၂၀၁၂ ဥရောပစူပါဖလား
အင်အား အားကစားဂျာနယ် . ၃၀ရက်နေ့ သြဂုတ်၂၀၁၂ —-
ချဲလ်ဆီး - အက်သလက်တီကို( စက်တင်ဘာ – ၁ရက်နေ့ စနေ့… နံနက် — စိန့်လူးဝစ် )
လာမယ့် သြဂုတ် ၃၁ရက်နေ့မှာ ဥရောပဘောလုံးလောကရဲ့ ချန်ပီယံအသင်းကို ရွေးထုတ်မယ့် ဥရောပစုပါဖလားပြိုင်ပွဲကို ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ ဥရောပဒေသအတွင်း အဆင့်မြင့်ဆုံးပြိုင်ပွဲနှစ်ရပ်ဖြစ်တဲ့ ချန်ပီယံလိဂ် ချန်ပီယံအသင်းနဲ့ ယူရိုပါလိဂ်ချန်ပီယံအသင်းတို့ တွေ့ဆုံယှဉ်ပြိုင်စေတဲ့ပွဲဖြစ်တာကြောင့် ဒီပြိုင်ပွဲမှာ ဗိုလ်စွဲတဲ့အသင်းဟာ ဥရောပဒေသတစ်ခုလုံးရဲ့ အငြင်းပွားဖွယ်မရှိ တစ်သင်းတည်းသော ချန်ပီယံအဖြစ် သတ်မှတ်လို့ ရရှိမှာလည်းဖြစ်ပါတယ်။
ဒီပြိုင်ပွဲကို ၁၉၇၂ ခုနှစ်မှာ စတင်ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး အရင်က အိမ်ကွင်းအဝေးကွင်းစနစ်နဲ့ ယှဉ်ပြိုင်ကစားစေခဲ့ပေမယ့်လည်း ၁၉၉၈ ခုနှစ်မှာတော့ ဒီပြိုင်ပွဲကို ပြင်သစ်နိုင်ငံ မိုနာကိုမှာရှိတဲ့ စန့်လူးဝစ်– ကွင်းကြီးမှာ တစ်ကျော့တည်း ယှဉ်ပြိုင်ကစားစေတဲ့ စနစ်ကို ကျင့်သုံးလာခဲ့တာဖြစ်ပါတယ်။ ဒီပြိုင်ပွဲရဲ့ အအောင်မြင်ဆုံး အသင်းအဖြစ် ရပ်တည်နေတဲ့အသင်းကတော့ အီတလီကလပ် အေစီမီလန်ဖြစ်ပြီး အေစီမီလန်ဟာ ဒီဥရောပဖလားကို ၅ကြိမ်တိုင်တိုင် ဆွတ်ခူးရယူနိုင်ခဲ့ပါတယ်။
စပိန်ရဲ့အောင်မြင်မှု
ဒါပြင် ဒီပြိုင်ပွဲဟာ စပိန်နဲ့ အီတလီကလပ်တွေ လွှမ်းမိုးထားတဲ့ ပြိုင်ပွဲတစ်လို ဖြစ်နေပြီး ဒီပြိုင်ပွဲမှာ နိုင်ငံအလိုက် ဗိုလ်စွဲနိုင်မှုကိုလေ့လာကြည့်မယ်ဆိုပါက အီတလီကလပ်တွေဟာ ၉ကြိမ်တိုင်တိုင် ဗိုလ်စွဲထားနိုင်ခဲ့ကာ စပိန်ကလပ်တွေကလည်း ဒီပြိုင်ပွဲကို ၉ကြိမ်တိုင်တိုင် ဗိုလ်စွဲထားနိုင်ခဲ့တာကို တွေ့ရပါတယ်။ အထူးသဖြင့် အခုနောက်ပိုင်းကာလတွေမှာဆိုရင် ဒီဥရောပစူပါဖလားဟာ စပိန်ကလပ်တွေရဲ့ လွှမ်းမိုးမှုကိုသာပိုမိုခံထားရပြီး ၂၀၀၉ ခုနှစ်ကနေ စလို့ ဒီဥရောပစူပါဖလားကို