Sunday, September 9, 2012

ဒုက္ခသည်အတွက် ရှာသည့်ရန်ပုံငွေ မကွေးခရိုင်အုပ်ချုပ်ရေးမှူး ကြားဖြတ်တောင်းခံ


ဒုက္ခသည်အတွက် ရှာသည့်ရန်ပုံငွေ မကွေးခရိုင်အုပ်ချုပ်ရေးမှူး ကြားဖြတ်တောင်းခံ 

DVB News, 7 September 2012  —–  ဒုက္ခရောက်သူတွေအတွက် အကူအညီပေးရအောင် နယ်လှည့်ဖျော်ဖြေရှာဖွေတဲ့ အနုပညာရှင် ဦးရဲလွင်တို့အဖွဲ့ရဲ့ ကောက်ခံရငွေတွေကို သူတို့ထံ လွှဲပြောင်းပေးဖို့ မကွေးမြို့ အုပ်ချုပ်ရေးအာဏာပိုင်က တောင်းခံပါတယ်။
ဦးရဲလွင်တို့အဖွဲ့ဟာ “လွတ်လပ်ငြိမ်းချမ်းပန်းရဲ့လမ်း” ဖျော်ဖြေပွဲကို မကွေးတိုင်းမှာ ချောက်၊ ရေနံချောင်းမြို့တွေမှာ ဖျော်ဖြေရန်ပုံငွေရှာခဲ့သလို ဒီနေ့ မကွေးမြို့မှာ လှည့်လည်သီဆို ရန်ပုံငွေရှာတာ ဖြစ်ပါတယ်။
နေ့ခင်းထမင်းစားချိန်မှာ ခရိုင်အုပ်ချုပ်ရေးမှူးက တွေ့ဆုံပြီး သူတို့ ကောက်ခံစုဆောင်း ရသမျှကို လွှဲပြောင်းပေးအပ်ဖို့ တောင်းဆိုတယ်လို့ တွေ့ဆုံခဲ့တဲ့ အဖွဲ့သားတဦးဖြစ်တဲ့ ကိုသားထွေးက ပြောပါတယ်။
“ချောက်နဲ့ ရေနံချောင်းဟာ သူတို့ တိုင်းထဲမှာ လုပ်တဲ့အတွက် ခရိုင်အုပ်ချုပ်ရေးမှူးက သူတို့ကို လှူခဲ့ပါလို့ ကျနော်တို့ကို ပြောတယ်။ သူတို့က ပိုက်ဆံစာရင်းတွေဘာတွေ မယုံကြည်တဲ့သဘော ပြောတယ်ဗျ။ သူတို့ကနေ ပူးပေါင်းပြီး လှူမယ်၊ တဆင့်လှူမယ်တို့ ဘာတို့ပေါ့ နည်းမျိုးစုံနဲ့ပေါ့။ အဲဒီလိုပြောတယ်။ ကျနော်တို့ကတော့ ကိုယ့်ဘာသာ သွားလှူမယ်လို့ တကယ်လို့ ဒီမှာ မလှူခဲ့ရင် ကျနော်တို့ကို ဘာလုပ်မလဲလို့ မေးလိုက်တော့ အထက်ကတော့ ဘာလုပ်ရမယ်လို့ မညွှန်ကြားထားဘူးတဲ့။ ကျနော်တို့လည်း တခါမှ မကြုံဖူးဘူး။ သူတို့ကလည်း ပြောထွက်တယ်ဆိုပြီး ကျနော်တို့က အံ့ဩနေတာ။ ကျနော်က ရှင်းပြတယ်။ လူကိုယ်တိုင်သွားလှူနေတာလို့။”
သူတို့အဖွဲ့ဟာ ရေနံချောင်းမှာ သိန်း ၂၀၊ ချောက်မှာ သိန်း ၂၀၊ မကွေးမှာ ၁၀ သိန်းခန့် ရပြီးဖြစ်တဲ့အကြောင်းနဲ့ နေပူမိုးရွာမရှောင် ဒုက္ခသည်တွေအတွက် ရှာထားတဲ့ငွေကို မလှူထားခဲ့နိုင်ဘူးဆိုတာ ပြန်ရှင်းပြခဲ့တယ်လို့ ကိုသားထွေးက ပြောပါတယ်။
အရင်မြို့တွေတုန်းက ငွေမတောင်းပေမယ့် တခြားအကြောင်းအရာတွေနဲ့ သူတို့ကို အာဏာပိုင်တွေက အထက်ကခိုင်းတဲ့ ဝတ္တရားအရဆိုပြီး ခေါ်ယူမေးမြန်းလေ့ရှိတယ်လို့ ကိုသားထွေးက ရှင်းပြပါတယ်။
သူတို့အဖွဲ့ဟာ အသက် ၅၀ ကျော်၊ ၆၀ တန်းတွေ ဖြစ်ပြီး လွန်ခဲ့တဲ့ ၄၊ ၅ လကတည်းက နယ်လှည့်ပြီး လက်ဖက်ရည်ဆိုင် စားသောက်ဆိုင်တွေမှာ ချိန်းဆို တီးခတ်အလှူခံပြီး ဒုက္ခရောက်သူတွေ လက်ထဲကို ကိုယ်တိုင်ကိုယ်ကျ လှူဒါန်းနေကြတာ ဖြစ်ပါတယ်။
by အေးနိုင်

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။