တရားရေးမဏ္ဍိုင် တည့်မတ်စေရန် မန္တလေးတိုင်းတရားရုံးများကို ကွင်းဆင်း စစ်ဆေးနေ
Myitmakha Media Group, 3 November 2012 — တရားဥပဒေ စိုးမိုးရေးအဖွဲ့မှ ဒုတိယအကြိမ်အဖြစ် မန္တလေးတိုင်းဒေသကြီးတွင်းရှိ တရားရုံးများသို့ သွားရောက်ကြည့်ရှု့လေ့ လာ လျှက်ရှိပြီး တွေ့ရှိချက် များအား ဒေါ်အောင်ဆန်းစုကြည်မှတဆင့် ပြည်သူ့ လွှတ်တော် ဥက္ကဌနှင့် နိုင်ငံတော်သမ္မတထံသို့ အစီရင်ခံတင်ပြသွားမည်ဖြစ်ကြောင်း သိရှိ ရသည်။
“ဒီမှာရှိတဲ့ တရားရုံးတွေမှာလည်း တရားဥပဒေနဲ့ အညီဆောင်ရွက်မှုရှိမရှိ၊ လာဘ်ပေးလာဘ်ယူခြင်း ရှိမရှိကို စစ်ဆေးမူတွေ ပြု လုပ်ပါတယ်။ ပြီးရရှိတဲ့ အချက်အလက်တွေကို အဖွဲ့ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ဆီ ကို တင်ပြမယ်။ ဥက္ကဌကနေတ ဆင့် ပြည်သူ့ လွှတ်တော် ဥက္ကဌဆီ တင်ပြသွားမှာပါ။”ဟု တရား ဥပဒေ စိုးမိုးရေးအဖွဲ့ဝင် ဒေါက်တာဇော်မြင့်မောင် က ပြောသည်။
တရားဥပဒေစိုးမိုးရေးအဖွဲ့အား သြဂုတ်လဆန်းပိုင်းက အဖွဲ့ဝင်(၁၅)ဦးဖြင့် ဖွဲ့စည်းထားပြီး အဖွဲ့ဝင်များ အနေဖြင့် တစ်ပတ်လျှင် တစ်ကြိမ်၊ လွှတ်တော်နားရက်များ၌ အစည်းအဝေးပြုလုပ်လျက်ရှိသည်။
တရားဥပဒေစိုးမိုးရေးကော်မတီမှ အဖွဲ့ဝင်(၇)ဦးပါဝင်သော အဖွဲ့သည် ၂၀၁၂ နိုဝင်ဘာလ(၂)ရက်နေ့ နံနက် (၁၁)နာရီ ခန့်က မန္တလေးမြို့ရှိ တရားရုံးများတွင် အမှုစစ်ဆေးနေမှုများနှင့် အချုပ်သား များထား ရှိသော အချုပ်ခန်းအခြေအနေများကို တရားဥပဒေစိုးမိုးရေးကော်မတီဥက္ကဌဖြစ်သူ ဒေါ်အောင်ဆန်းစု ကြည်၏လမ်းညွှန်မှုဖြင့် လာရောက်လေ့လာကြည့်ရှုခဲ့ကြသည်။
ယခုကဲ့သို့လာရောက်ကာကွင်းဆင်းလေ့လာရခြင်းမှာ တရားစီရင်ရေးမဏ္ဍိုင်တွင် မှန်ကန်မှုမရှိသောကြောင့် တိုင် စာများရောက်ရှိနေခြင်းအတွက်ဖြစ်သည်ဟု အဖွဲ့နှင့်ပါလာသူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါက်တာ ဇော်မြင့်မောင် က ပြောသည်။
“ တရားဥပဒေစိုးမိုးရေးကော်မတီကို လာတိုင်ကြတာများသောအားဖြင့်က တရားစီရင်ရေးမှန်ကန်မှုမရှိတာ လာတိုင်ကြတာများတဲ့ အခါကြတော့ ကျနော်တို့ တရားဥပဒေစိုးမိုးရေးကော်မတီက လာဆင်းတာ အရေးယူဖို့ မဟုတ်ဘူး ၊ အရေးယူတဲ့အာဏာ ကျနော်တို့မှာ မရှိဘူး ´´ ဟု ၎င်းက ပြောကြားသည်။
