Tuesday, January 1, 2013

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ ကျော်လွှားရမည့် အတားဆီးများ


dassk-president
(၁) ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ချင်သည် ဟု ပြော သည်။ ပြောသင့်ပြောထိုက်ပါသည်။ သို့သော် သမ္မတ ဖြစ်ဖို့ ဖြတ်ကျော် ရမည့် အတားအဆီးကြီးများ ရှိနေတာကို သတိပြုရပါမည်။
မော်စီတုန်းကတော့  “နိုင်ငံရေးအာဏာဟာ သေနတ်ပြောင်းဝက ထွက်တယ်” လို့ ပြောခဲ့သည်။ တရုတ်ပြည်ရဲ့ ထူးခြား ချက်အရ ဒီလိုပဲပြောရမည်။ တရုတ်ပြည်မှာက ပြည်တွင်းစစ် သည်းကြီး မဲကြီးဖြစ်နေသည်။ ဘယ်တုန်းကမှ ရွေးကောက် ခံအစိုးရမရှိခဲ့။ ပြည်တွင်းစစ်ကို ရာစုနှစ်နဲ့ချီပြီး တိုက်နေသည်။
ထို့ကြောင့် နိုင်ငံရေးအာဏာရလိုလျှင် ပြည်တွင်းစစ်ကို နိုင်အောင်တိုက်ရလိမ့်မည်။
ဗမာပြည်မှာက ကိုလိုနီခေတ်ကတည်းက (ဘာပဲပြောပြော) “ရွေးကောက်ပွဲ” တွေ ရှိခဲ့ဖူးသည်။ လွတ်လပ်ရေးရတော့ လည်း ရှိသည်။ (၁၉၆၂ – ၁၉၈၈) နှစ်ပေါင်း ၂၆ နှစ်မှာပဲ ပါတီစုံရွေးကောက်ပွဲ မရှိခဲ့ချေ။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်က “၂၀၀၅ ရွေးကောက်ပွဲ” ကို မျှော်ကြည့်ပြီး “သမ္မတ ဖြစ်ချင်တယ်” ပြောတာ ဖြစ်လိမ့်မည်။
(၂) သမ္မတဖြစ်ရေးအတွက် အတားအဆီးကြီး (၂) ခုကိုတော့ ကျော်ဖြတ်ရလိမ့်မည်။
- ပထမ အတားအဆီးမှာ ၂၀၀၈ အခြေခံဥပဒေရဲ့ ပုဒ်မ (၅၉) (ခ) ပါ ကန့်သတ်ချက်ကို ပယ်ဖျက်ဖို့ ဖြစ်သည်။ (ကံကြမ္မာရဲ့ သရော်ချက်လို့ပဲ ပြောရမလားမသိ။ ထို ကန့်သတ်ချက်က ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ချမှတ်ခဲ့တဲ့ ကန့် သတ်ချက် ဖြစ်နေတယ်။ သူ့သမီးကို အမှုလာပတ်လိမ့်မည်ဟု ဖခင်ဗိုလ်အောင်ဆန်း ဘယ်လိုမှ စဉ်းစားမိမှာ မဟုတ်။ သူ့ခေတ်ကတော့ ဖဆပလ အတိုက်အခံတွေကိုပဲ ဦးတည်ပြီးချမှတ်ခဲ့တာ ဖြစ်သည်။)
- ဒုတိယ အတားအဆီးမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ မဖြစ်နိုင်လောက်အောင် ပုဒ်မ (၄၃၆) ဖြင့် ကန့်သတ်ထားတာ ဖြစ်သည်။