စပိန်ကလပ်တွေက ရယူသိမ်းပိုက်နိုင်ခဲ့တာ တွေ့ရပါတယ်။ ၂၀၀၉ ခုနှစ်မှာ စပိန်ထိပ်တန်းကလပ် ဘာစီလိုနာက ရှက်တာဒိုးနက်စ်ကိုအနိုင်ရရှိ ဗိုလ်စွဲခဲ့တာဖြစ်ပြီး မနှစ်က ပြိုင်ပွဲမှာလည်း စပိန်ကလပ်အသင်းကြီးဖြစ်တဲ့ ဘာစီလိုနာကပဲ ပေါ်တူကီကလပ် ပေါ်တိုကို အနိုင်ရဗိုလ်စွဲခဲ့တာ ဖြစ်ပါတယ်။
ဒါ့ပြင် ဒီနှစ်ယှဉ်ပြိုင်မယ့်အသင်းနှစ်သင်းအနက် ယမန်နှစ်က ယူရိုပါလိဂ်ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့တဲ့ အက်သလက်တီကိုဟာ စပိန်ကလပ်အသင်းတစ်သင်းဖြစ်နေတာကြောင့် အက်သလက်တီကိုအနေနဲ့ ဥရောပစူပါဖားမှာ စပိန်ကလပ်တွေရဲ့ လွှမ်းမိုးမှုကို ဆက်လက်အဓွန့်ရှည်စေနိုင်ဦးမလားဆိုတာ စောင့်ကြည့်ချင်စရာဖြစ်နေပါတယ်။ ဒါ့အပြင် အက်သလက်တီကိုဟာ ဒီပြိုင်ပွဲမှာ သာ ဗိုလ်စွဲခဲ့မယ်ဆိုရင် အသင်းသမိုင်းကြောင်းတစ်လျှောက် ဥရောပစူပါဖလားကို နှစ်ကြိမ်မြောက် ရယူအောင်ပွဲခံနိုင်မယ့် အခြေအနေကိုရောက်ရှိသွားမှာ ဖြစ်ပါတယ်။ စပိန်ကလပ်တွေအနေနဲ့လည်း ဥရောပ စူပါဖလားသမိုင်းမှာ ၁၀ကြိမ် အောင်ပွဲခံမှုအဖြစ် တည်ရှိသွားမှာဖြစ်တဲ့အတွက် အီတလီထက် တစ်ကြိမ်အသာရခါ ဥရောပစူပါဖလားသမိုင်းမှာ အအောင်မြင်ဆုံးနိုင်ငံအဖြစ်လည်း ရပ်တည်သွားနိုင်မှာဖြစ်ပတယ်။ ဒါ့ကြောင့်ပဲ့ ဒီပွဲစဉ်ဟာ အက်သလက်တီကိုအတွက်သာမက စပိန်ဘောလုံးလောကအတွက်ပါ အရေးပါတဲ့ ပွဲစဉ်တစ်ခုဖြစ်နေပြီး ယမန်နှစ်က ချန်ပီယံလိဂ် ချန်ပီယံဖြစ်ခဲ့တဲ့ အင်္ဂလန်ကလပ် ချဲလ်ဆီးအနေနဲ့ အဆိုပါ စပိန်ကလပ်တွေရဲ့ လွှမ်းမိုးမှုနဲ့ အက်သလက်တီကိုရဲ့ ရည်ရွယ်ချက်ကို ဟန့်တားနိုင်ပါ့မလားဆိုတာလည်း စောင့်ကြည့်သွားရတော့မှာဖြစ်ပါတယ်။
အင်္ဂလန်အတွက် ချဲလ်ဆီး
