Sunday, March 24, 2013

ကရင်နီ စစ်ပြေးဒုက္ခသည် စခန်းမီးဘေးမှာ သေဆုံးသူ ၄၅ ဦးရှိ


ကရင်နီ စစ်ပြေးဒုက္ခသည် စခန်းမီးဘေးမှာ သေဆုံးသူ ၄၅ ဦးရှိ

ထိုင်းမြန်မာနယ်စပ် ဒုက္ခသည်စခန်းက ကရင်ကလေးငယ်တွေ ကို ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့က တွေ့ရစဉ် Photo: RFA
RFA News, 23March 2013  —- ထိုင်း မြန်မာနယ်စပ် ကရင်နီဒုက္ခသည်စခန်းတစ်ခုဖြစ်တဲ့ မယ်ဆူရင်း စခန်းမနေ့က မီးလောင်ရာမှာ စခန်းတွင်း နေထိုင်ကြတဲ့ ဒုက္ခသည်သေဆုံးသူ ၄၅ ဦး၊ မီးလောင်ဒဏ်ရာရသူ ၁၀၀ နဲ့ အိမ်ခြေ ၄၀၀ လောက် မီးထဲပါသွားခဲ့တယ်လို့ ထိုင်းအစိုးရ ပြည်ထဲရေးဌာနက မတ်လ ၂၃ ရက် ဒီကနေ့ တရားဝင်ကြေငြာပါတယ်။
ဒါ့အပြင် စခန်းတွင်း ဒုက္ခသည်ဦးရေ ၂၃၀၀ လောက် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။
သေဆုံးသူ အများစုဟာ အသက်အရွယ်ကြီးသူ ကလေးတွေနဲ့ အမျိုးသမီးတွေ များတယ်လို့ မဲဟောင်ဆောင်ခရိုင် အစိုးရ တာဝန်ရှိသူတွေက စခန်းမီးလောင်တာကို သွားရောက်စစ်ဆေးအပြီးမှာ ပြောခဲ့တာပါ။
အဲဒီ ကရင်နီဒုက္ခသည်စခန်းမှာ အိုးအိမ်အားလုံးနီးပါးလိုလိုဟာ ဝါးအပြင် သက်ကယ်မိုးအိမ်လေးတွေ ဖြစ်တဲ့အတွက် မီးလောင်ချိန်မှာ လေတိုက်တာကြောင့် မီးကိုမထိမ်းနိုင်ပဲ အလျင်အမြန် ကူးစက်ခဲ့တာလို့ ဆိုပါတယ်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR တာဝန်ရှိသူတွေက မီးဘေးဒုက္ခရောက်သူ စစ်ပြေးဒုက္ခသည်တွေအတွက် နေစရာနဲ့စားစရာ အချိန်မီထောက်ပံ့နိုင်အောင် ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

