Friday, September 28, 2012

US Import Ban ဖယ်ရှားလိုက်လို့ ဘာတွေ အကျိုးဖြစ်ထွန်းမလဲ


US Import Ban ဖယ်ရှားလိုက်လို့ ဘာတွေ အကျိုးဖြစ်ထွန်းမလဲ


ဧရာဝတီဘလော့ . ၂၇ရက်နေ့ စက်တင်ဘာ ၂၀၁၂  —-  လက်ရှိမြန်မာ့ပို့ကုန်တွေကို ဆန်းစစ်လေ့လာချက်အရ ဖိုင်နယ်ရှယ် တိုင်းမ်မှာ အောက်ပါ အတိုင်း တွေ့ရှိ ရကြောင်း ဖော်ပြထားတာ ရှိပါတယ်-
၁။ ပဲ – လက်ရှိ အိန္ဒိယဟာ မြန်မာ့ပဲဈေးကွက်ကို ရယူထားတာ ဖြစ်ပါတယ်။ 
၂။ ကျောက်မျက်၊ သစ် – တရုတ်နိုင်ငံက ရယူထားပါတယ်။
၃။ အထည်ချုပ်- ဂျပန်နိုင်ငံက အဓိက ရယူထားပါတယ်။
ပို့ကုန်တင်ပို့မှုမှာလည်း (၁) ဓါတ်ငွေ့ (၇၅%)၊ (၂) ပဲမျိုးစုံ(၁၈%) (၃) ကျွန်းနဲ့ သစ်မာ (၁၀%)၊ (၄) အထည်ချုပ် (၆%) (၅) ဆန် (၅%) (၆) ငါး-ပင်လယ်စာ (၄%) ဆိုပြီး အစဉ်လိုက် တွေ့ရှိရပါတယ်။
ဒါဆိုရင် အမေရိကန်ကို ဘယ်လို ပို့ကုန်တွေ တင်ပို့လို့ ရမလဲ ဖြစ်နိုင်ချေရှိတဲ့ ဆန်တင်ပို့မှုကို ကြည့်ရင် မြန်မာနိုင်ငံဟာ စစ်မတိုင်မီက ကမ္ဘာ့နံပါတ်(၁) ဖြစ်ခဲ့ပေမယ့် အခုတော့ ထိုင်းနဲ့ ဗီယက်နမ် က ကျော်တက်သွားပါပြီ။ US မှာလည်း ဆန်လုံလောက်ရုံသာမက ပိုလျှံနေတဲ့အတွက် အလားအလာ နည်းတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် မြန်မာ့ဆန်ဖြူဟာ အိုဟိုင်းယိုးညစာစားပွဲမှာ နေရာယူနိုင်ဖို့ မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ မကြာတော့တဲ့ ကာလမှာ ဖြစ်လာနိုင်ချေ ရှိတယ်လို့ ဆိုပါတယ်။ ကျောက်စိမ်းလိုမျိုး ကျောက်မျက်တွေ တင်ပို့ဖို့ ဆိုရင်လည်း တရုတ်နိုင်ငံက အဓိက ဝယ်ယူနေတာ ဖြစ်ပါတယ်။ ကျောက်စိမ်းဟာ တရုတ်လူမျိုးတွေရဲ့ သည်းခြေကြိုက်ဖြစ်နေတာလည်း ပါပါတယ်။
ပတ္တမြားလို ကျောက်မျက်မျိုးကတော့ ဖြစ်နိုင်ချေရှိသော်လည်းပဲ US ဝယ်လိုအားဟာ ကမ္ဘာ့ဈေးကွက်ကို သိသိသာသာ ပြောင်းလဲသွားအောင် လုပ်နိုင်စွမ်း မရှိဘူး လို့ ဆိုပါတယ်။ အခြားအဓိက ပို့ကုန်တွေ ဖြစ်တဲ့ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ လောင်စာ၊ သစ် စတဲ့ အမယ်တွေကျတော့ အာရှဈေးကွက် အပြင်ဘက် ကို ထိုးဖောက်ဖို့ ကန့်သတ်ချက် ရှိတယ်လို့ ဆိုပါတယ်။
ဒါဆို မြန်မာနိုင်ငံက ဘာတွေ တင်ပို့လို့ရမလဲ ဆိုရင်တော့- (ရေတိုကာလမှာ) အေးခဲထားတဲ့ Seafood တွေ ပို့လို့ ရနိုင်ပါတယ်။ လတ်တလောမှာ ထိုင်းနဲ့ ဗီယက်နမ်က ဒီပို့ကုန်ဈေးကွက်မှာ   ဝေစုအတော်များများ ရရှိထားပါတယ်။ မြန်မာနိုင်ငံက လည်း အားထုတ်ရင် ရနိုင်တယ် လို့ ဆိုပါတယ်။
(ရေရှည်ကာလမှာတော့) မြန်မာနိုင်ငံဟာ ထိုင်းနဲ့ မလေးရှားတို့လိုပဲ အာရှရဲ့ Supply Chain ဖြစ်တဲ့ assembling consumer goods မှာ ပါဝင်လာနိုင်ဖွယ်ရာ ရှိတယ်၊ ဂျပန်နိုင်ငံက ကင်မရာထုတ်လုပ်တဲ့ လုပ်ငန်း အချို့ မြန်မာနိုင်ငံမှာ ရောက်ရှိနေပြီ ဖြစ်သော်လည်းပဲ အမှန်တစ်ကယ်မှာ ဒီထက်ပိုပြီး များစွာ ကြီးမားတဲ့ ရင်းနှီးမြုပ်နှံမှု အလားအလာတွေ ရှိနေတယ် လို့ ဆိုပါတယ်။
ဒါပေမယ့်လည်း မြန်မာနိုင်ငံမှာ လျှပ်စစ်စွမ်းအင် မလုံလောက်မှုတွေ ရှိနေတာကြောင့် စက်ရုံတွေအတွက် အခက်အခဲဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ပြီးတော့ ကမ္ဘာ့ကုန်သွယ်ရေးနဲ့ နှစ်ပေါင်းများစွာ အဆက်ဖြတ် ထားခဲ့တာ ဖြစ်တဲ့အတွက် ကျွမ်းကျင်လုပ်သား ရှားပါးမှုဟာလည်း နောက်ထပ်စိန်ခေါ်မှု ဖြစ်တယ်လို့ ဆိုပါတယ်။
နောက်ဆုံးအခက်အခဲတစ်ခုက အခြေခံအဆောက်အအုံတွေ မပြည့်စုံတဲ့ အချက်လို့ ဆိုပါတယ်။ ကားလမ်းတွေ၊ ရထားလမ်းတွေ၊ လေဆိပ်၊ ဆိပ်ကမ်းတွေ အတော်ကို လိုအပ်နေသေးတယ်၊ ထားဝယ် ဆိပ်ကမ်းကလည်း ပြီးစီးဖို့ နှစ်အတော်ကြာစောင့်ရဦးမယ် လို့ ဆိုပါတယ်။
ဒါ့ကြောင့် ပို့ကုန်ပိတ်ဆို့မှု ဖယ်ရှားပေးလိုက်ခြင်းကြောင့် မြန်မာနိုင်ငံအတွက် အားတက်ဖွယ်ရာ   ဖြစ်လာမှာ မလွဲသော်လည်း မြန်မာ့စီးပွားရေး ချက်ချင်း ဦးမော့လာဖို့တော့ မရှိသေးဘူး လို့ဆိုပါ တယ်။ မြန်မာနိုင်ငံအနေနဲ့ အာရှကျားတွေလို ပို့ကုန်အခြေပြုတဲ့ စီးပွားရေးကို သွားမယ်ဆိုရင် အခြေခံ အဆောက်အအုံတွေ အမြန်ဆုံး မြှင့်တင်နိုင်မှ ဖြစ်မယ်လို့ ဆိုပါတယ်။
ပုဂ္ဂလိက ခံစားချက်ကို ပြောရလျှင် နယူးယောက်၊ ဝါရှင်တန်ရှိ ရှော့ပင်းမောလ်များသို့ ရောက်ရှိခဲ့စဉ်က အခြားနိုင်ငံများမှ တင်ပို့သည့် အဝတ်အထည်များ (Made in Bangladesh တံဆိပ်ပါ အဝတ် အထည် များလည်း ပါသည်) များစွာ တွေ့မြင်ခဲ့ရပါတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံက Made in Myanmar ရှပ်အင်္ကျီ(၁)ထည် အမေရိကန်မှာတွေ့မြင် ရခြင်းရဲ့   နောက်ကွယ်မှာ အထည်ချုပ်စက်ရုံထဲက အလုပ်သမတွေရဲ့ စကားပြောသံ၊ စက်ချုပ်စက်အသံတွေ၊ သူတို့ညနေ အလုပ်ပြန်ကို မျှော်နေတဲ့ ကလေးသူငယ်တွေ အများကြီး ရှိနေပါတယ်။ အမေရိကန်ဆန်ရှင် မပိတ်ခင်က ရန်ကုန်က အထည်ချုပ်စက်ရုံတွေဟာ US နဲ့ EU Market ကို အများဆုံး တင်ပို့ခဲ့ကြ တာ ဖြစ်ပါတယ်။
သစ်အချောထည်စက်ရုံတွေ ပိတ်ခဲ့ရတာ၊ လက်ဝတ်ရတနာအလုပ်ရုံတွေ ပိတ်သွားတာတွေ ကြုံခဲ့ ရပါတယ်။ CMP တွေ ရုတ်ချည်း ကျဆင်းသွားတာ ရှိပါတယ်။ နောက်တစ်ခုက ကမ္ဘာ့နိုင်ငံရေး ဇာတ်ခုံပေါ်က အချက်ပြမှုကိုလည်း ဖော်ညွှန်းပါတယ်။ ဘေးတိုက်သက်ရောက်မှုအရ အလားတူု ပိတ်ဆို့ထားတာတွေလည်း ရုပ်သိမ်းသွားနိုင်ပါတယ်။
US က အခုလို ပို့ကုန်ပိတ်ဆို့မှု ဖယ်ရှားပေးလိုက်တဲ့အတွက် မြန်မာနိုင်ငံ ဆိုင်ရာမူဝါဒမှာ ထိန်းညှိဆောင် ရွက်နေတဲ့ EU ဘက်ကလည်း သိသာထင်ရှားတဲ့  ဖြေလျှော့မှုတွေ   ဆောင်ရွက်လာဖို့ မျှော်လင့်နိုင်ပြီ   ဖြစ်ပါတယ်။ နောက်တစ်ခုက FDI Law ထုတ်ပြန်တော့မယ့် အချိန်နဲ့ အချိန်ကိုက် ဖြစ်လာတာကို သတိချပ်သင့်ပါတယ်။
ဒီ FDI Law နဲ့ပတ်သက်လို့လည်း နိုင်ငံတော်သမ္မတကြီးက ပြည်ပရင်းနှီးမြုပ်နှံသူတွေရဲ့ အကျိုး စီးပွား၊ ပြည်တွင်းလုပ်ငန်းရှင်တွေရဲ့ အကျိုးစီးပွား နှစ်ဦးနှစ်ဖက် လက်ခံနိုင်မယ့် အနေအထား မျိုး၊ နှစ်ဦးနှစ်ဖက် မထိခိုက်စေမယ့် အခြေအနေ မျိုး၊ အခြားသောနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် ယှဉ်ပြိုင်နိုင် စွမ်းရှိတဲ့ ဖိတ်ခေါ် ကမ်းလှမ်းချက်မျိုး ပါဝင်စေအောင် ပြင်ဆင်ဖြည့်စွက်သင့်တဲ့ အချက်တွေကို သဘောထားမှတ်ချက်နဲ့အတူ လွှတ်တော်ကို ပြန်ပို့ထားပါပြီ။
နောက်လ ကျင်းပမယ့် လွှတ်တော်မှာလည်း ဒီဥပဒေကြမ်းကို အလေးပေး ဆွေးနွေးကြမှာ ဖြစ်တဲ့အတွက် မကြာမတင်ဥပဒေအဖြစ် ထုတ်ပြန်နိုင်မယ်လို့ မျှော်မှန်းထားပါတယ်။ ဒီဥပဒေ ထုတ်ပြန်ပြီးတော့မှ FDI တွေ အမှန်တစ်ကယ် စီးဝင်လာမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ လာပြီး ရင်းနှီးမြုပ်နှံကြတဲ့ ပြည်ပရင်းနှီးမြုပ်နှံ သူတွေအနေနဲ့ ဈေးကွက်ကန့်သတ်ချက်  မရှိ တင်ပို့ရောင်းချနိုင်မယ်ဆိုရင် အရမ်းကိုအပြုသဘော ဆောင်မှာ ဖြစ်ပြီး ပြည်ပရင်းနှီးမြုပ်နှံသူတွေ အနေနဲ့လည်း ဈေးကွက်ရွေးချယ်မှုမှာ အခက်အခဲ နည်းပါးစေမှာ ဖြစ်ပါတယ်။ သေချာတာတစ်ခုကတော့ Zero-Sum Game တော့ မဟုတ်ပါဘူး။ What might the US buy from Myanmar?ကို Hmuu Zaw မှီငြမ်းရေးသားသည်။ 
Hmuu Zaw Facebookမှ ကူးယူဖော်ပြပါသည်။
အိမ့်သံစဉ်

