Wednesday, February 13, 2013

ရဲတပ်ဖွဲ့ဝင်များ၏ တာဝန်ဆောင်ရွက်မှုများ အပေါ် ကျေနပ်မှု မရှိပါက တိုင်ကြားနိုင်၊ စည်းကမ်း ဖောက်ဖျက်သော ရဲများကို ထိရောက်စွာ အရေးယူမည်


ရဲတပ်ဖွဲ့ဝင်များ၏ တာဝန်ဆောင်ရွက်မှုများ အပေါ် ကျေနပ်မှု မရှိပါက တိုင်ကြားနိုင်၊ စည်းကမ်း ဖောက်ဖျက်သော ရဲများကို ထိရောက်စွာ အရေးယူမည်  

မြန်မာနိုင်ငံရှိ ရဲတပ်ဖွဲ့ဝင်များမှ လုပ်ပိုင်ခွင့်အား အလွဲသုံးစား ပြုလုပ်မှုနှင့် အဂတိ လိုက်စားမှုများကို သိရှိ၍ တာဝန်ဆောင်ရွက်မှုများ အပေါ် ကျေနပ်မှု မရှိပါက ပြည်သူလူထုမှ တိုင်ကြားနိုင်ပြီး စည်းကမ်းဖောက်ဖျက်သော ရဲများကို ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ဒုတိယရဲမှုး သန်းမြင့်က Eleven Media Group ၏ မေးမြန်ချက်အပေါ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၏ ဥပဒေနှင့် ညီညွတ်မှု မရှိသော ဆောင်ရွက်ချက်များ၊ လုပ်ပိုင်ခွင့်အား အလွဲသုံးစား ပြုလုပ်မှုများနှင့် အဂတိ လိုက်စားမှုများနှင့် ပတ်သတ်ကာ ပြည်သူလူထုမှ ကျေနပ်မှု မရှိလျှင် နေပြည်တော်ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်သို့ တိုင်းကြားနိုင်ကြောင်း သိရသည်။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်၊ နေပြည်တော်တွင် အော်တိုတယ်လီဖုန်းများ အချိန်ပြည့် ဖွင့်ထားပြီး တယ်လီဖုန်း အမှတ် ဝ၆၇-၄၁၂၂၂၂ နှင့် ဝ၆၇-၄၁၂၄၄၄ တို့ကို ဆက်သွယ်တိုင်ကြားနိုင်ပြီး နေပြည်တော် ရဲတပ်ဖွဲ့မှုးရုံး တယ်လီဖုန်း အမှတ် ဝ၆၇-၅၅ဝ၃၃၃ ကိုလည်း ဆက်သွယ် တိုင်ကြားနိုင်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။
အဆိုပါ တယ်လီဖုန်းဖြင့် တိုင်ကြားနိုင်သည့် စနစ်ကို တိုင်းဒေသကြီးများနှင့် ပြည်နယ်များရှိ ရဲတပ်ဖွဲ့ဝင်များတွင်လည်း တိုင်းကြားနိုင်ရန်အတွက် တယ်လီဖုန်းများ တပ်ဆင်လျက် ရှိကြောင်း သိရှိရသည်။
ယခင်က အကြောင်းအမျိုးမျိုးကြောင့် ရဲအချို့၏ တာဝန်ဆောင်ရွက်မှုများအပေါ် မကျေနပ်၍ တိုင်ကြားခဲ့မှုများရှိကြောင်း သိရှိရပြီး အဆိုပါ စည်းကမ်း ဖောက်ဖျက်ခဲ့သော ရဲအချို့အား အရေးယူ ဆောင်ရွက်ခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ဒုတိယရဲမှုး သန်းမြင့်က Eleven Media Group ၏ မေးမြန်ချက်အပေါ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ပြည်သူလူထုက ရဲတပ်ဖွဲ့ဝင်များ၏ တာဝန်ဆောင်ရွက်မှုများအပေါ် မကျေနပ်၍ တိုင်းကြားမှုများ ရှိလာပါက ထိထိရောက်ရောက် အရေးယူသွားမည် ဖြစ်သည့်အတွက် ယခုလို ဖုန်းဖြင့်တိုင်းကြားသည့် စနစ်ကို အကောင်အထည် ဖော်ခြင်းဖြစ်ကြောင်း ထပ်မံဖြေကြားခဲ့သည်။
''ရဲတပ်ဖွဲ့ဝင်တွေ စည်းကမ်းဖောက်ဖျက်တာကို တွေ့ရှိပါက အဲဒီရဲတွေကို ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေအရ အရင်ဆုံး အရေးယူပါတယ်။ သက်ဆိုင်ရာက ညွန်ကြားထားတဲ့ ဥပဒေတွေကို ဖောက်ဖျက်ရင်လည်း ဥပဒေအရ အရေးယူပါတယ်'' ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ဒုတိယရဲမှုး သန်းမြင့်က ပြောပြသည်။
ပြည်သူလူထုမှ ရဲတပ်ဖွဲ့ဝင်များ၏ တာဝန်ဆောင်ရွက်မှုများအပေါ် မကျေနပ်၍ ဖုန်းဖြင့် တိုင်ကြားနိုင်သည့် စနစ်သည် ပထမဆုံး ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။
''အခုလိုလုပ်တာက ဒီမိုကရေစီခေတ်နဲ့ အညီ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကြီးကလည်း စည်းကမ်းတကျ ရှိစေဖို့နဲ့ ထိထိရောက်ရောက် လုပ်ကိုင်သွားဖို့အတွက် လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။ ပြည်သူလူထုအတွက် ထိထိရောက်ရောက် ကာကွယ်ပေးဖို့ အတွက်လည်း ဒီဖုန်းလိုင်းကို ဖွင့်လှစ်ပေးထားခြင်း ဖြစ်ပါတယ်'' ဟု ထပ်မံပြောပြသည်။
ပြည်သူလူထုက အခုလို တိုင်ကြားခြင်းအားဖြင့် အချို့သော ပြည်သူလူထု၏ ရင်ထဲမှာရှိသော ခံစားချက်များကို ပွင့်ပွင့်လင်းလင်းနှင့် တင်ပြနိုင်ကြောင်း ထပ်မံ ပြောကြားခဲ့သည်။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။