သောက်သုံးရေသန့် ရရှိရေးပိုအားထုတ်ဖို့ ကုလတိုက်တွန်း


သောက်သုံးရေသန့် ရရှိရေးပိုအားထုတ်ဖို့ ကုလတိုက်တွန်း

အိန္ဒိယနိုင်ငံ ရေခမ်းခြောက်လာနေသော Sabarmati မြစ်အတွင်က စွန့်ပစ်ပစ္စည်းတွေကို ဆယ်ယူထားသော မြင်ကွင်း။ (မတ်လ ၂၂၊ ၂၀၁၃)
VOA News, 23March 2013  —-  ကမ္ဘာတဝှန်းက ပြည်သူတွေ သန့်ရှင်းတဲ့ သောက်သုံးရေ ရရှိရေး ပူးပေါင်းဆောင်ရွက်သွားကြ ဖို့ သောကြာနေ့မှာ ကျရောက်တဲ့ ကမ္ဘာ့သောက်သုံးရေနေ့မှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောလိုက်ပါတယ်။
ကမ္ဘာ့ပြည်သူတွေအနေနဲ့ သန့်စင်တဲ့ရေချို မရဘဲနဲ့  သာယာဝပြောအောင် လုပ်ဖို့ မဖြစ်နိုင်ကြောင်း၊ ဒါ့ကြောင့် သန့်စင်ရေ ရဖို့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်ကြဖို့ မစ္စတာ ဘန်ကီမွန်းက တောင်းဆို လိုက်တာ ဖြစ်ပါတယ်။ လာမယ့် ၂၀၃၀ ခုနှစ်ကျရင် ကမ္ဘာ့လူဦးရေရဲ့ ထက်ဝက်လောက်ဟာ ရေရှားပါးမှုနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီးတော့ လက်ရှိ ရှိနေတဲ့အခြေအနေထက် ၄၀ % လောက် လိုအပ်နေမှာ ဖြစ်တယ်လို့ အတွင်းရေးမှူးချုပ်က သူ့ရဲ့ မိန့်ခွန်းထဲမှာ ပြောသွားပါတယ်။
ဒါ့အပြင် ရေချိုအများဆုံး အသုံးပြုတဲ့ လယ်ယာစိုက်ပျိုးရေးကဏ္ဍမှာ  ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ဆန်းသစ်တီထွင်မှုတွေ လုပ်ဖို့ လိုအပ်မှာဖြစ်တယ်လို့လည်း ပြောသွားခဲ့ပါတယ်။
ရာသီဥတုပြောင်းလဲမှုကလည်း စားနပ်ရိက္ခာထုတ်လုပ်မှုနဲ့ ဖူလုံမှုကို တိုးပြီးတော့ ခြိမ်းခြောက်လာနေတယ်လို့ မစ္စတာ ဘန်ကီမွန်းက ပြောပါတယ်။ ဒါ့အပြင် မိလ္လာစနစ်ကို ထည့်သွင်းမပြောဘဲနဲ့တော့ ပြီးပြည့်စုံမှာ မဟုတ်ဘဲ မိလ္လာစနစ်တွေ ကောင်းမွန်အောင် စီမံတာက ရေရှည်အနာဂတ်အတွက် သုံးစွဲတာဖြစ်တယ်လို့ အတွင်းရေးမှူးချုပ်က ပြောပါတယ်။
ဗွီအိုအေ (မြန်မာဌာန)

ပုဂ္ဂလိကကုမ္မဏီ နဲ့ မြေယာသိမ်းယူမှု ပြဿနာ


ပုဂ္ဂလိကကုမ္မဏီ နဲ့ မြေယာသိမ်းယူမှု ပြဿနာ

မင်္ဂလာဒုံမြို့နယ်ရှိ လယ်ကွင်းထဲတွင် ထွန်နွားနှင့်အတူ တွေ့ရသည့် လယ်သူမကြီးတဦး။
VOA News, 23March 2013  —- (မျက်မှောက်ရေးရာ/သတင်းသုံးသပ်ချက်)
စက်မှုလယ်ယာနဲ့ စက်မှုဇုန် အကောင်အထည်ဖော်ဖို့အတွက် မြေလွတ်၊ မြေလပ်၊ မြေရိုင်းနဲ့ လယ်ယာမြေဧက ကိုးသန်းကို ပုဂ္ဂလိက လက်ထဲလွှဲပြောင်းဖို့ စစ်အစိုးရက ခွင့်ပြုခဲ့ပေမယ့် ၂၀၁၁ အထိ ဧကနှစ်သန်းကျော်ကိုသာ ပုဂ္ဂလိကကုမ္မဏီ နှစ်ရာကျော်က သိမ်းယူထားကြောင်း သိရပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက်မှာ လယ်မြေသိမ်းယူမှု မရှိသေးပေမယ့် အရင်က မျိုသိပ်ခဲ့တာတွေ ပေါက်ကွဲတာကို မအူပင်၊ ရွှေနံသာနဲ့ လက်ပံတောင်းတောင် ပြဿနာတွေမှာ တွေ့နိုင်ပါတယ်။