(၃) ထိုအခက်အခဲ ၂ ခုကို ကျော်ဖြတ်ဖို့ နည်းလမ်းကို ဒေါ်အောင်ဆန်းစုကြည် ရှာနေပုံပေါ်သည်။ အမေရိကန်ကတော့ စစ်တပ်ချင်း ပြန်လည်သင့်မြတ်ဖို့ ထိုင်း (ယိုးဒယား) က တဆင့် အပေါ်စီးက ချဉ်းကပ်နေတယ်။ ဒေါ်အောင်ဆန်းစုကြည် ကတော့ စစ်တပ် (တပ်မတော်) ကို စိတ်နဲ့တောင် မပစ်မှားတဲ့နည်းနဲ့ ချဉ်းကပ်နေတယ်။ အမေရိကန်လို အထက်စီးက နေ မချဉ်းကပ်ဝံ့။ တိုးလျှိုးသည့်နည်းဖြင့် ချဉ်းကပ်သည်။ အသေးစိတ် မပြောတော့ပါ။ မပြောရက်ပါ။ (ဆင်ကောင်ကြီး တွေ့နေပါလျက်နဲ့ အချိန်ကုန်ခံပြီး ဆင်ခြေရာရှာနေတဲ့ လက်ပန်တောင်း စုံစမ်းစစ်ဆေးရေး ကော်မရှင်လုပ်ရပ်ကို ကြည့် ပါ။ ဟိုတုန်းက ပြောခဲ့သမျှတွေကို လုံးဝချေဖျက်ပစ်နေတာကိုလည်း ကြည့်ပါ။)
(၄) စစ်ဗိုလ်အမတ်ရဲ့ မဲရဖို့ ဒေါ်အောင်ဆန်းစုကြည် ဘယ်လာက်လုပ်နိုင်မလဲဆိုတာက “စစ်ဗိုလ်အမတ်” ကို ချုပ်ကိုင် ထားတဲ့ “ကာကွယ်ရေးဦးစီးချုပ်” နဲ့ ဘယ်လောက်နားလည်မှုယူနိုင်မလဲဆိုတာ အပေါ်မှာ တည်သည်။ ကျားကို သက် သတ်လွတ်စားဖို့ ဖျောင့်ဖျရတာထက် ခက်သည်ကတော့ သေချာသည်။ ဒါကြောင့်ပဲ အမေရိကန်၏ စစ်တပ်ချင်း ပြန် လည် သင့်မြတ်ရေးနဲ့ ခြေလှမ်းညီအောင်ညှိပြီး လုပ်နေတာ ဖြစ်လိမ့်မည်။
- ဗိုလ်နေဝင်း တော်လှန်ရေးကောင်စီမှာ ဂျပန်စစ်ကျောင်းဆင်းတွေပါသလို ဦးသိန်းစိန်အစိုးရမှာက အမေရိကန်ကျောင်း ဆင်းတွေ ပါနေသည်။ သူတို့က ဦးသိန်းစိန်အစိုးရရဲ့ အတွင်းစည်းလို လုပ်နေသည်။ အတော်ခြေလှမ်းသွက်နေသည်။
(၅) မိမိတို့ထည့်တွက်ရမှာက အမေရိကန်နဲ့ တရုတ်ရဲ့ ဗမာပြည်ဆိုင်ရာပေါ်လစီများ ဖြစ်သည်။ ဒါကိုတော့ နောက်မှ သီး ခြားတင်ပြပါမည်။
(၆) အခက်အခဲတွေကို ကျော်ဖြတ်နိုင်ပြီး ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ပြီဆိုပါဦးတော့ “အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ” (ကာ/လုံ) ရဲ့ လွှမ်းမိုးချုပ်ကိုင်မှုအောက်က လွတ်ပါ့မလား။ လုပ်ချင်ရာလုပ်လိုပ ရပါ့မလား။ သံသယ အများကြီးရှိသည်။
- ၂၀၀၈ အခြေခံဥပဒေ တခုလုံးကို မဖျက်သိမ်းနိုင်သမျှ ဘယ်သူပဲ သမ္မတတက်လုပ်လုပ် အခြေခံကျတဲ့ ပြုပြင်ပြောင်းလဲ ရေး လုပ်နိုင်မှာ မဟုတ်။
(၇) ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ချင်တာကို မိမိတို့ အားပေးပါသည်။ သူ့မှာလုပ်ခွင့်ရှိလျှင် အခြေခံလူတန်းစား များရဲ့ ဒီမိုကရေစီအခွင့်အရေးများ ရနိုင်လောက်ရဲ့ဟူသော မျှော်လင့်ချက်နဲ့ ဖြစ်သည်။ စစ်အာဏာရှင်စနစ်ရဲ့ အခြေခံ များကို သူ့အနေနဲ့ နည်းနည်းမှထိပါးအောင် လုပ်နိုင်မှာ မဟုတ်ဘူးဆိုတာကိုတော့ မိမိတို့တွက်ပြီး ဖြစ်သည်။
ဘဝင်း
(၁ – ၁ – ၂၀၁၃) 