ဥပဒေပြုရေးမဏ္ဍိုင်သည် ပြည်သူများကိုအကာအကွယ်ပြုသည့်ဥပဒေပြဌာန်းရန်နှင့် ပြည်သူကိုမကာကွယ် သည့် ဥပဒေများ ဖျက်သိမ်းရန်ဖြစ်ပြီး ယိမ်းယိုင်နေသည့် တရားရေးမဏ္ဍိုင်အား တရားသူကြီးများ ရှေ့နေများ ၊ တရားစွဲအဖွဲ့အစည်းများ ၀ိုင်းဝန်းတည့်မတ်ရမည်ဖြစ်ပြီး တရားသူကြီးများကလည်း ငွေမျက်နှာမကြည့်ပဲ ဥပဒေ မျက်နှာသာကြည့်ပြီး မှန်မှန်ကန်ကန်နှင့် ကြံ့ကြံ့ခံဆုံးဖြတ်ရန်လိုအပ်ကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။
ယခုလို လာရောက်ကွင်းဆင်းလေ့လာခြင်းများကို အစီရင်ခံစာရေးပြီး နိုင်ငံတော်သမ္မထံတင်ပြသွားမည်ဖြစ်ကာ အရေးယူသင့်သည့် ဆိုးဆိုးဝါးဝါးကိစ္စများကို ပြန်လည်အရေးယူသွားမည်ဖြစ်သည်ဟု ဒေါက်တာဇော်မြင့်မောင် က ဆက်ပြောသည်။
“မှန်ကန်တဲ့ဥပဒေပေါ်ကပဲ ရပ်ပြီးဆုံးဖြတ်ရမယ် ၊ ဆိုလိုခြင်တာက အုပ်ချုပ်ရေးဖက်က လွှမ်းမိုးတာတွေကို မလိုက်ဖို့ ၊ အဲဒီအတွက် လာပြီး စစ်ဆေးတာပဲ ၊ ပြီးရင်အစီအရင်ခံစာရေးမယ် သမ္မတဆီတင်မယ် အရေးယူသင့် တဲ့ သိပ်ဆိုးဆိုးဝါးဝါးကိစ္စတွေကို ပြန်ပြီးတော့လုပ်မယ် ´´ ဟု ၎င်းကပြောကြားသည်။
ယခုကဲ့သို့စစ်ဆေးခြင်းမျိုးကို ရန်ကုန်တိုင်းတွင် ပြုလုပ်ခဲ့ပြီး မန္တလေးမြို့တွင် ပထမဦးဆုံးအကြိမ်လာရောက်ခြင်း ဖြစ်ကာ မြန်မာပြည်အနှံ့ သွားရောက်မည်ဟူ၍လည်း သိရပြီး ၎င်းတို့ခရီးစဉ်အတွက် ကြိုတင် အကြောင်းကြားမှု မျိုး မရှိဟု သိရသည်။
ယခုကွင်းဆင်းလေ့လာသော်အဖွဲ့တွင် ပါတီပေါင်းစုံမှ ကိုယ်စားလှယ်များ ပါဝင်ခဲ့ပြီး ရခိုင်အမျိုးသားတိုးတက်ရေး ပါတီမှ ဒေါ်ခင်စောဝေက သူမမြင်တွေ့ခဲ့ရသောအခြေအနေများကို မှတ်တမ်းတင်ခဲ့ပြီး လွှတ်တော်တွင် တင်ပြ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
“ အယောက်လေးဆယ်လောက်တွေ့ခဲ့တယ် ၊ ပန်ကာ လေးလုံးပဲ တွေ့ခဲ့တယ် ၊ ကျမတို့တောင် အပြင်မှာ ဒီလောက် ပူနေတာ သူတို့ဆို တော်တော်ပူမှာပါ ၊ အဲဒီအတွက်ကြောင့် အဲဒါလေးတွေကို ပြင်ပေးဖို့လိုတယ်လို့ ကျမမြင်တယ် ´´ ဟု ၎င်းက ပြောကြားသည်။
အမှုများကို မှန်မှန်ကန်ကန်ဖြစ်စေခြင်ကြောင်း ၊ ယခုလာရောက်တွေ့ဆုံစဉ်ပင် သက်သေမစုံ၍ ရုံးချိန်း သုံးလမှ ငါးလ ထိဖြစ်နေသူများကို တွေ့ရကြောင်း ၊ ထိုကဲ့သို့ မဖြစ်စေလိုကြောင်း ၊ အပြစ်ရှိလျှင် ရှိသလိုခံရမည်ဖြစ်သော် လည်း မြန်မြန်ဆန်ဆန်သာ ဖြစ်စေချင်ကြောင်း ၊ မန္တလေးမှပြန်လျှင် အဖွဲ့ အနေဖြင့်တိုင်ပင်ပြီး မည်ကဲ့သို့ပြုလုပ်ရမည်ဆိုသည်ကို အဖြေရှာမည်ဖြစ်ကြောင်း မီဒီယာသို့ ပြောကြားခဲ့သည်။
