Wednesday, August 22, 2012

ပူပန်မှု ရှိသော်လည်း အိန္ဒိယရှိ မြန်မာ ရဟန်းတော်များ အေးချမ်းစွာ ပညာသင်ကြားနိုင်


ပူပန်မှု ရှိသော်လည်း အိန္ဒိယရှိ မြန်မာ ရဟန်းတော်များ အေးချမ်းစွာ ပညာသင်ကြားနိုင်

နယူးဒေလီ (မဇ္ဈိမ) ။       ။ အိန္ဒိယနိုင်ငံတဝှမ်းတွင် ထွက်ပေါ်လျက်ရှိသော လူမျိုးရေး ပဋိပက္ခများနှင့် ပတ်သက် သည့် ကောလာဟလ သတင်းများကြောင့် ဗုဒ္ဓဂါယာနှင့် ဗာရာဏသီမြို့များရှိ မြန်မာ စာသင်သား ရဟန်းတော်များ အနေဖြင့် အနည်းငယ် စိတ်ပူပန်ခဲ့သော်လည်း အေးချမ်းစွာပင် စာပေသင်ကြား လျက်ရှိကြောင်း သိရသည်။
အိန္ဒိယ အရှေ့မြောက်ပိုင်းရှိ အာသံပြည်နယ်နှင့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ဒေသခံ တိုင်းရင်းသား များနှင့် မူဆလင် ဘာသာဝင်များအကြား အကြမ်းဖက်မှုများနှင့် တင်းမာနေမှု သတင်းများကြောင့် အိန္ဒိယနိုင်ငံတွင် ပညာသင်ကြားနေသော ဗုဒ္ဓဘာသာ မြန်မာရဟန်းတော်များအကြား စိုးရိမ်ကြောင့်ကြမှု အနည်းငယ် ဖြစ်ပွားခဲ့ရကြောင်း ဥတ္တရ ပရာဒေ့ရှ် UP ပြည်နယ် ဗာရာဏသီ ဟိန္ဒူတက္ကသိုလ် BHU တွင် တက်ရောက်နေသည့် ဦးနိပုဏလင်္ကာရ က မိန့်ကြားသည်။
“ပြဿနာတွေ ဖြစ်ကြတော့ သတင်းတွေက တော်တော်လေး ကြီးလာတယ်လေ။ အဲဒီအခါကျတော့ တယောက်နဲ့ တယောက် သတိပေးလာကြတယ်။ အရှင်ဘုရားတို့ မြို့ထဲ သွားတဲ့အခါ တပါးတည်း မသွားကြဖို့၊ စိုးရိမ်စိတ်ကတော့ ဒီရက်ပိုင်းမှာ အားလုံးရှိကြတယ်” ဟု မဇ္ဈိမကို မိန့်ကြားသည်။
ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီ မူဆလင်များအကြား ဇွန်လအတွင်းက အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သလို အိန္ဒိယနိုင်ငံ အာသံပြည်နယ်ရှိ ဘိုရို လူမျိုးစုများနှင့် ဘင်္ဂလားဒေ့ရှ်မှ ဝင်ရောက်လာသည်ဟု ဆိုသော မူဆလင်များ အကြား ဇူလိုင်လအတွင်း အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် လူပေါင်း ၈ဝ ခန့် သေဆုံးခဲ့ရသည်။
သြဂုတ်လ ၁၁ ရက်နေ့တွင် မုံဘိုင်းမြို့ကြီးရှိ မူဆလင်များ သောင်းနှင့်ချီ၍ ငြိမ်းချမ်းစွာ ဆန္ဒပြကြစဉ် မသမာသူတစုက ဝင်ရောက်အကြမ်းဖက်၍ ရဲတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးခဲ့ရပြီး သတင်းမီဒီယာသမားများလည်း ရိုက်နှက်ခံခဲ့ရသည်။
၎င်းနောက်တွင် အရှေ့မြောက်ပိုင်းရှိ ပြည်နယ်သားများအပေါ် အကြမ်းဖက် တိုက်ခိုက်မည် ဟူသည့် ခြောက်ခြားဖွယ်
ခြိမ်းခြောက်မှုများ ကောလာဟလအဖြစ် ဖေ့စ်ဘွတ်နှင့် မိုဘိုင်း မက်ဆေ့ခ်ျများမှတဆင့် ပျံ့နှံ့လာခဲ့သည်။
