သားရွှေအိုးကိုမြင်စေမည့် လက်ပံတောင်းတောင်အစီရင်ခံစာနှင့်မယောင်ရာဆီလူးကြသူများ
ညွှန့်အောင်(မြစ်မခ)
by Myit Makha Mediagroup on 14 Mar, 2013
၂၀၁၃ ခုနှစ် မတ်လ ၁၁ ရက်နေ့ ၁၆၊၃၀ နာရီတွင် လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်သည့် စုံစမ်းစစ်ဆေးရေးကော်မရှင်၏
အစီရင်ခံစာကို တင်သွင်းပြီး အစီရင်ခံစာအပြည့် အစုံကို မတ်လ(၁၂)
ရက်နေ့ထုတ်နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြခဲ့သည်။
ခေါင်းစဉ်ကြီး ၂၃-ခုခွဲကာ အပိုဒ်ပေါင်း ၉၆-ခု ဖြင့် ဖော်ပြထားပါသည်။
ကော်မရှင်ကို ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ(၃)ရက်က
ဖွဲ့စည်းပေးခဲ့ပြီး မတ်လ (၁၁)ရက်နေ့တွင် အစီရင်ခံစာတင်သွင်းသဖြင့်
အကြမ်းအားဖြင့် ရက်ပေါင်း ၁၀၀-အတွင်း ကော်မရှင်တာဝန်ပြီး စီးအောင်
ဆောင်ရွက်ခဲ့သည်ကို တွေ့ရသည်။
အဆိုပါ အစီရင်ခံစာတွင်
· ကော်မရှင်၏
ဆောင်ရွက်ချက်များ၊ ပညာရှင် ဖိတ်ခေါ် ပါဝင် ဆောင်ရွက်ချက်များ၊
တွှေ့ရှိချက်များ၊ သုံးသပ်ချက်များ နှင့် အကြံပြုချက်များကို·
နောက်ခံသမိုင်း၊ လူမှုရေး၊ စီပွားရေး၊ ဒေသခံပြည်သူလူထု၏ နစ်နာမှု နှင့်
ခံစားချက်များ၊ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာလေထု၊ ရေထု( မြေပေါ် နှင့်
မြေအောက်)၊ သစ်တောသစ်ပင်၊ သက်ရှိတိရစ္ဆာန်၊ လူမှုရေး၊ ဘာသာရေး၊
ကျန်းမာရေးစသည့် ကဏ္ဍများအပေါ် နည်းပညာ၊ သိပ္ပံပညာ၊ လူမှုသိပ္ပံပညာ၊
စီးပွားရေးပညာ၊ ဘဏ္ဍာရေးပညာရပ် စသည့် ဘက်ပေါင်းစုံ ကိုအခြေခံလျက်
· အပြည်ပြည်ဆိုင်ရာဆက်ဆံရေး၊
နိုင်ငံတော် ဂုဏ်သိက္ခာ၊ ပြည်သူလူထုစီပွားရေးနစ်နာမှု ဖြေရှင်းရေး၊ သဘာဝ
ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး၊
ဘာသာရေးအဆောက်အဦများထိန်းသိမ်းရေး၊ တည်ဆဲတရားဥပဒေများ စိုးမိုးရေး၊
နိုင်ငံသားများအတွက် အလုပ်အကိုင်သစ်များရရှိရေး၊ နည်းပညာလွှဲပြောင်းရရှိရေး၊
နိုင်ငံတော်၏ သယံဇာတများကိုရေရှည်တည်တန့် ခိုင်မြဲစွာဖြင့်
အကျိုးရှိစွာဖြင့် ထုတ်ယူသုံးစွဲနိုင်ရေး၊ လက်ရှိမျိုးဆက် သာမကနောင်
လာနောက်သားများပါ အကျိုးခံစားနိုင်ရေးစသည့်
ရည်ရွယ်ချက်ပေါင်းများစွာပါဝင်သည့် နည်းလမ်းကို
