Friday, August 31, 2012

ခေတ်သစ် ပြည်သူ့စစ် မဟာဗျူဟာ၏ ပြောင်းလဲ ဖြစ်ပေါ်လာသည့် စစ်ဆင်မှု အယူအဆများ - အပိုင်း (၁)


ခေတ်သစ် ပြည်သူ့စစ် မဟာဗျူဟာ၏ ပြောင်းလဲ ဖြစ်ပေါ်လာသည့် စစ်ဆင်မှု အယူအဆများ - အပိုင်း (၁) 

Friday, 31 August 2012

ပြုစုတင်ပြသူ - ဗိုလ်မှူးကြီးဇော်သင်းမြင့်

နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် သင်တန်းအမှတ်စဉ်(၇) နှစ်ပတ်လည်စာစောင်ထဲမှာ ပါဝင်သော ဗိုလ်မှူးကြီးဇော်သင်းမြင့်ရဲ့ ဘွဲ့ယူကျမ်းတစ်ခုဖြစ်တဲ့ ခေတ်သစ်ပြည်သူ့စစ်မဟာဗျူဟာ၏ပြောင်းလဲဖြစ်ပေါ်လာသည့် စစ်ဆင်မှုအယူအဆများကို စာဖတ်ပရိသတ်များလေ့လာမှတ်သားသိရှိနိုင်ဖို့အတွက် စည်းလုံးခြင်းရဲ့အင်အား ၀က်ဘ်ဆိုဒ် www.photayokeking.org မှတဆင့် တင်ပြလိုက်ရပါတယ်။

ကျွန်တော်သည် နွေရာသီတွင်ပူပြင်းလှသော အညာမြို့ငယ်လေးတစ်မြို့၌ မွေးဖွားခဲ့သူတစ်ဦးဖြစ်ပါသည်။ ယခု အသက်(၅၀)နှစ်နီးပါးအရွယ်တွင် စွဲမြဲစွာကစားနေသည့် ဂေါက်သီး ကစားခြင်းအား နေပူမိုးရွာမရှောင် ကစားတတ်သလို ကျွန်တော်၏ငယ်ဘ၀များတွင် ပူပြင်းလှသော နွေနေ့ရက်များ၌ မပျက်မကွက်ကစားခဲ့သော အားကစားနည်းမှာ ဘောလုံးကစားခြင်းဖြစ်ပါသည်။ ခန္ဓာကိုယ်သေးကွေးသူ ကျွန်တော့်အတွက် ကစားဖော်များ၏ တွန်းတွန်းတိုက်တိုက်ကစားမှုအား ခံနိုင်ရည်မရှိခဲ့ရာမှ နည်းလမ်းအသစ်များ ရှာဖွေခဲ့ပါသည်။ ဘောလုံးနည်းပညာဖြင့် ကစားကွက် ဖန်တီးနိုင်မှု၊ ဘောလုံးထိန်းသိမ်းမှု၊ ကန်နည်းစနစ် အခြေခံများအားလက်ရွေးစင်ဟောင်း နည်းပြဆရာတစ်ဦး၏ သွန်သင်ပြသမှုခံယူပြီးနောက်ပိုင်းတွင် ခွန်အားနှင့်စွမ်းရည်၊ နည်းပညာပေါင်းစပ် အသုံးချကစားနိုင်မှုကြောင့် ကျွန်တော်သည် ပြိုင်ဘက်ဘောလုံးအသင်းများ၏ အလေးအနက်ထားရသော တိုက်စစ်မှူးကောင်းတစ်ဦးဖြစ်လာခဲ့ပါသည်။ ကျွန်တော်တင်ပြချင်သည့်အကြောင်းအရာမှာ လူသားစွမ်းရည်နှင့် နည်းပညာပေါင်းစပ်အသုံးချခြင်းဖြင့် အနိုင်အရှုံးပြိုင်ပွဲတစ်ခုအား မိမိကအသာစီးရရှိနိုင်ကြောင်း ညီမျှခြင်းတစ်ခုကို ၎င်းကာလများအတွင်းက သဘောပေါက် နားလည်ခဲ့ခြင်းပင်ဖြစ်ပါသည်။

ယနေ့မျက်မှောက်ခေတ်ကမ္ဘာ့စစ်ပွဲများ၏ အနိုင်အရှုံးယှဉ်ပြိုင်မှုတွင်လည်း စစ်ဆင်မှုအယူနှစ်ခုသည် လူသားစွမ်းရည် အခြေပြုအယူအဆနှင့် နည်းပညာအခြေပြု အယူအဆ နှစ်ရပ်သာဖြစ်ပါသည်။ နည်းပညာအခြေပြုအယူအဆသည် ရေတိုစစ်ဆင်ရေးများအတွင်း ထိတ်လန့်တုန်လှုပ်ဖွယ်ရာ လေကြောင်းမှတိကျစွာပစ်ခတ်တိုက်ခိုက်မှုများဖြင့် ရန်သူ၏ခေါင်းဆောင်မှု၊ ဆက်သွယ်ရေးကွန်ယက်များ၊ လက်နက်ထုတ်လုပ်ရေးဆိုင်ရာ အခြေခံအဆောက်အအုံများ၊ တိုက်ခိုက်ရေးအင်အားစုများအား သတင်းစစ်ဆင်ရေးဖြင့် ရက်စက်ကြမ်းကြုတ်သူ၊ စိတ်ကစဥ့်ကလျား ဖြစ်နေသူ အာဏာရှင်ကြီးတစ်ဦးအဖြစ်ပုံဖော်ခြင်း၊ ယန္တရားတင်ခြေလျင်တပ်မများ၏လျင်မြန်စွာ ရွှေ့ပြောင်းနိုင်မှုများအား ဟန်ချက်ညီပေါင်းစပ်ပေးမည့် ပစ်အားအကာအကွယ်စွမ်းအားစုများနှင့်အတူ စစ်ဆင်ထိုးဖောက် တိုက်ခိုက်နိုင်ခြင်းများဖြင့် အနိုင်တိုက်ခိုက်ရန်ဖြစ်ပါသည်။

