Thursday, August 2, 2012

အကျဉ်းကျ ထိုင်း ၉ ဦး လက်နက်တွေ ပိုင်ဆိုင်တယ်လို့ ၀န်ခံ

အကျဉ်းကျ ထိုင်း ၉ ဦး လက်နက်တွေ ပိုင်ဆိုင်တယ်လို့ ၀န်ခံ

2012-08-02
မြန်မာနိုင်ငံထဲမှာ ဖမ်းဆီးမိထားတဲ့ ထိုင်း ၉၂ ယောက်အနက် ၉ ယောက်က လက်နက်တွေ ပိုင်ဆိုင်တယ်လို့ ၀န်ခံတဲ့အကြောင်း စစ်ဘက် သတင်းရပ်ကွက်က ပြောကြားခဲ့ကြောင်း ထိုင်းနိုင်ငံထုတ် The Nation သတင်းစာမှာ ဖော်ပြထားပါတယ်။
စုံစမ်းစစ်ဆေးရေး အဖွဲ့သစ်က နှစ်ရက်ကြာ စစ်ကြောရေး ၀င်ပြီးတဲ့နောက် အဲဒီလို ၀န်ခံတာပါ။ ကိုယ့်ကိုယ်ကို ခုခံကာကွယ်ဖို့ပါလို့ အဲဒီလူ ၉ ယောက်က ထပ်ခါတလဲလဲ ပြောပေမဲ့ သူတို့ကို ဒီနေ့ အမှု စစ်ဆေးပါမယ်။ သူတို့ လက်ဝယ်မှာ M 16 , AK 47 ရိုင်ဖယ်တွေ၊ လက်ပစ်ဗုံးတွေ ရှိတယ်လို့ ဆိုပါတယ်။
ဥပဒေ လမ်းကြောင်းသစ်နဲ့ အမှုသစ် စတင်ဖို့ ချင်းနင်း ကျူးကျော် ၀င်ရောက်မှုနဲ့ တခြားဥပဒေ ရေးရာတွေမှာ တတ်ကျွမ်း နားလည်တဲ့ စုံစမ်း စစ်ဆေးရေးမှူးတွေနဲ့ တာဝန်ရှိသူတွေ ပါဝင်တဲ့ အဖွဲ့သစ်ကို မြန်မာ အာဏာပိုင်တွေက ဖွဲ့စည်းထားတယ်လို့ သတင်းစာမှာ ဖော်ပြထားပါတယ်။
သမ္မတ ဦးသိန်းစိန် ကတိက၀တ် ပေးထားတဲ့အတိုင်း ပြစ်ဒဏ် ကင်းလွတ်ခွင့် ဒါမှမဟုတ် ပြစ်ဒဏ် သက်သာခွင့်ပေးဖို့ သုံးသပ် စဉ်းစားရအောင် ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ ကျန်လူ ၈၃ ဦးရဲ့ အမှုကို နေပြည်တော်ကို လွှဲအပ်မယ်လို့ ထိုင်း မြန်မာ နယ်ခြား ကော်မတီ အကြီးအကဲ ဗိုလ်မှူးကြီး Pornsak က ပြောပါတယ်။

သွင်းကုန်ပိတ်ဆို့ရေး ပြစ်ဒဏ် တစ်နှစ်ထပ်မံ သက်တမ်းတိုး



သွင်းကုန်ပိတ်ဆို့ရေး ပြစ်ဒဏ် တစ်နှစ်ထပ်မံ သက်တမ်းတိုး

2012-08-02
မြန်မာနိုင်ငံအပေါ် အမေရိကန် ပြည်ထောင်စုက ချမှတ်ထားတဲ့ သွင်းကုန် ပိတ်ဆို့ရေး ပြစ်ဒဏ်ကို တစ်နှစ်ထပ်မံ သက်တမ်းတိုးဖို့ အမေရိကန် လွှတ်တော်က အတည်ပြု လိုက်ပါတယ်။

