ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး သတင်းထုတ်ပြန်ချက် ( ၂ / ၂၀၁၂)
Wed, 10/31/2012 - 18:30
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
သတင်းထုတ်ပြန်ချက် ( ၂ / ၂၀၁၂)
၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်
၁၃၇၄ ခု၊ သီတင်းကျွတ်လပြည့်ကျော် ၁ ရက်
ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်ပွားမှုအခြေအနေနှင့်စပ်လျဉ်း၍ အသိပေးကြေညာခြင်း
၁။ ရခိုင်ပြည်နယ်အတွင်း
ပဋိပက္ခဖြစ်ပွားမှုအခြေအနေနှင့် စပ်လျဉ်း၍ နောက်ကွယ်မှ ကြိုးကိုင်
လှုပ်ရှားနေသော လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများ
ရှိနေကြောင်းသိရှိရသဖြင့် ၎င်းတို့ကို ဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ
အရေးယူသွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ သတင်းထုတ်ပြန်ချက်
(၁/၂၀၁၂) ဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါသည်။
၂။ တစ်ကျော့ပြန်ဖြစ်ပွားလာသော ပဋိပက္ခဖြစ်စဉ်များတွင်
၂၀၁၂ ခုနှစ်အောက်တိုဘာလ ၂၁ ရက်မှစ၍ ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၃၀ ရက်အထိ
သေဆုံးသူ (၈၉)ဦး၊ ဒဏ်ရာရသူ(၁၃၆)ဦး၊ မီးလောင်ပျက်စီးသည့် လူနေအိမ် (၅၃၅၁)
အိမ်နှင့် လူဦးရေ (၃၂၂၃၁)ဦး အိုးမဲ့အိမ်မဲ့ ထပ်မံဖြစ်ပေါ် ခဲ့ပါသည်။
၃။ လူ့အဖွဲ့အစည်းနှစ်ခု အကြားရှိ ပဋိပက္ခများသည်
သာမန်ဆူပူလှုပ်ရှားမှု ဖြစ်စဉ်များမှ လက်နက်ကိုင်အကြမ်းဖက်မှု အခြေအနေသို့
ကူးပြောင်းတော့မည့်လက္ခဏာ အသွင်ဆောင်ကာ လုံခြုံရေး တပ်ဖွဲ့ဝင်များကိုပင်
လက်နက်ဖြင့် ရန်မူခြိမ်းခြောက်မှုများ ဖြစ်ပေါ်လာခဲ့ပါသည်။ အကြမ်းဖက်မှုပဋိပက္ခ
ဖြစ်စဉ်များမှ ဒေသန္တရလုပ် တူမီးသေနတ် (၁၈၀)လက် သိမ်းဆည်း ရမိခဲ့ပါသည်။
ထို့ပြင် အဆိုပါ လက်နက်ပြုလုပ်သူအချို့နှင့် ပြုလုပ်ရာတွင် အသုံးပြုသည့်
သက်သေခံပစ္စည်း အထောက်အထားများ ကိုလည်း ဖမ်းဆီးရမိသဖြင့်
အရေးယူဆောင်ရွက်လျက် ရှိပါသည်။
၎။ ယခုကဲ့သို့ လူစုလူဝေးဖြင့် ခြိမ်းခြောက်ခြင်း၊
အကြမ်းဖက်ခြင်း၊ တိုက်ခိုက်ခြင်း၊ မီးရှို့ဖျက်ဆီး ခြင်းကိစ္စများတွင်
တစ်ဖက်အဖွဲ့အစည်းမှာ ကြိုတင်ပြင်ဆင်ခြင်း၊ အသေးစိတ်စီစဉ်ခြင်း၊ ဒေသန္တရလုပ်
လက်နက်များဖြင့် အချိန်ကိုက် ပူးပေါင်းလှုပ်ရှားဆောင်ရွက်ခြင်းများ
တွေ့ရှိရသည့်အပြင်၊ နိုင်ငံရေးအဖွဲ့ အစည်းနှင့် ငြိမ်းချမ်းရေးယူထားသော
အဖွဲ့အစည်းများပါ ပါဝင်ပတ်သက်မှု ရှိနေသကဲ့သို့၊ အခြား
တစ်ဖက်အဖွဲ့အစည်းမှလည်း အချို့သော ပြည်တွင်းပြည်ပအဖွဲ့အစည်းများ
ပါဝင်ပတ်သက်နေသည့် အထောက်အထား များကို တွေ့ရှိရပါသည်။
၅။ ပဋိပက္ခများကို ဖြေရှင်းရာတွင် နှစ်ဦးနှစ်ဖက်
အကျိုးကျေးဇူးရရှိစေမည့် နည်းလမ်းများကို ရွေးချယ်ပြီး ဥပဒေနှင့်အညီ
ငြိမ်းချမ်းစွာနှင့် ဉာဏ်ပညာ အမြော်အမြင် ရှိစွာဖြင့် ဖြေရှင်းသွားကြရန်
လိုအပ်ပါသည်။ ယခုကဲ့သို့ ဖြစ်ရပ်များနှင့်ပတ်သက်၍ ကမ္ဘာ့အလယ်တွင်
နိုင်ငံတော်၏ဂုဏ်သိက္ခာကို မထိခိုက် မညှိးနွမ်းစေရေး အတွက် နိုင်ငံတော်ကို
ချစ်မြတ်နိုးသူ ရဟန်းရှင်လူ ပြည်သူအပေါင်းတို့ကလည်း ငြိမ်းချမ်းစွာဖြင့်
ပူးပေါင်းကူညီ ဆောင်ရွက်ကြစေလိုပါသည်။
၆။ လက်ရှိအခြေအနေတွင် ပြည်သူလူထု၏
အသက်အိုးအိမ်စည်းစိမ်များကို ထိခိုက်နစ်နာစေသည့် ဖြစ်ရပ်များ
ဆက်လက်မဖြစ်ပေါ်စေရေးအတွက် ပဋိပက္ခဖြစ်စဉ်များ၌ ဆက်စပ်ပတ်သက်သူများ ကို
နောက်ကွယ်မှ ကြိုးကိုင်လှုပ်ရှားနေသော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများအား
နိုင်ငံတော်မှ စစ်ဆေး အရေးယူလျက်ရှိကြောင်း အသိပေး ကြေညာအပ် ပါသည်။
No comments:
Post a Comment