မီဒီယာ


မြေယာသိမ်းယူမှုကြောင့် ပေါ်ထွက်လာတဲ့ ပြဿနာကို ဖြေရှင်းဖို့ လယ်ယာမြေ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို လွန်ခဲ့တဲ့ ဇူလိုင်လမှာ လွှတ်တော်က ဖွဲ့စည်းပါတယ်။ ဖွဲ့စည်းပြီး လအနည်းငယ်အတွင်းမှာ တိုင်စာ နှစ်ထောင်ကျော် ရရှိတယ်လို့ သိရပါတယ်။ ဒါပေမဲ့ လယ်ယာမြေအများအပြား သိမ်းယူထားတဲ့ ဇေကမ္ဘာကုမ္မဏီိပိုင်ရှင် လွှတ်တော်အမတ် ဦးခင်ရွှေလို ပုဂ္ဂိုလ်မျိုး စုံစမ်းရေးကော်မရှင်မှာ ပါဝင်နေတာကို အားနည်းချက်အဖြစ် ထောက်ပြပါတယ်။ စစ်ကိုင်းတိုင်းမှာ မြေဧကသိန်းချီပြီး တရုတ်ကုမ္မဏီတွေကို လုပ်ပိုင်ခွင့်ပေးတာမျိုးရှိပေမယ့် ရန်ကုန်အနီးမှာ မြေသိမ်းတဲ့ ဇေကမ္ဘာကို လူသိများကြပါတယ်။
ဇေကမ္ဘာဟာ စီးပွားရေးလုပ်ငန်းမျိုးစုံလုပ်ကိုင်ပြီး ရန်ကုန်မြို့ ပြင် စက်မှုဇုန်တည်ဆောက်ရေးမှာ ပါဝင်တဲ့ ကုမ္မဏီတခု ဖြစ်ပါတယ်။ ၁၉၉၇ မှာ မြေယာဧက ငါးထောင်သိမ်းယူပြီး မင်္ဂလာဒုံ ဥယာဉ်မြို့ တော် ဂေါက်သီးကစားကွင်း၊ စက်မှုဇုန်အပိုင်း (၄)နဲ့ အိမ်ခြေလေးထောင် တည်ဆောက်တဲ့ ကုမ္မဏီ ဖြစ်ပါတယ်။ ဟိုတယ်၊ ဓါတ်ဆီဆိုင်၊ ရေဒီယိုအသံလွှင်ရုံ၊ သံမဏီ၊ ဘိလပ်မြေ၊ ကုန်သွယ်ရေးနဲ့ စိုက်ပျိုးရေးမှာ ဇေကမ္ဘာကုမ္မဏီ ပါဝင်နေပါတယ်။ ဇေကမ္ဘာ ဦးခင်ရွှေရဲ့ သမီးနဲ့ လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းရဲ့ သား အိမ်ထောင်ကျတာကိုလည်း အခွင့်ထူးခံစားရတဲ့အကြောင်းရင်းတခုအဖြစ် ထောက်ပြကြပါတယ်။ ဒါပေမဲ့ ဇေကမ္ဘာကို လူသိများလာတဲ့ပြဿနာက မင်္ဂလာဒုံမြို့ နယ် ရွှေနံသာ စံပြကျေးရွာက လယ်သမား (၇၁) ဦး ပိုင်တဲ့ လယ်ဧက ရှစ်ရာကျော်ကို လျှော်ကြေးအနည်းအကျဉ်းပေးပြီး သိမ်းယူမှု ဖြစ်ပါတယ်။
မင်္ဂလာဒုံမြို့ နယ် အခြေစိုက် မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီ၊ PDP – Peace and Diversity Party က ရွှေနံသာ လယ်သမားဘက်က လိုက်ပါဆောင်ရွက်နေပါတယ်။ ပါတီဥက္ကဋ္ဌ ဦးနေမျိုးဝေ က ဇေကမ္ဘာရဲ့  ရွှေနံသာအရှုပ်တော်ပုံကို စာအုပ်ထုတ်ပြီး ဖွင့်ချတဲ့အထိ အငြင်းပွားမှု ပြင်းထန်လာပါတယ်။