senate (photo)
အမေရိကန် အထက်လွှတ်တော်အမတ် Mitch McConnell က ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၂၆ ရက်နေ့ အမေရိကန် အထက်လွှတ်တော်တွင် မြန်မာနိုင်ငံအကြောင်း ဆွေးနွေး တင်ပြစဉ်။
အမေရိကန် အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် နှစ်ရပ်စလုံးက ကန့်ကွက်မဲမရှိ သဘောတူ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်လို့ နောက်ထပ် လုပ်ဆောင်စရာတွေ အများကြီး ကျန်ရှိ နေသေးတဲ့အတွက် သွင်းကုန်ပိတ်ဆို့ရေး ပြစ်ဒဏ်ကို ဆက်လက်ထားရှိတာ ဖြစ်ကြောင်း အမေရိကန် လွှတ်တော်အမတ်တွေက ပြောဆိုပါတယ်။
ပြီးခဲ့တဲ့ လတုန်းကတော့ ရင်းနှီးမြှုပ်နှံမှုနဲ့ ငွေကြေးဆိုင်ရာ ပိတ်ဆို့ အရေးယူမှုကို သမ္မတ အိုဘားမား အစိုးရက ပြန်လည် ရုပ်သိမ်းပေးခဲ့ပါတယ်။ သွင်းကုန် ပိတ်ဆို့ရေး ပြစ်ဒဏ်ကို ၂၀၀၃ ခုနှစ်က စတင် ပြဋ္ဌာန်း ထားခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားတွေ ကျန်ရှိနေသေးတာ၊ ဖွဲ့စည်းပုံ စည်းမျဉ်းမှာ ဒီမိုကရေစီ နည်းလမ်းမကျတဲ့ အချက်တွေပါဝင်နေတာ၊ တိုင်းရင်းသား နယ်မြေတွေမှာ လူ့အခွင့်ရေး ချိုးဖောက်မှုတွေ ဆက်လက် ဖြစ်ပေါ်နေတာ၊ မြောက်ကိုရီးယားနဲ့ ဆက်ဆံနေတာ စတဲ့အချက်တွေဟာ ဆက်လက် စိုးရိမ်ရဆဲ အချက်တွေ ဖြစ်တယ်လို့ သွင်းကုန် ပိတ်ဆို့ရေး အဆိုကို ဦးဆောင်ချမှတ်ခဲ့တဲ့ ရီပတ်ဘလီကင် အမတ် Mitch McConnell က ပြောဆိုခဲ့ပါတယ်။ အခုမူကြမ်းကို သမ္မတ အိုဘားမား လက်မှတ် ရေးထိုးလိုက်ရင် ဥပဒေတစ်ရပ်အဖြစ် ရောက်ရှိမှာ ဖြစ်ပါတယ်။
ဒီသတင်းနဲ့ ပတ်သက်ပြီး RFA အဖွဲ့သား ဦးဇော်မိုးကျော်ရဲ့ တင်ပြချက်ကို နားဆင်နိုင်ပါတယ်။