· အိမ်နီးချင်း
နိုင်ငံ၊ ပြည်သူ၊ အစိုးရ နှင့် တပ်မတော် တို့ မျက်နှာမပျက် ပါဝင် ယှဉ်တွဲ
ပူးတွဲ ဆောင်ရွက်နိုင်စေရန် တင်ပြထားသော အစီရင်ခံစာတစ်ရပ် ဖြစ်ကြောင်း
တွေ့မြင်ရသည်။
ထူးခြားချက်မှာအစီရင်ခံစာတင်ပြီးသည်နှင့်
တစ်ပြိုင်နက်မည်သည့် အချက်များ ကို အကြံပြု ထားသနည်း၊ မည်သို့
ဆက်လက်ဆောင်ရွက်ရမည်နည်း၊ မည်သည့် အချက်တွေ မှန်၍ မည်သည့် အချက်တွေ
မဆီလျော်သနည်းစသဖြင့် ဖတ်ရှုလေ့လာသုံသပ်ခြင်း မပြုမီကန့်ကွက် ဆန္ဒပြမှုတွေ
ပေါ်ပေါက် လာခြင်းပင် ဖြစ်သည်။
ချက်ချင်းဆိုသလိုဆဲသံတွေ၊ ကန့်ကွက်သံတွေ၊
စွပ်စွဲသံတွေ ပေါ်ပေါက်လာခြင်းပင်။ ဘာတွေရေးထားမှန်း မသိမီပင်လျင်
အချက်ပေးတာနှင့် ဝိုင်းအော်ခြင်းပေလော။ မိမိဆန္ဒ ကိုဤသို့ ပေါပေါလောလော
အလကား မတ်တင်းထုတ်ဖော်နေကြခြင်းလား။
အစီရင်ခံစာတစ်စောင်တည်းအတွင်းမှာ
ဤမျှစုံလင်စွာဖော်ပြထားသည် ကို ပြည်သူအများ လေ့လာ သင့်သည်။
နားလည်သဘောပေါက်ရန် လေ့လာဖတ်ရှုသင့်ပါသည်။ ပညာယူသင့်ပါသည်။ ပတ်ဝန်းကျင်
ထိန်းသိမ်းရေးဟု မျက်စိစုံမှိတ်မအော်ခင် ဤအစီရင်ခံစာကို နားလည်သည်အထိဖတ်ပါ။
ခေါင်း၊ပန်းမြှောက် နံကြားလက်ထောက်၍
ဆက်လုပ်ပါ၊ ရပ်ပါ ဟု ပြီး စလွယ် ရေးထားသော အစီရင်ခံစာ တစ်စောင် မဟုတ်ပါ။
ပြုပြင် လိုက်နာရန် အပြည်ပြည်ဆိုင်ရာစံနှုန်းများအတိုင်း ဆောင်ရွက်ရမည့်
လုပ်ငန်းစဉ်များအားအကြံပြု ထားသော၊
အခြေအနေသတ်မှတ်ပြဌာန်းချက်များပူးတွဲပါသောConditional clause
များပါဝင်သောပဋိညာဉ်မူကြမ်းဖြစ်ပါသည်။
ပြည်သူများ၊ နိုင်ငံတော် အစိုးရ၊ မြန်မာ့
စီးပွားရေးဦးပိုင် ကုမ္ပဏီလီမိတက် နှင့် ဝမ်ပေါင် ကုမ္ပဏီတို့ လေးဦး
ပူးပေါင်းဆောင်ရွက်ကြရမည့် ပဋိညာဉ်မူကြမ်း တစ်ရပ်ဖြစ်ပါသည်။မိမိတို့
သက်ဆိုင်ရာကဏ္ဍအသီးသီး အလိုက် လိုက်နာဆောင်ရွက်ကြရမည်ဖြစ်ပါသည်။
စီမံကိန်းကိုရပ်လိုက်လျင် အကျိုးမရှိသည်သာမက ပြုပြင်ရမည့်အရာဒဏ်ရာ ဒဏ်ချက်များ ဆေးကုပေး မည့်သူမရှိပဲ ပစ်ထားလျင် ပိုဆိုးလာနိုင်ပါသည်။
သယံဇာတရှိပြီးအသုံမချနိုင်လျှင်လည်း မျောက်
အုန်းသီးရသလို ဖြစ်နေပါဦးမည်။ သယံဇာတများ ကိုအကျိုး အမြတ်