28.9.2012ဒေါ်အောင်ဆန်းစုကြည်ပြောပြတဲ့ဒီပဲရင်းအဖြစ်အပျက်(ယေးတက္ကသိုလ်)


Yale su depeyin 28.9.2012ဒေါ်အောင်ဆန်းစုကြည်ပြောပြတဲ့ဒီပဲရင်းအဖြစ်အပျက်(ယေးတက္ကသိုလ်) 


Moethiha Aung , 28 September 2012  —–  (အမေရိကန် ပြည်ထောင်စုYALEUniversity ယေးလ်တက္ကသိုလ်မှာ မြန်မာ့ဒိမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့် ခွန်းထဲမှ ဒီပဲယင်းလုပ်ကြံမှုအကြောင်းပြန်ပြောင်းမှတ်ချက်ပြုတဲ့ ဘာသာပြန်)Yale su depeyin 28.9.2012

ကျမကိုယ်တိုင်ဖြစ်ခဲ့ တဲ့ အဖြစ်အပျက်ကတော့ ဒီပဲရင်းအရေးအခင်းပေါ့ လေ။
၂၀၀၃ခုနှစ် ကပေါ့။ မြန်မာပြည်မြောက် ပိုင်းမှာ စည်းရုံးရေးခရီးသွားနေတုန်းကအဖြစ်အပျက်လေး တစ်ခုပါ။ပြည်သူတွေကစိတ်ဝင်တစားအားပေးမှုရှိတော့ ပိုပီး အဖွဲ့ အစည်းက ကြီးမားလာခဲ့ တာပေါ့ ။ အချိန်ကညနေပိုင်းရောက်ပီခရီးသွားနေရင်းဆိုတော့ တနေရာကနေတနေရာသွားနေရတာ။ အဲဒီမှာ

ကျွန်မတို့ ကားတန်းကို ဘုန်းကြီးတပါးက တားတယ်။ တားပြီး မိန့် ခွန်းပြောခိုင်း တယ်။ အချိန်က နောက်ကျနေပီဖြစ်လို့ ကျမက ငြင်းတယ်။

