အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr. Joseph Yun ဦးဆောင်သောအဖွဲ့ စစ်တွေသို့ရောက်ရှိကာ ပြည်နယ်အစိုးရအဖွဲ့နှင့် တွေ့ဆုံ လူသားချင်း စာနာထောက်ထားရေး အကူအညီများ ပေးအပ်ရန်နှင့် တိကျမှန်ကန်သော သတင်းအချက်အလက်များကို စုဆောင်းခြင်းဖြစ်ကြောင်း သိရှိရ
အမေရိကန်လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr. Joseph Yun ဦးဆောင်သောအဖွဲ့ စစ်တွေသို့ရောက်ရှိကာ ပြည်နယ်အစိုးရအဖွဲ့နှင့် တွေ့ဆုံ လူသားချင်း စာနာထောက်ထားရေး အကူအညီများ ပေးအပ်ရန်နှင့် တိကျမှန်ကန်သော သတင်းအချက်အလက်များကို စုဆောင်းခြင်းဖြစ်ကြောင်း သိရှိရ |
Sunday, 09 September 2012 12:05 |
အဆိုပါအဖွဲ့တွင် Mr. Joseph Yun နှင့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell အပါအ၀င် ၁၁ ဦးပါဝင်ပြီး မြန်မာနိုင်ငံဘက်မှ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေး ဦးဆောင်သော အဖွဲ့ဝင် ၇ ဦးတို့ ပါဝင်ကြောင်းလည်း သိရှိရပါသည်။ ရှေးဦးစွာ စစ်တွေဟိုတယ်သို့ သွားရောက်ခဲ့ပြီး ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် နေရာများအား မြေပုံနှင့်တကွ ရှင်းလင်းဖြေကြားခဲ့သည်။ ထို့နောက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး ပြည်နယ် အစိုးရအဖွဲ့နှင့် တွေ့ဆုံကာ ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့သော ဖြစ်စဉ်တစ်လျှောက် အဖြစ်အပျက်များကို ဓါတ်ပုံမှတ်တမ်း များနှင့်တကွ ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးက ရှင်းလင်းတင်ပြခဲ့သည်။ ထို့သို့ရှင်းလင်းရာတွင် လက်ရှိတွင် ပြည်ထောင်စု အစိုးရနှင့် ပြည်နယ်အစိုးရ အနေဖြင့် ဆောင်ရွက်ထားရှိမှုများ၊ မီးလောင်ခံရသော မြေနေရာများနှင့် ဆောက်လုပ်ထားသော အဆောက်အဦများ အခြေအနေ၊ လက်ရှိ ဒုက္ခသည်များ နေထိုင်စားသောက်မှု အခြေအနေများနှင့် နောက်နောင် ပြုလုပ်သွားမည့် အခြေအနေများနှင့် လိုအပ်ချက်များ၊ ရေတိုစီမံကိန်းများနှင့် ရေရှည်စီမံကိန်းများ လုပ်ဆောင်ရမည့် အခြေအနေများအပြင် ဖြစ်ခဲ့ပြီးသော ကိစ္စရပ်များကိုလည်း ရှင်းလင်းတင်ပြခဲ့ကြောင်း သိရှိရပါသည်။ အလားတူ ရခိုင်ပြည်နယ် အရေးအခင်းတွင် ဖမ်းဆီးခံထားရမှု၊ ထိန်းသိမ်းထားမှုနှင့် မီးလောင်ပျက်စီးမှုများကိုလည်း ပြောကြားခဲ့ကြောင်း သိရသည်။ ထို့နောက် ရခိုင်တိုင်းရင်းသားများ ကယ်ဆယ်ရေး စခန်းဖြစ်သည့် ရွှေစေတီ ကယ်ဆယ်ရေးစခန်းသို့ သွားရောက်ခဲ့ရာတွင် အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr.Joseph Yun က နောက်နောင် ဘင်္ဂါလီများနှင့် ယခင်ကကဲ့သို့ နေထိုင်လိုခြင်းရှိ၊ မရှိနှင့် မည်သည့်အတွက်ကြောင့် ထိုသို့ခံစားရသည်များကို ကယ်ဆယ်ရေး စခန်းသို့ ရောက်ရှိနေကြသော တိုင်းရင်းသား အမျိုးသမီးများအား မေးမြန်းခဲ့သည်။ ထိုသို့မေးမြန်းခြင်းအား "ကျွန်မတို့က သူတို့ကို ဘာမှမလုပ်ခဲ့ဘူး။ အခုတော့ သူတို့ကိုယ်တိုင် ရခိုင်တွေကို စတင်တိုက်ခိုက်ပြီး ရန်ရှာတယ်။ ဒါကြောင့် ဘယ်လိုမှ အတူနေလို့ဖြစ်မှာ မဟုတ်ဘူး"ဟု ဖြေကြားခဲ့ကြကြောင်းနှင့် အခြားသော မေးခွန်းများစွာကိုလည်း