အစိုးရ တာဝန်ရှိသူများနှင့် ရဲဌာနမှ ထို ကောလာဟလများနှင့်ပတ်သက်၍ စိုးရိမ်ကြောင့်လန့်ခြင်း မရှိရန် ကတိကဝတ် များ ပြုထားသော်လည်း မုံဘိုင်း၊ ဘန်ဂလို၊ ချန်နိုင်း စသည့် ပြည်မကြီးရှိ မြို့များတွင် အရှေ့မြောက်ပြည်နယ်များမှ လာရောက် အလုပ်လုပ်ကိုင်နေသူများနှင့် ကျောင်းသူ ကျောင်းသားများမှာ ၎င်းတို့နေရပ်သို့ သောင်းနှင့်ချီ၍ ပြန်လည် ထွက်ခွါသွားခဲ့ကြသည်။
ထိုသို့သော အခြေအနေတွင် အိန္ဒိယ အရှေ့မြောက် ပြည်နယ်သားများနှင့် ရုပ်သွင်ပြင် ဆင်ဆင်တူသည့်
မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာ ရဟန်းသံဃာများအနေနှင့်လည်း လုံခြုံရေးအတွက် စိုးရိမ်ဖွယ်ရာ ဖြစ်လာခဲ့ခြင်း ဖြစ်သည်။
“သတင်းတွေက အများကြီး။ ခက်တာက ကောလာဟလတွေ ဖြစ်နေတာဆိုတော့ သတိတော့ ထားပါတယ်။ သတင်းကိုတော့ အမြဲမပြတ် နားထောင်စေချင်တယ်။ ထွက်ပေါ်လာနေတဲ့သတင်းတွေကိုလည်း ချင့်ချိန်ပြီးတော့မှ လက်ခံကြဖို့ပေါ့” ဟု ဘီဟားပြည်နယ် ဂါယာမြို့ရှိ မဂဓ တက္ကသိုလ်တွင် တက်ရောက်နေသည့် ဦးအရုဏ က မိန့်ကြားသည်။
သို့သော် လက်ရှိအချိန်အထိ လုံခြုံရေး ထိခိုက်စေလောက်သော အရိပ်အယောင် မတွေ့ရသေးဘဲ ကောင်းမွန်စွာ သီတင်းသုံးနေနိုင်ကြောင်းလည်း သိရသည်။
“ဦးပဉ္စင်းတို့ အခုနေတာ နိုင်ငံခြားကျောင်းသား အဆောင်မှာ နေတာလေ။ ဘာသာပေါင်းစုံနဲ့။ မူဆလင်၊ ဟိန္ဒူ၊ ခရစ်ယာန် ဘာသာပေါင်းစုံ စုပေါင်းပြီး နေကြတာပဲ။ မူဆလင်နဲ့ ဗုဒ္ဓဘာသာ ဖြစ်တာမျိုးလည်း ဘာမှ မရှိဘူး။ ဘာသာရေးနဲ့ ပါတ်သက်တဲ့ ပြဿနာ တခုခု မဖြစ်ဖူးသေးဘူး” ဟု ဦးနိပူဏလင်္ကာရ က မိန့်ကြားသည်။
ဟိန္ဒူ- မူဆလင် အဓိကရုဏ်းများ ဖြစ်ပွားခဲ့စဉ်ကလည်း ကျောင်းဆောင်များတွင် အိန္ဒိယအစိုးရမှ လုံခြုံရေး ရဲဝန်ထမ်းများ ထားရှိကာ စောင့်ရှောက်ပေးခဲ့ဖူးကြောင်းလည်း ဆက်လက်မိန့်ကြားသည်။
မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ ထိုင်ဝမ်၊ တိဘက်နှင့် ကိုးရီးယား နိုင်ငံတို့မှ စာသင်သား ရဟန်းတော် အပါး ၃ဝဝ ခန့် ဗာရာဏသီမြို့တွင် ဗုဒ္ဓစာပေများ လာရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။
လက်ရှိ ရခိုင်ပြည်နယ်တွင်း ပြဿနာများမှာလည်း “ဘာသာရေးပြဿနာ မဟုတ်ဘူး။ လူမျိုးရေး တခုနဲ့တခု
ဖြစ်နေတဲ့ ပြဿနာပဲလေ။ ပြေပြေလည်လည် ဖြေရှင်းသွားရင် ပြေလည်သွားမှာပါ။ မလိုလားအပ်တဲ့ ဖွတာတွေ။ သတင်းတွေကို အမှန်အတိုင်း နှစ်ဖက် မျှမေးပြီး လွှင့်ပေးဖို့ပါ” ဟု ဦးနိပုဏ က မိန့်ဆိုသည်။
ဂါယာမြို့တွင်လည်း မြန်မာရဟန်းတော် အပါး ၈ဝ ခန့်ရှိပြီး လုံခြုံရေး စိုးရိမ်စရာ မရှိကြောင်း သိရသည်။