အကြမ်းဖက်သူအရေးယူဖို့ မစ္စတာနမ်ဘီးယား တိုက်တွန်း


အကြမ်းဖက်သူအရေးယူဖို့ မစ္စတာနမ်ဘီးယား တိုက်တွန်း

အကြမ်းဖက်မှုတွေဖြစ်ခဲ့တဲ့ မိတ္ထီလာမြို့က ဘာသာပေါင်းစုံ ဆွေးနွေးပွဲကို မစ္စတာ နမ်ဘီယား တက်ရောက် စကားပြောနေစဉ်။ (မတ်လ ၂၄ ရက်၊ ၂၀၁၃)။
VOA News, 24March 2013  —-  ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေး နမ်ဘီးယားဟာ ဒီကနေ့ မိတ္ထီလာမြို့မှာ လှည့်လည်ကြည့်ရှုခဲ့ပါတယ်။ အကြမ်းဖက်မှုကျူးလွန်သူတွေကို ဖမ်းဆီးအပြစ်ပေးနိုင်ဖို့ အရေးကြီးတယ်လို့ မစ္စတာနမ်ဘီးယားက ပြောခဲ့သလို ဘေးဒဏ် သင့်သူတွေဟာ ကြောက်ရွံ့စိုးရိမ်နေကြပေမဲ့ သူတို့အတွက် အခြေခံလိုအပ်ချက်တွေကို ရနေတယ်လို့ဆိုပါတယ်။ တဘက်မှာလည်း မြို့ခံတွေဟာ လုံခြုံမှုကို ခံစားလာရပြီလို့ ပြောကြပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက တင်ပြထားပါတယ်။
ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ကစပြီး ရုန်းရင်းဆန်ခတ် အကြမ်းဖက် အဓိကရုဏ်းတွေဖြစ်ခဲ့ပြီးတော့ လူတွေ သေဆုံး ဒဏ်ရာရခဲ့တဲ့ မိတ္ထီလာမြို့ဆီ မြန်မာနိုင်ငံမှာရောက်နေတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေး နမ်ဘီးယား ဒီကနေ့ သွားရောက်ခဲ့တာပါ။
ကြာသပတေးနေ့မှာ တဘက်နဲ့တဘက် အကြမ်းဖက် တိုက်ခိုက်မှုတွေ အရှိန်မြင့်ပြီးတော့ လူသေဆုံးတယ်ဆိုတဲ့ သတင်းတွေ ထွက်လာခဲ့ချိန်ကတည်းက အသက်အိုးအိမ်စည်းစိမ် ပျက်စီးဆုံးရှုံးရတာတွေအတွက် ၀မ်းနည်းရပါကြောင်း ကြေညာချက် ထုတ်ပြန်ပြီး ပြောဆိုခဲ့တဲ့ မစ္စတာနမ်ဘီးယားက ဒီကနေ့မှာတော့ အပြစ်ကျူးလွန်သူတွေကို အရေးယူနိုင်ရေးကိစ္စ အလေးထား ပြောသွားပါတယ်။
“ဒီအကြမ်းဖက်မှုတွေကို ကျူးလွန်တဲ့ ဘယ်သူ့ကိုမဆို ဖမ်းဆီးပြီးတော့ အပြစ်ပေး အရေးယူနိုင်ဖို့ကိစ္စဟာ အရေးကြီးပါတယ်။”

တပ်မတော်နှင့် ရဲတပ်ဖွဲ့များ၏ကိုင်တွယ်ဆောင်ရွက်နေမှုကို မစ္စတာ နမ်ဗီးယား ကြိုဆိုထောက်ခံ


တပ်မတော်နှင့် ရဲတပ်ဖွဲ့များ၏ကိုင်တွယ်ဆောင်ရွက်နေမှုကို မစ္စတာ နမ်ဗီးယား ကြိုဆိုထောက်ခံ


Popular News Journal, 24March 2013  —- 

မိတ္ထီလာနှင့်ပတ်သက်၍ တပ်မတော်နှင့် ရဲတပ်ဖွဲ့များ၏ကိုင်တွယ်ဆောင်ရွက်နေမှုကို
ကြိုဆိုထောက်ခံပါကြောင်း အထူးသံတမန် မစ္စတာ နမ်ဗီးယား ပြော

