Monday, December 17, 2012

အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းနေထိုင်သူများနေ့ မဲဆောက်မှာ ကျင်းပ


အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းနေထိုင်သူများနေ့ မဲဆောက်မှာ ကျင်းပ

Photo Courtesy of Sein Kyaw Hlaing ထိုင်းနိုင်ငံတွင်အလုပ်လုပ်ကိုင်ကြသည့် မြန်မာ ရွှေ့ပြောင်းအလုပ်သမားတချို့ကို မဲဆောက်-မြ၀တီနယ်စပ်တွင်၂၀၁၁ခုနှစ်ဒီဇင်ဘာလအတွင်း တွေ့ရစဉ်။
DVB News, 16 December 2012  —  ဒီဇင်ဘာ ၁၈ ရက်နေ့မှာ ကျရောက်မယ့်  အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းနေထိုင်သူများ နေ့ အခမ်းအနားကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ ဒီဇင်ဘာ ၁၆ ရက်နေ့က ကျင်းပခဲ့ပါတယ်။

အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်သူများနေ့အဖြစ် မဲဆောက်ရဲစခန်းကနေ မြို့တပတ် လမ်းလျှောက် ချီတက်တဲ့ လှုပ်ရှားမှုကို မဲဆောက်ရောက်  မြန်မာအလုပ်သမားတွေနဲ့အတူ အလုပ်သမားအရေးဆောင်ရွက်နေကြတဲ့ မြန်မာအဖွဲ့အစည်းတွေ၊ ထိုင်းအန်ဂျီအိုတွေနဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့တွေ အပါအဝင် အဖွဲ့ပေါင်း ၃၀ ကျော် ပူးပေါင်းဆောင်ရွက်ကြတာပါ။
ဒီရက်ပိုင်းအတွင်းမှာ အလုပ်သမားလက်မှတ်နဲ့ ယာယီနိုင်ငံကူးလက်မှတ် မရှိတဲ့ အလုပ်သမားတွေကို ဖမ်းဆီးအရေးယူတာတွေ ပြုလုပ်နေတဲ့အပြင် လိုအပ်တဲ့ အထောက်အထား အားလုံးရှိပါလျက်နဲ့ မြန်မာအလုပ်သမားအများစု နစ်နာဆုံးရှုံးမှု ကြုံနေရတာတွေကိုလဲ ထိုင်းအာဏာပိုင်တွေ သိရှိအောင် ကြိုးစားကြတာလို့ ပါဝင်လှုပ်ရှားသူတွေက ပြောပါတယ်။
လှုပ်ရှားမှုမှာ ပါဝင်သူတဦးဖြစ်တဲ့ ကိုဌေးနိုင်က “မြန်မာပြည်က ပတ်စပို့ဟာ ကျနော်တို့ မြန်မာနိုင်ငံသားတွေအတွက် ထိုင်းနိုင်ငံတနိုင်ငံလုံးကို လွတ်လွတ်လပ်လပ် သွားလာခွင့် ရှိတယ်ဆိုတာ ပြောပြထားပြီးတော့ ကျနော်တို့ မဲဆောက်မှာ ရှိတဲ့အလုပ်သမားတွေသာ ဒီနယ်မြေကနေ သွားပိုင်ခွင့်မရှိဘဲ တားမြစ်ထားတဲ့အတွက် ကျနော်တို့ဟာ ဒီပတ်စပို့ အကြောင်းထည့်ပြီး ပြောရခြင်းဖြစ်ပါတယ်။”လို့ ပြောပါတယ်။
ညနေပိုင်းမှာတော့ အလုပ်သမားတွေ သိသင့်တဲ့ ကျန်းမာရေးနဲ့ အလုပ်သမားအခွင့်အရေးဥပဒေတွကို ပညာပေးရေးအစီအစဉ်ကို အမေးအဖြေကဏ္ဍတွေနဲ့ ပူးတွဲ ကျင်းပခဲ့ပါတယ်။
ပညာရေးနဲ့ ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းက မမြတ်စုအောင်က “အလုပ်သမားတွေက သူတို့ရဲ့အခွင့်အရေးတွေ ပြီးတော့  ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အရာတွေမှာ သူတို့အားနည်းတယ်။ အားနည်းတဲ့အတွက်ကြောင့် ကျန်းမာရေးနဲ့ အခွင့်အရေးနဲ့ ပတ်သက်တာတွေကို ပညာပေးတဲ့အနေနဲ့ သူတို့ကို ပေဟဠိမေးခွန်းလေးတွေ အမေးအဖြေလေးတွေ လုပ်တယ်။ အဲဒီမှာ မှန်ကန်သွားလို့ ရှိရင် ကျမတို့ ပညာရေးနဲ့ ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းကနေပြီး လက်ဆောင်လေးတွေ ပြန်ပေးတယ်။ သူတို့အတွက် အသုံးလိုတဲ့ အိမ်နောက်ဖေးသုံး ပစ္စည်းလေးတွေ လက်ဆောင်လေးတွေပါ့။ လှတဲ့ ကြိုက်တဲ့ ပစ္စည်းလေးတွေပါ့။ ကျမတို့ ပြန်ပြီးလက်ဆောင်ပေးပါတယ်။”
အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းနေထိုင်သူများနေ့ဟာ ဒီဇင်ဘာ ၁၈ ရက်နေ့ ဖြစ်ပေမယ့် မဲဆောက်အလုပ်သမားတွေ တက်ရောက်ပါဝင်နိုင်ဖို့အတွက် အလုပ်ပိတ်ရက်ဖြစ်တဲ့ တနင်္ဂနွေနေ့မှာ ၂ ရက်ကြို ကျင်းပခဲ့တာပါ။
by ခင်မင်းဇော်

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။