လယ်သမားများ စီတန်းလှည့်လည် ဆန္ဒပြခွင့် လျှောက်ထားမှု ငြင်းပယ်ခံရ


လယ်သမားများ စီတန်းလှည့်လည် ဆန္ဒပြခွင့် လျှောက်ထားမှု ငြင်းပယ်ခံရ

2012-08-22
လယ်ယာမြေ သိမ်းခံထားရတဲ့ လယ်သမားကြီး ၆၀၀ ခန့် ဒီလ ၂၇ ရက်ကျရင် ပြည်မြို့မှာ စီတန်းလှည့်လည် ဆန္ဒပြဖို့  ၁၉ ရက်နေ့က လျှောက်ထားခဲ့တာကို ငြင်းပယ်ကြောင်း ပြည်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက မနေ့ညက ထုတ်ပြန်ကြေညာ လိုက်ပါတယ်။
ဆန္ဒပြပွဲကို ဦးဆောင်မယ့် သူလည်းဖြစ် ခွင့်ပြုမိန့် လျှောက်ထားသူ တစ်ဦးလည်းဖြစ်သူ ကိုရဲထင်ကျော်က အမိန့်စာ ရရှိပုံကို အခုလို ပြောပြပါတယ်။
"ကျွန်တော်တို့ ကို ၂၁ ရက် ၈ လပိုင်း ၂၀၁၂ ရက်စွဲနဲ့ ပေါ့နော်။ ပြည်မြို့နယ် ရဲတပ်ဖွဲ့ မှူးရုံး ကနေပြီးတော့ပေါ့၊ ဒီငြင်းပယ်တဲ့ အကြောင်းပေါ့နော်၊ သဘောထား ပြန်ကြားလိုက်ပါတယ်။ ည ၈ နာရီ ၁၀ မိနစ် လောက်က လာပေးရပါတယ်။ ပြည်မြို့နယ် ရဲတပ်ဖွဲ့ မှူးရုံးက ဒီ ကျွန်တော်တို့  ဒု တပ်ကြပ် တစ်ယောက်နဲ့ ပေးခိုင်းလိုက်တာပါ စာအိတ်နဲ့ ပေါ့"
အမိန့်စာထဲမှာ မြို့ နယ်ရဲတပ်ဖွဲ့မှူးက အချက်သုံးးချက် အကြောင်းပြ ငြင်းဆိုခဲ့ရာမှာ ဦးဆောင်မဲ့သူတွေဟာ ပန်းတောင်းမြို့မှာ နေထိုင်သူတွေ ဖြစ်တာရယ်၊ ပြည်မြို့နယ်မှာ လယ်ယာမြေ သိမ်းဆည်းခံရတဲ့ ကိစ္စ ကြီးကြီး ငယ်ငယ် မရှိတာရယ်၊ သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေဟာ သက်ဆိုင်ရာ ဥပဒေနဲ့အညီ ဆောင်ရွက်တဲ့ကိစ္စ ဖြစ်တာရယ်တို့ကြောင့် ငြင်းပယ်တာလို့ ဆိုပါတယ်။
ဒီနောက်ဆုံး အကြောင်းပြချက်ဟာ မိမိတို့ ရဲ့လုပ်ပိုင်ခွင့် ဘောင်ကို ကျော်လွန် အကြောင်းပြခြင်း ဖြစ်ကြောင်း ကိုရဲထင်ကျော်က ပြောပါတယ်။
"ဒီ သိမ်းဆည်းပြီး လယ်ယာမြေများ သည်လည်း သက်ဆိုင်ရာဋ္ဌာနမှ ဥပဒေနဲ့ အညီ ဆောင်ရွက်သည့် ကိစ္စများဖြစ်ခြင်း ဆိုတာသည် သူတို့ လုပ်ရမယ့် သူတို့ ပြောရမယ့်စကား မဟုတ်ပါဘူး။ သူတို့ အကြောင်းပြရမယ့်ကိစ္စ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီလယ်ယာမြေ သိမ်းပြီးသားတွေက ဥပဒေနဲ့ ညီ၏၊ မညီ၏ ပေါ့။ လူသူပိုင်၏၊ မပိုင်၏ ဆိုတာကို ဆုံးဖြတ်ရမည့် တာဝန်နဲ့ လုပ်ပိုင်ခွင့်သည် ပြည်တောင်စုလွှတ်တော် အဆင့်မှာသာလျှင် ရှိပါတယ်။ အခုပုံစံ အရဆိုရင် ကျွန်တော်တို့ ပြည်ထောင်စုလွှတ်တော် ကနေပြီးတော့ လယ်ယာမြေ ပြဿနာနဲ့ ပတ်သက်လို့  ဒီဖြေရှင်းဖို့အတွက် စုံစမ်း စစ်ဆေးရေးကော်မရှင်တွေနဲ့ တွေ့ဖို့အတွက် အတည်ပြုလိုက်ပြီ ဆိုတော့လေ။ အဲဒီတော့ အဲဒီအပေါ်မှာ သူတို့ပယ်တယ်ဆိုရင် တစ်ခြားနည်းဥပဒေနဲ့ ညီ၏၊ မညီ၏ ပေါ့နော်။ ကျွန်တော်တို့ လျှောက်ထားတဲ့ပုံစံ မှန်၏၊ မမှန်၏ ဆိုတာကို ကြည့်ပြီးတော့ သူတို့ အနေနဲ့ ပယ်ရမယ်လို့ ကျွန်တော်တို့ ယူဆတယ်"
အခုလို ငြင်းပယ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်လို့  ပြည်ထောင်စုလွှတ်တော်နဲ့ နိုင်ငံတော် သမ္မတထံ အိတ်ဖွင့်ပေးစာ တစ်စောင်ပေးပို့ တင်ပြမှာဖြစ်ပြီး ဆန္ဒပြပွဲ နည်းဥပဒေအရ တိုင်းရဲတပ်ဖွဲ့မှူးထံ အယူခံတင်ဖို့ ကိုတော့ အာဏာပိုင်များအပေါ် ယုံကြည်မှု မရှိလို့ လောလောဆယ် စဉ်းစားဆဲပဲ ဖြစ်တယ်လို့ သိရပါတယ်။