ဒီလိုနေရာမျိုးမှာ မိန့် ခွန်းပြောဘို့ စီစဉ်ထားတာလဲမရှိလို့ ကျမတို့ ခရီးဆက်ရ ဥိးမှာလဲရှိနေသေး လို့ ပါလို့ ပြေပါတယ်။ ဒါပေမဲ့ မရပါဘူး။နောက်ထပ်ဘုန်းကြီးတွေဝိုင်းလာတယ်။ဆက် သွားလို့ မရအောင် တားထားတယ်။အဲဒီနောက်လူအုပ်စုတဖွဲ့ ကရပ်ထားတဲ့ ကားတွေနောက်ကနေ ပြေးလာပီး ကျမတို့  လူတွေကိုရိုက်နှက်ကြတယ်။ နောက်ကျောဖက်ကနေပေါ့ ။ ဒါဟာ ကျမရဲ့ ဒီပဲရင်းအရေးပေါ့ ။
ဘုန်းကြီးတွေလို့ သာပြောတာ လက်မောင်းမှာလဲ ဆင်တူလက်ပတ်အဖြူတွေ ပတ်ထားတယ်။
အဖွဲ့ ကတော်တော်ကိုကြီးတဲ့ အဖွဲ့ ပါ။
သူတို့  ဝိုင်းရိုက်တာ လူလေးယောက် ပွဲချင်းပြီး သေသွားတယ်။ ကျမကားရဲ့ လေကာမှန်တွေကိုလဲ ရိုက်ခွဲကြသေးတယ်။ ကျမရဲ့ ကားမောင်းသမားလေးက အတော်လေးကိုတော်တာပါ။
ကားကိုဆက်မောင်းလို့ လဲမရတော့  နောက်ကကားတွေကိုစောင့် ရင်းနဲ့ ပေါ့ ။အဲဒါနဲ့ ကျမရဲ့ ကားကို မောင်း တဲ့ သူက ရှေ့ မှာတားထားတဲ့ အတားအဆီးတွေကို ဖြတ်မောင်းလိုက်မယ်လို့ ပြောလာတယ်။ ဘာလို့ လဲဆိုတော့  ကျမတို့ ရဲ့ တခြားအဖွဲ့ တွေကို အဲဒီကနေတားဆီးထားတာမို့  လို့ ဘဲ တဲ့ ။ အဲလို ဖြတ်မောင်းလိုက်ရင် ကျမတို့ အဖွဲ့ တွေနဲ့  ဆုံမှာဘဲမို့ ပါ။
ကျနော်အတားအစီး တွေဖြတ်မောင်းလိုက်ရမလားတဲ့ .. မောင်းပေါ့ (ရီသံများ)ဟုတ်တယ်လေ ကျမဘယ် လို လုပ်ရမလဲ။ ကျမမှာစိတ်ကလဲလှုပ်ရှားစရာ ကားထဲထိုင်ပီးအဲဒီ ပိတ်ထားတာကြီး ကိုအတင်းဖြတ်ပြီး မောင်း တာ တသက်နဲ့ တကိုယ်တခါမှလဲ မလုပ်ဘူးဘူး။
အတားအစီးတွေကိုဖြတ်မောင်းပေမဲ့ လဲ ဟိုဘက်မှာကဘယ်သူမှမရှိကြဘူးလေ။ လမ်းပိတ်ထားတာ
သက်သက်ပေါ့ ။ဒီလိုနဲ့ မောင်းလို့ ရသလောက်မောင်းလာတာ။ နေက်ထပ် မြို့ ဝင်ဂိတ်ရောက်တော့အဖမ်းခံရ တာပဲ။ ကျမတို့ အနနဲ့  လက်သီးလက်မောင်းလေးတောင်မထောင်ခဲ့ ပါဘဲနဲ့ ကိုယ့်ကိုလာရိုက် လို့  ထွက်ပြေး ရတာကိုအဖျက်သမားတွေလို့ စွတ်စွဲတာနဲ့ အဖမ်းခံရပြီး အကျယ်ချုပ် ၆နှစ်ပြစ်ဒဏ် ချတယ်။ နောက်တော့ အမေရိကန်တယောက် ရေကူးပြီး လာတွေ့ လို့  ၁နှစ်တိုးပြီး ၇နှစ်ဖြစ်တယ်။
အမေရိကားကလူတွေကိုယ်စား လာပြီးနှုတ်ခွန်းဆက်တာဖြစ်ပါလိမ့် မယ်။
ဘာသာပြန်သူ… ပီတီကေ
မိတ်ဆွေများရွှင်လန်းချမ်းမြေ့ကြပါစေ
ကိုထွန်းဝေ
28.9.2012
Credit: Ko Htun Wai and PTK

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီပဲယင်းအကြောင်း ပါတဲ့ ဟောပြောပွဲ


ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီပဲယင်းအကြောင်း ပါတဲ့ ဟောပြောပွဲ 


ဧရာဝတီဘလော့. ၂၈ရက်နေ့ စက်တင်ဘာ ၂၀၁၂  —  အမေရိကန် ပြည်ထောင်စုကို ရောက်နေသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ယေး တက္ကသိုလ်မှာ တရားဥပဒေ စိုးမိုးရေးအကြောင်း ယမန်နေ့ စက်တင်ဘာလ ၂၇ ရက်နေ့က ဟောပြောခဲ့ ပါတယ်။ 
ဒီဟောပြောမှုထဲမှာ ဒီပဲယင်း ဖြစ်စဉ်နဲ့ ပတ်သက်ပြီး တော်တော် ပြောဆိုသွားခဲ့ပါတယ်။ သမိုင်းမှတ်တမ်းတ ခု ဖြစ်နေမှာမို့ ဖော်ပြပေးလိုက်ပါတယ်။
“ကျမကိုယ်တိုင်ကြုံတွေ့ခဲ့ အဖြစ်အပျက်ကတော့ ဒီပဲယင်း အရေးအခင်းပေါ့လေ။ ၂၀၀၃ ခုနှစ် ကပါ။  အထက်မြန်မာပြည်စည်းရုံးရေး ခရီးသွားနေတုန်းက အဖြစ်အပျက်လေး တစ်ခုပါ။ ပြည်သူတွေက စိတ်ဝင် တစား အားပေးမှုတော့ ကျမတို့ ပါတီလည်း ကြီးမားလာခဲ့တာပါ။ အချိန်က ညနေပိုင်းရောက်နေပြီ။ ခရီး သွားနေရင်းဆိုတော့ တနေရာကနေတနေရာသွားနေရတာ။
အဲဒီမှာ ကျွန်မတို့ ကားတန်းကို ဘုန်းကြီး တပါးက တားတယ်။ တားပြီး မိန့်ခွန်း ပြောခိုင်းတယ်။ အချိန် က နောက်ကျနေပြီဆိုတော့ ကျမ က ငြင်းတယ်။ ဒီလိုနေရာမျိုးမှာ မိန့်ခွန်းပြောဘို့ စီစဉ်ထားတာလဲ မရှိ တာကြောင့် ကျမတို့ ခရီးဆက်ရဦးမှာလဲ ရှိနေသေးလို့ ပါလို့ ပြောပြခဲ့ပါတယ်။
ဒါပေမယ် မရပါဘူး။ နောက်ထပ် ဘုန်းကြီးတွေ ဝိုင်းလာတယ်။ ဆက်သွားလို့ မရအောင်တားထားတယ်။ အဲဒီနောက် လူအုပ်စု တဖွဲ့ ကရပ်ထားတဲ့ ကားတွေနောက်ကနေ ပြေးလာပြီး ကျမတို့ လူတွေကို ရိုက်နှက်ကြတယ်။ နောက်ကျောဖက်ကနေပေါ့။
ဒါဟာ ကျမရဲ့ ဒီပဲယင်း အရေးပေါ့။ ဘုန်းကြီးတွေလို့ သာပြောတာ လက်မောင်းမှာလဲ ဆင်တူ လက်ပတ် အဖြူတွေ ပတ်ထားတယ်။ အဖွဲ့ ကတော်တော်ကိုကြီးတဲ့အဖွဲ့ ပါ။ သူတို့ ဝိုင်းရိုက်တာ လူလေးယောက် ပွဲချင်းပြီး သေသွားတယ်။ ကျမကားရဲ့ လေကာမှန်တွေ ကိုလဲ ရိုက်ခွဲကြသေးတယ်။
ကျမရဲ့ ကားမောင်းသမားလေး က အတော်လေးကိုတော်တာပါ။ ကားကို ဆက်မောင်းလို့လဲမ ရ
တော့ နောက်က ကားတွေကိုစောင့်ရင်းနဲ့ ပေါ့။ အဲဒါနဲ့  ကျမရဲ့ကားကို မောင်းတဲ့ သူက ရှေ့မှာ တားထား တဲ့ အတားအဆီးတွေကို ဖြတ်မောင်းလိုက်မယ်လို့ ပြောလာတယ်။ ဘာလို့လဲဆိုတော့ ကျမတို့ရဲ့ တခြားအဖွဲ့ တွေကို အဲဒီ ကနေတားဆီး ထားတာမို့လို့ဘဲတဲ့။ အဲလို ဖြတ်မောင်းလိုက်ရင် ကျမတို့ အဖွဲ့ တွေ နဲ့ ဆုံမှာ ဘဲမို့ပါ။

ကျနော် အတားအစီး တွေဖြတ်မောင်း လိုက်ရမလားတဲ့… မောင်းပေါ့ (ရီသံများ) ဟုတ်တယ်လေ ကျမ ဘယ်လိုလုပ်ရမလဲ။ ကျမမှာ စိတ်ကလဲလှုပ်ရှားစရာ ကားထဲထိုင်ပီး အဲဒီ ပိတ်ထားတာကြီးကို အတင်းဖြတ်ပြီး မောင်းတာ တသက်နဲ့ တကိုယ်တခါမှလဲ မလုပ်ဖူးဘူး။ အတားအစီးတွေ ကို
ဖြတ်မောင်းပေမယ်လည်း ဟိုဘက်မှာကဘယ်သူမှမရှိကြဘူးလေ။ လမ်းပိတ်ထားတာ သက်သက်ပေါ့ ။ ဒီလို့နဲ့ မောင်းလို့ ရသလောက်မောင်းလာတာ။ နေက်ထပ် မြို့ဝင်ဂိတ်ရောက်တော့ အဖမ်းခံရတာပဲ။