ဓာတုပစ္စည်း စက်ရုံတွင် ပေါက်ကွဲမှုဖြစ်


ဓာတုပစ္စည်း စက်ရုံတွင် ပေါက်ကွဲမှုဖြစ်

2012-08-02
မကွေးတိုင်း ချောက်မြို့နယ်အတွင်း စက်မှု ၀န်ကြီးဌာန လက်အောက်က အစွန်းချွတ် ဓာတုပစ္စည်း ထုတ်လုပ်ရေး စက်ရုံတစ်ရုံမှာ မနေ့က ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့တဲ့အတွက် အနည်းဆုံး လူ (၆) ယောက် ထိခိုက် ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။
မနေ့က မွန်းလွဲ (၁ ) နာရီလောက်က ချောက်မြို့နဲ့ (၃) မိုင်လောက်အကွာ ဇီးချိုပင်နဲ့ ရေတွင်းကျေးရွာ ကြားမှာရှိတဲ့  ဟိုက်ဒရိုဂျင် ပါရောက်ဆိုဒ် စက်ရုံမှာ ပြင်းထန်တဲ့ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာပါ။
ဟိုက်ဒရိုဂျင် ပါဝင်တဲ့ ဓာတုဖျော်ရည် သိုလှောင်ရုံရဲ့ ဒုတိယအဆင့်ကနေ အက်ဆစ်လို ဓာတုဖျော်ရည်တွေ ပန်းထွက်ခဲ့ရာက စတင် ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ပေါက်ကွဲမှုကြောင့် စက်ရုံ ပြူတင်းပေါက်တွေ ပျက်စီးသွားခဲ့ပြီး စက်ရုံ အရာရှိတစ်ဦး အပါအ၀င် စက်ရုံ ၀န်ထမ်း (၅) ယောက်နဲ့ မီးသတ်သမား တစ်ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ပြည်တွင်းကလာတဲ့ သတင်းတစ်ရပ် အဆိုအရ ဒဏ်ရာရသူတွေ တချို့ဟာ ဓာတုဖျော်ရည် လောင်ကျွမ်းခံခဲ့ရပြီး ချောက်ဆေးရုံကို (၃)ယောက်၊ ကျောက်ပန်းတောင်း ဆေးရုံကို (၂) ယောက် ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။
ပေါက်ကွဲမှု ဖြစ်ပွားပြီး မီးလောင်ကျွမ်းခဲ့တဲ့ စက်ရုံကို မီးငြိမ်း သတ်ခဲ့ရာမှာ ညနေ (၆) နာရီလောက်မှာ မီးငြိမ်း သွားခဲ့တယ်လို့ သိရပါတယ်။

ကင်တားနားနဲ့ ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေး

ကင်တားနားနဲ့ ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေး

2012-08-02
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တားနားနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ ဒီကနေ့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

photo : NLD Information Committee
၂၀၁၂ ခုနှစ် သြဂုတ်လ ၂ ရက်က ကုလ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် မစ္စတာ ကင်တားနားနှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်တွင် တွေ့ဆုံ ဆွေးနွေးနေစဉ်။
ပြောရေးဆိုခွင့်ရှိသူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင်က ဆွေးနွေးတဲ့ အကြောင်းအရာတွေကို တစုံတရာ ထုတ်ပြန်ခြင်း မရှိဘူးလို့ ပြောပါတယ်။