အခြားတစ်ဖက်မှ ဤနည်းပညာအခြေပြုအယူအဆအား ယှဉ်ပြိုင်တိုက်ခိုက်ရန်ကြိုးပမ်းရမည့် မဟာဗျူဟာ အယူအဆမှာ လူသားစွမ်းရည်အခြေပြုသည့် ပြည်သူ့စစ်မဟာဗျူဟာပင်ဖြစ်ပါသည်။ နည်းပညာအခြေပြု အယူအဆ၏ တိုက်ခိုက်မှုပုံသဏ္ဌာန်ဖြစ်သော တိကျပစ်ခတ်ခတ်မှုများအား ရှောင်လွှဲနိုင်ရနှ်လှည့်စားမှု၊ လျှို့ဝှက်မှု၊ ဖုံးကွယ်မှု၊ တန်ပြန်ထိုးဖောက်တိုက်ခိုက်မှုနှင့် ဖုံးလွှမ်းထားသောတက်ကြွသောခံစစ်အသွင်ကို ရေရှည်စစ်အဖြစ် ကျင့်သုံးရမည်ဖြစ်ပါသည်။ ပြည်သူ့စစ်မဟာဗျူဟာ၏တိုးတက်ပြောင်းလဲမှုကို လေ့လာလျှင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ အတွေ့အကြုံကို စံအဖြစ်ထားရှိလေ့လာရန် လိုအပ်မည်ဖြစ်ပါသည်။