မြေယာ ပြဿနာဖြေရှင်းရေး NDF ဆွေးနွေးပွဲကျင်းပ


မြေယာ ပြဿနာဖြေရှင်းရေး NDF ဆွေးနွေးပွဲကျင်းပ

2012-08-22
မြန်မာနိုင်ငံတ၀ှမ်းက လယ်မြေ သိမ်းယူခံထားရတဲ့ တောင်သူ လယ်သမားများအတွက် နေပြည်တော် လွှတ်တော်မှာ ဖွဲ့စည်းထားတဲ့ မြေယာ ပြဿနာ ဖြေရှင်းရေး ကော်မရှင်ကို ကူညီတင်ပြပေးဖို့ NDF အမျိုးသားဒီမိုကရေစီ အင်အားစုပါတီဝင် (၂၀၀) နီးပါးလောက် ရန်ကုန်မြို့ စီးတီးစတား ဟိုတယ်မှာ ဒီကနေ့ ဆွေးနွေးပွဲ ကျင်းခဲ့ပါတယ်။
RFA
၂၀၁၂ ခုနှစ် သြဂုတ်လ ၂၁ ရက်က ရန်ကုန်မြို့ စီးတီးစတား ဟိုတယ်တွင် NDF ပါတီက တောင်သူ လယ်သမားရေးရာ ကော်မတီ ဆွေးနွေးပွဲတွင် ဒေါ်ဘောက်ဂျာ (လူ့အခွင့်အရေးလှုပ်ရှားသူ)က ဆွေးနွေးတင်ပြနေစဉ်။
သိမ်းယူခံထားရပြီးနောက် အကောင်အထည် မဖော်နိုင်တဲ့ စီမံကိန်းတွေ၊ အခွင့်အရေး ချိုးဖောက်ခံရမှုတွေ အားလုံးကို လွှတ်တော်မှာ တင်ပြနိုင်ဖို့ ဒီဆွေးနွေးပွဲ ကျင်းပရတာ ဖြစ်တယ်လို့ NDF ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ဆွေးနွေးပွဲမှာ RFA ကို ပြောကြားခဲ့ပါတယ်။
"တပ်ရင်း တပ်ဖွဲ့တွေ၊ ကုမ္ပဏီတွေ၊ စက်ရုံတွေကနေပြီးတော့ကာ တကယ်တမ်း သိမ်းထားပြီးတော့ တကယ် အလုပ်မလုပ်ပဲနဲ့ ပြည်သူ့အခွင့်အရေး ဆုံးရှူံးနေတာကို ဖော်ထုတ်ပြီးတော့ ကော်မရှင်သိအောင် ပြောကြားဖို့အတွက် ဒီနေ့ပွဲကို ကျင်းပရခြင်း ဖြစ်ပါတယ်"
အဲဒီ တွေ့ဆုံဆွေးနွေးပွဲကို ရန်ကုန်တိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ကချင်ပြည်နယ်စတဲ့ ပြည်နယ်နဲ့တိုင်း ဒေသအသီးသီးက NDF ပါတီဝင်တွေ တက်ရောက် ဆွေးနွေးခဲ့ကြတာ ဖြစ်ပြီး ပြည်တွင်း ပြည်ပ သတင်းမီဒီယာတွေလည်း သတင်းရယူခဲ့ကြပါတယ်။