ချဲလ်ဆီးအနေနဲ့လည်း ဒီပြိုင်ပွဲမှာသာ ဗိုလ်စွဲခဲ့မယ်ဆိုရင် ဥရောပစူပါဖလားကို နှစ်ကြိမ်မြောက် ရယူသွားနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် အင်္ဂလန်က ကလပ်တွေဟာ ဒီပြိုင်ပွဲသမိုင်းမှာ အီတလီ၊ စပိန်တို့အောက်ကို ရောက်ရှိနေပြီး ၇ကြိမ်သာ ဗိုလ်စွဲထားနိုင်ခဲ့တဲ့အတွက် ဒီတစ်ကြိမ်ဗိုလ်စွဲနိုင်ပါမှ အင်္ဂလန်ကလပ်တွေအနေနဲ့ ဥရောပဘောလုံးလောကမှာ အဆင့်မီမီရပ်တည်နိုင်တယ်လို့ သတ်မှတ်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ဒီပွဲစဉ်ဟာ အက်သလက်တီကိုနဲ့ စပိန်ဘောလုံးအတွက်သာမက ချဲလ်ဆီးနဲ့ အင်္ဂလန်အတွက်လည်း အရေးပါတဲ့ ပွဲတစ်ပွဲဖြစ်နေပြီး ဘယ်အသင်း အောင်ပွဲခံသွားမလဲဆိုတာ စောင့်ကြည့်ရဖို့ ရှိနေပါတယ်။
တကယ်တော့ ချဲလ်ဆီဟာ ဒီနှစ်မှာ အသင်းကို သေချာပြုပြင်တည်ဆောက်ထားတဲ့အသင်းလည်းဖြစ်ပါတယ်။ ချဲလ်ဆီအနေနဲ့ ဒီရာသီမှာ ကစားသမား ၅ဦးတိတိ ခေါ်ယူအားဖြည့်ထားပြီး အသင်းနဲ့ အထိုင်ကို အပြောင်းအလဲတွေ ပြုလုပ်ထားပါတယ်။ အဓိကတိုက်စစ်မှူးနေရာမှာ ဒရော့ဘာကို ဖယ်ရှားခဲ့ပြီး တောရက်စ်ကို ပြောင်းလဲအသုံးပြုနေခဲ့ရာမှာ တောရက်စ်ဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရက်ဒင်းကို ၄ – ၂ နဲ့ အနိုင်ရခဲ့တော့ တတိယဂိုးကို သွင်းယူပေးနိုင်ခဲ့ပြိး ဂိုးသွင်းခြေ ပြန်လည်ရရှိနေတာကိုလည်း တွေ့ရပါတယ်။ ဒါ့အပြင် ဒီနှစ်မှခေါ်ယူခဲ့တဲ့ ကစားသမားသစ် ဟာဇက်ဟာလည်း အသင်းနဲ့ အထိုင်ကျ မြန်ဆန်ပြီး အသင်းအတွင်း ခြေစွမ်းပြနေတာကြောင့် ချဲလ်ဆီးရဲ့ ကွင်းလယ်ဟာ စွမ်းဆောင်ရည်ပြည့်ဝနေပြီး ပြိုင်ဘက်ကွင်းလယ်ကို အကောင်းဆုံးစိုးမိုးနိုင်စွမ်းရှိကာ တိုက်စစ်ကလည်း အကောင်းဆုံးပံ့ပိုးနိုင်စွမ်းရှိတာကို တွေ့ရပါတယ်။ ရက်ဒင်းနဲ့ပွဲမှာဆိုရင် မိနစ်၈၀ အထိနှစ်ဂိုးစီ သရေကျပြီးမှာ ၄ -၂ နဲ့ အနိုင်ရအောင်ကစားနိုင်ခဲ့တဲ့ချဲလ်ဆီးရဲ့ ခြေစွမ်းဟာ ကောင်းမွန်မှုရှိတယ်လို့ လည်းဆိုနိုင်ပါတယ်။
ဘယ်သူဗိုလ်စွဲမလဲ
ဒါပေမယ့် ဒီပွဲမှာ ရင်ဆိုင်ရမယ့် အက်သလက်တီကိုဟာ ရက်ဒင်းထက် ပိုမိုပြည့်စုံတဲ့အသင်းဖြစ်ပါတယ်။ ချဲလ်ဆီးအနေနဲ့ ရက်ဒင်းကို နောက်ဆုံး ၁၀မိနစ်အတွင်း ၂ဂိုးသွင်းပြီး အနိုင်ကစားနိုင်ခဲ့တာမှန်ပေမယ့်လည်း အက်သလီတီကိုကို လွယ်လွယ်နဲ့ အနိုင်ရဖိုဆိုတာ မလွယ်ကူလှပါဘူး။