၂၁ ရာစုတွင် ပြည်သူ့စစ်မဟာဗျူဟာအား ဖော်ထုတ်ခဲ့သူများအနက် တရုတ်နိုင်ငံ၏ပြည်တွင်းစစ်နှင့်ဂျပန် တော်လှန်ရေးအတွေ့အကြုံများမှ ထင်ရှားစွာအသေးစိတ်ရေးသားဖော်ထုတ်ခဲ့သူမှာ မော်စီတုန်းဖြစ်ပါသည်။ မော်စီတုန်းသည် ခံစစ်သဘောနှင့်တန်ပြန်တိုက်ခိုက်ခြင်း၊ ရေရှည်စစ်နှင့်အမှည့်ချွေစစ်၊ ကာလကြီးသုံးရပ်၊ ရန်သူ၏ ၀ိုင်းဝန်းချေမှုန်းမှုကို ရှောင်လွှဲခြင်းနှင့် တန်ပြန်ဝိုင်းဝန်း ချေမှုန်းခြင်း၊၊ ရန်သူကို မိမိကကျွမ်းကျင်သည့် မိမိနိုင်ငံ အတွင်းပိုင်းအထိ နက်ရှိုင်းစွာတိုးဝင်စေပြီး ၀ိုင်းဝန်းချေမှုန်းခြင်းသဘောတရားဖြစ်သည့် နက်ရှိုင်းစွာသွေးဆောင် ခေါ်ယူခြင်းကို ဖော်ထုတ်ခဲ့ပါ သည်။ နေရာခံစစ်ကို ရှောင်လွှဲရန်အတွက် ခရီးရှည်ချီတက်မှုကို ၁၉၃၄ ခုနှစ်၊ အောက်တိုဘာလတွင် ကျန်ဇီပြည်နယ်မှ စတင်ခဲ့ပြီး ၁၉၃၅ ခုနှစ် အောက်တိုဘာလတွင် ရှန်ဇီပြည်နယ်တွင် အခြေခံနယ်မြေရွေးချယ်သည်အထိ မိုင်ပေါင်း(၈၀၀၀)ကျော် ခရီးရှည်ချီတက်ခဲ့ခြင်းသည် အချိန်ထုနှင့်နေရာ ကျယ်ပြန့်မှုထုကို အပြည့်အ၀အသုံးချခြင်းဖြင့် လူအင်အားထုကို စစ်စည်းရုံးမှု ပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။ ချီတက်မှုမစမီက အင်အားတစ်သိန်းခန့်သာရှိသည့် မော်စီတုန်း၏တပ်မတော်သည် ခရီးရှည်ချီတက်စဉ်ကာလအတွင်း ဂျပန်စစ်သည်အင်အား လေးပုံသုံးပုံခန့် သတ်ဖြတ်နိုင်ခြင်းဖြင့် ရန်သူ၏အင်အားကို လျှော့ချနိုင်ခဲ့ပြီး မိမိအင်အားကို စစ်စည်းရုံးမှုပြုလုပ်၍ တိုးပွားစေခဲ့ရာ ပြောက်ကျားတပ်မပါ အင်အားတစ်သန်းအထိအင်အား စုစည်းမှုပြုလုပ်နိုင်ခဲ့ပါသည်။ ပြောက်ကျားတပ်များအား အင်အားကြီးမားစွာဖွဲ့ယူနိုင်စွမ်းရှိပြီး ကာလကြီးသုံးခု အယူအဆအရ စစ်မဟာဗျူဟာအရတန်ပြန်ထိုးစစ်ကြီးကာလသို့ ကူးပြောင်းရန်ဖြစ်သော်လည်း မော်စီတုန်းသည် အင်အားနှင့်အချိန်ကို စောင့်ဆိုင်းခြိုးခြံခဲ့ပြီး အမေရိကန်နှင့်မဟာမိတ်တပ်များက ဂျပန်အားချေမှုန်းသည့် ဒုတိယကမ္ဘာစစ်အပြီး ချန်ကေရှိတ်၏ကူမင်တန်အစိုးရနှင့် တိုက်ခိုက်ရသည့်ကာလတွင်မှ အင်အားထုကို ထုတ်သုံးခဲ့ပါသည်။ ပြည်သူ့စစ်မဟာဗျူဟာကို အချိန်အခါနှင့်ကိုက်ညီစွာအသုံးချနိုင်ခဲ့မှုနှင့် ပြောက်ကျားစစ် နည်းဗျူဟာ၏အခြေခံသဘောတရားဖြစ်သည့် လူ့ဘောင်သစ် တစ်ရပ်ထူထောင်မည်ဟူသော နိုင်ငံရေးယုံကြည်ချက်နှင့် မျိုးချစ်စိတ်ဓာတ်ကို အခြေခံပြီး မော်စီတုန်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံကို မွေးဖွားပေးနိုင်ခဲ့ပါသည်။
PRC ပေကျင်းမြို့တော် Ba Yi (သြဂုတ် -၁ တပ်မတော် ခန်းမ) တွင် ယခင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်းရေလေ) ဗိုလ်ချုပ်ကြီး သူရရွှေမန်းနဲ့ PLA ဗဟို စစ်ကော်မရင် အဖွဲ့ဝင် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Chen Bingde တို့ MOU လက်မှတ်ရေးထိုးပြီး အပြန်အလှန်လဲလှယ်လက်ခံနေပုံ