ကျောက်တော်မြို့နယ်ရှိ ကျေးရွာသူတွေကို ဒေသခံ အာဏာပိုင်တွေ ခေါ်ယူစစ်ဆေး


ကျောက်တော်မြို့နယ်ရှိ ကျေးရွာသူတွေကို ဒေသခံ အာဏာပိုင်တွေ ခေါ်ယူစစ်ဆေး

2012-08-22
မကြာသေးခင်က ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အတွင်းရှိ ကျေးရွာတွေက အမျိုးသမီးတွေကို အခု ရက်ပိုင်းအတွင်း ဒေသခံ အာဏာပိုင်တွေက ခေါ်ယူ စစ်ဆေးနေတယ်လို့ သိရပါတယ်။
ကျောက်တော်မြို့နယ်မှာ ဒေသခံ ရခိုင်တိုင်းရင်းသားတွေနဲ့ ရိုဟင်ဂျာတွေအကြား ပဋိပက္ခတွေ ဖြစ်ပေါ်ခဲ့ပြီးနောက် ရွှေလှိုင်၊ ဂုတ်ဘီထောင့်၊ ရွာသစ်ကေ၊ ကျောက်ဖြူရွာသစ်၊ တောင်ဘွေ၊ ကသစ်တော စတဲ့ကျေးရွာ တွေက ရွာခံတွေကို အာဏာပိုင်တွေက စစ်ဆေးနေရာမှာ အခုအချိန်အထိ ဖမ်းဆီးခံထားရသူ ၃၀ ကျော် ရှိနေပြီလို့ ဒေသခံတွေကပြောပါတယ်။
အခုရက်ပိုင်းတွေအတွင်း ရွာခံအမျိုးသမီးတွေကိုပါ အာဏာပိုင်တွေက စစ်ဆေးနေတာ ဖြစ်တယ်လို့ ခေါ်ယူမေးမြန်းခံရပြီး နေအိမ်ကိုပြန်လည် ရောက်ရှိလာတဲ့ ရွှေလှိုင်ရွာသူ အမျိုးသမီးတစ်ဦးက RFA ကိုပြောပါတယ်။
ကျောက်တော်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် နေအိမ်ပေါင်း ၃၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ရပြီး လူဦးရေ ၃၀၀၀ ခန့် ဒုက္ခရောက်ခဲ့ရပါတယ်။ ဒါ့အပြင် စစ်တွေမြို့မှာလည်း အခုအချိန်အထိ ပဋိပက္ခတွေကြောင့် လူဦးရေပေါင်း ခြောက်သောင်းကျော်လောက် ဒုက္ခသည်စခန်းတွေကို ခိုလှုံနေရဆဲ ဖြစ်ပါတယ်။
ဘုန်းတော်ကြီးကျောင်းတွေမှာ ခိုလှုံနေကြရတဲ့ ဒုက္ခသည်တွေအတွက် အစိုးရက သီးခြားစခန်းတွေ ဆောက်လုပ်ကာ ပြောင်းရွှေ့ပေးနေတာ ရှိပေမယ့် မီးလောင်ခံခဲ့ရတဲ့ အိမ်ရာမြေတွေကိုတော့ ပြန်လည်ပေးအပ်ဖို့ လတ်တလော စီစဉ်ထားတာ မရှိသေးဘူးလို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းပြန်ကြားရေးနဲ့ မှတ်တမ်းပြုစုရေး ကော်မတီ ဥက္ကဋ္ဌ ဦးလှသိန်းက RFA ကို ပြောပါတယ်။