အထူးသဖြင့် ချဲလ်ဆီးဟာ ဒီရာသီအစမှာ အဓိကပွဲ ၃ပွဲကစားပြီး အဆိုပါ ၃ပွဲမှာ ခံစစ်ရဲ့ စွမ်းဆောင်ရည်ဟာ အကောင်းမွန်ဆုံးပုံစံမှာ မရှိပါဘူး။ မန်စီးတီးနဲ့ ကစားခဲ့တဲ့ ကွန်မြူနတီဒိုင်းလုပွဲမှာ ၃ဂိုးပေးခဲ့ရပြီး ရက်ဒင်းနဲ့ပွဲမှာ ၂ဂိုးပေးခဲ့ရတာကြောင့် ချဲလ်ဆီရဲ့ ခံစစ်ကြောင်းဟာ သာမန်ထက်မပိုတာကိုတွေ့ရပါတယ်။ အဆိုပါ ခံစစ်အားမျိုးနဲ့ အက်သလက်တီကိုရဲ့ တိုက်စစ်အားကို ဂိုးမပေးရအောင် ဟန့်တားနိုင်စွမ်း ရှိပါ့မလားဆိုတာလည်း သံသယဖြစ်စရာဖြစ်နေပါတယ်။
အထူးသဖြင့် အက်သလက်တီကိုဟာ တိုက်စစ်မှူးကောင်းတွေကို ပိုင်ဆိုင်ထားတဲ့အသင်းဖြစ်ပါတယ်။ အက်သလက်တီကိုအနေနဲ့ စပိန်လာလီဂါအဖွင့်ပွဲစဉ်မှာ လီဗန်တေးနဲ့ တစ်ဂိုးစီသရေသာ ကစားနိုင်ခဲ့ပေမယ့်လည်း အက်သလက်တီကိုရဲ့ တိုက်စစ်မှူးတွေဖြစ်တဲ့ အက်ဒရီယန်လိုပက်ဇ်၊ ဖယ်ကာအို၊ ဒီယေဂိုကောစတာတို့ဟာ အရည်အသွေးအပြည့်ရှိတဲ့ တိုက်စစ်မှူးတွေ ဖြစ်နေပါတယ်။ ဒါအပြင် အက်သလက်တီကိုရဲ့ အသင်းလိုက်ကစားအားကလည်း ကောင်းမွန်မှုရှိတာကြောင့် ချဲလ်ဆီးကို အပြန်အလှန်တုံ့ပြန်ကစားသွားမယ်ဆိုရင် ချဲလ်ဆီးရဲ့ ခံစစ်အားပျော့မှုအခြေအနေအရ ချဲလ်ဆီးအနေနဲ့ အက်သလက်တီကိကို လွယ်လွယ်အနိုင်မရနိုင်တာ ထင်ရှားနေပါတယ်။
ဒါကြောင့် ဒီပွဲစဉ်မှာ ချဲလ်ဆီးရဲ့ အလားအလာဟာ ခံစစ်ပိုင်းစွမ်းဆောင်ရည်ပေါ်မှာသာ တည်မှီနေပါတယ်။ ဒါပေမယ့် မနှစ်က ရာသီမှာ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့တဲ့ ချဲလ်ဆီးကစားသမားတွေဟာ ဒီဥရောပစူပါဖလားကိုလည်းရယူနိုင်ဖို့ အကောင်းဆုံးစိတ်ဓာတ်နဲ့ပြိုင်ပွဲဝင်လာမယ့် အချက်ကိုလည်း မေ့လို့မဖြစ်ပါဘူး
ဒါကြောင့် ဒီပွဲစဉ်မှာ ချဲလ်ဆီးအနေနဲ့ အခက်အခဲတွေ့မှာ မှန်ပေမယ့်လည်း အဆိုပါအခက်အခဲကြားကပဲ မပြတ်သားတဲ့နိုင်ပွဲတစ်ကို ဖန်တီးသွားနိုင်လိမ့်မယ်လို့ ယူဆမိပါတယ်။
ဝင်းခန့်
No comments:
Post a Comment