5 Responses to “ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ ကျော်လွှားရမည့် အတားဆီးများ”

  1. Nyunt Shwe January 2, 2013
    ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာစရာ လုံးလုံးမရှိတဲ့အတွက် ဆက်ပြီး မဆွေးနွေးတော့ပါ။
    အဲ အဲ၊ ကျန်တာတွေ ပြင်ချင်တာပြင် ၅၉ (စ) နဲ့ ၁၂၁ (စ) လုံးဝ ပြင်စရာမလိုပါ။ မြန်မာပြည်ကို ဖားတစ်ပိုင်း ငါးတစ်ပိုင်း မိသားစုက အုပ်ချုပ်တာ လုံးဝသဘောမတူပါ။ ဗိုလ်ချုပ်ကိုယ်တိုင် သက်ရှိထင်ရှားရှိနေလျှင် “ထွီ . . .” လို့ ရေရွတ်မှာ ကြားယောင်မိပါတယ်။ ဒါပါပဲ။
    Reply
  2. အောင်တင် January 2, 2013
    ဆောင်းပါးကောင်းတစ်ခုပါ။ သို့သော် ပုဒ်မ(၅၉)ခပါ ကန့်သတ်ချက်နှင့် ပတ်သက်ပြီး ဦးအောင်ဆန်းကိုယ်တိုင် ချမှတ်ခဲ့သော ဆုံးဖြတ်ချက်ဆိုရာမှာ ဒိထက်ပိုပြီး မြင်သင့်တယ်လို့ထင်ပါတယ်။ ဦးအောင်ဆန်းရဲ့ အထင်ရှားဆုံးအရည်အချင်းတစ်ခုလို့တောင် ပြောလို့ရတဲ့ အရည်အချင်းတစ်ခုက Pragmatism ခေါ်တဲ့ လက်တွေ့ကျမှုဖြစ်တယ်ဆိုရင် ဘယ်သူမှ ငြင်းကြမယ် မထင်ပါဘူး။ လွန်ခဲတဲ့ ၆၆နှစ်လောက်က နယ်ချဲ့စနစ်နှင့် ဖက်ဆစ်စနစ်တွေ အပြိုင်ကြဲနေခဲ့ကြတဲ့ နိုင်ငံရေးအခင်းအကျင်းမှာ ကျင်းသုံးရတဲ့ အတွေးအမြင်၊ လုပ်နည်းကိုင်နည်းတွေကို ၂၁ရာစု ကမ္ဘာ့ရွာ(Global Village)ခေတ်မှာ ဦးအောင်ဆန်းက ဆက်လက် ကိုင်စွဲထားမလားဆိုတာကို အားလုံးစဉ်းစားနိုင်ကြမယ် ထင်ပါတယ်။
    Reply
  3. စိမ်း January 2, 2013
    ၁၉၄၇ ဗိုလ်ချုပ်အောင်ဆန်းရေးဆွဲခဲ့တဲ့ အခြေခံဥပဒေနဲ့ အခုအာဏာရှင်တွေရဲ့ ကိုယ်ကျိုးရှာ ၂၀၀၈ အခြေခံဥပဒေဟာ.. လားလားမျှ မသက်ဆိုင်ပါ။ ၁၉၄၇ မှာ ရေးခဲ့သမျှ အချက်အလက်တိုင်း ၂၀၀၈ မှာ ပြန်ပါရမယ်လို့ သတ်မှတ်ချက် ရှိပါသလား..။
    အခြေခံဥပဒေဆိုတာ တိုင်းပြည်ရဲ့ လိုအပ်ချက်နဲ့အညီ တိုင်းသားပြည်သူတွေရဲ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ဖို့ပဲ ဖြစ်ရမှာပါ။ စာအုပ်တစ်အုပ်လုံး ပြင်ဖို့ လိုအပ်ရင် တစ်အုပ်လုံး ပြင်ရမှာပါပဲ။

    Reply
  4. စိမ်း January 2, 2013
    ဖွဲ့စည်းပုံဥပဒေ ပုဒ်မ ၅၉-ခ မှာ..
    မိမိနှင့် မိမိ၏ မိဘနှစ်ပါးလုံး နိုင်ငံတော်၏ အာဏာပိုင်နက်အတွင်း၌ မွေးဖွားသော တိုင်းရင်းသားများမှ ဖြစ်သည့် မြန်မာနိုင်ငံသား ဖြစ်ရမည်။
    အဲဒီအချက်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘာဆိုင်လို့လဲ။
    (ကံကြမ္မာရဲ့ သရော်ချက်လို့ပဲ ပြောရမလားမသိ။ ထို ကန့်သတ်ချက်က ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ချမှတ်ခဲ့တဲ့ ကန့် သတ်ချက် ဖြစ်နေတယ်။ သူ့သမီးကို အမှုလာပတ်လိမ့်မည်ဟု ဖခင်ဗိုလ်အောင်ဆန်း ဘယ်လိုမှ စဉ်းစားမိမှာ မဟုတ်။ သူ့ခေတ်ကတော့ ဖဆပလ အတိုက်အခံတွေကိုပဲ ဦးတည်ပြီးချမှတ်ခဲ့တာ ဖြစ်သည်။)…. အဲဒီစာသားဟာ ဗိုလ်ချုပ်အောင်ဆန်းကို ဆော်ကားထားတာပဲ။ ဘာကံကြမ္မာရဲ့သရော်ချက်လဲ.. ဗိုလ်ချုပ်က တိုင်းပြည်အတွက်ဆိုရင် သား- သမီး- ချွေးမ ဆိုပြီးခွဲခြား နေမယ့် လူစားမျိုး မဟုတ်တာ.. ဆောင်းပါးရေးသူ မသိလေရောသလား။ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဆိုတာ တိုင်းပြည်ရဲ့ လိုအပ်ချက်နဲ့ ပြည်သူတွေရဲ့ ဆန္ဒအပေါ် မူတည်ပြီး ခေတ်ကာလ လိုအပ်ချက်နဲ့အညီ ပြောင်းလဲနေရတယ်ဆိုတာ နားမလည်လို့လား။ ဆောင်းပါးရေးသူဟာ ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးတိုက်ခိုက်လိုမှု အတ္တတွေ လွန်ကဲနေတယ်လို့ မြင်မိတယ်။

    Reply

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။