ရဲတပ်ဖွဲ့က အကြမ်းဖက် ၀င်ရောက်စီးနင်းမှုကြောင့် ထိခိုက်ဒဏ်ရာရ


ရဲတပ်ဖွဲ့က အကြမ်းဖက် ၀င်ရောက်စီးနင်းမှုကြောင့် ထိခိုက်ဒဏ်ရာရ

2012-08-22
မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်အတွင်း ကျူးကျော် အခြေချနေထိုင်သူတွေကို လုံခြုံရေးတပ်ဖွဲ့တွေ မနေ့က အဓမ္မ ဖယ်ရှားဖို့ အကြမ်းဖက် ၀င်ရောက်စီးနင်းရာမှာ ကိုချစ်မိုးဆိုသူကို ရဲတွေက လက်ထိပ်ခတ် ဖမ်းဆီးပြီးနောက် တစ်နာရီကြာလောက် ညှဉ်းပန်း နှိပ်စက်ခဲ့ကြတယ်လို့ သိရပါတယ်။
RFA
၂၀၁၂ ခုနှစ် သြဂုတ်လ ၂၀ ရက်က ရဲတပ်ဖွဲ့များ အဓမ္မ၀င်ရောက် စီးနင်းခြင်းကြောင့် ထိခိုက်ဒဏ်ရာ ရခဲ့သည့် မြရည်နန္ဒာရပ်ကွက်အတွင်း ကျူးကျော် နေထိုင်သူတစ်ဦးကို တွေ့ရစဉ်။
ကာယကံရှင် ကိုချစ်မိုးက-
"ကျွန်တော့်ကို လက်ထိပ်ခတ်တာ လက်ထိပ်က ၂ ခုဆိုတော့ ဒီကိုရိုက်တာ။ ကုတင်ပေါ်ကနေ ကျွန်တော့် အမေကို ဆွဲချလိုက်တော့ ကျွန်တော့်အမေ အောက်ကလဲသွားတဲ့ အချိန် ကျွန်တော်ကနေပြီးတော့ အမေ့ကို မလုပ်နဲ့ဆိုပြီးတော့ ကျွန်တော်က ဖယ်လိုက်တော့ သူကနေပြီး ကျွန်တော့်ကို ဆွဲပြီးတော့ ရိုက်နှက်ပြီးတော့ လက်ထိပ်ခတ်ပြီးတော့ မြေကြီးထဲကို ခြေဆင်းခိုင်းတယ်။ ခြေမဆင်းလို့ဆိုပြီး ခြေထောက်ကို ဖနောင့်နဲ့ ပေါက်တာ။ ကျွန်တော့် နောက်ကျောတွေရော ကန်တယ်။ နားအုံတွေလည်း ရိုက်တယ်။ ခေါင်းတွေရော၊ ဆံပင်ဆွဲဆောင့်ပြီး မြေကြီးထဲမှာ ခေါင်းကို နှိမ်ထားတယ်။ ပြူတင်းပေါက်က တိုင်နဲ့ ကျွန်တော့်ခေါင်းကို ချတယ်။ နံတွေလည်း သူ့ဘွတ်ဖိနပ်နဲ့ ကျွန်တော့်ကို ကန်တယ်"
သူ့ကို ဖမ်းဆီးနှိပ်စက်နေချိန်မှာ မန္တလေးအခြေစိုက် သတင်း မီဒီယာသမားတွေ ရောက်လာတဲ့အတွက် အာဏာပိုင်တွေက လက်ထိပ်ဖြုတ်ပြီး ပြန်လွှတ်ပေးလိုက်တာကြောင့် သက်သာရာ ရသွားခဲ့တယ်လို့ ကိုချစ်မိုးက ပြောပါတယ်။
