အိမ်မှာ ဒုက္ခသည်စခန်းဖွင့်လိုက်တဲ့ ပုသိမ်သူ:
သန့်စင်ငြိမ်းချမ်း ~
တခြား စခန်းတွေဟာ ဓမ္မာရုံတွေ ဘုန်းကြီးကျောင်းတွေမှာ ဖြစ်ပေမယ့် ဒီစခန်းကတော့ ပုသိမ်မြို့ရဲ့ တခုတည်းသော လူနေအိမ် ဒုက္ခသည်စခန်းပါ။
ဘာလို့ “ဒေါ်သန်းဌေး ရေဘေးကယ်ဆယ်ရေးစခန်း” လို့ နာမည်ပေးထားလဲဆိုတော့ အမှတ် (၈) ရပ်ကွက် ဧရာမင်းဈေးနားက ဒေါ်သန်းဌေးက သူပိုင်တဲ့နေအိမ် ၂ ခုစလုံးကို ဒုက္ခသည်စခန်းအဖြစ် ဖွင့်လှစ်ပြီး ရေဘေး ဒုက္ခသည်တွေကို စောင့်ရှောက်ထားလို့ပါပဲ။
ဒုက္ခသည်စခန်း တစ်ခုဖွင့်ထားတဲ့ ပျဉ်ထောင်သွပ်မိုး တစ်ထပ်အိမ်ဟာ ဒီနှစ်ဆန်းပိုင်းကမှ ဆောက်ထားခဲ့တာကြောင့် လူမနေရသေးတဲ့ အိမ်အသစ်ဖြစ်ပြီး အိမ်ခန်းငှားစားဖို့အတွက် အထဲမှာ အခန်း ၃ ခန်း ကန့်ထားတာ တွေ့ရပါတယ်။
“ရေတွေတက်လာတော့ လူတွေက နေစရာ မရှိတော့ဘူး။ အိမ်တွေထားခဲ့ပြီး ပြေးတက်လာကြပြီ။ သူတို့ (ဒုက္ခသည်တွေ) က ဒီအိမ်မှာ နေပါရစေလို့ လာပြောတဲ့အချိန်မှာ အန်တီက မြို့ထဲက ဆိုင်မှာ ရောက်နေတယ်။ အဲဒါနဲ့ ဒီကို ချက်ခြင်းလိုက်လာ အိမ်တံခါးသော့ ဖွင့်ပေးပြီး ဒုက္ခသည်တိုင်းကို အန်တီ့အိမ်က ဆန် ၂ ပြည်ဆီ အလကား ဝေပစ်လိုက်တယ်။ ချက်ခြင်း သူတို့ ချက်စားတယ်။ သူတို့က ၀၀လင်လင် မစားရတာ ၁၀ ရက်လောက် ရှိနေပြီလေ” လို့ ဒေါ်သန်းဌေးက ပြောပါတယ်။
တဖြည်းဖြည်း ဒုက္ခသည်တွေများလာတော့ ညအိပ်ချိန်မှာ နေရာကြပ်တဲ့အတွက် ဒေါ်သန်းဌေးဟာ သူမရဲ့ မိသားစုနေအိမ် (RC နှစ်ထပ်တိုက်) ထဲကိုပါ ဒုက္ခသည်တွေကို ခေါ်သိပ်ခဲ့ပါတယ်။
“အန်တီ့အိမ်မှာ လူတွေ အများကြီးနေလို့ အိမ်ပျက်စီးမှာ မပျက်စီးမှာကို ခေါင်းထဲကို မထည့်ဘူး။ ဒီကုသိုလ်မျိုး ကိုယ်လိုချင်တိုင်း မရဘူး။ ဒီအိမ်ကြီး ပျက်စီးသွားလည်း အရေးမကြီးဘူး။ အဓိကက သူတို့ (ဒုက္ခသည်တွေ) အဆင်ပြေရင် ကျေနပ်ပြီ“ လို့ ဒေါ်သန်းဌေးက ပြောပါတယ်။
တဖက်မှာလည်း အလှူရှင်တွေ မလာမီစပ်ကြား ဒုက္ခသည်တွေကို သူမကပဲ ဒိုင်ခံ ချက်ကျွေးနေပြီး နောက်ပိုင်း ကူညီထောက်ပံ့မှုတွေ ရလာတဲ့အခါမှာလည်း မနက် ည တနပ်မှ မငတ်ရအောင် စီမံခန့်ခွဲပေးခဲ့တယ်လို့ အဲဒီ ရပ်ကွက်ထဲကလူတွေက ပြောပါတယ်။
“ဒီကိုလာတဲ့ တချို့လူတွေမှာ ဖျာ မပါလာဘူး။ စောင်၊ ခြင်ထောင်၊ ခေါင်းအုံး ပါမလာဘူး။ အန်တီ့အိမ်က ဖျာ၊စောင်၊ခေါင်းအုံး ချပေးလိုက်တယ်။ အိမ်မှာ ရှိသမျှတွေ အကုန် ချပေးလိုက်တယ်” လို့ ဒေါ်သန်းဌေးက ပြောပါတယ်။
ပုသိမ်မြို့ထဲမှာ လက်ဖက်ရည်ဆိုင်ဖွင့်ထားတဲ့ ဒေါ်သန်းဌေးဟာ နေအိမ်မှာ ဒုက္ခသည်စခန်း ဖွင့်ထားလို့ အခုချိန်မှာ စီးပွားရေးကို ခေါင်းထဲက လုံးဝ ထုတ်ထားကြောင်း ဆက်ပြောပြပါတယ်။
“ရေကျသွားရင် ကိုယ့်အိမ်ကို ကိုယ်ပြန်ကြ။ ရေပြန်မြုပ်တယ်နော် - ဒီကို အချိန်မရွေး တက်လာကြ။ သူတို့တွေကို အဲ့လို ပြောထားတယ်။ ပြန်တက်လာလို့ ပံ့ပိုးမှုတွေ မရှိလည်း ဇယားမရှိဘူး။ ကိုယ့်စားရိတ်နဲ့ကိုယ် သူတို့ကို ချက်ကျွေးမယ်” ဆိုပြီး သူစိတ်ကူးထားတဲ့ အစီအစဉ်တွေကို ကျနော့်ကို ပြောပြနေပါတယ်။
အဲဒီမှာ ချက်ခြင်းပဲ“ဘယ်လောက်ပေးပေး မရောင်းဘူး။ လုံးဝ မရောင်းဘူး။ ဒုက္ခသည်တွေကို လက်ခံဖို့ပဲ သီးသန့် ထားမယ်” ဆိုပြီး ကိုယ်ပိုင်အိမ်ကို ရက်ရက်ရောရော ဒုက္ခသည် စခန်းဖွင့်ပစ်တဲ့ အမျိုးသမီးကြီးက မဆိုင်းမတွ ပြန်ဖြေခဲ့ပါတယ်။
No comments:
Post a Comment