Friday, October 19, 2012

နေပြည်တော်၊ Air Force One ၊Aircraft Carrier နှစ်စင်း နှင့် သမိုင်းဝင်မည့် နေ့စွဲများ


နေပြည်တော်၊ Air Force One ၊Aircraft Carrier နှစ်စင်း နှင့် သမိုင်းဝင်မည့် နေ့စွဲများ 


ရွှေဟင်္သာသတင်းဌာန. ၁၉ရက်နေ့ အောက်တိုဘာ ၂၀၁၂  —  ပြီးခဲ့သည့် ရက်သတ္တပါတ် နှစ်ပါတ်ခန့် အတွင်းက အမေရိကန်ရေတပ်မှ USS George Washington နှင့် USS John C.Stennis လေယာဉ်တင် သင်္ဘောနှစ်စင်း သည် အကြောင်း တိုက်ဆိုင်စွာပင် အရှေ့တောင် အာရှဒေသရှိ မလေးရှားနိုင်ငံ Port Klang ဆိပ်ကမ်း နှင့် ထိုင်းနိုင်ငံ Phuket ဆိပ်ကမ်းသို့ အသီးသီး ရောက်ရှိ လာခဲ့ကြသည်။ ယင်း၏ နောက်ဆက်တွဲ သတင်း တစ်ခု အဖြစ် ဖော်ပြပါ လေယာဉ်တင် သင်္ဘော နှစ်စင်းသည် (၁၃-၁၀-၂၀၁၂) ရက်နေ့တွင် မြန်မာ့ရေပြင် ပိုင်နက် အနီး Andaman ကျွန်းနှင့် Nicobar ကျွန်း တစ်ဝိုက် ပင်လယ်ပြင် တွင် စစ်ရေး လေ့ကျင့်လျက် ရှိကြောင်း ၄င်းတို့၏ facebook စာမျက်နှာများတွင် ဓါတ်ပုံများ နှင့် ဝေေ၀ဆာ ဆာ ဖော်ပြ ထားသည် ကိုလည်း တွေ့ရပြန်သည်။