ဖြေကြားခဲ့ကြောင်းသိရသည်။ ထို့နောက် ဘင်္ဂါလီများနှင့် ပတ်သက်ပြီး အတူတကွ ပြန်လည်နေထိုင်ခြင်း ရှိမရှိနှင့် မည်သည့်အတွက်ကြောင့် ဖြစ်ခဲ့ရသည်များကို ရွှေစေတီ ဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဦးအာရိယဝံသနှင့် တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း၊ ယင်းနှင့်ပတ်သက်ပြီး ဆရာတော်က "ဦးဇင်းတို့ ရခိုင်တွေဟာ ဗုဒ္ဓဘာသာဆိုတော့ မေတ္တာတရားတွေ ရှိပါတယ်။ ဘာလူမျိုး ဘာ ဘာသာနဲ့ဘဲ ဖြစ်ဖြစ် အတူတကွ နေထိုင်ခဲ့တယ်။ ဒါပေမယ့် ဒီဘင်္ဂါလီ တစ်မျိုးတည်းနဲ့ပဲ ပြဿနာဖြစ်ရတယ်။ ဒီလိုဖြစ်ရတာကလည်း လူဦးရေ တိုးပွားမှု များပြားလာခြင်းကြောင့် ဖြစ်သလို လူဦးရေ တိုးပွားလာသလောက် သူတို့မှာ မြေမရှိဘူး ဖြစ်နေတယ်။ ၁၉၄၂ ခုနှစ်ထဲမှာဆိုရင် မောင်တောနယ်မှာ ရခိုင်တွေပိုင်တဲ့ လယ်မြေတွေပါ။ အခုဆို သူတို့လက်ထဲ ရောက်သွားတယ်ဆိုတာကို မောင်တောမြေစာရင်းမှာ ကြည့်ရင်သိနိုင်ပါတယ်။ ဘင်္ဂါလီမှာလည်း နှစ်ပိုင်းခွဲလို့ရတယ်။ မြန်မာနိုင်ငံရဲ့ ဥပဒေနဲ့ ယဉ်ကျေးမှုကို လိုက်နာနိုင်တဲ့ သူတွေရှိသလို လိုက်နာမှုမရှိတဲ့ သူတွေလည်းရှိတယ်။ ဒါပေမယ့် အများအားဖြင့်တော့ လိုက်နာမှုမရှိတဲ့ဘင်္ဂါလီတွေ ရှိနေတဲ့အတွက် အခုလိုဖြစ်ရတာ ဖြစ်တယ်။ ဗလီဆရာတွေနဲ့လည်း အရင်တုန်းကတော့ ရင်းနီးမှု တည်ဆောက်လို့ ရပါတယ်၊ ဒါပေမယ့် သူတို့က ရခိုင်တွေကို ရန်လိုမုန်းတီးမှုတွေ ရှိနေတယ်။ အခုမေးတဲ့ ပြည်ထောင်စုအစိုးရနဲ့ တပ်မတော် အစိုးရအကြား ကွာခြားချက် ဘာရှိသလဲဆိုရင် ဘာမှ မရှိဘူး။ သူတို့ကြောင့် ဖြစ်တာမဟုတ်ဘူး။ အဓိကတော့ အစွန်းရောက် ဘင်္ဂါလီတွေက မောင်တောကို သိမ်းဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖြစ်လာတဲ့ ပြဿနာလို့ မြင်ပါတယ်။ သူတို့ဟာ ခြောက်ကြိမ်တိုင်တိုင် ဒီလိုလုပ်ခဲ့ပြီးဖြစ်တယ်"ဟု မေးခွန်းတစ်ခုချင်းစီအလိုက် ဖြေကြားခဲ့ကြောင်းလည်း သိရှိရပါသည်။ ထို့အခါတွင် သံအမတ်ကြီးက ရခိုင်နှင့် ဘင်္ဂါလီများ၏ ဆက်ဆံရေးမှာ ယခုထက်ပိုပြီး တိုးတက်ကောင်းမွန် လာနိုင်ခြေရှိကြောင်းနှင့် မျှော်လင့်ထားကြောင်းလည်း ပြောကြားသွားခဲ့ပါသည်။ ထိုမှတစ်ဆင့် မီးလောင်ပြင်များအား ကြည့်ရှုခြင်းများနှင့် မင်းဂံဒုက္ခသည်စခန်း၊ သက်ကယ်ပြင် ဘင်္ဂါလီဒုက္ခသည် စခန်းများနှင့် ဘောဒူဘ ဘင်္ဂါလီ ဒုက္ခသည် စခန်းများသို့ သွားရောက်ကာ ဒုက္ခသည်များနှင့် တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်းလည်း သိရှိရပါသည်။ ထို့သို့ တွေ့ဆုံမေးမြန်း ရာတွင် ရခိုင်တိုင်းရင်းသားများအား မေးသကဲ့သို့ အတူတကွ ပူးပေါင်းနေထိုင်ရေးနှင့် ပြဿနာဖြစ်ရခြင်း အကြောင်းများ၊ နောက်နောင်မည်သို့ ဆောင်ရွက်လျှင် အဆင်ပြေနိုင်သည့် အကြောင်းအရင်းများ ရှိ မရှိနှင့် ပူးပေါင်းရန်ဆန္ဒ ရှိမရှိများကိုလည်း မေးမြန်းခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါ အဖွဲ့သည် နိုင်ငံတကာ မီဒီယာများအနေဖြင့် မပြည့်စုံသော သတင်းများကို ဖော်ပြခဲ့မှုပေါ် ပြည့်စုံသော သတင်းများအား ရရှိရန် ရခိုင်ပြည်နယ်သို့ လာရောက်ခြင်း ဖြစ်ကြောင်းလည်း သိရှိရပါသည်။ |
No comments:
Post a Comment