"မနက်က ၉ နာရီကနေပြီးတော့ ၁၀ နာရီခွဲအထိ မစ္စတာ ကင်တာနားနဲ့ ကျွန်တော်တို့ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်ခြံထဲမှာ ဆွေးနွေးကြတယ်။ ဆွေးနွေးပြီးတဲ့ အခါကျတော့ သတင်းစာ ဆရာများနဲ့ တွေ့ဆုံဖို့ မလုပ်ဘူး။ ဓာတ်ပုံသတင်းထောက် တချို့တောင်မှ ခြံထဲကို ဝင်ပြီး ဓာတ်ပုံရိုက်ခွင့် မရဘူး။ မစ္စတာ ကင်တားနားကလည်း ပြန်အထွက်မှာ တစုံတရာ သတင်းထောက်တွေရဲ့ မေးခွန်းကို ဖြေကြားသွားတာ မရှိဘူး"
ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး တစုံတရာ ထုတ်ပြန်ခြင်း မရှိပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ မစ္စတာ ကင်တားနားတို့ဟာ ရခိုင်ပြည်နယ်က လက်ရှိ ပြဿနာတွေကို အဓိကထားပြီး ထည့်သွင်း ဆွေးနွေးခဲ့ဖွယ် ရှိတယ်လို့ မြန်မာ့နိုင်ငံရေး အသိုင်းအ၀ိုင်းက ပြောဆိုနေကြပါတယ်။
မစ္စတာ ကင်တားနားဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီးနောက် ညနေပိုင်းမှာ နေပြည်တော်ကို ရန်ကုန်မြို့ကနေ ထွက်ခွာ သွားရောက်ကြောင်း ရန်ကုန် ကုလ သမဂ္ဂရုံး ပြန်ကြားရေး တာဝန်ခံ ဦးအေးဝင်းက RFA ကိုပြောပါတယ်။
"မစ္စတာ ကင်တားနာက အခုကတော့ နေပြည်တော် သွားနေပါတယ်ခင်ဗျ။ မနက်ဖြန်ကျမှ နေပြည်တော်က အကြီးအကဲတွေနဲ့ တွေ့ပါမယ်"
မစ္စတာ ကင်တားနားဟာ ပြီးခဲ့တဲ့ ရက်တွေအတွင်း အင်းစိန်ထောင်ကို သွားရောက်ခဲ့ပြီး ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ နိုင်ငံရေး အကျဉ်းသားတချို့နဲ့ တွေ့ဆုံခဲ့သလို ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ၊ တခြား ကျောင်းသား အဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်ကို သွားရောက်ခဲ့ပြီး စစ်တွေမြို့နဲ့ မောင်တောမြို့တွေက ရခိုင် တိုင်းရင်းသားနဲ့ မူဆလင် ဒုက္ခသည်တွေကို သွားရောက် ကြည့်ရှုခဲ့ပါတယ်။ သူ့ရဲ့ ခရီးစဉ်အတွင်း မစ္စတာ ကင်တားနားဟာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဖို့ စီစဉ်ထားသလို လူမှုအဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံမယ်လို့ သိရပါတယ်။
မြန်မာပြည်ကို ခြောက်ကြိမ်မြောက် ခရီးစဉ်အဖြစ် ရောက်ရှိလာတဲ့ မစ္စတာ ကင်တာနားဟာ မနက်ဖြန် ညနေပိုင်းမှာ မြန်မာနိုင်ငံကနေ ပြန်လည် ထွက်ခွာပါလိမ့်မယ်။
မစ္စတာ ကင်တားနားရဲ့ မြန်မာပြည် ခရီးစဉ်နဲ့ ပတ်သက်ပြီး NLD နာယက ဦးတင်ဦးနဲ့ RFA က ကိုနေရိန်ကျော် ဆက်သွယ် မေးမြန်းထားတာကို နားဆင်ရမှာ ဖြစ်ပါတယ်။





