Wednesday, August 29, 2012

ပေါင်းဆန် စက်များ တိုးချဲ့တည်ဆောက်မည်


ပေါင်းဆန် စက်များ တိုးချဲ့တည်ဆောက်မည်

ရန်ကုန် (မဇ္ဈိမ) ။        ။ လာမည့် နှစ်နှစ်အတွင်း တလလျှင် ပေါင်းဆန် တန်ချိန် တသောင်းခန့် တင်ပို့နိုင်ရန် ရည်ရွယ် ၍ ပေါင်းဆန် ထုတ်လုပ်ရေးစက်များ တိုးချဲ့တည်ဆောက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စက် လုပ်ငန်းရှင်များ အသင်းက ပြောသည်။
“ဧရာဝတီတိုင်းဒေသကြီးက ဘိုကလေး၊ ဝါးခယ်မမြို့၊ ကြို့ပင်ကောက်မြို့တွေမှာ တရက် တန် ၅ဝ ကျ ပေါင်းဆန်စက် တလုံးစီနဲ့ ပုသိမ်မြို့မှာ တရက် တန် ၂၀၀ ကျ စက်တလုံး တည်ဆောက်နေတယ်။ ဘိုကလေးစက်က မကြာခင် စပြီး စမ်းသပ်လည်ပတ်တော့မယ်” ဟု အထွေထွေအတွင်းရေးမှူး ဦးသောင်းဝင်း က ပြောသည်။
အလားတူ ဆန်စပါး လုပ်ငန်းရှင်များဖြင့် တည်ထောင်ထားသည့် ရန်ကုန်အခြေစိုက် Myanmar Agribusiness Public Corporation ကလည်း တန် ၅ဝဝ ကျ စက်တလုံးကို ၂ဝ၁၄ ခုနှစ်ဆန်းပိုင်း နောက်အကျဆုံး အပြီးတည်ဆောက်ရန် စီစဉ်နေကြောင်း ဦးသောင်းဝင်း က ပြောသည်။
လက်ရှိတွင် ဧရာဝတီတိုင်း၌ တရက်လျှင် တန် ၅ဝ ကျ ပေါင်းဆန်စက် သုံးလုံးသာ လည်ပတ်လျက်ရှိပြီး ထိုစက်များ ကိုလည်း တန် ၁ဝဝ ကျ ဖြစ်ရန် အဆင့်မြှင့်သွားမည်။ ၂ဝ၁၃  နှစ်စပိုင်းတွင် ပေါင်းဆန်စက် ငါးလုံးခန့် ထပ်မံတိုးချဲ့ သွားမည်ဟု သိရသည်။
၂ဝ၁၃ ခုနှစ်အတွင်း ပေါင်းဆန်စက် စုစုပေါင်း ၁ဝ လုံးခန့် လည်ပတ်နိုင်ရန်လည်း စီစဉ်ထားကြောင်း ဦးသောင်းဝင်း က ပြောသည်။
ပေါင်းဆန်စက်များကို ထိုင်း၊ အိန္ဒိယနှင့် တရုတ်နိုင်ငံတို့မှ အဓိက ဝယ်ယူတင်သွင်းသည်။
ထပ်မံတည်ဆောက်ရန်အတွက်လည်း စိတ်ဝင်စားသူ အများအပြားရှိနေပြီး ပုသိမ်နှင့် လှည်းကူးရှိ စက်ဟောင်း နှစ်လုံး ကိုလည်း ပြန်လည်ပြင်ဆင်ရန် လုပ်ဆောင်နေကြောင်း သိရသည်။
သို့ရာတွင် အခြားစက်မှုလုပ်ငန်းများ ရင်ဆိုင်နေရသလိုပင် ပေါင်းဆန်စက် တည်ဆောက်မှုများ အတွက် အဓိက စိန်ခေါ်မှုမှာ လျှပ်စစ်ဓါတ်အား အရံသင့်မရရှိခြင်းနှင့် လုံလောက်စွာ မရနိုင်ခြင်းတို့ ဖြစ်သည်။
ပေါင်းဆန်စက်ကို မီးစက်နှင့်အတူ တွဲတည်ရမလို ဖြစ်ကြောင်း ပေါင်းဆန်စက်တည်ထောင် လုပ်ကိုင်နေသူ ဦးသိန်းအောင် က ပြောသည်။
လက်ရှိလည်ပတ်နေသည့် စက်များသည်လည်း လျှပ်စစ်မီး အခက်အခဲရှိရာ စပါးခွံဓာတ်ငွေ့၊ ဘွိုင်လာ တို့ဖြင့် လည်ပတ် ရသည့်အတွက် တန် ၅ဝ စက်များပင် စွမ်းအားပြည့် မလည်ပတ်နိုင်သေးကြောင်း သိရသည်။
ပေါင်းဆန်စက်များ တိုးချဲ့တည်ဆောက်လာရာတွင် ကုန်ကြမ်းစပါး ရရှိမှု၊ လျှပ်စစ်မီး ရရှိမှုတို့ကို အဓိက ထည့်သွင်း တွက်ချက်၍ လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ဦးသောင်းဝင်း က ပြောဆိုသည်။
မြန်မာနိုင်ငံသည် ပြည်ပသို့ တလလျှင် ပေါင်းဆန် တန်ချိန် ၁,၅ဝဝ ခန့် တင်ပို့ရောင်းချလျက်ရှိသည်။

