ရခိုင်ပြည် ဖွံ့ဖြိုးရေးအတွက် အိန္ဒိယ အလေးပေးသင့်ဟု RNDP ပြော
မြန်မာနိုင်ငံ ပြည်နယ်နှင့်တိုင်း ၁၄ ခုအနက် ဒုတိယ အဆင်းရဲဆုံး ဖြစ်သည့် ရခိုင်ပြည်နယ် အတွက် ကုလားတန် ဘက်စုံစီမံကိန်းအား ဆောင်ရွက်နေသည့် အိန္ဒိယနိုင်ငံအနေနှင့် ဒေသဖွံ့ဖြိုးရေးအတွက်လည်း အလေးပေးသင့်
ကြောင်း RNDP ခေါင်းဆောင် တဦးဖြစ်သူ ဦးခိုင်ကျော်လှ က ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“သူတို့က တတ်နိုင်တဲ့ဘက်က ဒေသဖွံ့ဖြိုးရေးအတွက် တတ်အားသရွှေ့ ကူညီဖို့ ကောင်းတယ်။ အခုထိတော့ အိန္ဒိယက ရခိုင်ပြည်နယ်အပေါ် ပြောပြလောက်အောင် ကူညီမှု မရှိသေးပါဘူး။ ဒီလိုစီမံကိန်းတွေ လုပ်တဲ့အခါမှာ သူတို့လည်း အကျိုးရှိစေရမယ်။ နိုင်ငံတော်ကလည်း အကျိုးရှိဖို့လိုတယ်။ ဒေသခံပြည်သူကိုလည်း ဂရုစိုက်ဖို့လိုတယ်” ဟု မဇ္ဈိမကို ပြောသည်။
သြဂုတ်လ ၂၉ ရက်နေ့က စစ်တွေမြို့သို့ သွားရောက်ခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး ဒေါက်တာ
ဆေရှာသရီ H.E. Dr. V.S. Seshatri သည် ကုလားတန် စီမံကိန်း လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုခဲ့ပြီး နယ်စပ်ရေးရာ ပြည်ထောင်စု ဝန်ကြီး အပါအဝင် ပြည်နယ်အစိုးရနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း ရခိုင်ပြည်နယ်တွင် လွှတ်တော်ကိုယ်စားလှယ် ၃၅ နေရာ ရရှိထားသည့် ဒေသခံ RNDP ပါတီကိုမူ တွေ့ဆုံခဲ့ခြင်း မရှိကြောင်း သိရသည်။
ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းများအား သွားရောက်ကြည့်ရှုခဲ့သည့် သံအမတ်ကြီး ဆေရှာသရီ သည် ဒုက္ခသည်များ ပြန်လည်နေရာချထားရေးအတွက် အိန္ဒိယနိုင်ငံမှ ဒေါ်လာ နှစ်သိန်း ပေးအပ်လှူဒါန်းသွားခဲ့သည်။
၂ဝ၁၃ ခုနှစ်တွင် အပြီးသတ်ရန်ရှိသည့် ဒေါ်လာ သန်းပေါင်း ၁၂ဝ ကျော်ခန့် ကုန်ကျမည့် ကုလားတန်စီမံကိန်းအား
ကောင်းမွန်သည့်လဏ္ခာတရပ်အဖြစ် RNDP က ရှုမြင်ထားသော်လည်း စီမံကိန်း လုပ်သားများတွင် ဒေသခံ ရခိုင်နှင့် ဗမာအလုပ်သမား ပိုမိုများထက် အိန္ဒိယလုပ်သားများက လစာပိုများကြောင်း ထောက်ပြပြောဆိုသည်။
“အလုပ်သမား အရေအတွက်ကတော့ ဒီဘက်က အလုပ်သမား များတယ်။ အလုပ်သမားတွေအတွက် အခက်အခဲတွေ ရှိတာပေါ့။ ဟိုတလောကဆို လစာနည်းလို့ ဆန္ဒပြတယ်” ဟု ဦးခိုင်ကျော်လှ က ဆိုသည်။
ကုလားတန် ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်းသည် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှတဆင့် ကုန်စည်များကို နိုင်ငံတကာသို့ တင်ပို့နိုင်ရန် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်သည်။
ထိုစီမံကိန်းသည် ကုလားတန်မြစ်ကို တူးချဲ့ကာ စစ်တွေမှ ပလက်ဝသို့ ပင်လယ်ကူး သင်္ဘောများ ဝင်ရောက်မည်ဖြစ်ပြီး ပလက်ဝမှ ချင်းပြည်နယ်ကို ဖြတ်ကာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ ကားလမ်းဖြင့် ဆက်သွယ်ရန် ဆောင်ရွက်နေ
ခြင်း ဖြစ်သည်။
၂ဝဝ၉ ခုနှစ်မှ စတင်ကာ အိန္ဒိယက အကောင်အထည်ဖော်နေသည့် ထိုစီမံကိန်းသည် သစ်တောဧရိယာ ၁၉၆.၇၅ ကတ်တာ ခုတ်ထွင်ရှင်းလင်းရမည်ဖြစ်ပြီး ထောင်ချီသည့် ဒေသခံများ၏ အိမ်ယာများ စွန့်လွှတ်ကြရမည်ဟု အိန္ဒိယ အမတ် အချို့က အိန္ဒိယဝန်ကြီးချုပ်အား အသိပေး ပြောဆိုထားခဲ့ဖူးသည်။
အိန္ဒိယနှင့် မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှု ပမာဏသည် ၁၉၈ဝ-၈၁ ခုနှစ်က ဒေါ်လာ ၁၂ သန်းကျော်သာ ရှိခဲ့ရာမှ လက်ရှိတွင် ဒေါ်လာသန်းပေါင်း ၁,၅ဝဝ ခန့် ရှိနေပြီး ၂ဝ၁၅ ခုနှစ်တွင် ဒေါ်လာ သန်းပေါင်း ၃,ဝဝဝ အထိ ရောက်ရှိရန် ရည်ရွယ်ထားကြသည်။
No comments:
Post a Comment