ကျမတို့ အနေနဲ့ လက်သီးလက်မောင်းလေးတောင်မထောင်ခဲ့ ပါဘဲနဲ့ ကိုယ့်ကို လာရိုက်လို့  ထွက်ပြေး ရတာကို အဖျက်သမားတွေလို့ စွပ်စွဲတာနဲ့ အဖမ်းခံရပြီး အကျယ်ချုပ် ၆ နှစ် ပြစ်ဒဏ်ချတယ်။ နောက်တော့ အမေရိကန် တယောက် ရေကူးပြီး လာတွေ့လို့ ၁ နှစ် ထပ်တိုးပြီး ၇ နှစ်ဖြစ်သွားတယ်။ အမေရိကားက လူတွေကိုယ်စား လာပြီးနုတ်ခွန်းဆက်တာ ဖြစ်ပါလိမ့်မယ်။
ပီတီကေ။။။
အိမ့်သံစဉ်
ဗွီဒီယိုဖိုင် —
http://youtu.be/hO-sD6EwXuE

ဒေါ်အောင်ဆန်းစုကြည် နဲ့ ကုလသမဂ္ဂ မြန်မာဝန်ထမ်းများ


ဒေါ်အောင်ဆန်းစုကြည် နဲ့ ကုလသမဂ္ဂ မြန်မာဝန်ထမ်းများ


VOA News, 26 September 2012  —– (မျက်မှောက်ရေးရာ/သတင်းသုံးသပ်ချက်)  ဒေါ်အောင်ဆန်းစုကြည်ဟာ အမေရိကန်ခရီးစဉ်အတွင်းမှာ မြန်မာအသိုင်းအ၀ိုင်းတွေနဲ့ တွေ့ဆုံရာမှာ အမှာစကားပြောကြားပြီး မြန်မာတွေမေးမြန်းသမျှဖြေကြားခဲ့ပါတယ်။ ကုလသမဂ္ဂက လက်ရှိမြန်မာ ၀န်ထမ်းတွေ ဝန်ထမ်းဟောင်းတွေနဲ့ တွေ့ဆုံရာမှာတော့ သူတို့ဆီကအကြံဥာဏ်တွေတောင်းခံရယူပြီး အပြန်အလှန် ဆွေးနွေးခဲ့ တာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကုလသမဂ္ဂရှိ မြန်မာဝန်ထမ်းတို့ အပြန်အလှန်ဆွေးနွေးချက်တွေကို အခုတပတ် မြန်မာ့အရေးသုံးသပ်ချက် အဖြစ် ဦးကျော်ဇံသာ ကတင်ဆက်ထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်။ ။ ကျမ အခုလာတာကတော့ တကယ်တော့ အကြံဥာဏ်တွေယူဖို့ပါ။ နားထောင်ဖို့ပါ။ ကျမတို့ နိုင်ငံရဲ့  တိုးတက်ရေးအတွက်၊ ဖွံ့ဖြိုးရေးအတွက် ဘယ်လိုအကြံဥာဏ်တွေ ပေးကြချင်သလဲ။ နိုင်ငံ့တိုးတက်ရေးအတွက် လုပ်နိုင်မလဲဆိုတာကို ပူးပေါင်းပြီးတော့ စဉ်စားဖို့ ဖြစ်ပါတယ်။ ကျမတို့ ဒီမိုကရေစီကို ယုံကြည်တယ်ဆိုလို့ရှိရင် အမျိုးမျိုး အတွေးအခေါ်အမြင်တွေ အကြံတွေကို နားထောင်ရဲရမယ်၊ သုံးသပ်ရဲရမယ်၊ ဘယ်ဟာတွေက အကောင်းဆုံးဖြစ်လဲ၊ ဘယ်ဟာတွေက အသင့်တော်ဆုံးဖြစ်လဲဆိုတာကိုလည်း ဆုံးဖြတ်ချက်ချရဲရမယ်။
အဲဒီတော့ အဲဒီဟာကိုလုပ်တဲ့ နေရာမှာလဲ အများရဲ့ ပါဝင်မှုနှင့် လုပ်စေချင်တယ်။ ဒီမိုကရေစီ လမ်းကြောင်းသွားမယ်ဆိုလို့ရှိရင် ပွင့်လင်းမြင်သာမှုဟာ အင်မတန်မှ အရေးကြီးပါတယ်။ ဒါကြောင့်မို့လို့ အားလုံးဟာ ပွင့်ပွင့်လင်းလင်းနှင့် ဆွေးနွေးကြပြီးတော့ ဆုံးဖြတ်ချက်ချတဲ့အခါမှာ ဘာကြောင့်ချလဲ ဆိုတာကို ထင်သာမြင်သာ ဖြစ်ရပါမယ်။ ကျမတို့ရဲ. ပြည်သူတွေဟာ ဒီမိုကရေစီနှင့် ဝေးခဲ့တယ်ဆိုပေမယ့်လည်း အင်မတန်မှ နားလည်လွယ်တဲ့ ပြည်သူတွေပါ။ ဥာဏ်မထိုင်းပါဘူး။ ရှင်းပြလို့ရှိရင် နားလည်တယ်။ ပြဿနာက နှစ်ပေါင်းများစွာ ဘယ်သူကမှ ပြည်သူတွေကို ရှင်းပြရမယ့် တာဝန်ရှိတယ်လို့ မထင်ခဲ့တာဘဲ။ တကယ်တော့ ပြည်သူတွေဟာ ကိုယ့်နိုင်ငံမှာ ဘာဖြစ်နေသလဲ ဒါတင်မကဘူး၊ ဘာဖြစ်လို့ အဲ့လိုဖြစ်နေလဲဆိုတာကို သိပိုင်ခွင့်ရှိတယ်။ အဲဒီ့သိပိုင်ခွင့်ကို ကျမတို့လေးစားရမယ်။ ကျမတို့ ပြည်သူတွေဟာ ပိုပြီးတော့ အမြင်ကျယ်လာအောင်လို့ ကျမတို့ ကြိုးစားပြီးတော့ လုပ်ပေးရမယ်။ အဲဒီတော့ နိုင်ငံဖွံ့ဖြိုးရေးအတွက် ဝိုင်းပြီးတော့ ကျမတို့ ဘယ်လို လုပ်ရင်ကောင်းမလဲဆိုတာကို ကျမကြားချင်တာဖြစ်ပါတယ်။
မေး ။ ။ တခုပြောချင်တာကတော့ ESCAP – Economic and Social Commission for Asia and the Pacific နှင့် ပက်သက်ပြီးတော့။ ESCAP ဟာပြီးခဲ့တဲ့ အနှစ် ၅၀ တုန်းက ဗမာပြည်အတွက် ဦးသန့်က ပေးခဲ့တဲ့ဟာကို ကိုနေဝင်းက မယူတဲ့အတွက် အဲဒီ  ESCAP က ယိုးဒယားရောက်သွားတယ်လေ။ ဆိုတော့ အကယ်၍ ILO (International Labor Organization) တို့ဘာတို့ ဗမာပြည်မှာ Centralize အနေနှင့် South East Asia အတွက်ကို လာဖွဲ့မယ်ဟဲ့ဆိုရင် အစ်မအနေနှင့် အများကြီးလုပ်ပေးနိုင်တဲ့ဟာတွေဘဲ။ အဲဒါတွေက။