လေးလ အကြာမှာ ထွက်ပေါ်လာသော ရွေးကောက်ပွဲ အစီရင်ခံစာ


လေးလ အကြာမှာ ထွက်ပေါ်လာသော ရွေးကောက်ပွဲ အစီရင်ခံစာ 

ရန်ကုန် (မဇ္ဈိမ) ။      ။ ဧပြီလ ၁ ရက်နေ့က ကျင်းပခဲ့သော ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သက်၍ ၈၈ မျိုးဆက်
ကျောင်းသားများက ဦးဆောင်ပြုလုပ်ခဲ့သည့် လေ့လာရေး အစီရင်ခံစာတရပ်ကို ရွေးကောက်ပွဲ ပြီးနောက် လေးလ အကြာတွင် ထွက်ပေါ်လာခဲ့သည်။
ဤအစီရင်ခံစာမှာ လာမည့် ၂ဝ၁၅ ခုနှစ်၊ အထွေထွေ ရွေးကောက်ပွဲအတွက် လေ့လာစရာ အခြေခံတခု ဖြစ်လာရန်
မျှော်လင့်ကြောင်း သြဂုတ်လ ၂၇ ရက်နေ့က သင်္ဃန်းကျွန်း မြို့နယ် ရှိ ၈၈ မျိုးဆက် ကျောင်းသားများရုံးတွင် ပြုလုပ် သည့် အစီရင်ခံစာ ထုတ်ပြန်ခြင်း သတင်းစာရှင်းလင်းပွဲတွင် ကျောင်းသားခေါင်းဆောင် ကိုကိုကြီး က ပြောကြား သွားသည်။
“ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာတာကို ကျနော်တို့က အလုပ်လုပ်ရင်းနဲ့ သင်ကြားခဲ့ရတာပါ။ ရွေးကောက်ပွဲအပြီး ကာလအတွက် သီးခြားထပ်လွှတ်ပြီးတော့ အချက်အလက် အတည်ပြုတာတွေ ထပ်လုပ်ခဲ့ပါတယ်။ ဒါကြောင့်မို့လို့ ဒီအစီအရင်ခံစာကို ခုမှ ထွက်လာတာပါ။ ၂ဝ၁၅ မှာ ဒီထက်ပိုကောင်းတဲ့ ရွေးကောက်ပွဲမျိုး ဖြစ်လာလိမ့်မယ်လို့
မျှော်လင့်ပါတယ်” ဟု ပြောသည်။
ရွေးကောက်ပွဲပြီးပြီးချင်း တပတ်အကြာတွင် စောင့်ကြည့်ရေးအစီရင်ခံစာ မူကြမ်း ထွက်ရှိခဲ့ပြီး ယခုမူသည် အချောသတ် အစီရင်ခံစာဖြစ်ကြောင်း သိရသည်။
၆၄ မျက်နှာရှိ အစီရင်ခံစာမှာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပပြုလုပ်ခဲ့သည့် တိုင်းနှင့် ပြည်နယ်ရှိ နေရာ ၄၅ ခု ဝင်ရောက်ယှဉ်ပြိုင်မှု အခြေအနေများ၊ ရရှိသည့် မဲ အရေအတွက်များ၊ ဒေသခံများ၊ ပါတီကိုယ်စားလှယ်များနှင့်
ရွေးကောက်ပွဲ ကော်မရှင်တို့ ပြောကြားချက်များ ဖော်ပြရှိသည်။
၂ဝ၁ဝ ရွေးကောက်ပွဲတွင် နာမည်ဆိုးဖြင့် ကြော်ကြားခဲ့သည့် ကြိုတင်မဲ ၁ဝ ရာခိုင်နှုန်းကျော် ရှိခဲ့ရာမှ ၂ဝ၁၂ ကြားဖြတ်
ရွေးကောက်ပွဲတွင် ၃ ဒဿမ ၃၁ ရာခိုင်နှုန်းသာ ရှိခဲ့ကြောင်း နှိုင်းယှဉ်ဖော်ပြပါရှိသည်။
အစီရင်ခံစာရေးသားရာတွင် ပါဝင်ခဲ့သူ ၈၈ ကျောင်းသားများ အဖွဲ့မှ ကိုဝင်းကျော် ကလည်း “ကျနော်တို့ ဒီအစီရင်ခံစာ မှာ နည်းပညာပိုင်းအရ အားနည်းချက်တွေ ရှိပါတယ်။ ဒီလိုအားနည်းချက်တွေ နည်းနိုင်သမျှ နည်းအောင်း လုပ်နေရ တာကြောင့် ကြန့်ကြာနေတာလည်းပါ ပါတယ်” ဟု ဆိုသည်။
ရွေးကောက်ပွဲအပြီး လွှတ်တော်အရပ်ရပ်တွင် ပါတီများနှင့် တသီးပုဂ္ဂလများ နေရာရရှိမှု နှိုင်းယှဉ်ချက်များကိုလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ရွေးကောက်ပွဲ ကျင်းပသည့်နေရာများတွင် ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး ကွန်ယက်မှ ကိုယ်စားလှယ် တဦးစီ ထားရှိခဲ့ပြီး ဒေသခံများမှ သတင်းပေးပို့ချက်များ၊ သတင်းမီဒီယာသမားများ အပါအဝင်၊ လေ့ကျင့်သင်ကြားပေးထား
သော လေ့လာ စောင့်ကြည့်သူများဖြင့် ပြည်သူများ ပါဝင်ဆောင်ရွက်နိုင်သည့် နည်းများဖြင့် စောင့်ကြည့်နိုင်ခဲ့သည်ဟု အစီရင်ခံစာက ဆိုသည်။