လက်နက်ကိုင် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် စစ်တွေမြို့ နေရာ (၂) ခုတွင် ပြဿနာ ဖြစ်ပွား


လက်နက်ကိုင် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် စစ်တွေမြို့ နေရာ (၂) ခုတွင် ပြဿနာ ဖြစ်ပွား 



   စစ်တွေမြို့တွင် ယမန်နေ့က လက်နက်ကိုင် တင်ဖွဲ့ဝင်များနှင့် မွတ်ဆလင်များအကြားတွင် နေရာ(၂)ခု၌ ပြဿနာ ဖြစ်ပွားခဲ့သည်ဟု ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ပြည်နယ် လွှတ်တော်အမတ် ဦးအောင်မြကျော်က ပြောသည်။
ပထမတစ်ခုမှာ စစ်တွေမြို့ သဲချောင်းတွင် ယမန်နေ့ နေ့လည်ဘက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဖြစ်စဉ်နှင့် ပတ်သက်ပြီး ဦးအောင်မြကျော် က ယခုလို ပြောသည်။
“ ဖြစ်တာက သဲချောင်းကို ဖြတ်ပြီ မန်ဇီဘက်က မွတ်ဆလင် ဒုက္ခသည် စခန်းတွေဆီကို ဆန်သွားပို့တဲ့ ကားကို ၀ိုင်းပြီး လမ်းကနေတားကြပါတယ်။ အဲသလို တားဆီးတာကို အဲဒီဆန်ကားကို နောက်ကနေ မော်တော်ဆိုင်ကယ်တွေနဲ့ အစောင့်အရှောက် လိုက်ပါလာတဲ့ မင်းဂံရဲစခန်းမှူးနဲ့ ရဲတပ်ဖွဲ့တွေက ဟန့်တားတယ်။ အဲသလို ဟန့်တားနေစဉ် မွတ်ဆလင် လူအုပ်က တိုက်ခိုက်ဖို့ ၀ိုင်းလာတဲ့ အတွက် ဆိုင်ကယ်ကို ပစ်ထားပြီး ကိုယ်လွှတ်ထွက်ပြေးခဲ့ကြရပါတယ်” ဟု ပြောသည်။
စခန်းမှူး အပါအ၀င် ရဲတပ်သား ၄ ဦးမှာ အနီးအနားရှိ စစ်သားများ ယာယီ စခန်းချနေသော မန်ဇီ ရွာ စခန်းသို့ ကိုယ်လွှတ်ရုန်း ထွက်ပြေးခဲ့ရသည်ဟု သူက ဆက်ပြောသည်။
“ ရဲတွေကို ပစ်ခတ်မူ မလုပ်ဖို့ အထက်က ညွန်ကြားထားပုံရပါတယ်။ ဒါကြောင့် သူတို့က ဘာမှ မတုန့်ပြန်ဘဲ ကိုယ်လွှတ် ထွက်ပြေးကြတာ ဖြစ်ပါတယ်။ နောက်ဆုံး ကျွန်တော်တို့ ရတဲ့ သတင်းက စစ်တပ်နဲ့ အဲဒီနေရာကို လာပြီး ထိန်းလိုက်မှ အခြေအနေ တည်ငြိမ်သွားတယ်လို့ သိရပါတယ်” ဟု သူက ပြောသည်။
အခင်း ဖြစ်ပွားရာတွင် ပါဝင်ခဲ့သော ရဲတပ်ဖွဲ့ဝင်များမှာ မင်းဂံ စခန်းမှူး၊ တပ်ကြပ်ကြီး ဦးဖေသန်းဦး၊ တပ်သား အောင်ရွှေနှင့် တပ်သား ကိုလှဝင်းတို့ ဖြစ်ကြောင်းနှင့် သူတို့တွင် စက်ကလေးတစ်လက်၊ ရိုင်ဖယ် (၂)လက်နှင့် ခြောက် လုံးပြူး (၁)လက်တို့ ပါရှိခဲ့သည်ဟု ရဲတာဝန်ရှိသူ တစ်ဦးက ပြောသည်။
နောက်တစ်ခြား ဖြစ်စဉ် တစ်ခုတွင် မြန်မာ စစ်တပ်နှင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး သေနတ် ပစ်ခတ်မူ အထိ ဖြစ်ပွားခဲ့သည်ဟု ဦးအောင်မြကျော်က ပြောသည်။
“ မနေ့က ညနေပိုင်းမှာ စစ်တွေမြို့ပြင် ဒုံးပြင် မွတ်ဆလင် ရွာမှာလည်း စစ်တပ်နဲ့ ပြဿနာ ဖြစ်တယ်လို့ ကြားရပါတယ်။ ဖြစ်တာက အဲဒီရွာက မွတ်ဆလင် သုံးလေးဦးက အနီးအနားမှာ စခန်းချနေတဲ့ စစ်တပ်ဖွဲ့ တစ်ခုက စစ်သားတွေကို သူတို့ရွာမှာ မြေပိုင်ဆိုင်မူနဲ့ အရှုပ်အထွေး ဖြစ်ပြီး စကားများနေကြတဲ့ အတွက် လာရောက် ဖြေရှင်းပေးပါဆိုတာကြောင့် ရွာထဲကို လိုက်သွာံးတဲ့အခါ မွတ်ဆလင် လူအုပ်က ၀ိုင်းလာတဲ့ အတွက် မိုးပေါ်ကို သေနတ် ထောင်ပစ်ပြီးတော့ ထွက်ပြေးလာရတယ်လို့ သိရပါတယ်။ နောက်ပိုင်းမှာ စစ်တပ်က တပ်ကူလိုက်သွားပြီး ပစ်ခတ်တဲ့ အတွက် လူ (၃) ဦး ဒဏ်ရာ ရရှိသွားတယ်လို့ ကြားရပါတယ်” ဟု ပြောသည်။
ယခုကဲ့သို့ ပြုလုပ်ကြခြင်းမှာ ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တားနား စစ်တွေကို ရောက်ရှိနေချိန်တွင် ပြဿနာ ဖြစ်ပွားပြီး အရှုပ်အထွေး ဖြစ်အောင် တမင် ဖန်တီး လုပ်ဆောင်ခြင်း ဖြစ်နိုင်ကြောင်း ဦးအောင်မြကျော်က သုံးသပ် ပြောဆိုသည်။
အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်ပြီး မွတ်ဆလင်များ ဘက်မှ သဘောထားကို သိရှိနိုင်အောင် ဖုံးဖြင့် ဆက်သွယ်သော်လည်း ယခုအချိန်ထိ အဆက်အသွယ် မရရှိသေးပါ။

Myanmar Express

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။