မနေ့က အဓမ္မ ၀င်ရောက်စီးနင်းပြီး ရိုက်နက်ခဲ့မှုကြောင့် ဒဏ်ရာရရှိခဲ့သူ (၇) ဦးဟာ မန္တလေး ပြည်သူ့ဆေးရုံ ပြင်ပလူနာဌာနမှာ ကုသမှု ခံယူခဲ့ကြတယ်လို့ သိရပါတယ်။ လူနာ ၆ ဦးက ညတွင်းချင်း ဆေးရုံ ဆင်းလာခဲ့ရပေမယ့် ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦးကတော့ ဆက်လက်ကုသမှု ခံယူနေရဆဲပဲလို့ သိရပါတယ်။
သေနတ်နဲ့ အရိုက်ခံရတာကြောင့် သတိမေ့မျောသွားတဲ့ နှလုံးရောဂါသည် ဒေါ်ခင်အုန်းမြင့်ဆိုသူ အမျိုးသမီးကတော့ ဆေးကုသဖို့ စရိတ် မတတ်နိုင်တာကြောင့် မနေ့က ဆေးရုံမတက်ခဲ့ရပေမယ့် ဒီကနေ့မှာတော့ ရပ်ကွက်က ကူညီလှူဒါန်းတဲ့ စရိတ်နဲ့ ဆေးရုံမှာ ကုသမှု ခံယူနေတယ်လို့ သိရပါတယ်။
မနေ့ က ဖြစ်ပျက်ခဲ့တဲ့ အခြေအနေကြောင့် ရပ်ကွက်သားတွေဟာ အချိန်မတော် ၀င်ရောက် အကြမ်းဖက်စီးနင်းခံရမှာ စိုးရိမ်ထိန့်လန့်နေကြတဲ့အတွက် ညလုံးပေါက် မအိပ်ခဲ့ကြဘူးလို့ ရပ်ကွက်သူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
"နောက်တခေါက်ဝင်မယ်။ နောက်တခေါက် ဒီလိုဖြစ်ဦးမယ် ဆိုတော့ ကျွန်တော်တို့အားလုံး တအားကို စိုးရိမ်နေကြပါတယ်။ အကုန်လုံးကလည်း မအိပ်ရဘူး။ ကလေး လူကြီးကအစ ဒီလမ်းပေါ်မှာ နေနေရတယ်။ ကိုယ့်အိမ်ထဲကို ဝင်မအိပ်ရဲလောက်အောင်ကို ဖြစ်နေရတယ်"
မြရည်နန္ဒာရပ်ကွက်ကို လုံခြုံရေး ရဲတပ်ဖွဲ့တွေ ဒီကနေ့ ထပ်မံ လာရောက်စီးနင်းဖို့ ရှိတယ်လို့ မန္တလေးမြို့မှာ မနက်ပိုင်းကတည်းက သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်နေပေမယ့် ညနေ (၅) နာရီအထိ လာရောက်မှု မရှိသေးဘူးလို့လည်း သိရပါတယ်။