တားမြစ်ဆေးများပါ ပျားရည်များ တရုတ်နိုင်ငံမှ ဝင်ရောက်နေ


တားမြစ်ဆေးများပါ ပျားရည်များ တရုတ်နိုင်ငံမှ ဝင်ရောက်နေ

ရန်ကုန် (မဇ္ဈိမ) ။       ။ တားမြစ်ဆေးများ တွေ့ရှိခဲ့သောကြောင့် ဥရောပနှင့် အမေရိကန် နိုင်ငံများမှ တင်သွင်းခွင့် ပိတ်ပင်ထားသည့် တရုတ်နိုင်ငံလုပ် ပျားရည်များ မြန်မာပြည်သို့ တင်သွင်းမှုများ ရှိနေကြောင်း ပျားလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူ တဦးက ပြောသည်။
တရုတ်နိုင်ငံမှ ဝင်ရောက်လာသော အဆိုပါ ပျားရည်များတွင် ပဋိဇီဝဆေးများ ဖြစ်သော ကလိုရိုဖီနီကော၊ နိုက်ထရို ဖီနီကော များ ပါဝင်နေသည်ကို စစ်ဆေးတွေ့ရှိရပြီး အဆိုပါ ဆေးများမှာ ပျားများတွင် ရောဂါကင်းအောင် တိုက်ကျွေးခြင်း ဖြစ်ကြောင်း ပျားလုပ်ငန်း အဖွဲ့ချုပ် တွဲဖက်အတွင်းရေးမှုး ဦးကြည်လွင်ဦး က ပြောသည်။
မြန်မာ့ပျားရည်နှင့် ခွဲခြားမရနိုင်သည့် ထို တားမြစ်ဆေးပါ တရုတ်ပျားရည်များ တရားမဝင် တင်သွင်းလာခြင်းကို တားမြစ် အရေးယူပေးရန် သက်ဆိုင်ရာသို့ ပျားလုပ်ငန်းက တင်ပြထားသည်။
“တကယ်လို့ ဒီပျားရည်တွေကို လူတွေ စားမိလို့ ကြာရင် (ဒီဆေးတွေ) ဆေးယဉ်တာ ဖြစ်နိုင်တယ်။ မြန်မာပြည်မှာက ပျားရည်ကို တိုင်းရင်းဆေးအတွက် အသုံးပြုကြတာ များတယ်” ဟု ဦးကြည်လွင်ဦး က ပြောသည်။
ပျားရည်ကို မြန်မာပြည်တွင် တိုင်းရင်းဆေးထုတ်လုပ်ရန် တနှစ်တန် ၂၀၀ ခန့် အသုံးပြုသကဲ့သို့ နိုင်ငံခြားဈေးကွက်
ဖြစ်သော အမေရိကန်၊ ဂျပန်၊ ကိုရီးယားသို့လည်း တင်ပို့လျက်ရှိသည်။ ၂ဝ၁၁-၂ဝ၁၂ ဘဏ္ဍာရေးနှစ်တွင် ပျားရည် တန်ချိန် ၂,၁၃၂ တန် (တန်ဖိုး အမေရိကန်ဒေါ်လာ ၂.၁၃ သန်း) ပြည်ပသို့ တင်ပို့ခဲ့သည်။
အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန FDA မှ ညွှန်ကြားရေးမှုး ဦးဇော်ဝင်း ကမူ အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ၎င်းတို့ထံ တရားဝင် အကြောင်းကြားလာခြင်း မရှိသေးဘဲ ဈေးကွက်အတွင်းလည်း ယခုအထိ စစ်ဆေးတွေ့ရှိမှု မရှိသေးကြောင်း ပြောသည်။
တရုတ်နိုင်ငံမှ တားမြစ်ဆေးဝါးပါ ပျားရည်များ ပြည်တွင်းဈေးကွက်တွင် ရောင်းချနေသည်ကို မတွေ့ရသော်လည်း
ပြည်ပ ဝယ်လိုအားကို ဖြည့်တင်းရန်အတွက် ထိုပျားရည်များကို မြန်မာတံဆိပ်ကပ်ကာ ပြည်ပသို့ တင်ပို့ရန် ဖြစ်ကြောင်း ဦးကြည်လွင်ဦး က ပြောသည်။
မြန်မာ့ပျားရည်သည် နိုင်ငံတကာ ပျားရည် အရည်အသွေး သတ်မှတ်ချက်မမီ၍ ၂၀၀၃ ခုနှစ်တွင် ပြည်ပသို့ တင်ပို့နိုင်မှု မရှိတော့ဘဲ ဈေးကွက်ပျောက်ဆုံးခဲ့ရပြီး ၂၀၀၅ ခုနှစ်မှ စတင်ကာ အမေရိကန်၊ ဂျပန်၊ ကိုရီးယားနှင့် အချို့တိုင်းပြည်များ တွင် ဈေးကွက် ရလာခဲ့ခြင်း ဖြစ်သည်။