ဒေါ်အောင်ဆန်းစုကြည် ။ ။ ဟုတ်ကဲ့။ ကျမ မှတ်သားထားပါ့မယ်။ ဒီဟာ ဆိုတာဟာ ကျမတို့ တဘက်တည်းကပဲ လုပ်ချင်လို့လဲ မဖြစ်ပါဘူး။ တကယ်ပဲ လုပ်နိုင်တဲ့ အခြေအနေလည်းရှိရမှာပေါ့။ အများကလည်း သဘောတူညီရမှာပေါ့။ ဒါပေမယ့် ကျမတို့ နိုင်ငံဟာ ဒီလို စိန်ခေါ်မှုတွေကို ရင်ဆိုင်ပြီးတော့ လုပ်ကိုင်နိုင်မယ့် နိုင်ငံမျိုး တခုဖြစ်လာအောင် ကျမတို့ကြိုးစားမှာပါ။
မေး ။   ။ အခုအချိန်မှာ ကျနော်တို့ နိုင်ငံတိုးတက်ဖွံ့ဖြိုးအောင် လုပ်တဲ့နေရာမှာ ပြည်ပမှာရောက်နေတဲ့ လူတွေအားလုံးကော၊ ကုလသမဂ္ဂမှာ လုပ်နေတဲ့ လူတွေကော၊ ပင်စင်စားတွေကော ဘယ်လိုကူညီရမလဲ။ ဘယ်လိုဆက်ပြီးတော့ လုပ်ဆောင်သင့်သလဲဆိုတာ ကျနော်တို့ အားလုံးပြီးတော့ ညှိနှိုင်းပြီးတော့လုပ်ပါမယ်။ ဒါပေမယ့် ဒီပင်စင်စားအပိုင်းမှာဆိုလို့ရှိရင် အရင်တုန်းက UNDP (United Nations Development Program) မှာ TOKTEN ဆိုတာရှိပါတယ်။ Transfer of Technology through Expatriate National အဲ Program မှာလည်း UNDP က ပြန်စနိုင်မယ်ဆိုလို့ရှိရင် ဒီ သက်ကြီးဝါးကြီးတွေ ကျန်းလည်းကျန်မာတဲ့ လာလည်း အကြံဥာဏ်ပေးနိုင်တယ်ဆိုလို့ရှိရင် သူတို့အများကြီးလာပြီးတော့ တိုင်းကျိုးပြည်ကျိုးအတွက်  လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ ဒါပါဘဲ ခင်ဗျာ့။
ဒေါ်အောင်ဆန်းစုကြည် ။ ။ အဲဒါဆိုရင် အဲဒီဟာကတော့ ကုလသမဂ္ဂနှင့် ပိုပြီးဆွေးနွေးလို့ရှိရင် ကောင်းမယ်ထင်တယ်။ ဆွေးနွေးပြီးတော့ တကယ်လက်တွေ့ ကျကျပေါ့နော်၊ ဘယ်လိုနည်းနှင့် လုပ်နိုင်မလဲဆိုတာ။ ကျမတို့ နိုင်ငံမှာ အကူအညီတွေလိုတာတော့ အမှန်ဘဲ။ ဒါပေမယ့် စနစ်တကျတော့ ပေးဖို့တော့ လိုပါတယ်။ အကူအညီ သိပ်များပြီးတော့ စနစ်မကျလို့ရှိရင် တချို့ နိုင်ငံတွေမှာ  ဥပမာဆိုလိုရှိရင် အရင်တုန်းက ကမ္ဘောဒီးယားမှာ ဖြစ်ခဲ့သလိုပေါ့။ ပေးတဲ့အကူအညီတွေက သိပ်များတယ်။ စနစ်မကျတဲ့ အခါကျတော့ တော်တော်များများ အဟောသိကန် အဲဒါမျိုးတော့ ကျမတို့ မဖြစ်စေချင်ဘူး။ စနစ်ကျကျနှင့် နည်းလမ်းကျကျနှင့် လုပ်နိုင်ဖို့ကိုတော့ ကျမတို့ ညှိနှိုင်းပြီးတော့လုပ်ရင် ဖြစ်နိုင်မယ်လို ကျမယုံပါတယ်။
မေး ။  ။ အကူအညီတွေ လိုနေတာလည်းမြင်ပါတယ်။ အပြင်ကလည်း အကူအညီပေးနေတာလည်း တွေ့ပါတယ်။ တခု ကျနော်သတိထားမိတာက အပြင်ကပေးတဲ့ အကူအညီတွေက ဗမာပြည်မှာ အခုလိုအပ်နေတဲ့ အတိုင်းအဆ Level အထိ မပေးဘဲနှင့်၊ ဗမာတွေက အခုဆင်းရဲနေတော့။ ဆင်းရဲတာလေးထက် နည်းနည်းလေး ပိုပေးပြီးတော့ သူတို့က ကျေနပ်နိုင်မယ်လို့ ထင်ပြီးတော့ ပေးတဲ့ အတိုင်းအတာက လိုအပ်တဲ့အတိုင်းအတာကို ထိမ်ချန်ပြီး ပေးနေတယ်လို့ ကျနော်မြင်ပါတယ်။ ဥပမာ Micro-financing ကို ကျနော်တင်ပြချင်တာကတော့ သူတို့က အခု အရပ်ထဲမှာ 5% နေ့တန်တိုးနှင့် ယူတယ်။ Micro-financing က Treat percent  ၃ ရာခိုင်နှုန်းနှင့်ပေးတယ်။ အဲဒီတော့ ၃ရာခိုင်နှုန်းက တစ်လကို ၃ ရာခိုင်နှုန်း။ တစ်နှစ်ဆိုရင် ၃၆ ရာခိုင်နှုန်းက နည်းတာမဟုတ်ဘူး။ အဲဒီတော့ လက်ရှိ ဒုက္ခထဲက နည်းနည်းလေးကူလိုက်တဲ့ သဘောဘဲရှိတယ်။ တကယ်တမ်းကူတဲ့ အဆင့်ထိမရောက်သေး ဖြစ်နေတယ်။
ဒေါ်အောင်ဆန်းစုကြည် ။ ။ အဲဒါတော့ အခြေအနေကြောင့်လည်းဖြစ်ပါတယ်။ တမင်သက်သက် ဗမာတွေကို နည်းနည်းလေးဘဲ ပေးချင်တဲ့စိတ်တော့ မဟုတ်ပါဘူး။ ဥပမာ Micro-financing နှင့် ပက်သက်လို့ဆိုလို့ရှိရင် အကြီးဆုံးလုပ်နေတဲ့ အဖွဲ့အစည်းက PACT ဖြစ်တယ်။ PACT တောင်မှ တကယ်တော့ သူက Still Donor-dependent ပေါ့နော်။ ဒီ Micro Credit Schemes တွေက သေသေချာချာ ထိရောက်မှု ရှိဖို့ဆိုလို့ရှိရင် အဲဒီလို မဖြစ်ရဘူး။ အဲဒီလို Sustainability ရှိဖို့ဆိုလို့ရှိရင် ဒါကြောင့်မို့ PACT အပြင် တခြား Micro Credit Schemes တွေနှင့် ဝင်သွားဖို့လိုပါတယ်။ ဝင်နိုင်တဲ့ အခြေအနေ မရှိသေးလို့ပါ။ ကျမအမြင်မှာတော့ တမင်နှိမ်ပြီးတော့ ပေးတာမဟုတ်ပါဘူး။ အခုဆိုလို့ရှိရင် မြန်မာနိုင်ငံကိုကူညီချင်တာ အများကြီးရှိပါတယ်။ ဒါကြောင့်မို့လို့ တချို.ကဆိုလို့ရှိရင် Gold rush for Investors and Donors ပေါ့နော်။ ဒီ Aid တွေဘာတွေဟာ သေသေချာချာ မညှိလို့ရှိရင် သိပ်များပြီးတော့ စောစောက ပြောသလိုပေါ့ အဟောသိကန် ဖြစ်သွားလို့ရှိရင် နောင်ကျလို့ရှိရင် ဒီလိုပေးတဲ့ အကူအညီတွေဟာ မထိရောက်ဘူးဆိုတဲ့ အမြင်နှင့် ကူညီချင်တဲ့လူတွေက တွန့်သွားမှာကိုလည်း ကျမတို့ စိုးရိမ်ရပါတယ်။ အဲဒီတော့ ကျမကတော့ အမှန်ပြောလို့ရှိရင် တမင်နှိမ်ပြီး ပေးတာတော့ မဟုတ်ပါဘူး။ ပေးချင်သလောက် ပေးသင့်သလားဆိုတာကိုလည်း ချင့်ချိန်ရတာလည်း ရှိပါတယ်။ နောက် တခါတလေကျရင်လည်း ပေးချင်ပေမယ့်လည်း အခြေအနေအရ မပေးနိုင်တာလည်း ရှိပါတယ်။ အခု PACT ဆိုရင်တောင်မှ ကိုယ်တိုင်က လွတ်လွတ်လပ်လပ် မလုပ်နိုင်ဘူး။ ပေးမယ့်သူတွေ တခြား ငွေရေးကြေးရေး နှင့် ကူညီမယ့် နိုင်ငံတွေအပေါ်မှာ အားကိုးပြီးတော့မှ သူတို့ အလုပ်ကိုလုပ်နေရတယ်ဆိုတော့ သိပ်မထိရောက်တာ ဖြစ်ပါတယ်။
ဖြေ ။ ။ အခု မမစုကို စကားပြောဖို့အတွက် အလှည့်ကျသူမှာ ဆရာကြီးဒေါက်တာညီညီ ဖြစ်ပါတယ်။ UNICEF မှ Special Adviser to the Executive Director အနေနှင့် တာဝန်ထမ်းဆောင်ပြီး အငြိမ်းစားယူခဲ့တာ ဖြစ်ပါတယ်။
ဒေါက်တာညီညီ ။ ။ လာတွေ့လို ကျနော် ကျေးဇူးအများကြီးတင်ပါတယ်။ တခုပဲ ကျနော်ကြုံလို့ တင်ပြချင်တာကတော့ အရေးကြီးတာက ကျနော်တို့မှာ ကိုယ့်ပြသနာကိုယ် ဘာရှိသလဲဆိုတာ အရင်သိအောင် လုပ်ဖို့လိုတယ်။ ကိုယ့်ပြသနာကို ကိုယ်မဆုံးဖြတ်နိုင်ရင် ကျန်တဲ့လူက လာပြီးဆုံးဖြတ်ပေးမယ်။ ခင်ဗျာတို့ လုပ်နေတာ ဒါပဲဆိုပြီး လာပေးရင် အဲဒါ ပိုက်ဆံတွေပါတော့ ယူလိုက်ရင် ကျနော်တို့ ပိုက်ဆံကုန်တာထက် အချိန်ကုန်တာ သိပ်အရေးကြီးတယ်။ ဒါပေမယ့် ကျနော်တို့ အရင် ပထဦးဆုံးအဆင့် ကျနော် တင်ပြချင်တာ  ဒေါ်စုရော၊ အစိုးရရောပေါ့လေ ဘာလုပ်ဖို့လိုလဲဆိုတော့ ကိုယ့်မှာ ဘာပြဿနာတွေရှိလဲ။ ဒါတွေဘယ်လိုများ ဖြေရှင်းရင် ကောင်းမလဲဆိုတာ ကိုယ့်ဟာကိုယ် အရင်စဉ်စားထားပေါ့။ ပြီးတော့မှ သူများတွေနှင့် ဆွေးနွေးပေါ့။ ဒါမှမဟုတ်ပဲ ဘာမှမရှိပဲနှင့် ဗလာနှင့်သွားဆွေးနွေးရင် သူတို့က အကုန်လုံးလာပြီး ဆေးချယ်သွားမယ်။ အဲဒါတွေအကုန်လုံး ကျန်ခဲ့မှာဖြစ်ပါတယ်။
ကျနော် အခု ငယ်ငယ်တုန်းက ကျနော်တို့ ဒီလွတ်လပ်ရေး တိုက်ပွဲတွေ၊ ကျောင်းသားလှုပ်ရှားမှုထဲမှာ ဆရာသမားတွေ သင်တန်းဆရာတွေက ဘာပြောလဲဆိုတော့ တိုင်းပြည်ရာဇဝင် တိုင်းပြည်သမိုင်းဟာ လူထုက ရေးတယ်ဆိုပြီးတော့ ပြောပါတယ်။ ဒါကြောင့် လူထုကို စည်းရုံးပြီးတော့ လူထုက သမိုင်းလုပ်သွား နိုင်တယ်ပေါ့လေ။ သမိုင်းကို ဖန်တီးသွားတယ်။ ဒါပေမယ့် ကျနော်တို့ အခု အသက်ကြီးလာတော့ လူထုကြီးပဲမဟုတ်ဘူး။ ခေါင်းဆောင်ကလည်း အရေးကြီးတယ်။ ခေါင်းဆောင် အသုံးမကျရင် တိုင်းပြည်ပျက်တာဘဲ။ ဒါ ကျနော်တို့ ဗမာပြည်ကို အဲဒီလိုပြောတာ မဟုတ်ဘူး။ တစ်ကမ္ဘာလုံး ဒီအတိုင်းပဲ။ ဒီတော့ အခု ခေါင်းဆောင်အပိုင်းကို ဝင်လာတဲ့ ပုဂ္ဂိုလ်တွေထဲမှာ ခပ်တော်တော်တွေတွေ့ရင် ကျနော်တို့က အဲဒီ ခေါင်းဆောင်တွေကို ပိုးမွေးသလိုမွေးဖို့ လိုပါတယ်။ ဒီတော့ ပထမဦးဆုံး ကျနော်ပြောချင်တာကတော့ ကျန်းမာရေးက သိပ်အရေးကြီးပါတယ်။ ကိုယ့်ကျန်းမာရေးကို ကိုယ်ဂရုစိုက်နိုင်ရင် တိုင်းပြည် နှင့် ကြာကြာလုပ်နိုင်တာပေါ့။ အဲဒီတော့ ကျနော် တခု အလုပ်နှင့် ပက်သက်ပြီးတော့ အကြံပေးတဲ့သဘောလည်း ဖြစ်ချင်ဖြစ်မယ်၊ တိုက်တွန်းတဲ့ သဘောလည်း ဖြစ်ချင်ဖြစ်မယ်။
ပထမတချက်ကတော့ ကျနော်ထင်တယ်။ တနေ့တနေ့ အလုပ်ဇယား စာရင်းဇယား ဆွဲတဲ့အခါမှာ နားဖို့အချိန်ချန်ပါလို့။ တခါတည်း မိုးလင်းကနေ မိုးချုပ် ညဥ့်နက်သန်ခေါင်အထိ မလုပ်ပါနှင့်လို့။ ဘာဖြစ်လို့လဲဆိုရင် အဲဒါမျိုးလုပ်ရင် ကြာကြာမခံဘူး။ လူက ဖြန်းပြီးတော့ ပန်းပြီးတော့ တခါတည်း ဒုက္ခရောက်တယ်။ ဒီတော့ ကျနော်ပြောချင်တာက အလုပ်ဇယားဆွဲတဲ့အခါမှာ နားဖို့အချိန်လေးတွေ  ထည့်ထည့်ပေးပါ။ ဆွဲခိုင်းတဲ့သူက အတင်းထည့်ရင်တောင်မှ ဖြုတ်ပစ်ပါလို့ ကျနော် အဲဒါပြောချင်ပါတယ်။
ဒုတိယတချက်ကတော့ အရင်တခေါက် ခရီးထွက်တုန်းက ဆွစ်ဇလန်မှာ ခရီးပန်းပြီးတော့ နားလိုက်ရပြီးတော့ အစည်းအဝေးတွေ ဖြတ်လိုက်ရတယ်လို့ သတင်းထဲမှာပါလာတယ်။ ကျနော် တော်တော်စိုးရိမ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုရောက်ရာလေအရပ်မှာ တွေ့ချင်တဲ့သူက သိပ်များတယ်။ အဲဒီတော့ အဲသလို တွေ့ချင်တဲ့အခါမှာ ကိုယ်က လိုက်လိုက်လျောလျောလည်းလုပ်တော့ နားရမှာမဟုတ်ဘူး။