ကျောင်းသားသမဂ္ဂအဆောက်အဦး ပြန်လည်ဆောက်လုပ်ဖို့ စည်းဝေး


ကျောင်းသားသမဂ္ဂအဆောက်အဦး ပြန်လည်ဆောက်လုပ်ဖို့ စည်းဝေး

2012-08-22
ရန်ကုန်တက္ကသိုလ် ပရဝုဏ်ထဲမှာရှိတဲ့ ကျောင်းသားသမဂ္ဂ အဆောက်အဦးကို ယခင်နေရာမှာ ပြန်လည် ဆောက်လုပ်ခွင့် ရဖို့အတွက် မျိုးဆက်အလိုက် ကျောင်းသားခေါင်းဆောင်တွေ ပါဝင်တဲ့ အစည်းအဝေး တစ်ရပ်ကို ဒီကနေ့ ရန်ကုန်မြို့ တစ်နေရာမှာ ကျင်းပခဲ့ပါတယ်။
RFA
၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့မှာ တွေ့ရသော ရန်ကုန် တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အဦ ဖြစ်ပါသည်။ ဇူလိုင်လ ၈ ရက်နေ့တွင် စစ်တပ်၏ ဗုံးဖောက်ခွဲမှုကြောင့် ကျောင်းသားသမဂ္ဂ အဆောက်အဦ ပျက်ဆီးခဲ့ရပါသည်။ (မှတ်တမ်းဓါတ်ပုံ)
ဒီအစည်းအဝေးဟာ ရန်ကုန်တက္ကသိုလ် ရှင်သန် ဖွံဖြိုးရေး၊ ကျောင်းသားသမဂ္ဂ အဆောက်အအုံ ပြန်လည် ဆောက်လုပ်ရေးတို့နဲ့ ပက်သက်ပြီး (၆) ကြိမ်မြောက် ဆွေးနွေးပွဲ ဖြစ်တယ်လို့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ဦးဂျင်မီက RFA ကို ပြောပါတယ်။
"ဒီနေ့က ရန်ကုန်တက္ကသိုလ် ရှင်သန်ဖွံဖြိုးရေးနဲ့ တကသအဆောက်အအုံ ပြန်လည် တည်ဆောက်ရေး အဖွဲ့ရဲ့ ဆဋ္ဌမအကြိမ်မြောက် အစည်းအဝေးကို လုပ်တယ်။ ဒီအဖွဲ့မှာတော့ မျိုးဆက်လိုက် ကျောင်သားတွေပေါ့လေ၊ နောက်ပြီးတော့ သီးသန့်တာဝန် ယူထားတဲ့ ကော်မတီအလိုက် တာဝန်ယူထားတဲ့ လူတွေစုံစုံ ညီညီတက်ရောက်တယ်။ ဒီအစည်းအဝေးကနေပြီးတော့ သတ္တမအကြိမ်မြောက် အစည်းအဝေးကို ၂ ပတ်လောက် အကြာမှာ ကျင်းပဖို့အတွက် စဉ်းစားကြတယ်"
ကျောင်းသားသမဂ္ဂ အဆောက်အဦး ပြန်လည် တည်ဆောက်နိုင်ရေးအတွက် ၁၉၆၂ ၊ ၇၄၊ ၈၈ နဲ့ ၂၀၀၇ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေအားလုံး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်နေကြတယ်လို့ သိရပါတယ်။
၁၉၆၂ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အဦးကို ဗိုလ်ချုပ်ကြီး နေဝင်း စစ်အစိုးရက မိုင်းခွဲ ဖျက်ဆီးခဲ့တဲ့အပြင် ကျောင်းသား အဖွဲ့အစည်းတွေကိုလည်း တရားမ၀င် အဖွဲ့အစည်းတွေအဖြစ် သတ်မှတ်ခဲ့ပါတယ်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။