အိန္ဒိယအမတ်၏ မြန်မာ့ကဘော်ချိုင့်ဝှမ်း ရလိုမှု ဒေသခံတို့ မထောက်ခံ


အိန္ဒိယအမတ်၏ မြန်မာ့ကဘော်ချိုင့်ဝှမ်း ရလိုမှု ဒေသခံတို့ မထောက်ခံ

နယူးဒေလီ (မဇ္ဈိမ) ။       ။ အိန္ဒိယနိုင်ငံ၏ အဓိက အတိုက်အခံ ပါတီကြီးတခုဖြစ်သည့် BJP ပါတီမှ လွှတ်တော်အမတ် တဦးက မဏိပူရပြည်နယ်အတွင်း ၎င်းတို့ပါတီ မဲဆွယ်စည်းရုံးစဉ် မြန်မာပြည်ရှိ ကဘော်ချိုင့်ဝှမ်းဒေသအား ပြန်လည် ရယူပေးမည်ဟု မက်လုံးပေး ပြောဆိုခဲ့သော်လည်း ကဘော်ချိုင့်ဝှမ်း ဒေသခံများက လက်မခံကြောင်း ငြင်းဆိုကြသည်။
BJP ပါတီဥက္ကဋ္ဌနှင့်အတူ မဏိပူရပြည်နယ်သို့ မဲဆွယ်ခရီးထွက်လာသည့် ဥပဒေပြုအမတ် မစ္စဘီဂျိုယာ ချာကရာဗိုတီ Ms. Bijoya Chakravorty က လာမည့် ၂ဝ၁၄ ခုနှစ် ရွေးကောက်ပွဲတွင် ၎င်းတို့ပါတီ အာဏာရရှိမည်ဆိုပါက ကဘော် ချိုမ့်ဝှမ်းဒေသအား မြန်မာအစိုးရထံမှ ပြန်လည် ရယူပေးမည်ဟု ကတိပေး ပြောဆိုလိုက်ကြောင်း Seven Sisters Post သတင်းစာတွင် ဖော်ပြပါရှိလာ၍ တုန့်ပြန်ပြောဆို လိုက်ကြခြင်း ဖြစ်သည်။
“သူတို့တွေက အဲဒီနေရာကို တအားလိုချင်တယ်လေ။ ကျမတို့ဒေသ သူတို့ကို ပေးလို့ ဘယ်ရမလဲ။ နေရူးက ဦးနုကို လက်ဆောင်ပေးတယ်လို့ ပြောလို့ ဘယ်ရမလဲ။ ဒါမျိုးဆိုရင်တော့ တနိုင်ငံနဲ့ တနိုင်ငံ ဖြေရှင်းရမှာပေါ့။ ပြည်သူလူထုရဲ့ ဆန္ဒက ဘယ်လိုလုပ်ပြီးတော့ အိန္ဒိယနိုင်ငံဘက်ကို သွားပြီးပေါင်းနိုင်မလဲ။၊ နိုင်ငံတခုရဲ့ အစိတ်အပိုင်းကို ယူမယ် ဆိုတာကတော့ မဖြစ်နိုင်တဲ့ ကိစ္စပဲ။ သူတို့မဲဆွယ်တဲ့ ကိစ္စလို့ပဲ ကျမမြင်တယ်” ဟု ကူကီးအမျိုးသမီး လူ့အခွင့်အရေး အဖွဲ့ ဥက္ကဋ္ဌ မငိုင်ငိုင်း က ပြောသည်။
မြေသြဇာ ကောင်းလှသည့် ကဘော်ချိုင့်ဝှမ်းဒေသမှာ စစ်ကိုင်းတိုင်းရှိ တမူး၊ ကလေး၊ ခန်းပက်၊ ဘုတ်ကန်မြို့နယ်များ
နှင့် ယူးမြစ်ဖျားမှ ချင်းတွင်းမြစ်ထိ ကျယ်ဝန်းပြီး ကူကီး၊ လူရှိုင်း၊ ဇိုမီးနှင့် ဗမာလူမျိုးများ နေထိုင်လျက်ရှိကြသည်။
BJP အမတ်အဆိုအရ အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်၏ အစိတ်အပိုင်းတခုဖြစ်သည့် ထိုဒေသကို အိန္ဒိယ ဝန်ကြီးချုပ် ဂျဝါဟာလာ နေရူးက မြန်မာသို့ “နှစ်သိမ့်” သဘော ပေးခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ထိုပြောဆိုချက်မှာ BJP ပါတီအနေဖြင့် မဏိပူရပြည်နယ်အတွင်း မဲရရှိရန် ပြောဆိုချက်သာ ဖြစ်ကာ ချင်းတိုးတက်ရေး ပါတီ (CPP) အနေဖြင့် လက်မခံနိုင်ကြောင်း ပါတီ ဥက္ကဋ္ဌလည်းဖြစ်၊ ထိုဒေသမှ ချင်းအမျိုးသား ကိုယ်စားလှယ်အမတ် လည်း ဖြစ်သည့် ဦးနိုထန်ကပ် က ပြောသည်။