မော်စီတုန်း၏ပြည်သူ့စစ်မဟာဗျူဟာသည် နိုင်ငံတစ်ခုအားအုပ်ချုပ်နေသည့် အစိုးရတစ်ရပ်အားဖြုတ်ချရန် လုံလောက်သော်လည်း အင်အားငယ်နိုင်ငံတစ်ခုမှ အင်အားကြီးနိုင်ငံတစ်ခုအား ခုခံတိုက်ခိုက်ရန် လုံလောက်သော မဟာဗျူဟာမဟုတ်ကြောင်းသိမြင်လာသည့် တိန့်ရှောက်ဖိန်ကာလတွင် ခေတ်သစ်အခြေအနေအောက်မှ ပြည်သူ့စစ် မဟာဗျူဟာကို ပြောင်းလဲကျင့်သုံး လာခဲ့ပါသည်။ ၁၉၇၉ ခုနှစ်တွင်ဖြစ်ပွားခဲ့သော တရုတ် - ဗီယက်နမ်စစ်ပွဲကာလ အတွင်း အမြောက်လက်နက်များနှင့်ပစ်အားအကာအကွယ်မရှိမှု၊ ဆက်သွယ်ရေးကိရိယာနှင့် အုပ်ချုပ်ထောက်ပံ့မှု ပြည့်စုံခြင်းမရှိမှု၊ ကွပ်ကဲမှုနှင့်လက်အောက်ခံတပ်များဟန်ချက်မညီမှုစသည့် အားနည်းချက်သင်ခန်းစာများ ရရှိပြီးနောက်ပိုင်း လူသားစွမ်းရည်အခြေပြုခြင်းသဘောတရားတစ်ခုတည်းဖြင့် စစ်ပွဲကို အောင်နိုင်ခြင်းရလဒ် မဖြစ်နိုင်ကြောင်း သိမြင်လာခဲ့ရာမှ ပြည်သူ့စစ်မဟာဗျူဟာတွင် ခေတ်မီအဆင့်မြင့်နည်းပညာများ ပေါင်းစပ်အသုံးချရန် လိုအပ်ချက်ဖြစ်ပေါ်လာပါသည်။
PLA အမှတ် (၆) သံချပ်ကာ တပ်စခန်းတွင် ဗိုလ်ချုပ်ကြီးဟောင်း သူရရွှေမန်းကသံချပ်ကာ တပ်စခန်းတပ်မမှူး Senior Colonel Chen Xuewu အား အမှတ်တရ ဂုဏ်ပြုတံဆိပ် ပေးအပ်နေပုံ
တိန့်ရှောက်ဖိန်ကာလတွင် စစ်ရေးနှင့်နိုင်ငံရေးထက် စီးပွားရေးကိုပိုမိုဦးစားပေးခဲ့ပြီး တရုတ်နိုင်ငံအတွင်းပိုင်းရှိ စက်မှုလုပ်ငန်းကြီးများနှင့်စီးပွားရေးဇုန်များကိုကာကွယ်ရန် နေရာယူခံစစ်ကို အခြေအနေပေါ်တွင်မူတည်၍ ကျင့်သုံးမည့် တက်ကြွသောခံစစ်သဘောတရားသို့ ပြောင်းလဲကျင့်သုံးလာခြင်းသည် မော်စီတုန်း၏သဘောတရားဖြစ်သည့် ရန်သူအားမိမိနိုင်ငံအတွင်းပိုင်းသို့ နက်ရှိုင်းစွာမြူဆွယ်ခေါ်ယူခြင်း အယူအဆအားငြင်းပယ်လာခြင်းဖြစ်ပါသည်။
ကျန်ဇီမင်းက ၁၉၉၃ ခုနှစ်မှစတင်ပြီး အဆင်မြင့်နည်းပညာအခြေအနေအောက်မှ ဒေသန္တရစစ်မဟာဗျူဟာသို့ ပြောင်းလဲကျင့်သုံးလာခြင်းသည် ပြည်သူ့စစ်မဟာဗျူဟာအား လူသားစွမ်းရည် အခြေပြုအယူအဆမှ အဆင့်မြင့် နည်းပညာအခြေပြုအယူအဆသို့ သိသိသာသာပြောင်းလဲလာခြင်းဖြစ်ပါသည်။ ကာလတိုစစ်ဆင်ရေး၊ လက်ဦးမှုရယူ တိုက်ခိုက်ရေး၊ နိုင်ငံရပ်ခြားမြေတွင် စစ်ဆင်ခြင်း စသည့် အခြေခံသဘောတရားများသည် မော်စီတုန်း၏ ပြည်သူ့စစ် အတွေးအခေါ်မှ ပြတ်ပြတ်သားသားခွဲထွက်လာပါသည်။ နည်းပညာအသစ်ပေါ်ထွက်မှုကို ဦးစားပေးသည့် အယူအဆသစ်အတွက် လက်နက်အယူအဆကို ဖော်ထုတ်ခဲ့ပြီး အဆင့်မြင့်နည်းပညာ အသုံးပြုလက်နက်များ ကိုင်ဆောင်ရန် လူလိုအပ်မှုနည်းပါးလာသည့်အတွက် လူအင်အားလျှော့ချသည့်အနေဖြင့် ပီအယ်လ်အေအား စစ်သည်အင်အား တစ်သန်း၊ ၁၉၉၇ ခုနှစ်တွင် ငါးသန်းနှင့် ၂၀၀၅ ခုနှစ်တွင် နှစ်သိန်း အသီးသီးလျှော့ချခဲ့ပါသည်။

