နိုင်ငံတကာ ဝေဖန်ချက်များနှင့်ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က ကြေညာချက်ထုတ်ပြန်
“ရခိုင်အရေးက လွှတ်တော်အရေးဖြစ်တယ်၊ ရခိုင်ကိစ္စက သာမာန်ကိစ္စမဟုတ်ဘူး၊ နိုင်ငံတော်သမ္မတ ကလည်း ပြတ်ပြတ် သားသား ပြောထားတာလည်း မရှိဘူး၊ နောက်တစ်ခုက ဒေါ်အောင်ဆန်းစုကြည် ပြည်ပခရီးသွားတော့ နိုင်ငံတကာက မွတ်ဆလင်အတွက် မရပ်တည်ပေးဘူး လစ်လျူရှုထားတယ် ဆိုပြီး ဝေဖန်ပြောနေကြတယ် အဲ့တော့ နိုဝင်ဘာ (၅)ရက်နေ့က တိုင်းရင်းသားကိုယ်စားလှယ်တွေနဲ့ တွေ့ တော့ ဆွေးနွေးဖြစ်ကြတယ်၊” ဟု ဒီချုပ်ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူက ပြောသည်။
အဆိုပါ ပဋိပက္ခအား ဖြေရှင်းနိုင်ရန် တိုင်းရင်းသားအားလုံးတွင် တာဝန်ရှိပြီး ပြည်ထောင်စုအရေး အတွက် လူသားတိုင်းဝိုင်းဝန်းကူညီဖြေရှင်းသင့်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က တိုင်းရင်းသား ကိုယ်စားလှယ်များေ တွ့ဆုံပွဲ၌ ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံပွဲကို နိုဝင်ဘာ(၅)ရက်နေ့က နေပြည်တော် စည်ပင်ဧည့်ရိပ်သာတွင် ပြုလုပ်ခဲ့ပြီး တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည့် ရခိုင်အရေးကိစ္စရပ်များကိုလည်း ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြခဲ့သည်။
လူအများစုနှင့် လူအနည်းစုဟူ၍ လည်းကောင်း လူမျိုးရေးနှင့်ဘာသာရေးကိုအခြေခံ၍ လည်းကောင်း ခွဲခြားဆက်ဆံခြင်းမပြုပဲ လူသားအားလုံးက လူ့အခွင့်အရေးများကို လေးစားလိုက်နာကြရန် တာဝန်ရှိ ကြောင်း အဆိုပါ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော ပဋိပက္ခနှင့် ပတ်သက်၍ တိုင်းရင်းသား ကိုယ်စားလှယ်အချို့နှင့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့၏ သဘောထား ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
အဆိုပါတွေ့ဆုံပွဲ၌ ဒေါ်အောင်ဆန်းစုကြည်နှင့် ချင်း ၊ ရခိုင် ၊ မွန် ၊ ရှမ်း ၊ ဖလုံစဝေါ ၊ ကရင် နှင့် တအာင်း(ပလောင်) ပါတီဝင် တိုင်းရင်းသားကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲတွင် တိုင်းရင်းသားရေးရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
“ဒေါ်အောင်ဆန်းစုကြည်ကလည်း တိုင်းရင်းသားတစ်ဦး ဖြစ်သည့်အတွက် ရခိုင်ပြည်နယ်အတွင်း ပဋိ ပက္ခဖြစ်ပေါ်နေခြင်းကို ရပ်တန့်နိုင်ဖို့အတွက် ၀ိုင်းဝန်း ကူညီဆောင်ရွက်ပေး နိုင်လိမ့်မည်လို့ ယုံကြည် ပါတယ်”ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စော ဝေက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ပြည်သူ့လွှတ်တော်တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေးကော်မတီနှင့် တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်များ ပူးပေါင်း၍ ရခိုင်ပြည်နယ်မှ အကြမ်းဖက် ပဋိပက္ခတွေများနှင့်ပတ်သက်၍ တိုင်းရင်းသား ကိုယ်စားလှယ်အချို့နှင့် သဘောထား ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ဝင့်သင်ဇာကျော်(မြစ်မခ)
No comments:
Post a Comment