“သူတို့က သူ့လူတွေ မဲရဖို့အရေးေ ပြာတယ်လို့ပဲ ထင်ပါတယ်။ သူတို့မဲရဖို့အတွက် ဒါကို အသုံးချပြီး ပြောချင်သလို
လျှောက်ပြောတော့တာ။ ပြောကြစတမ်းဆိုရင် အိန္ဒိယ နိုင်ငံထဲမှာလည်း ကျနော်တို့ ချင်းလူမျိုးတွေ၊ ကျနော်တို့ရဲ့ ညီအကိုတွေ သူတို့ရှိတဲ့ နယ်မြေအားလုံးဟာ ကျနော်တို့ရဲ့ နယ်မြေလို့ ပြောလို့ ရတာပေါ့ဗျာ။ သူတို့ပြောကြတဲ့ ပုံစံအတိုင်း ဆိုရင်ပေါ့ဗျာ” ဟု မဇ္ဈိမကို ပြောသည်။
အဆိုပါ ကဘော်ချိုင့်ဝှမ်းဒေသကို မဏိပူရပြည်နယ်ရှိ ကသဲလူမျိုးများက လိုလားနေသည်ကို အခွင့်ကောင်းယူကာ မက်လုံးပေး စည်းရုံးခြင်းဖြစ်သည်ဟုလည်း ဝေဖန်ပြောဆိုကြသည်။
၂ဝ၁၂ ခုနှစ် ရွေးကောက်ပွဲတွင် BJP သည် လက်ရှိအာဏာရ ကွန်ဂရက်ပါတီအား မဏိပူရပြည်နယ်တွင့် ရှုံးနိမ့်ခဲ့ရသော် လည်း လက်တလော ကွန်ဂရက်ပါတီ၏ ပြည်တွင်းရေး အကြပ်အတည်းများအပေါ် အခွင့်ကောင်းယူကာ မဲရလိုမှု အတွက် ထိုသို့ပြောဆိုစည်းရုံးနေခြင်းလည်း ဖြစ်သည်။
“အိန္ဒိယက BJP ပါတီလို အတိုက်အခံ ပါတီကြီးတခုက ပြောလာပြီဆိုရင်တော့ ကျနော်တို့ အလေးထား စဉ်းစားရပါ မယ်။ မြန်မာ့ အတိုက်အခံရော၊ အစိုးရကပါ အလေးအနက်ထားစေချင်ပါတယ်” ဟု ဇိုမီးသွေးစည်းညီညွှတ်ရေး တပ်ဦး (ZRO) မှ ပြန်ကြားရေးတာဝန်ခံ ဦးမင်းထန် က ဆိုသည်။
အိန္ဒိယ အစိုးရအား လက်နက်ကိုင် ပုန်ကန်နေသည့် မဏိပူရပြည်နယ်မှ သူပုန်များလည်း ကဘော်ချိုင့်ဝှမ်းဒေသ အတွင်း အများအပြား ခိုလှုံနေထိုင်လျက် ရှိကြသည်။
“ဒီဘက်က တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေကလည်း ဒါကို အရေးမယူဘူးဗျ။ ကျနော်တို့က အရေးထားသလိုသူတို့က အရေး မထားဘူး။ တဖြေးဖြေး အခြေအနေက ပိုဆိုးလာတဲ့ သဘောမျိုး ဖြစ်လာတာပေါ့။ ဒီမှာရှိတဲ့ လဝက တို့၊ စစ်တပ်တို့ ဘာတို့ ဝန်ထမ်းတွေ သေသေချာချာ အလုပ်မလုပ်လို့ ဒီပြဿနာ တက်လာရတာပါ။ သူတို့ကလည်း သူတို့ရဲ့ လက်နက်ကိုင် အဖွဲ့အစည်းနဲ့ လာပြီးတော့ နယ်မြေကျူးကျော်တဲ့ သဘော ဖြစ်လာတာပေါ့” ဟု CPP လွှတ်တော် အမတ် ပူးနိုထန်ကပ် က ဆိုသည်။
ထိုကိစ္စနှင့် ပါတ်သက်ပြီး ဒေသတွင်း ပြည်သူလူထု၏ သဘောထား၊ အမြင်၊ ခံစားချက်များအား အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ အစိုးရများအား တင်ပြသွားမည်ဟု ပူးနိုထန်ကပ် က မဇ္စျိမကို ပြောဆိုသွားသည်။
ကဘော်ချိုင့်ဝှမ်းဒေသသည် စိမ်းလန်းစိုပြေပြီး သားငါးတိရိစ္ဆာန်ပေါများကာ ကောက်ပဲသီးနှံ အလွန်ဖြစ်ထွန်းသလို ငှက်ဖျားရောဂါလည်း ထူပြောသည်။
အိန္ဒိယနိုင်ငံ အရှေ့မြောက်ပြည်နယ်များမှ ခွဲထွက်သူပုန် ကိုးဖွဲ့မှာ မြန်မာ့မြေ ပိုင်နက်အတွင်း စခန်း ၆၄ ခု တည်ဆောက် လှုပ်ရှားနေကြသည်။