တရုတ်နိုင်ငံသည် နည်းပညာအရ နှစ်များစွာခေတ်နောက်ကျကျန်နေခဲ့ပြီဖြစ်ကြောင်း သိမြင်ကြသည့် တိန့်ရှောက်ဖိန်နှင့် မျိုးဆက်သစ်ခေါင်းဆောင်များသည် နည်းပညာ အဆင့်မြင့်မားရေးအတွက် အခြားနိုင်ငံထုတ် လက်နက်ပစ္စည်းများ၊ အဆင်မြင့်နည်းပညာသုံးပစ္စည်းများကို စက်မှုပုံစံစနစ်ဆန်းစစ်မှုပြုလုပ်ပြီး ပြန်လည် ထုတ်လုပ်ခြင်း နည်းလမ်းများအပါအ၀င် နည်းပညာ ပံ့ပိုးမှုများအား ပုံစံအမျိုးမျိုးရရှိရေး ကြိုးပမ်းဆောင်ရွက်ခဲ့ ကြပါသည်။ စစ်ရေးနှင့်နိုင်ငံရေးထက် စီးပွားရေးကို ဦးစားပေးဆောင်ရွက်ရန်၊ နိုင်ငံအတွင်းမှ စက်မှုအလုပ်ရုံများ၊ စီးပွားရေးဇုန်များကို အကာအကွယ်ပေးနိုင်ရန် မိမိနိုင်ငံအတွင်းသို့ ရန်သူကိုနက်ရှိုင်းစွာမြူဆွယ်ခေါ်ယူရမည့်အစား ကာလတိုစစ်ဆင်ရေး၊ စစ်မဟာဗျူဟာအရ ခံစစ်ကာလကို မိမိနိုင်ငံနယ်နိမိတ်သို့ ရန်သူစတင်ထိတွေ့ချိန်သို့ ပြောင်းလဲသတ်မှတ်ခြင်း၊ ကန့်သတ်ရည်မှန်းချက်များဖြင့် ရန်သူကို မိမိနိုင်ငံနယ်နိမိတ်တွင်ချေမှုန်းခြင်း စသည့် သဘောတရားများသည် ခွဲထွက်လာသည့် ပြောင်းလဲလာသော ပြည်သူ့စစ်မဟာဗျူဟာအယူအဆများဖြစ်ပါသည်။ ခေတ်သစ်ပြည်သူ့စစ်မဟာဗျူဟာ၏ အဓိကပြောင်းလဲမှုပုံသဏ္ဌာန်သည် မော်စီတုန်း၏ ပြည်သူ့စစ်မဟာဗျူဟာမှ ပမာဏကြီးလေးရပ်ဖြစ်သော အချိန်၊ နေရာ၊ လူထု၊ စိတ်ဓာတ်တို့မှ သတင်းပမာဏထုကြီးပါထည့်သွင်းပြီး အချိန်ထု၊ နေရာထု၊ လူအင်အားထုအပြင် သတင်းနှင့်စိတ်ဓာတ်စစ်ဆင်ရေးထုများကိုပါ ပေါင်းစပ်အသုံးပြု စစ်ဆင်လာခြင်းဖြစ်ပါသည်။ စစ်ဆင်မှုအလွှာများသည်လည်း မြေပြင်၊ ရေပြင်၊ ဝေဟင်အပြင် သတင်းလွင်ပြင်နှင့် အာကာသလွင်ပြင်တို့တွင်ပါ စစ်ဆင်တိုက်ခိုက်သည့် စစ်ဆင်မှုအယူအဆသို့ ပြောင်းလဲခဲ့ပါသည်။ ဗုံးနှစ်လုံးဂြိုလ်တုတစ်လုံး ကြွေးကြော်သံဖြင့် အာကာသနည်းပညာတိုးတက်မှုဆောင်ရွက်ခဲ့သည့် တရုတ်တို့သည် ၁၉၇၀ ပြည့်နှစ်၊ ဧပြီလတွင် Chang Zheng ဒုံးပျံ၊ ၂၀၀၃ ခုနှစ်အောက်တိုဘာလတွင် လူလိုက်ပါသည့် Shenzhou V အာကာသယာဉ်များကို ပစ်လွှတ်နိုင်ခဲ့ပါသည်။ ၁၉၉၆ ခုနှစ် အောက်တိုဘာလနှင့် ၂၀၀၃ ခုနှစ် ဒီဇင်ဘာလအတွင်း ဂြိုလ်တုပစ်လွှတ်ခြင်း(၃၆) ကြိမ်ဆောင်ရွက်ခဲ့ခြင်းဖြင့် တရုတ်တို့၏ အာကာသနည်းပညာနှင့်ဒုံးပျံနည်းပညာတို့တွင် တိုးတက်မှုများအား ကမ္ဘာသို့ပြသနိုင်ခဲ့ပြီဖြစ်ပါသည်။ သတင်းစစ်ဆင်ရေးအတွက် Cyber Guerrilla Warfare ဆင်နွှဲနိုင်ရန် အခြားနိုင်ငံများ၏ ကွန်ပျူတာကွန်ယက်များကို နှောင့်ယှက်နိုင်သည့်ဟက်ကာများ၊ ပရိုဂရမ်ရေးသူများ၊ ဆော့ဝဲလ်ကျွမ်းကျင်သူများအား အမြောက်အမြားမွေးထုတ်လေ့ကျင့်ပေးခဲ့ပါသည်။