ဒီတော့ ကျနော် တွေ့ဖူးတာကတော့ အရင်တုန်းက ကမ္ဘာ့ဘဏ်မှာဆိုရင် သူတို့ ဥပဒေတစ်ခုရှိတယ်။ အရေးကြီးတဲ့ကိစ္စ အရေးကြီးတဲ့ ဆွေးနွေးပွဲရှိရင် တရက်ကြိုသွားရတယ်။ တရက်ကြိုသွားပြီး ဘာမှ မလုပ်ရဘူး။ အိပ်နေရုံဘဲ။ နားဖို့ပဲ။ ဒီတော ကျနော် ဒေါ်စုကို အကြံပေးချင်တာကတော့ ခရီးထွက်တဲ့အခါမှာ ဒီကနေ့ရောက် ရောက်ပြီး ချက်ချင်း အစည်းဝေးတန်းဝင်တာမျိုး မလုပ်ပါနှင့်လို့။ တစ်ရက်နားပါ။ ရောက်ပြီးတခါတည်း တန်းဝင် ကြာတော့ လူတော်တော်ပန်းတယ်။ ပန်းတာကတော့ အရေးမကြီးပါဘူး။ အဆုံးအဖြတ်မှားတာ။ ကျနော်တို့ ခေါင်းထဲမှာ ဒီအစာမကြေဘူး ဖြစ်လာတာပေါ့လေ။ ဒီတော့ ကျနော် အဲဒါ ပြန်ပြီးပြောချင်တာကတော့ ဒီနေ့ချင်းပေါက်လုပ်တဲ့ အလုပ်မျိုးတွေရှောင်ပါ။ တက်နိုင်တရွေ့  ဘယ်သွားသွား တစ်ရက်လောက်တော့ ကြိုနားပါ။ ဒေါ်စုတယောက် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး လိုအင်ဆန္ဒအားလုံးနှင့် ပြည့်စုံပါစေ။ တိုင်းပြည်အကျိုး ဆထက်တပိုး ဆောင်ရွက်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ။ ။ ဆရာ ပေးတဲ့ဆုနှင့် ပြည့်ပါစေ။ ဆရာပြောတဲ့ အချက်ကလေးတွေကိုတော့ ကျမ ခပ်မြန်မြန်ပဲ ပြန်ဖြေချင်ပါတယ်။ ဆရာပြောတာ မှန်ပါတယ်။ ကျမတို့ဟာ ကျမတို့ ဘာလိုချင်လဲဆိုတာ ကျမတို့ ပြောရမှာ။ အခု ပြုပြင်ပြောင်းလဲရေးတွေနှင့် ပတ်သက်လို့ရှိရင် ဒါ Speed ပေါ့နော်။ အမြန်လုပ်ဖို့ကြီးပဲ မကြည့်ရဘူး။ Sequencing ကို ကြည့်ရမယ်။ ဘာပြီးဘာလုပ်ရမယ်။ အဲဒါ ကျမတို့က ဆုံးဖြတ်ရမှာ။ ဒါကျမ ပြောတဲ့ စကားပါ။ ကျမတို့ အနေနှင့်။
ဆရာ့ကိုလည်း ကျမ သတိတော့ပေးမယ်နော်။ ကျမက အစိုးရ မဟုတ်သေးပါဘူး။ အဲဒီတော့ ကျမတို့လုပ်နိုင်တဲ့ အတိုင်းအတာကတော့ သူ့အကန့်သတ်နှင့် သူရှိပါတယ်။ ဒါပေမယ့် နိုင်ငံခြားက အဖွဲ့အစည်းတွေနှင့် တွေ့တဲ့အခါကြလို့ရှိရင်တော့ ကျမတို့က ပွင့်ပွင့်လင်းလင်းပဲ။ ကျမတို့ ဘာလိုချင်တယ်။ ဘာလိုချင်တယ်။ ဘာလိုချင်တယ်ဆိုတာ ပြောလေ့ရှိပါတယ်။ ဒါပေမယ့် ညှိရတာပေါ့။ ပေးတဲ့သူကလည်း ပေးချင်အောင်လည်း လုပ်ရတာပေါ့။ ဒါပေမယ့် ဆရာပြောတာကို ကျမ လုံးဝလက်ခံပါတယ်။ အဲဒီ အတိုင်းလည်း ကျမတို့ ကြိုးစားပြီးတော့ လုပ်နေပါတယ်။