ပြောင်းလဲခြင်းနှင့်အတူ လိုက်ပါကြရန် သမ္မတ၏ အကြံပေးက တိုက်တွန်း


ပြောင်းလဲခြင်းနှင့်အတူ လိုက်ပါကြရန် သမ္မတ၏ အကြံပေးက တိုက်တွန်း 

ရန်ကုန် (မဇ္ဈိမ) ။        ။ လက်ရှိ ပြောင်းလဲနေသည့် အခြေအနေများ နောက်သို့ လိုက်ပါမှသာ ဖွံဖြိုးတိုးတက်မှုအတွက်
မောင်းနှင်အား ဖြစ်နိုင်ကြောင်း နိုင်ငံတော် သမ္မတ၏ စီးပွားရေး အကြံပေး ပါမောက္ခ ဒေါက်တာ အောင်ထွန်းသက် က ပြောဆိုလိုက်သည်။
“ပြောင်းလဲမှု မရှိရင် တိုးတက်မှု မရှိနိုင်ဘူး။ နိုင်ငံတကာကလည်း အပြောင်းအလဲကို လိုလားတယ်။ ပြည်သူတွေက လိုလားတယ်။ အဲဒါကို မပြောင်းရင် တိုးတက်မှာ မဟုတ်ဘူး။ ဒါကြောင့် ပြောင်းလဲမှုတွေကို လက်ခံဆောင်ရွက်ပေးဖို့ လိုအပ်တယ်” ဟု  သြဂုတ်လ ၂၅ ရက်နေ့က ဗိုလ်တထောင်မြို့နယ်ရှိ ဝါဏိဇ္ဇ ဘွဲ့ရများအသင်း ရုံးခန်းတွင် ပြုလုပ်ခဲ့ သည့် စွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဟောပြောတွင် ပြောကြားသွားသည်။
အစိုးရအဖွဲ့ဝင်များ၊ အရပ်ဖက် လူ့အဖွဲ့အစည်း၊ အစိုးရဝန်ထမ်းများနှင့် ပြည်သူများ အားလုံး အတူလိုက်ပါဖို့ လိုအပ်ကြောင်းလည်း ၎င်းက ဆိုသည်။
သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့အတွင်း အပြောင်းအလဲကို လိုလားသူများ ရှိသကဲ့သို့ အပြောင်းအလဲနောက်သို့ လိုက်ပါရန် တွန့်ဆုတ်နေသူများ ရှိကြောင်းကိုလည်း “အခုချိန်ထိ ထိုင်ခုံ မဖယ်ချင်သေးတဲ့သူတွေလည်း ရှိနေသေး တယ်။ အဲဒီ ပြောင်းလဲမှုမျိုး မရှိရင် တိုင်းပြည် တိုးတက်ဖို့ဆိုတာ မရှိနိုင်ဘူး” ဟု ဒေါက်တာအောင်ထွန်းသက် က ဆိုသည်။
ထို့ပြင် ပညာရေးနှင့် ကျန်းမာရေး အသုံးစရိတ်များ မြှင့်တင်ရန် လိုအပ်ကြောင်းလည်း ထည့်သွင်းပြောကြားသွားသည်။
“ယခင်က ပညာရေးကို နိုင်ငံရေးအတွက် အသုံးချခဲ့ပြီး တက္ကသိုလ်ပညာရေး ကျောင်းများကို ဝေးလံတဲ့ နေရာတွေကို ပို့ပြီး ပညာသင်ခဲ့တယ်။ အဲဒီအတွက် အဲဒီခေတ်မှာ ကျန်ခဲ့တဲ့သူတွေက ပညာတတ်တွေ နည်းလာတယ်။ ဒါတွေကို
ပြုပြင်ပြီးတော့ ပညာရေးနှင့် ကျန်းမာရေး အသုံးစရိတ်ကို ပိုပြီးအသုံးပြုဖို့ လိုအပ်တယ်” ဟု ဆိုသည်။
လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှ လူတော်များ ရွေးထုတ် ဦးဆောင်စေလိမ့်မည်ဟုလည်း ဒေါက်တာ က မျှော်မှန်းထားသည်။
“ဒီမိုကရေစီကိုအခုမှ စတော့ အားလုံးက ချွတ်ယွင်းချက်တွေ မြင်နေရတယ်။ အားလုံး ပြုပြင်နိုင်ရင်တော့ ၂၀၁၅ မှာ တိုးတက်ပြီး လူတော်တွေ ဦးဆောင်ပြီး ဖွံဖြိုးတိုးတက်တဲ့ နိုင်ငံတော်ဆီကို ရောက်မှာပါ” ဟု ဆိုသည်။
အလားတူ ၂၀၁၅ တွင် လူတဦးချင်းစီ၏ ဝင်ငွေ သုံးဆ ရောက်ရန် မျှော်လင့်ထားပြီး ကောင်းမွန်သည့် အုပ်ချုပ်ရေး စနစ်နှင့် သန့်ရှင်းသော အစိုးရတရပ်ကိုလည်း မျှော်လင့်ထားကြောင်း နိုင်ငံတော် သမ္မတကြီး၏ စကားကို ကိုးကားပြီး သမ္မတ အကြံပေးက ပြောဆိုသွားသည်။