သတင်းစစ်ဆင်မှုအလွှာတွင် စစ်ဆင်နိုင်ရန်လည်း မော်စီတုန်း၏ပြည်သူ့စစ်မဟာဗျူဟာကို အခြေခံပြီး ပုံစံသစ်ဖြင့် စစ်ဆင်နိုင်ရန် ပြောင်းလဲကြိုးစားလာခဲ့ပါသည်။ အနာဂတ်ဖြစ်ပေါ်လာမည့် စစ်ပွဲပုံသဏ္ဌာန်များတွင် သတင်းစစ်၏ အရေးပါမှုကို သိမြင်ကြသည့် တရုတ်နိုင်ငံခေါင်းဆောင်များသည် ၂၁ ရာစုခေတ်တွင် ပြည်သူ့စစ်မဟာဗျူဟာ ကျင့်သုံးရာ၌ အီလက်ထရွန်းနစ်ကျွမ်းကျင်သူများ၊ ကွန်ပျူတာပညာရှင်များ၊ သတင်းနည်းပညာကျွမ်းကျင်သူများသည် သူရဲကောင်းများ၊ နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်သူများဖြစ်လာနိုင်သည်ဟူသော အတွေးအခေါ်ပုံစံသစ်ဖြင့် မျိုးဆက်သစ် မွေးဖွားပေးမှုများပေါ်ထွက်လာခဲ့ပါသည်။ သတင်းစစ်ဆင်ရေးနှင့် အီလက်ထရွန်းနစ်စစ်ဆင်ရေး နှစ်ခုစလုံးတွင် တိုက်ပွဲဝင်နိုင်သည့် အဆင့်မြင့်နည်းပညာသုံးတပ်ဖွဲ့များဖြစ်သော ပြည်သူ့စစ်အဖွဲ့ များအား ဒေသအလိုက်ဖွဲ့စည်းခဲ့ပါသည်။
PLA အမှတ် ၆ သံချပ်ကာ တပ်စခန်း တိုက်ပွဲဝင် လေ့ကျင့်ရေးကွင်း
အီလက်ထရွန်းနစ်တန်ပြန်စစ်ဆင်ခြင်း၊ သတင်းကွန်ယက်ကို တိုက်ခိုက်ခြင်း၊ မိမိကွန်ယက်ကို ရန်သူတိုက်ခိုက်ခြင်းမှ ကာကွယ်ခြင်း စသည့် အဆင့်မြင့်နည်းပညာသုံးစစ်ဆင်မှုများကို လေ့ကျင့်ဆောင်ရွက်နိုင်သည်အထိ တရုတ်တို့၏ ပြည်သူ့စစ်မဟာဗျူဟာကို ခေတ်သစ်စစ်၏ သဘောသဘာဝနှင့် ကိုက်ညီအောင် ဖန်တီးပြောင်းလဲနိုင်မှုမှာ အရှိန်အဟုန် လျင်မြန်မှုရှိပါသည်။ နည်းပညာအခြေပြု အယူအဆကိုင်စွဲထားသူများအတွက် ပြည်သူ့ စစ်မဟာဗျူဟာသည် သတင်းခေတ်နှင့် ကိုက်ညီလျော်ကန်မှုမရှိတော့ဟူသော ယူဆချက်ကို ချေဖျက်နိုင်ခဲ့ပြီး စစ်ဘက်နှင့် အရပ်ဘက်နှစ်ခုစလုံးတွင် သုံးနိုင်သော ဆက်သွယ်မှု စနစ်များထူထောင်ခြင်း၊ အရပ်ဘက်နှင့် စစ်ဘက်မှ သတင်းနည်းပညာကျွမ်းကျင်သူများကို စုစည်းပြီး ဂြိုလ်တုဆက်သွယ်ရေး လမ်းကြောင်း၊ ဖန်အလင်းမျှင်ပညာ၊ ဒစ်ဂျစ်တယ်နည်းပညာ ကျွမ်းကျင်သူများကို အမာခံအဖြစ်ထားရှိဖွဲ့စည်းထားသည့် အရန်သတင်းနည်းပညာတပ်ဖွဲ့၊ ဆက်သွယ်ရေးတပ်ရင်းကြီးများကို ဖွဲ့စည်းခြင်းဖြင့် ပြည်သူ့စစ်မဟာဗျူဟာနှင့် သတင်းစစ်ဆင်ရေးကို တရုတ်ပုံစံဖြင့် ပြောင်းလဲပေါင်းစပ်ခဲ့ကြပါသည်။
အပိုင်း(၂) ကို လာမယ့် တနင်္လာနေ့ ၂၀.၈.၂၀၁၂ ရက်နေ့တွင် ဆက်လက်တင်ဆက်ပေးသွားပါမည်။