နောက်တခုကတော့ ကျန်းမာရေးနှင့် ပတ်သက်ပြီးလည်း ကျမ ဂရုစိုက်ပါတယ်။ ဆွစ်ဇလန် တုန်းကဟာက နေမကောင်းလို့ မဟုတ်ပါဘူး။ ကျမက ခရီးသွားရင် မူးတက်တယ်။ မူးတက်တော့ မီးရထားနှင့်သွားတာမှာ ဆေးမသောက်မိလို့။ မီးရထား မစီးတာလည်း ကြာတဲ့အခါကြတော့ မီးရထားစီးတာကို ဆေးသောက်ဖို့ မေ့သွားတယ်။လေယာဉ်ပျံ စီးတဲ့အခါတော့ ဆေးသောက်လေ့ ရှိတာပေါ့နော်။ လေယာဉ်ပျံ မမူးအောင်။
အဲဒါ မသောက်မိလို့ မူးသွားပြီးတော့ ဖြစ်တာပါ။ တခြား ကျန်းမာရေးကြောင်း မဟုတ်ပါဘူး။ အဲဒီတော့ ဆရာရဲ့  ဆုံးမသြဝါဒကို ကျမ လေးလေးနက်နက်နှင့် ခံယူပါတယ်လို့ ကျမပြောချင်ပါတယ်။
မေး။  ။ ဒေါ်စု ဒီကုလသမဂ္ဂမှာနေတုန်းက အလုပ်လုပ်တုန်းက အတွေ့အကြုံလေးတွေကို သမီးတို့ကို နည်းနည်း Share လုပ်ပေးလို့ ရမလားလို့။

ဒေါ်အောင်ဆန်းစုကြည် ။ ။ ကုလသမဂ္ဂတုန်းကတွေ့တဲ့ အတွေ့အကြုံတွေကို ပြန်ပြီးတော့ စဉ်းစားရမယ်ဆိုလို့ရှိရင် အရင်တုန်းကတော့ လူတွေက တော်တော်တော့ တက်တက်ကြွကြွ ရှိတယ်။ ဒီ ကမ္ဘာ့ကုလသမဂ္ဂကြီးအပေါ်မှာ အယုံအကြည်ကလည်း တော်တော်ရှိတယ်။ အခုနောက်ပိုင်းမှာ တခါတလေ အယုံအကြည် နည်းလာတာကို ကျမမြင်ရတယ်။ ဒါပြင်ပက အယုံအကြည် နည်းလာတာပဲလား။ ဒီအယုံအကြည်နည်းလာတဲ့ကိစ္စက အတွင်းကနေပြီးတော့ ဖြစ်တာပဲလားဆိုတာတော့ မသိဘူးပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာ့ကုလသမဂ္ဂဟာ ကမ္ဘာ့ရဲ့ ပြဿနာတွေ အများကြီးကို ဖြေရှင်းလို့ မရဘူးဆိုတာအမှန်ပဲ။ ဒါပေမယ့်လည်း ဒါကြောင့်မို့လည်း အယုံအကြည် ပျက်သွားစရာတော့ မလိုပါဘူး။ ဖြေရှင်းလို့ ရတာမရတာထက် ဖြေရှင်းဖို့ ဆက်ပြီးတော့ ကြိုးစားရမှာဖြစ်ပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂ  ရှိတာကတော့ ကျမတို့ ကမ္ဘာကြီးအတွက် ကောင်းတယ်လို့ ကျမ ဒီလိုပဲမြင်ပါတယ်။ အဲဒါကြောင့်မို့လို့ အရင်တုန်းက အတွေ့အကြုံတွေကတော့ ဒါတွေက လူတွေက ငယ်တုန်းကနှင့် ကြီးလာတော့ မတူဘူးပေါ့နော်။ ဒါပေမယ့်လည်း အငယ်ကြီးပဲ ကောင်းတာမဟုတ်ဘူး။ ငယ်တုန်းက မရှိတဲ့ အရည်အချင်းတွေလည်း ရင့်ကျက်လာတဲ့အခါကျတော့ ရှိလာတတ်ပါတယ်။ ဒါကြောင့် ကုလသမဂ္ဂက အခုကျတော့ ကမ္ဘာ့ပြဿနာတွေကို လွယ်လွယ်နှင့်ဖြေရှင်းလို့ မရဘူးဆိုတာ သိသွားတာကိုက ကောင်းပါတယ်။ အဲဒီတော့ ကုလသမဂ္ဂက ဝန်ထမ်းတွေကလည်း ဒီလိုအသိမျိုးနှင့် တတ်နိုင်သမျှ ကိုယ်လုပ်တဲ့အလုပ်ကို ထိရောက်အောင်လို့တော့ ကြိုးစားစေချင်ပါတယ်။
မေး။  ။ကျနော် နည်းနည်း တင်ပြချင်တာကတော့ ဒေါ်စု ဒီမှာရှိတုန်း ဒေါ်စုက UN နှင့်လည်း အကုန်အဆင်ပြေတယ်။ ဒီက တိုင်းပြည်ကလူတွေနှင့်လည်း အကုန်အဆင်ပြေတဲ့အခါကြတော့ ကျနော်တို့ တပ်မတော်လူငယ်တွေကို အနည်းဆုံး ဒီမှာ peace keeping mission အားဖြင့် စသည်အားဖြင့် နေရာရအောင်လုပ်ပေးဖို့။ နောက်ပြီးတော့ အရင်တုန်းကဆိုလို့ရှိရင် ကျနော်တို့ ဒီမှာ Airborne Operation တွေ Airborne Training တွေ လာရတာရှိတယ်။ Senior Officers  ဆိုရင် Staff police တက်ရတာ တွေရှိတယ်။ အဲဒီတော့ အဲဒါတွေက တော်တော်လည်း ဒီမက်လုံးလေးတွေပေါ့လေ။ သူတို့။ အခုတော့ တပ်အရာရှိတွေအားလုံးက ရုရှားမှာသွားပြီးတော့ Training လုပ်နေတာဘာတွေ ရှိကြတယ်ဆိုတော့။ သူတို့က ဒီဘက်ကို ငယ်ငယ်တုန်းက ကျနော်တို့ ငယ်ငယ်တုန်းက ဆိုလို့ရှိရင် အဲလို အရာရှိတွေတော့ရှိပါတယ်။ တော်လည်းတော်ကြတယ်။ နောက်ပြီးတော့ တချို့ လည်း standard အောင်တာတွေရှိတယ်။ ဆိုတော့ အဲလိုဟာမျိုးလေးတွေ  အခွင့်အရေးများများရအောင် ဒီဖက်ကိုနည်းနည်း လုပ်ပေးနိုင်ရင် အဲ — များများရအောင် ဒေါ်စု နည်းနည်း စီစဉ်ပေးနိုင်လို့ရှိရင် တော်တော်လေး တပ်မတော်အင်အားစု တော်တော်များများဟာ ဒေါ်စုကို ပိုပြီးတော့ အားကိုးခင်မင်လာမယ်လို့ ကျနော်ယူဆပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ။ ။ တပ်မတော်နှင့် ပတ်သက်လို့ ကျမတို့ရဲ့ တပ်မတော်ကို ခေတ်မီပြီးတော့ အင်မတန်မှ အကောင်းဆုံးဖြစ်တဲ့ တပ်မတော်ဖြစ်ဖို့ ကြိုးစားသွားမယ်ဆိုတာ ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့  ရေရှည်မူတွေထဲမှာ ပါပြီးသားပါ။ ကျမကိုယ်တိုင်ကလည်း ဒီလိုပဲ ဖြစ်စေချင်ပါတယ်။ ဒါကြောင့်မို့လို့ သင့်တော်တဲ့ အချိန်ကြလို့ရှိရင် ဒီလိုကိစ္စတွေ ဖြစ်ပေါ်ဖို့အတွက် ကျမတို့ ကြိုးစားမှာပါ။ ဘာပဲပြောပြော ကျမကတော့ တပ်မတော်မှာ အစကတည်းကလည်း သံယောဇဉ် ရှိခဲ့ပါတယ်။ အင်မတန်မှကောင်းပြီးတော့ ပြည်သူတွေက တကယ် ချစ်ခင်လေးစားဂုဏ်ယူနိုင်တဲ့ တပ်မတော်မျိုး ဖြစ်ဖို့ဆိုတာ ကျမ အခွင့်အရေးရတာနှင့်အမျှ ကြိုးစားသွားမှာ ဖြစ်ပါတယ်။
ဦးကျော်ဇံသာ

