Monday, August 13, 2012

အာဟာရဖွံ့ဖြိုးမှု အစီအစဉ်များ နယ်စပ်များတွင် မဆောင်ရွက်နိုင်သေး


အာဟာရဖွံ့ဖြိုးမှု အစီအစဉ်များ နယ်စပ်များတွင် မဆောင်ရွက်နိုင်သေး

ရန်ကုန် (မဇ္ဈိမ)။   ။ မိခင်နှင့် ကလေး သေဆုံးမှု လျှော့ချရန် ရည်ရွယ်ချက်ဖြင့် အာဟာရဖွံ့ဖြိုးမှု အစီအစဉ်များကို တိုင်းရင်းသား ဒေသများနှင့် နယ်စပ်ဒေသများတွင် ဆောင်ရွက်နိုင်မှု မရှိသေးကြောင်း သိရသည်။
ကျန်းမာရေးဝန်ကြီးဌာနနှင့် ကုလသမဂ္ဂ ကလေးများ ရံပုံငွေအဖွဲ့ (UNICEF)တို့ ပူးပေါင်း ဆောင်ရွက်နေသည့် အာဟာရဖွံ့ဖြိုးမှု အစီအစဉ်များ အကောင်အထည်ဖော်ရန် ထိုဒေသများတွင် လုံခြုံရေး အခက်အခဲများ ရှိနေသေးကြောင်း UNICEF (မြန်မာ)မှ တာဝန်ရှိသူ တဦးက ပြောသည်။
“အာဟာရဖွံ့ဖြိုးမှု ရက်သတ္တပတ် အစီအစဉ်တွေကို တိုင်းရင်းသား ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ နေရာတွေနဲ့ နယ်စပ်တွေမှာ ထိရောက်အောင် ဆောင်ရွက်နိုင်ဖို့ လူ့အရင်းအမြစ်နဲ့ ငွေကြေး လိုအပ်ပါတယ်။...အဓိကကတော့ သွားရေးလာရေး မလုံခြုံတာကြောင့် မလုပ်ဖြစ်တာပါပဲ” ဟု UNICEF ၏ ကလေးအာဟာရဖွံ့ဖြိုးမှုနှင့် ရှင်သန်မှု အစီအစဉ်မှ အကြီးအကဲ ဒေါက်တာ မာရီနပ်စ် ဂိုးတင့်ခ် က ပြောသည်။ 
ရခိုင်၊ ကချင်၊ ၀၊ ကိုးကန့် ဒေသများ၊ ထိုင်းနယ်စပ်နှင့် အိန္ဒိယနယ်စပ် ဒေသများတွင် ထိုအစီအစဉ်များ
ဆောင်ရွက်နိုင်ခြင်းမရှိကြောင်း ရန်ကုန်မြို့ရှိ UNICEF ရုံးတွင် သြဂုတ်လ ၁၀ ရက်နေ့က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ထုတ်ဖော် ပြောဆိုသွားခြင်း ဖြစ်သည်။
ကျန်းမာရေးဝန်ကြီးဌာန၊ အမျိုးသားအာဟာရဖွံ့ဖြိုးမှုဌာန ၏ လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာ ထင်လင်း ကလည်း အဆိုပါ ဒေသများသို့ ပေးရန်ရှိသည့် ကလေး ကာကွယ်ဆေးများနှင့် ကိုယ်ဝန်ဆောင် မိခင်များအတွက် လိုအပ်သော ဆေးများကို သက်ဆိုင်ရာ ဒေသ ကျန်းမာရေးတာဝန်ရှိသူများအား အချိုးကျ ပေးဝေထားသည်များ ရှိသော်လည်း ထိရောက်သော အာဟာရဖွံ့ဖြိုးမှု တိုးမြှင့်ခြင်း လုပ်ငန်းစဉ်များ လုပ်ဆောင်ရန်မူ အချိန်၊ ငွေ နှင့် လူအင်အား လိုအပ်နေဆဲဖြစ်ကြောင်း ပြောသည်။
အာဟာရဖွံ့ဖြိုးမှု တိုးမြှင့်ခြင်း ရက်သတ္တပတ် အစီအစဉ်တွင် မိခင်နှင့်ကလေး ကျန်းမာရေး အနေအထား သုံးသပ်ခြင်း၊ မွေးကင်းစမှ ခြောက်လအထိ မိခင်နို့ တမျိုးတည်းသာ တိုက်ရန် နှိုးဆော်ခြင်းနှင့် တိုက်ခြင်းရှိမရှိ သုံးသပ်ခြင်း၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက် မိခင်များကို သံချဆေး၊ ဗီတာမင် ဘီဝမ်း ဆေးပြားနှင့် သံဓာတ်အားဆေး တိုက်ကျွေးခြင်း၊ ခြောက်လမှ ငါးနှစ်အရွယ် ကလေးများကို ဗီတာမင်အေ ဆေးပြားနှင့် သံချဆေး တိုက်ကျွေးခြင်း၊ စာသင်ကျောင်းများနှင့် ဈေးများရှိ အိမ်သုံးဆားများ၌ အိုင်အိုဒင်းဓါတ် ပါဝင်မှု စမ်းသပ်ခြင်း၊ စာသင်ကျောင်းများတွင် ကျန်းမာရေး စာစီစာကုံး ပြိုင်ပွဲများ ကျင်းပခြင်း၊ ကိုယ်ဝန်ဆောင် မိခင် အာဟာရအတွက် အချက်အပြုတ်နည်း
ပြသခြင်းတို့ ပါဝင်သည်။
၂၀၁၁ ခုနှစ်တွင် ယင်းအစီအစဉ်ကို တိုင်းရင်းသားနှင့် နယ်စပ်ဒေသများမှအပ မြန်မာနိုင်ငံ ကျန်ဒေသများ၌ အစီအစဉ်ပြီးမြောက်မှု ၈၀ ရာခိုင်နှုန်းဖြင့် မြို့နယ်ပေါင်း ၂၇၅ မြို့နယ်တွင် ခြောက်နှစ်မှ ငါးနှစ် ကလေးငယ်
လေးသိန်းနီးပါးနှင့် ကိုယ်ဝန်ဆောင်မိခင် သုံးသိန်း လေးသောင်းကျော် တို့ကို အာဟာရဖွံ့ဖြိုးမှုဆိုင်ရာ ကူညီပံ့ပိုး အကြံပြုမှုများ ပြုလုပ်ပေးနိုင်ခဲ့သည်ဟု ကျန်းမာရေးဝန်ကြီးဌာန က ထုတ်ပြန်ထားသည်။

No comments:

Post a Comment

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။