ကလေးစစ်သား ၄၂ ယောက် စစ်တပ်အရာရှိတွေကိုယ်တိုင် မိသားစုထံ ပြန်လည်အပ်နှံမည်


ကလေးစစ်သား ၄၂ ယောက် စစ်တပ်အရာရှိတွေကိုယ်တိုင် မိသားစုထံ ပြန်လည်အပ်နှံမည် 

2012-08-28
မြန်မာနိုင်ငံတစ်ဝှမ်းက တပ်မတော် တပ်ရင်း၊ တပ်ဖွဲ့တွေမှာရှိတဲ့ ကလေးစစ်သား ၄၂ ယောက်ကို စစ်တပ် အရာရှိတွေကိုယ်တိုင် စက်တင်ဘာ ၃ ရက်နေ့မှာ မိသားစုထံ ပြန်လည်အပ်နှံဖို့ ရှိတယ်လို့ RFA က စုံစမ်းသိရှိရပါတယ်။
ရန်ကုန်မြို့ အခြေစိုက် ကုလသမဂ္ဂ အဖွဲ့အစည်းတွေ စုပေါင်းဖွဲ့စည်းထားတဲ့ ကလေးစစ်သား ပပျောက်ရေးဆိုင်ရာ အထူးလုပ်ငန်းအဖွဲ့ ရှေ့မှောက်မှာ ကလေးစစ်သားတွေကို အပ်နှံမှာဖြစ်ပြီး အလုပ်အကိုင်ရရှိရေး အပါအ၀င် ရှေ့ရေးကိစ္စတွေကိုပါ စီစဉ်ဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့ ILO နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ် ရန်ကုန်ရုံး စီမံကိန်းအရာရှိ ဦးချစ်တင်က RFA ကို အတည်ပြု ပြောကြားပါတယ်။
"အခုလာမဲ့ စက်တင်ဘာလ ၃ ရက်နေ့မှာ ကလေး ၄၂ ယောက်ကို ကုလသမဂ္ဂအထူးအဖွဲ့၊ သူတို့ဆီအပ်မှာ။ UNICEF ကအပ်မှာ၊ ဥက္ကဋ္ဌအဖြစ်ပါဝင်ပြီးတော့။ ကျန်တဲ့ ILO ၊ UN အဖွဲ့ဝင် အသီးသီးကအပ်မှာ။ အဖွဲ့ဝင်အဖြစ်ပါဝင်ပါတယ်။ ကျွန်တော်တို့ အားလုံးရှေ့မှာ လွှတ်ပေးမယ်။ လွှတ်ပေးပြီးလို့ရှိရင် လူမှုဖူလုံရေး အဖွဲ့ကနေပြီးတော့ ကလေးတွေကို ကြည့်ရှုစောင့်ရှောက် ထားပေးမယ်။ မိဘတွေနဲ့ နောက်တရက် တွေ့ပေးမယ်။ ပြီးလို့ရှိရင် သူတို့မူလဘဝ ပြန်လည်ပေါင်းစည်းရေးကို UNICEF တို့ ခုနက အလုပ်အခွင့်အလမ်း၊ ILO တို့က ဝိုင်းဝန်းကူညီ ပေးကြမယ်"
ILO နိုင်ငံတကာ အလုပ်သမား အဖွဲ့ချုပ်ဟာ အသက် ၁၈ နှစ်မပြည့်ခင် တပ်မတော်သားအဖြစ် စုဆောင်းခံရသူတွေကို ကလေးစစ်သားအဖြစ် သတ်မှတ်ထားပြီး ကလေးစစ်သားတွေရှိတဲ့ တပ်မတော် တပ်ရင်း၊ တပ်ဖွဲ့တွေက အကြီးဆုံး တာဝန်ရှိသူတွေ ကို စစ်စည်းကမ်း ဥပဒေအရ တရားစွဲ အရေးယူဖို့ရှိကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြီးခဲ့တဲ့ မေလအတွင်း အမိန့်စာ ထုတ်ပြန်ခဲ့တယ်လို့ ဦးချစ်တင်က ပြောပါတယ်။
တပ်မတော်နဲ့ အိုင်အယ်အို တာဝန်ရှိသူတွေဟာ လာမည့် ၂၀၁၅ ခုနှစ်မတိုင်မီ ကလေးစစ်သားနဲ့ အဓမ္မ လုပ်အားပေး ခိုင်းစေမှုတွေ ပပျောက်ရေးကိစ္စကို သဘောတူ လက်မှတ်ရေးထိုး ထားတဲ့အတွက် နောင်မှာလည်း စစ်တပ်ထဲမှာ ကျန်နေသေးတဲ့ ကလေးစစ်သားတွေကို မိသားစုထံ ထပ်မံ အပ်နှံသွားဖို့ ရှိကြောင်း သိရပါတယ်။
၂၀၀၇ ခုနှစ်ကနေ အခုအချိန်ထိ ကလေးစစ်သား ၅၀၀ ကျော်ကို တပ်မတော်ကနေ ပြန်လည် နှုတ်ထွက်ခွင့် ပေးထားပြီး ဖြစ်ကြောင်း ကုလသမဂ္ဂ အဖွဲ့အစည်းတချို့ရဲ့ ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

နာမည်ပျက်စာရင်းဝင် အရေအတွက် မြန်မာအစိုးရ လျှော့ချ


နာမည်ပျက်စာရင်းဝင် အရေအတွက် မြန်မာအစိုးရ လျှော့ချ

တိုကျိုသံရုံးရှေ့မှ ဆန္ဒပြမြင်ကွင်း။ (ကမ္ဘာအနှံ့မှ ဤသို့ မြန်မာ့အရေးတက်ကြွလှုပ်ရှားသူများအပေါ် ကန့်သတ်ထားသည့် နာမည်ပျက်စာရင်းထဲက တချို့ကို ပယ်ဖျက်ပေးလိုက်ခြင်းဖြစ်သည်။)
ကိုဇော်ဝင်းလှိုင်
အရင်စစ်အစိုးရလက်ထက်က အမည်မည်းစာရင်း Black List အဖြစ် သတ်မှတ်ထားသူ ၆,၀၀၀ ကျော် ထဲက ၂,၀၀၀ ကျော်ရဲ့ အမည်စာရင်းကို လက်ရှိအစိုးရက ပယ်ဖျက်လိုက်တဲ့အကြောင်း အင်္ဂါနေ့ မှာ ကြေငြာချက် ထုတ်ပြန်ပါတယ်။ ဒီ အမည်မည်း စာရင်းက ပယ်ဖျက်ခံရသူတွေ အနေနဲ့ မြန်မာနိုင်ငံ ကို ပြန်လာခွင့်ပြုမယ်လို့ အဲဒီ ကြေညာချက်မှာ ဖော်ပြထားပေမယ့် ဘယ်သူတွေ ပါတယ်ဆိုတဲ့ စာရင်း အတိအကျတော့ မသိရသေးပါဘူး။ အပြည့်အစုံကိုတော့ ဘန်ကောက်ရုံးကနေ ဆက်သွယ် စုံစမ်း ထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။
အမည်မည်းစာရင်းလို့ခေါ်တဲ့ ဒီ Black List ထဲမှာပါတဲ့ လူတွေနဲ့ပတ်သက်လို့ ပြန်လည်စစ်ဆေးပြီး မလိုအပ်တဲ့သူတွေကို ဒီ အမည်မည်းစာရင်းထဲက ထုတ်ပစ်ဖို့ နိုင်ငံတော်သမ္မတရုံးရဲ့ ညွန်ကြားချက်နဲ့ လုပ်ဆောင်ခဲ့တာပါ။