သတင်းထောက်များအား ဇာဂနာဆဲ


သတင်းထောက်များအား ဇာဂနာဆဲ 

ABSDF ဥက္ကဋ္ဌဟောင်းဒေါက်တာ နိုင်အောင်
မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာမှုကို ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်၌ စောင့်ဆိုင်းသတင်းရယူနေသော ပြည်တွင်း ပြည်ပ သတင်းထောက်များအား စွယ်စုံရ အနုပညာရှင် ဇာဂနာက ညစ်ညမ်းစွာ ဆဲဆိုသွားခဲ့ကြောင်း ယင်းသို့ သွားရောက်သတင်းယူရာတွင် ပါဝင်ခဲ့သော ပြည်တွင်း အပတ်စဉ်ထုတ်ဂျာနယ်တစ်စောင်မှ သတင်း ထောက်တစ်ဦးက ပြောသည်။
ယနေ့မွန်းလွဲ ၂ နာရီဝန်းကျင်ခန့်က ABSDF ဥက္ကဋ္ဌ ဟောင်းဒေါက်တာနိုင်အောင်၊ ငြိမ်းချမ်းရေးအကျိုး ဆောင် ဦးညိုအုန်းမြင့် (NLD-LA ) နှင့် ဒေါက်တာ သောင်းထွန်း (NCGUB) တို့သည် မြန်မာနိုင်ငံသို့ ပြန် လည်ရောက်ရှိလာခဲ့ရာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေ ဆိပ်သို့ ပြည်တွင်းပြည်ပ ဂျာနယ်လစ်များ သွားရောက် သတင်းရယူခဲ့ပြီး ဦးလှမောင်ရွှေ၊ ဇာဂနာ၊ ဦးကျော်ရင် လှိုင်အပါအဝင် ပြည်တွင်းမှ နာမည်ကြီးပုဂ္ဂိုလ်တချို့ လည်း သွားရောက်ကြိုဆိုခဲ့ကြသည်။
ယင်းသို့ သတင်းရယူခြင်း သတင်းဓာတ်ပုံရိုက် ကူးရန် စောင့်ဆိုင်းနေသည့် ဂျာနယ်လစ် ၅ဝ ဝန်းကျင် ခန့်ရှိပြီး ပြည်ပဆိုက်ရောက်ဌာန အထွက်လမ်းတွင် ဝိုင်း ဝန်းပိတ်ဆို့နေကြသည့်အတွက် ဒေါက်တာနိုင်အောင
်နှင့် အဖွဲ့အား လမ်းရှင်းပေးနေသည့် ဇာဂနာက ညစ်ညမ်းစွာ ဆဲဆိုခဲ့ခြင်းဖြစ်သည်။
''သူပြောတဲ့ အသံအနေအထားက သာမန်ပြောတဲ့ အနေအထားမျိုးမဟုတ်ဘဲ ဒေါသသံနဲ့ ပြောတာ၊ ခင်ဗျား တို့ ဗမာလိုပြောနေတာ နားမလည်ဘူးလား၊...... ပဲ ကွာလို့ အကျယ်ကြီးနဲ့ ဆဲတာ'' ဟု ကိုယ်တွေ့ကြုံရ သည့် သတင်းထောက်တစ်ဦးက ပြောသည်။
''တကယ်တော့ သူတို့က နိုင်ငံရေးလုပ်ဖော်လုပ် ဖက် အသိမိတ်ဆွေပေါ့ဗျာ၊ ကာယကံရှင်ဘက်က ဘာမှ မပြောဘဲနဲ့ သူ့ဘက်က အခုလို ရိုင်းစိုင်းတဲ့အသုံးအနှုန်း ပြောခဲ့တာကတော့ နိုင်ငံရေးလုပ်နေတဲ့ သူတစ်ယောက် အနုပညာရှင်တစ်ယောက်အနေနဲ့ မလုပ်သင့်လုပ်ထိုက် ဘူးလို့ ကျွန်တော်ထင်ပါတယ်။ မီဒီယာတွေက ပိတ်နေ တာကို အခုလိုမျိုး အသုံးအနှုန်းမျိုးမဟုတ်ဘဲ အခြား အသုံးအနှုန်းတစ်ခုခုနဲ့ ပြောရင်လည်း ရမှာပါ။ အလွန် ဆုံးအနေနဲ့ လေသံခပ်တင်းတင်းနဲ့ပြောရင်တောင် ကျွန် တော်တို့ဘက်က အဆင်ပြေအောင် လုပ်ပေးနိုင်မှာပါ။ ခုကျတော့ သူ့အနေနဲ့ လိုအပ်တဲ့ အတိုင်းအတာထက် ပိုသွားတယ်လို့ ကျွန်တော်မြင်တယ်။ မီဒီယာဘက်က တော့ဗျာ သတင်းဖြစ်တဲ့လူလာတော့ သတင်းအချက်အ လက်တွေ၊ ပုံတွေရဖို့ ကြိုးစားကြတာပေါ့။ သူ့အနေနဲ့ နားလည်ပေးသင့်တယ်။ သူထောင်က လွတ်လာတုန်း ကလည်း ခုလိုပဲ ဖြစ်ခဲ့တာ'' ဟု အဆိုပါ နေရာတွင် သတင်းရယူနေသည့် ပေါ်ပြူလာသတင်းဂျာနယ်မှ အယ်ဒီတာ ကိုဥာဏ်လင်းအောင် မှတ်ချက်ပြုပြောကြားသည်။
''တို့သတင်းထောက်တွေမှာ အားနည်းချက်တွေ ရှိတယ်ဆိုတာ လက်ခံပါတယ်။ ကိုယ့်အလုပ်ကိုပဲ အာရုံ စိုက်ပြီးလုပ်တဲ့အတွက် တခြားသူကို ထိခိုက်သလို ဖြစ် သွားတာတွေလည်း ရှိနိုင်ပါတယ်။ ဒီအပေါ်မှာ အဆူခံ၊ အပြောခံရတာတွေရှိပေမယ့် အခုလို အဆဲခံရတာတွေအ ထိတော့ မဖြစ်သင့်ဘူး။ အထူးသဖြင့် တစ်စုံတစ်ရာအ တိုင်းအတာအဆင့်ရှိတဲ့ သူက အခုလို လုပ်တာတော့ မဖြစ်သင့်ဘူး၊ သူက လူကြီးပဲ၊ ဆုံးမရင်တောင် ရနိုင် ပါတယ်။'' ဟု NHK သတင်းဌာနမှ ကိုသီဟက ပြော သည်။

မြန်မာပြည် ပို့မည့် လက်နက်များ ဖမ်းမိ


မြန်မာပြည် ပို့မည့် လက်နက်များ ဖမ်းမိ 

ဖမ်းဆီးရမိသည့် လက်နက်များကို ယနေ့ ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြသ ရှင်းလင်းစဉ် (ဓာတ်ပုံ – krobkruakao.com)
မြန်မာပြည်ဘက်သို့ လက်နက်တင်ပို့ ရောင်းဝယ်ရေး လုပ်ကိုင်နေသူဟု ယူဆရသော ထိုင်းနိုင်ငံသား ၂ ဦးကို လက်နက်များနှင့် အတူ ထိုင်း-မြန်မာနယ်စပ်တွင် ထိုင်းအာဏာပိုင်များက ယနေ့ ဖမ်းဆီးလိုက်သည်။
လက်နက်များကို ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းရိုင် ခရိုင် မဲ့ဖာလွန်မြို့နယ် အတွင်းရှိ စစ်ဆေးရေး ဂိတ်တွင် ထိုင်း အာဏာပိုင်များက ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

သက်သေခံ ပစ္စည်းများ အဖြစ် ဖမ်းဆီးရမိသော လက်နက်များထဲတွင် ၇၉ မမ လောင်ချာ ၁၉ လက်၊ အေကေ (၄၇) သေနတ် ၂၈ လက် စသည့် လက်နက်မျိုးစုံ တို့ကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းများအရ သိရသည်။