ယခုကဲ့သို့ ဥပဒေစိုးမိုးရေးကော်မတီမှ လာရောက်လေ့လာစဉ် မန္တလေးရှိ တရားရုံးများမှ တာဝန်ရှိ သူများကလည်း အမှုအကြောင်းများ ၊ ပြုပြင်သင့်သည့် ဥပဒေများကို ဆွေးနွေးတိုင်ပင်မှုများ ပြုလုပ်ခဲ့ ကြသည်ဟု မန္တလေးခရိုင် တရားရုံးမှ ဌာနခွဲစာရေးဖြစ်သူ ဦးတင်မောင်ဝင်းက ဖြေကြားခဲ့သည်။
ပြီးခဲ့သည့်ရက်ပိုင်းက နေပြည်တော်တွင် တရားဥပဒေစိုးမိုးရေးကော်မတီဥက္ကဌ ဒေါ်အောင်ဆန်းစု ကြည် ခေါင်းဆောင်၍ တရားသူကြီးများ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်တွေ့ဆုံပြီး တရား ဥပဒေ စိုးမိုးရေးအတွက် ဆွေးနွေးပွဲပြုလုပ်ခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးရှိ တရားရုံးများကို စက်တင်ဘာလကုန်ပိုင်းက စစ်ဆေးမူများပြုလုပ်ခဲ့ပြီး ယနေ့ နိုဝင်ဘာ(၂)ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ တရားရုံးများသို့ စစ်ဆေးမူများ ပြုလုပ်ခဲ့ ခြင်း ဖြစ်သည်။
တရားဥပဒေစိုးမိုးရေးအဖွဲ့ဝင်(၇)ဦးသည် ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးများရှိ တရားရုံးများမှ တွေ့ရှိခဲ့သော တရားမဲ့ပြုကျင့်နေသည့် သတင်းအချက်အလက်များကို တရား ဥပဒေ စိုးမိုးရေး ဥက္ကဌဒေါ်အောင်ဆန်းစုကြည်ထံသို့တင်ပြကာ ဆွေးနွေးကြမည်ဖြစ်ကြောင်းကိုလည်း သိရသည်။
“မန္တလေးတိုင်းမှာရှိတဲ့ တရားရုံးတွေကို ကြည့်ရှု့လေ့လာနေပါတယ်။ မန္တလေးမှာရှိတဲ့ မြို့နယ်၊ ခရိုင် နဲ့တိုင်းမှာရှိတဲ့ တရားရုံးတွေကို လိုက်လေ့လာမှာပါ။ အဓိကကတော့ တရားဥပဒေနဲ့ ညီမညီ ဆိုတာ တွေ ကို လိုက်ကြည့်ပါတယ်” ဟု တရားဥပဒေစိုးမိုးရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
နိုင်ငံတွင်းတရားဥပဒေစိုးမိုးမှုများရှိလာစေရေးအတွက် တရားဥပဒေစိုးမိုးရေးအဖွဲ့ဝင်များနှင့် ဂျပန် နိုင်ငံမှ တရားဥပဒေစိုးမိုးရေးအဖွဲ့ဖြင့် အောက်တိုဘာ(၂၄)ရက်နေ့၌ တွေ့ဆုံမူများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
လွှတ်တော်မှဖွဲ့စည်းထားသော တရားဥပဒေစိုးမိုးရေးအဖွဲ့သည် တိုင်းဒေသကြီး(၂)ခုအတွင်းရှိ တရားရုံးများသို့ သွားရောက်လေ့လာရာ၌ တိုင်စာများ ဖတ်ရှု့ခြင်း ၊ ဖမ်းဆီးခံရသူများအား တွေ့ဆုံမေးမြန်းခြင်း ၊ ရှေ့နေများနှင့် တွေ့ဆုံကာ လာဘ်ပေးလာဘ်ယူခြင်း ရှိ မရှိကို ကြည့်ရှု့လေ့လာကြောင်း တရားဥပဒေစိုးမိုးရေးအဖွဲ့ဝင် ဒေါက်တာဇော်မြင့်မောင်က ဆိုသည်။
ဝင့်သင်ဇာကျော်+ မင်းမင်းလတ်(မြစ်မခ)
No comments:
Post a Comment