အရင် စစ်အစိုးရလက်ထက်တုန်းက ပြုစုထားခဲ့တဲ့ အဲဒီ အမည်မည်းစာရင်းဟာ လက်ရှိ သမ္မတ ဦးသိန်းစိန်အစိုးရက သွားနေတဲ့ ဒီမိုကရေစီ ပြုပြင်ရေး လမ်းကြောင်းတွေနဲ့ ကိုက်ညီခြင်းမရှိတဲ့ အတွက် အဲဒီစာရင်းကို ပြုစုပြီး ပထမအဆင့်အနေနဲ့ လက်ရှိ ရှိနေတဲ့ ၆,၁၆၅ ဦးထဲကနေ ၂,၀၈၂ ဦးရဲ့ အမည်စာရင်းကို ပယ်ဖျက်ပေးလိုက်တာလို့ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောပါတယ်။

“Black List က အရင် နဝတ၊ နအဖခေတ်မှာ- နောက်ဆုံးနအဖခေတ်အထိပေါ့နော်။ ရှိခဲ့တဲ့ black list တွေ ရှိတယ်။ အားလုံးပြန်ပြီး စိစစ်လိုက်တဲ့အချိန်မှာ ၆,၁၆၅ ယောက်ရှိတယ်။ အဲဒီတုန်းက black list ဆွဲထားတဲ့ အကြောင်းရင်းတွေက ကျနော်တို့ ခေတ်သစ်၊ စံနစ်သစ်ပေါ့နော်-ဒီမိုကရေစီသွားနေတဲ့ အချိန်မှာ constitution အရ black list ဆွဲဖို့ မသင့်တော့တာတွေကို ပြန်လည်စိစစ်ပြီးတော့ black list စာရင်းကနေ ပယ်ပေးလိုက်တာ။”

အဲဒီ စာရင်းထဲမှာတော့ ဖောက်ခွဲရေး၊ နိုင်ငံရေး စတဲ့ အကြောင်းကိစ္စအမျိုးမျိုးကြောင့် စာရင်းသွင်း ခံထားရသူတွေလည်း ပါတယ်လို့ ဦးဇော်ဌေးက ဆက်ပြောပါတယ်။

“အရင် အကြမ်းဖက် ကိစ္စတွေ လုပ်တာတွေ ရှိတယ်လေ။ အဲဒါတွေရှိတယ်။ အမျိုးမျိုးပေါ့နော်။ အဲဒီ အမျိုးမျိုးကို ပြန်ပြီးတော့ စိစစ်လိုက်တာပါ။
အရင်တုန်းက ဘာမှ မဟုတ်ဘဲနဲ့ လုပ်ထားတဲ့ဟာတွေ - အဲဒါတွေကို ပြန်ပြီးတော့ ဖယ်ပေးလိုက်တာ။”
ဒီစာရင်းထဲမှာ ပါတဲ့သူတွေဟာ မြန်မာနိုင်ငံသားတွေ၊ မြန်မာနိုင်ငံသားဖြစ်ပြီး ပြည်ပနိုင်ငံတွေမှာ သွားရောက်နေထိုင်နေသူတွေနဲ့ ပြည်ပနိုင်ငံသား ခံယူထားသူတွေဖြစ်တယ်လို့ ပြောပါတယ်။ ဒီ အမည်မည်းစာရင်းမှာ ပါသူတွေရဲ့ အမည်စာရင်းနဲ့ပတ်သက်လို့ နိုင်ငံတော် သမ္မတရုံး အင်တာနက် ၀က်ဘ်ဆိုက်မှာ ထုတ်ပြန်သွားဖို့ ရှိတယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

ဒါပေမယ့် နာမည်စာရင်းက များလွန်းနေတဲ့အတွက် ကျန်နေတဲ့သူတွေရဲ့ စာရင်းကိုပဲ ရွေးထုတ်ပြီး ထုတ်ပြန်ရမလား၊ ဒါမှမဟုတ် အမည်စာရင်းမှာပါသူ အားလုံးရဲ့ နံမည်တွေအားလုံးကိုပဲ ထုတ်ပြန် ရမလားဆိုတာနဲ့ ပတ်သက်လို့တော့ ဆုံးဖြတ်ချက် မကျသေးဘူးလို့ ပြောပါတယ်။

ဒီအမည်မည်းစာရင်း ရှိတယ်ဆိုတဲ့ကိစ္စဟာ အစိုးရက တရားဝင် မထုတ်ပြန်ပေမယ့်လည်း မြန်မာနိုင်ငံ သားတွေကြားမှာ သိရှိထားပြီးသားကိစ္စပါ။ အရင် အာဏာရှင်ဟောင်း ဦးနေ၀င်းလက်ထက်ကတည်း က အမည်မည်းစာရင်းဆိုတာ တည်ရှိခဲ့တာ ဖြစ်ပေမယ့် ၁၉၈၈ ခုနှစ်နောက်ပိုင်း စစ်တပ်က အာဏာ သိမ်းပြီး ဗိုလ်ချုပ်ကြီး ခင်ညွန့် ဦးဆောင်တဲ့ တပ်မတော် ထောက်လှမ်းရေး တန်ခိုးအရှိန်အ၀ါ ကြီးထွား ခဲ့တဲ့အချိန်မှာ ဒီ အမည်မည်းစာရင်း Black List ဟာ ပိုပြီး ကျယ်ပြန့် များပြားလာပြီး ဒီ အမည်မည်း စာရင်းကြောင့် ဘ၀ပျက်ခဲ့ကြတဲ့သူတွေ၊ မိတကွဲ ဖတကွဲ ဖြစ်ခဲ့ကြသူတွေ၊ ပြည်ပနိုင်ငံတွေရောက်ပြီး မိခင်တိုင်းပြည်ကို ပြန်မရကြတော့တဲ့သူတွေ မရေမတွက်နိုင်အောင် ရှိတယ်လို့ နိုင်ငံရေး အသိုင်းဝိုင်း က ပြောကြပါတယ် ခင်ဗျား။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။