မြန်မာနိုင်ငံမှ ခိုးဝင်သူ ၁၂၃ ဦး ဘင်္ဂလာက ပြန်ပို့ မြန်မာနယ်စပ် အထိန်းအကွပ်မရှိ ဖြစ်နေဆဲ


မြန်မာနိုင်ငံမှ ခိုးဝင်သူ ၁၂၃ ဦး ဘင်္ဂလာက ပြန်ပို့ မြန်မာနယ်စပ် အထိန်းအကွပ်မရှိ ဖြစ်နေဆဲ 


နိရဉ္စရာသတင်းဌာန. ၂၆ရက်နေ့ စက်တင်ဘာ ၂၀၁၂  —-  ယခုတလောတွင် မြန်မာနိုင်ငံမှ ဘင်္ဂလာဒေခ်ျ့နိုင်ငံသို့ ခိုးဝင်လာသူများကို ပြန်ပို့နေရာ လွန်ခဲ့သော တနင်္လာနေ့ နေ့လည်ပိုင်းက လူပေါင်း ၁၂၃ ဦးကို ဘင်္ဂလာဒေခ်ျ့ ဘက်မှ မြန်မာသို့ ပြန်လည် ပို့ဆောင်ခဲ့သည်ဟု ဘင်္ဂလာဒေခ်ျ့ အာဏာပိုင်များက ပြောသည်။
သူတို့မှာ မြန်မာဘက်က မွတ်ဆလင်များ ဖြစ်ကြပြီး နယ်စပ် ဖြတ်ကျော်လမ်းများမှ တဆင့် ဘင်္ဂလာဒေခ်ျ့သို့ စနေနေ့နှင့် တနင်္ဂနွေနေ့များတွင် ခိုးဝင်လာစဉ် ဖမ်းဆီးရမိသူများ  ဖြစ်သည်ဟု ကော့စ်ဘဇား အခြေစိုက် အမှတ် (၁၇) BGB တပ်ရင်း တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး Md Khalekuzzaman က သတင်းထောက်များသို့ ပြောသည်။
ဖမ်းဆီးပြန်ပို့ခံရသူများ အထဲမှ ၃၂ ဦးကို ဘင်္ဂလာနယ်ခြားစောင့် တပ်ဖွဲ့က ကင်းလှည့်နေစဉ် အိုကီးယားမြို့နယ် ခေါင်းတုံးတွင် တနင်္ဂနွေနေ့ နံနက်က ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး ထိုအထဲတွင် အမျိုးသမီးနှင့် ကလေးငယ်များ ပါဝင်သည်ဟု သူက ဆိုသည်။
အိုကီးယားမြို့နယ်မှာ မောင်တောမြို့နယ် မြောက်ပိုင်းနှင့် ဆက်စပ်နေပြီး နတ်မြစ် အထက်ပိုင်းတွင် တည်ရှိသော ဘင်္ဂလာဒေခ်ျ့က မြို့နယ် တစ်ခုဖြစ်သည်။ ခေါင်းတုံးသည် မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ အကြား ဖေါက်လုပ်ရန် သဘောတူညီမူ ရထားသည့် ချစ်ကြည်ရေး တံတားထိုးရန် သတ်မှတ် ထားသော နေရာဖြစ်ပြီး ခေါင်းတုံးနှင့် မျက်နာချင်းဆိုင်တွင်  နတ်မြစ် တဘက်ကမ်းတွင် တောင်ပြို မြို့နယ်ခွဲ တည်ရှိသည်။
အလားတူ လူပေါင်း ၁၆ ဦးပါဝင်သည့် အုပ်စုတစ်ခုကိုလည်း တနင်္လာနေ့ နံနက်တွင် အဆိုပါ ဒေသမှပင် ဖမ်းဆီးမိခဲ့သည်ဟု ဒုတိယ ဗိုလ်မှူးကြီးက ပြောသည်။
ကျန်သူများအထဲမှ ၅၀ ဦးကို နတ်မြစ်ဝတွင် တည်ရှိသော ဆင်မဖြူကျွန်း (ဘင်္ဂလီ အခေါ် ဆာပိုရီဒွီခ်ျ Sahporidwip) မှ ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။ ဆင်မဖြူကျွန်းမှာ အင်္ဂလိပ်နှင့် မြန်မာ သူပိုင်ကိုယ်ပိုင် အငြင်းပွားရာမှ အင်္ဂလိပ်-  မြန်မာ ပထမ စစ်ပွဲကို ဖြစ်စေခဲ့သောကျွန်းဖြစ်သည်။
တခြား ခိုးဝင်လာသူ ၈ ဦးမှာ ဟွေကျောင်း စစ်ဆေးရေးဂိတ်မှ ဖမ်းမိခြင်းပြီး တစ်ခြား ၁၇ ဦးကို မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ကို နယ်စပ်မျဉ်း အဖြစ် ပိုင်း ခြားထားသော နတ်မြစ်ကို ဖြတ်ပြီး မော်တော် ဘုတ်များဖြင့် ခိုးဝင်လာစဉ် ဖမ်းမိခြင်း ဖြစ်သည်ဟု ဆိုသည်။
ဖမ်းဆီးမိသူများအား ဘင်္ဂလာဒေခ်ျ့ တာဝန်ရှိသူများက မြန်မာသို့ ပြန်ပို့ရာတွင် မြန်မာ နယ်စပ် လုံခြုံရေး တပ်ဖွဲ့ဝင်များသို့ တရားဝင် လွှဲပြောင်းပေးခြင်း မရှိဘဲ နယ်စပ်လမ်းများမှ တဆင့် ကိုယ့်အစီအစဉ်နှင့် ကိုယ် ပြန်သွားရန် ပို့ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။
သို့အတွက် ပြန်ပို့ခံရသူများမှာ မြန်မာနိုင်ငံသား ဟုတ်မဟုတ်ကို မြန်မာ နယ်စပ် အရာရှိများ အနေဖြင့် ဆန်းစစ်နိုင်ခြင်း မရှိကြောင်း သိရသည်။
ဘင်္ဂလာဒေခ်ျ့ဘက်မှ နေ့စဉ်နေ့တိုင်း မြန်မာနိုင်ငံမှ ခိုးဝင်သူများကို မြန်မာဘက်သို့  ပြန်ပို့ နေသော်လည်း မြန်မာ နယ်စပ် လုံခြုံရေး တပ်ဖွဲ့ဝင်များက တစ်ဦး တစ်ယောက်ကိုမှ ဖမ်းမိသည်ဟု မကြားရပါကြောင်း၊ ဖမ်းမိလျှင်လည်း သူတို့ထံမှ ငွေယူပြီး ပြန်လည် လွှတ်ပေးလေ့ရှိပါကြောင်း မောင်တော မြောက်ပိုင်း တောင်ပြိုဒေသခံ ကျေးရွာသား တစ်ဦးက ပြောသည်။
မြန်မာ နယ်စပ်တလျှောက်တွင် သံဆူးကြိုးများ ကာရံထားပြီး နစကခေါ် နယ်စပ် လုံခြုံရေး တပ်ဖွဲ့ဝင်များက လုံခြုံရေး ယူထားသော်လည်း ယခုကဲ့သို့ တရားမ၀င် တံခါးမရှိ ဓါးမရှိ ၀င်ထွက် သွားလာနေကြသည်ကို ယခုအချိန်ထိ တစ်စုံတစ်ရာ တားဆီးနိုင်ခြင်း မရှိဘဲ ဖြစ်နေသဖြင့် မြန်မာ အနောက်ဘက် နယ်စပ်မှာ အမှန်တကယ် ကျိုးပေါက်နေသလားဆိုသည်ကို နိုင်ငံတော် အစိုးရမှ  အမြန် သုံးသပ် ဆန်းစစ်ရန် လိုအပ်နေကြောင်း နယ်စပ်နေ နိုင်ငံရေး သမားများက သုံးသပ် ပြောဆို နေကြသည်ဟု သိရသည်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။