မိတ္ထီလာ-မတ်၂၄

မိတ္ထီလာ မြို့သို့ရောက်ရှိနေသောကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် မစ္စတာ နမ်ဗီးယားသည်
တပ်မတော်နှင့် ရဲတပ်ဖွဲ့များ၏ကိုင်တွယ်ဆောင်ရွက်နေမှုကို ကြိုဆိုထောက်ခံပါကြောင်း ပြောသည်။

“ရဲတပ်ဖွဲ့များရဲ့ကိုင်တွယ်ဆောင်ရွက်နေမှုကို အပြစ်မတင်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ ဘယ်လို ပဋိပက္ခမျိုးမဆို
ရဲတပ်ဖွဲ့တွေအပြောလွတ်မှာမဟုတ်ဘူး”ဟု မိတ္ထီလာအဖြစ်အပျက်အတွက်ကိုင်တွယ်ဆောင်ရွက်ခဲ့သော ရဲတပ်ဖွဲံ့
အပေါ်သုံးသပ်ပြောကြားသည်။

အရေးပေါ် အခြေအနေ၁၄၄ ထုတ်လိုက်လို့ မိတ္ထီလာ ကအခြေအနေပိုဆိုးသွားတာလို့ထင်တယ်ဗျ. ဘာလို့လဲဆိုတော့
ရဲတပ်ဖွဲ့ကပစ်ခွင့်မရသေးတော့ လူစုလူဝေးတွေက ပိုဆိုးလာတယ်.ရဲတပ်ဖွဲက
စောင့်ပဲကြည်နေရတာကိုးဒီတော့ ပိုဆိုးလာတယ်ဟု မြိုခံတစ်ဦးကပြောသည်။

ကျော်ရဲလင်း မိတ္ထီလာမှ သတင်းပေးပို့သည်။

သံသယရှိသူစုစုပေါင်း ၃၅ ဦးကိုဖမ်းဆီးထိန်းသိမ်းထားပြီဖြစ်ကြောင်း အစိုးရ သတင်းထုတ်ပြန်


သံသယရှိသူစုစုပေါင်း ၃၅ ဦးကိုဖမ်းဆီးထိန်းသိမ်းထားပြီဖြစ်ကြောင်း အစိုးရ သတင်းထုတ်ပြန်


7Day News Journal, 24March 2013  —-  မိထ္ထီလာ၊လယ်ဝေး၊ ရမည်းသင်းတို့တွင် ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက်မှု့များတွင် ပါဝင်ခဲ့သူများ ဟု သံသယရှိသူစုစုပေါင်း ၃၅ ဦးကိုဖမ်းဆီးထိန်းသိမ်းထားပြီဖြစ်ကြောင်း အစိုးရက ယနေ့(မတ်လ ၂၄ ) ညနေတွင် သတင်းထုတ်ပြန်သည်။

မိတ္ထီလာမြို့ ဆူပူအကြမ်းဖက်မီးရှို့မှုဖြစ်စဉ်မှာပါဝင်ခဲ့သူဟု ယူဆရသူ ၁၃ ဦး၊ လယ်ဝေးမြို့ ရုံးပင်ကျေးရွာ ဆူပူအကြမ်းဖက်မီးရှို့မှုဖြစ်စဉ်တွင် ပါဝင်ခဲ့သူ ဟု ယူဆရသူ ၅ ဦးနဲ့ ရမည်းသင်းမြို့နယ် ရွာတန်းကျေးရွာ ဆူပူအကြမ်းဖက်မီးရှို့မှုဖြစ်စဉ်မှာ ပါဝင်ခဲ့သူဟု ယူဆရသူ ၁၇ ဦးတို့ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားပြီး ဥပဒေနဲ့ အညီ အရေးယူဖို့ ဆောင်ရွက်နေကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
မိတ္ထီလာမှာတုတ်ဓားလက်နက်ကိုင်ဆောင်သွားလာသူ ၅၂ ဦးကို ဖမ်းဆီးပြီး ခံဝန်နဲ့ ပြန်လွှတ်ပေးခဲ့ကြောင်းလည်း သတင်းထုတ်ပြန်သည်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။