ယင်း လက်နက်များကို အိမ်နီးချင်းနိုင်ငံ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများထံသို့ ရောင်းချရန် ဖြစ်ကြောင်း အဖမ်းခံရသူ များက ထွက်ဆိုကြောင်း ထိုင်း အခြေစိုက် krobkruakao သတင်းဝက်ဘ်ဆိုက်တွင် ယနေ့ ရေးသားထားသည်။ ထို သတင်း၌ လက် နက်ရောင်းချမည်ဆိုသော တိုင်း ရင်းသား လက်နက်ကိုင် အဖွဲ့၏ အမည်များကို ဖော်ပြထားခြင်း မရှိပေ။

သျှမ်းသံတော်ဆင့် သတင်းဌာနမှ အယ်ဒီတာ ဦးခွန်စိုင်းကမူ ထိုင်း ရဲအရာရှိ တဦးကို ကိုးကား၍ နောက်ဆုံးရရှိ ထားသည့် သတင်း အရ လက်နက်များကို “၀” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) တပ်ဖွဲ့ဝင်များကို ရောင်းရန်အတွက် ဖြစ်ကြောင်း အဖမ်းခံရသူများက ထွက်ဆိုခဲ့သည်ဟု ဧရာဝတီသို့ ပြောသည်။

“သူတို့ကို စစ်တဲ့ ရဲအရာရှိကတော့ ၀တပ်ဖွဲ့ကို ပို့တယ်လို့ပြောတယ်”ဟု ၎င်းက ဆိုသည်။ ယင်း ကိစ္စနှင့် ပတ်သက်၍ ရှမ်း ပြည် တပ်မတော် တောင်ပိုင်း (SSA-S) ကိုမေးမြန်းခဲ့ရာတွင်လည်း ၎င်းတို့နှင့် မသက်ဆိုင်ဟု ငြင်းဆိုကြောင်း ဦးခွန်ဆိုင်းက ဆက်ရှင်းပြ သည်။

“ဒီနေရာမှာ SSA လည်း ရှိတယ်၊ ၀ လည်း ရှိတယ်၊ ပြည်သူ့စစ်လည်း ရှိတယ် ဆိုတော့ ဘယ်သူမဆို ဖြစ်နိုင်တာပေါ့ သို့သော် လည်း တဖက်က ဒီထွက်ဆိုတဲ့ လူကလည်း ဖမ်းမိပြီးဆိုတော့ လိမ်စရာ အကြောင်းမရှိတော့လို့ ထင်တယ်”ဟု ၎င်းက ဆိုသည်။

သို့သော် မည့်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ပတ်သက်ကြောင်း ဧရာဝတီ သတင်းက သီးခြား အတည် ပြုချက် ရယူနိုင်ခြင်း မရှိသေးပေ။

အဆိုပါ ဖမ်းဆီးရမိမှုနှင့် ပတ်သက်ပြီး ယနေ့တွင် ချင်းရိုင်မြို့၌ ထိုင်းအာဏာပိုင်များက သတင်းစာ ရှင်းလင်းပွဲ တရပ်ပြုလုပ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်နေ့ကလည်း ရှမ်းပြည်နယ် တာချီလိတ် မြို့နယ်ဘက်သို့ လက်နက်တင်ပို့ ရောင်းဝယ်ရေး လုပ်ကိုင်နေသူဟု ယူဆရသော ထိုင်း နိုင်ငံသား ၁ ဦး ကို လက်နက်များနှင့်အတူ ထိုင်း-မြန်မာ နယ်စပ်တွင် ဖမ်းမိခဲ့သေးသည်။ ထိုစဉ်ကလည်း အာပီဂျီ လောင်ချာ ၁၂ လက်၊ အေကေ ၄၇ မောင်း ပြန် ရိုင်ဖယ် ၁၇ လက်၊ အမ် ၁၆ မောင်းပြန် ရိုင်ဖယ် ၆ လက်၊ အမ် ၇၉ လောင်ချာ ၁၂ လက်နှင့် အာပီဂျီ ဗုံးသီး ၉ လုံး တို့ကို ဖမ်းဆီး ရမိခဲ့ကြောင်း ထိုင်း သတင်းများက ဖော်ပြကြသည်။

၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလအတွင်း၌လည်း UWSA တပ်ဖွဲ့ အတွက် လက်နက်ရောင်းဝယ်ရေး လုပ်ကိုင်နေသူဟု ယူဆရသော ထိုင်းနိုင်ငံသား ၂ ဦးကို လက်နက်များနှင့် အတူ ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့သေးသည်။

ထိုစဉ်က သေသေခံ ပစ္စည်းများ အဖြစ် ၉ မမ ပစ္စတို ၅၆ လက်၊ သေနတ်ပြောင်းရှည် ၂ လက်၊ ၆၀ မမ လောင်ဂျာ နှင့် သေနတ် ကျည်ဆန် အတောင့် ၂၀၀၀ တို့ကို သိမ်းဆည်းရမိခဲ့သည်။

မယ်ဆိုင်မြို့ တဖက်ကမ်းရှိ တာချီလိတ်မြို့သည် အစိုးရ စစ်တပ်၊ ရဲ၊ လူဝင်မှု ကြီးကြပ်ရေး (လ၀က)၊ အကောက်အခွန်၊ ငြိမ်းချမ်း ရေးယူထားသည့် အဖွဲ့ဝင်များ၊ မူးယစ်ဆေးဝါး ရောင်းဝယ်လုပ်ကိုင်နေသူများ ကျင်လည် ကျက်စားနေသော မြို့ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။