံ ဗဟိုဘဏ်ကို အစိုးရဩဇာ လွှမ်းမိုးမှုကနေ သီးခြားလွတ်လပ်စွာ ရပ်တည်နိုင်ရေး အထောက်အကူပေးမှု အပါအဝင် စီးပွားရေးပြုပြင်ပြောင်းလဲရေး အကူအညီ ပေးနေသော အိုင်အမ်အက်ဖ်၏ အာရှ-ပစိဖိတ်ဌာန ဒါရိုက်တာ မစ္စတာ အနွတ်ဆင်းကလည်း လတ်တလော ဖြစ်ပေါ်နေသည့် ပြုပြင်ပြောင်းလဲမှုများကို လူထုလူတန်းစား ပေါင်းစုံက ထောက်ခံကြသည်ဟု မြန်မာပြည်ခရီးစဉ်အတွင်း သူ ခံစားမိကြောင်း ဆိုသည်။
“ဖြစ်ပေါ်နေတဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အားလုံး သဘောတူညီမှုတခု သေချာ ရှိနေတယ်။ အကြောင်းက ဆယ်စုနှစ်များစွာ မြန်မာနိုင်ငံဟာ အစိတ်စိတ် အမွှာမွှာဖြစ်ပြီး ပုံစံမကျ ပြိုင်သွားနေတဲ့ ဈေးကွက်တွေနဲ့ အသားကျနေတဲ့ စီးပွားရေးစနစ်ကို ကျင့်သုံးနေခဲ့တာကိုး” ဟု မစ္စတာ အနွတ်ဆင်းက ပိုမို ပေါင်းစပ်စုစည်းသည့် စီးပွားရေးစနစ်တခု တည်ဆောက်ရန် ကြိုးပမ်းမှု တစိတ်တဒေသဖြစ်သော ယမန်နှစ် ငွေလဲဈေးနှုန်း ပြုပြင်ပြောင်းလဲမှုကို ရည်ညွှန်းကိုးကား၍ ပြောဆိုသည်။
“အခု ပေါ်ထွက်လာနေတာက ပုံပန်းမကျ မှောင်ခိုဈေးကွက်တွေကို လျှော့ချဖို့နဲ့ ပုံစံတကျ ဈေးကွက်တွေ ပေါ်ထွက်ဖို့ ကြိုးစား အားထုတ်မှုတွေပါပဲ။ ဒါ လုပ်ကိုလုပ်ရမှာပါ။ တကယ်လို့ မှောင်ခိုဈေးကွက်ပေါ်မှာ တည်မှီနေတဲ့ စီးပွားရေးစနစ်နဲ့ ဆက်စခန်းသွားနေဦးမယ်ဆိုရင် အဖွဲ့အစည်းဆိုင်ရာ ဖွံ့ဖြိုးမှုတွေ၊ နိုင်ငံက လိုအပ်နေတဲ့ တိုးတက်ဖြစ်ထွန်းမှုတွေကို ရယူနိုင်စွမ်း ကင်းမဲ့နေဦးမှာပဲ” ဟုလည်း အနွတ်ဆင်းက ထောက်ပြပြောဆိုသည်။
ပြီးခဲ့သည့် တနင်္လာနေ့ ရန်ကုန်တွင် အမေရိကန် ကုန်သည်ကြီးများ အသင်း ကိုယ်စားလှယ်များနှင့် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တို့အကြား စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်ရန် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့မှုအပေါ် အပြုသဘောမြင်ကြသော်လည်း ဒဏ်ခတ်ပိတ်ဆို့မှုဥပဒေကို မရုတ်သိမ်းသေးသောကြောင့် နှစ်နိုင်ငံစီးပွားဆက်ဆံမှု ပုံမှန်ဖြစ်ရန်နှင့် အမေရိကန် ဦးဆောင်နေသည့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးစနစ်အတွင်း မြန်မာနိုင်ငံ ပါဝင်လာနိုင်ရေး အချိန်များစွာ ဖြေရှင်းယူရဦးမည်ဟု သုံးသပ်နေကြသည်။
လူအများ စိတ်ဝင်တစား အဖြစ်ဆုံးမှာ မြန်မာ စစ်အစိုးရ လက်ထက် စစ်ဗိုလ်ချုပ်ကြီးများကို ကျားကန်ပေးပြီး ကြီးပွားလာကြသူ “ခရိုနီ” သူဌေးများကို အမေရိကန်က မည်သို့ သဘောထားဆက်ဆံမည်နည်း ဆိုသည်ပင်။
မကြာသေးမီက ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းဝင် မြန်မာဘဏ် ၄ ခုနှင့် အမေရိကန် စီးပွားရေးလုပ်ငန်းများ ပူးပေါင်းလုပ်ကိုင်နိုင်ပြီ ဖြစ်ကြောင်း အမေရိကန်အစိုးရ ဘဏ္ဍာရေးဌာနက ကြေညာလိုက်သည်။
ယင်းဘဏ်များမှာ မြန်မာအစိုးရပိုင် မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေး ဘဏ်၊ ဦးတေဇပိုင် အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်၊ ဦးဇော်ဇော်ပိုင် ဧရာဝတီဘဏ်တို့ ဖြစ်သည်။
အမေရိကန် ဘဏ္ဍာရေးဌာန အနေဖြင့် ယင်းဘဏ်များကို အသုံးပြုပြီး ငွေအလွှဲအပြောင်း လုပ်မည့် ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ ကုမ္ပဏီများ၊ ဘဏ်များကို အထွေထွေလိုင်စင် ထုတ်ပေးခဲ့ကြောင်း ထုတ်ပြန်သည်။ သို့သော် ယင်းဘဏ်များနှင့် ပူးပေါင်းပြီး စီးပွားရေးလုပ်ခွင့် မရှိသေးပေ။
No comments:
Post a Comment