ထို့ပြင် ဘင်္ဂလားဒေ့ရှ်၏ BD News Internet စာမျက်နှာတွင် အမေရိကန် စစ်ရေယာဉ် နှစ်စင်း နှင့် ဘင်္ဂလားဒေ့ရှ် စစ်ရေယာဉ်များ ဘင်္ဂလား ပင်လယ်အော် အတွင်း ပူးတွဲ စစ်ရေး လေ့ကျင့်ခန်းများ ဆောင်ရွက်နေကြောင်း ဖော်ပြထား ပါသည်။ ဤသတင်းများ အရ ဆိုပါက ယခုရက်ပိုင်းအတွင်း အမေရိကန် လေယာဉ်တင်သင်္ဘောအုပ်စု ခန့်မှန်း အရေ အတွက် စစ်ရေယာဉ် (၁၅) စီး ကျော်ခန့်သည် မြန်မာ့ ရေပိုင်နက် အနီး Andaman Sea ထဲတွင် ရောက်ရှိ နေကြောင်း တွေ့ရသည်။
တစ်ချိန်တည်း မှာပင် ယခုကာလ တိုရက်ပိုင်း အတွင်း မြန်မာနှင့် အမေရိကန်တို့သည် သံတမန်ရေးရာ အပါအဝင် ကဏ္ဍ အချို့၌ နီးနီး ကပ်ကပ် ကူးလူး ဆက်ဆံမှု များကို ထင်ထင် ရှားရှား တွေ့နေရသည်။ ထင်ရှားမှု တစ်ခုသည် လူ့အခွင့်အရေး ဆွေးနွေးပွဲ ခေါင်းစဉ်ဖြင့် အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး Michael Posner ဦးဆောင်သော အဖွဲ့သည် ယခု အပတ်အတွင်း မြန်မာနိုင်ငံသို့ ရောက်ရှိ ခဲ့ကြောင်း၊ ၎င်းနှင့်အတူ အရှေ့အာရှရေးရာ အမေရိကန် ဒုလက်ထောက် ကာကွယ်ရေး ၀န်ကြီး Vikoom Singn၊ အမေရိကန် စစ်တပ်၏ ပစိဖိတ်ဒေသ ဆိုင်ရာ အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး Froncu Wier Cinski တို့အပြင် သမ္မတ အိမ်ဖြူတော်နှင့် ဒုသမ္မတ ရုံးမှ အကြီးတန်း အရာရှိများ၊ အမျိုးသား လုံခြုံရေးဌာန နှင့် အမိ မြေလုံခြုံရေး ဌာနမှ တာဝန် ရှိသူများ လိုက်ပါ လာသည်ကို ထူးထူး ခြားခြား သတိပြု မိပါသည်။
တစ်ဖက်တွင်လည်း သမ္မတ ဦးသိန်းစိန်မှ အမေရိကန်နိုင်ငံသို့ ရောက်ရှိခဲ့စဉ် အမေရိကန် သမ္မတ အိုဘားမားအား မြန်မာနိုင်ငံသို့ လာရောက်ရန် ဖိတ်ကြား ခဲ့ကြောင်း၊သမ္မတ အိုဘားမားမှလည်း ပထမ သက်တမ်း မကုန်ခင် လာရောက် လည်ပတ် မည်ဟု ဆိုထားကြောင်း၊ သမ္မတ အိုဘားမား၏ မဲဆွယ် Speech များတွင် မြန်မာနှင့် အမေရိကန်ကြား နိုင်ငံရေးဆက်ဆံမူ ပုံစံသစ်ကြောင့် ရလာဒ်ကောင်းများ ရရှိသည်ဟု ခေါင်းစဉ် တစ်ခု အဖြစ် ပြောဆိုဆွေးနွေးလျက် ရှိကြောင်း၊ မြန်မာ့ အရေးသည် အမျိုးမျိုးသော အကြောင်း အချက်များကြောင့် အမေရိကန်တို့၏ နိုင်ငံရေး Agenda တွင် ရှေ့တန်းမှ ပါဝင်လျက် ရှိကြောင်း စသည့် အခြေအနေများ ကိုလည်း ကြားသိနေရပါသည်။ ၎င်းအပြင် ယခုလ (၁၆) ရက်နေ့က ပြုလုပ်သည့် အမေရိကန် သမ္မတလောင်း စကားစစ်ထိုးပွဲတွင် လက်ရှိသမ္မတ အိုဘားမားက ပြိုင်ဖက် သမ္မတလောင်း ရွန်နီကို ၄၆%၊ ၃၉%နှင့် အသားစီး ရယူနိုင်ခဲ့ခြင်းကြောင့် ၎င်းအနေဖြင့် ကာလတို တစ်ခုအတွင်း စိတ်အေးလက်အေး ခရီးသွားနိုင်မည့် အနေ အထားဟု ခန့်မှန်းရသည်။ ထို့ကြောင့် မိမိတို့မြန်မာ နိုင်ငံတော်၏ အစိုးရသစ်၊ နိုင်ငံရေး စနစ်သစ် အခါသမယတွင် နေပြည်တော်မြို့တော် သစ်ကြီး၏ အပြည်ပြည် ဆိုင်ရာ လေဆိပ်သစ်၌ မကြာမီ ကာလတို အတွင်း အမေရိကန်တို့၏ Air Force One လေယာဉ်ကို တွေ့မြင် ရဖွယ် ရှိကြောင်း နှင့် အရှေ့တောင် အာရှနိုင်ငံ အချို့သို့လည်း သွားရောက်ဖွယ် ရှိကြောင်း တင်ပြ လိုက်ရပါသည်။
မောင်ဝါဆို

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။