တရားဥပဒေစိုးမိုးရေး အစည်းအဝေး ပြုလုပ်
DVB News, 15 October 2012 —- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌဌ
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့်
တည်ငြိမ်အေးချမ်းရေးကော်မတီ အစည်း အဝေးကို နေပြည်တော်မှာ ရှိတဲ့
ကော်မတီရုံးခန်းမှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
တရားဥပဒေစိုးမိုးရေးအတွက် ပညာပေးအစီအစဉ် ဌာနဆိုင်ရာတွေ ပူးပေါင်းဆောင်ရွက်ရေး၊ အခြားသော ဥပဒေပညာရှင်တွေနဲ့ ဆွေးနွေးညှိနှိုင်းဖို့ ကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ဦးဝင်းမြင့်က “တရားဥပဒေဆိုတာက မှန်ကန်ရမယ်၊ မျှတရမယ်၊ ညီညွတ်တဲ့ အမိန့်စည်းမျဉ်းစည်းကမ်း အတိုင်းသာ ဖြစ်ရမယ်လေ။ အဲဒါမျိုးသာ လိုက်နာရမှာပေါ့။ တချို့စည်းမျဉ်းစည်းကမ်းဥပဒေတွကလည်း ခေတ်နဲ့မလျော်ညီတာတွေ ရှိတော့ ဒါတွေကိုလည်း
တရားဥပဒေစိုးမိုးရေးအတွက် ရှေ့ဆက် ပြင်ဆင်ဖြည့်စွက်တာတွေ လုပ်သွားမှာပါ။ အခုကတော့ ကော်မတီရဲ့ ဆုံးဖြတ်ချက်တွေ ဆွေးနွေးချက်တွေကတော့ အပြင်ကို ထုတ်ပြောလို့မရသေးတော့ အခု ယေဘုယျ ခြုံပြောလိုက်တာပါ။”
ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေး ကော်မတီအနေနဲ့ ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ တိုင်းတရားရုံး၊ ခရိုင်တရားရုံးတရုံးနဲ့ မြို့နယ် တရားရုံးတခုတို့ကို စံပြနမူနာအနေနဲ့ သွားရောက်စစ်ဆေးတာရှိခဲ့ပြီး တွေ့ရှိခဲ့ရတဲ့ အားနည်းချက်တွေကို ကော်မတီအတွင်းရေးမှူး ဦးဝင်းမြင့်က အခုလို ပြောပါတယ်။
“တရားစီရင်ရေးနဲ့ ပတ်သက်လို့ တရားဥပဒေစိုးမိုးဖို့အတွက် အားနည်းချက်တွေ ရှိတာပေါ့။ ဥပမာ အမှုကြန့်ကြာတာတွေ ရှိမယ်။ နောက်တခါ ဥပဒေနဲ့အညီ ဆောင်ရွက်ဖို့ ကိစ္စတွေရှိမယ်။ ဥပေဒနဲ့အညီမှာ ပြစ်မှုဆိုင်ရာဥပဒေတွ ရှိမယ်၊ သက်သေခံဥပဒေ ရှိတယ်၊ ပြစ်မှုကျင့်ထုံးဥပဒေ၊ တရားမကျင့်ထုံးဥပဒေရှိတယ်၊ တရားရုံးများလက်စွဲရှိတယ်၊ စသဖြင့် တရားစီရင်ရေးနဲ့ဆိုင်တဲ့ တည်ဆဲဥပဒေတွေနဲ့အညီ အဲဒီ အင်္ဂါရပ်တွေနဲ့ သက်ဆိုင်ရာ တရားစီရင်ရေးနယ်ပယ်မှာပါတဲ့ ပုဂ္ဂိုလ်တွေက အဲဒီ ဥပေဒပါအင်္ဂါရပ်တွေအတိုင်း ဆောင်ရွက်ဖို့ လိုအပ်တာတွေလည်း တွေ့တာပေါ့။ နောက်တခါ သက်သေတွကလည်း မှန်မှန်ကန်ကန်ထွက်ဆိုဖို့ကို အားတုံ့အားနာ၊ ကြောက်ရွံ့စိုးရိမ်တာတို့နဲ့ မှန်မှန်ကန်ကန်ထွက်ဖို့ ဝန်လေးကြတာပေါ့။ လာဘ်ပေးလာဘ်ယူကိစ္စ၊ အမှုပွဲစားတွေနဲ့ ဆောင်ရွက်နေတဲ့ ကိစ္စပေါ့ စသဖြင့် အများကြီးပဲ ဥပဒေစိုးမိုးရေးနဲ့ ပတ်သက်လို့။ အဲဒါတွေ တွေ့ရှိချက်တွေ အကုန်တင်ပါတယ်။”
တရားဥပဒေစိုးမိုးရေးကော်မတီကို နိုင်ငံအနှံ့ တိုင်တန်းချက်တွေထဲက အမှုပေါင်း ၃၀ဝ ကျော်ကို ဖြေရှင်းပေးခဲ့ပြီး ဖြေရှင်းဖို့ တိုင်စာ ၁၄၀ဝ နီးပါး ကျန်နေသေးတယ်လို့ ဦးဝင်းမြင့်က ပြောပါတယ်။
တရားဥပဒေစိုးမိုးရေး ကော်မတီမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၁၅ ဦး ပါဝင်ပေမယ့် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက ပါတီညီလာခံ ကျင်းပနေတဲ့အတွက် ကြံ့ခိုင်ရေး အမတ် ၇ ဦး မတတ်ရောက်နိုင်ဘူးလို့ ဦးဝင်းမြင့်က ပြောပါတယ်။
by မင်းလွင်

No comments:
Post a Comment