ရှေ့တန်းတင်ကာတစ်ကိုယ်ကောင်းလောဒါကိုရှေ့တန်းတင်လျက် ထုတ်ယူသုံးစွဲ လျင်လည်း
သဘာဝပတ်ဝန်းကျင် ပျက်စီးမှု နှင့် တွဲလျက်ပါလာမည့် ဘေးအန္တရာယ်များ က
ိုမည်သူခံ မည်နည်း။ ဤအစွန်းနှစ်ဖက်ကိုရှောင်နိုင်ရန်
အစီရင်ခံစာတွင်ဖော်ပြထားပါသည်။
အစီရင်ခံစာပါ အချက်များကိုနားလည်လာစေရန်
အစုအဖွဲ့များဖွဲ့၍ လေ့လာ ဖတ်ရှုကြပါ၊ နားမလည်သူ များ အား နားလည်လာစေရန်
ကူညီရှင်းပြပါ။ နားလည်သူများပိုမို ကျွမ်းကျင် တတ်မြောက်လာစေရန်
နက်နက်နဲနဲဖတ်ရှုပါ။ ပညာရှင်များက ဦးဆောင်၍ ဟောပြောပွဲများကျင်းပ၍
ဟောပြောဆွေးနွေးကြပါ။
စီမံကိန်းကိုဆက်လက် ဆောင်ရွက်ရန်
သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးတို့သည် တာဝန်ယူဆောင် ရွက်ရမည့်
ပြဌာန်းချက်များအကြံပြုထားပါသည်။ အမှန်တကယ် လိုက်နာဆောင်ရွက်
ခြင်းရှိ မရှိ စဉ်ဆက်မပြတ် စောင့်ကြည့်ရန် ပြည်သူများ၊ လူမှု
အဖွဲ့အစည်းများတွင် တာဝန်ရှိပါသည်။
မိမိတာဝန် မည်သို့ရှိသည်ကိုသိနားလည်စေရန်
လေ့လာသင့်ပါသည်။ မိမိတာဝန် သူတစ်ပါးတာဝန်
အသေအချာသိမှသာမိမိဆန္ဒကိုနည်းမှန်လမ်းမှန် စနစ်တကျ
ဖော်ထုတ်နိုင်မည်ဖြစ်ပါသည်။
သားရွှေအိုးထမ်းလာမည်ကို မြင်စေမည့်
အစီရင်ခံစာဟု တင်စားထား ပါသည်။ ရွှေအိုးထမ်းလာသူသည် သားဟုတ်ပါ၏လော။
ထမ်းလာသောရွှေအိုး ထဲတွင် စံမီသောရွှေ၊ ထိုက်သင့်သည့် ပမာဏပါပါသလား။
ထမ်းလာသောသား နှင့် ပါလာသောရွှေကို မိမိကိုယ်တိုင် မြင်ပြီး
ဝမ်းသာပီတိခံစားနိုင်စေရန် ကြိုးစားသင့် ပါသည်။
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရလက်ထက်က စတင်တာထွက်လာလျက်၊ တပ်မတော် အစိုးရ လက်ထက်တွင် လက်ဆင့်ကမ်းလာပြီး၊ ကောင်းကောင်းပင်
မတ်တပ်မရပ် နိုင်သေးသည့် ပါလီမန် ဒီမိုကရေစီအစိုးရလက်ထက် သို့ ရောက်လာသည့်
ကြေးနီစီမံကိန်းလက်ဆင့်ကမ်းပြေးပွဲ ကိုမိမိတို့ ရွှေတံဆိပ်ယူနိုင်စေရန်
နည်းပြက လမ်းညွှန်ပေးနေပါသည်။
ဘေးမှ အော်ဆဲနေမည့်အစားအပြေးသမားများ၊
ပွဲကြည့် ပရိသတ်များ၊ စည်းကြပ် ဒိုင်လူကြီးများ ၊ ပန်းဝင် ဒိုင်လူကြီးများ
ပြိုင်ပွဲစည်းကမ်းများ သိရန် လေ့လာပြီးမိမိတာဝန်ကျေစေရန်
ဆောင်ရွက်သင့်သည်ဟု သာ သုံးသပ်မိပါတော့သည်။
No comments:
Post a Comment