Sunday, September 23, 2012

CNN မှ ဒေါ်စု အင်တာဗျူး


CNN မှ ဒေါ်စု အင်တာဗျူး

by Spring Flowers on Saturday, September 22, 2012 at 8:55pm ·

  • CNN  ။            ။ ဒေါ်စုကို အရမ်းကြီးကျယ်ခမ်းနားတဲ့ အခမ်းအနားတွေမှာ တွေ့နေရတယ်နော် ။ အခုဘဲ အမေရိကန် လွှတ်တော်က ပေးတဲ့ Congressional Gold Medal ဆုကို လက်ခံခဲ့ပြီးပြီ ။ နိုဘယ်ဆုလည်း ယူပြီးသွားပြီ ။ ဒေါ်စုကို  သူရဲကောင်းတစ်ယောက်လို ကြိုဆိုမှုတွေ တွေ့ရတယ် ။ လူတွေက အကြာကြီးမတ်တပ်ရပ် လက်ခုပ်တွေ တီးကြရင် ဒေါ်စုပုံကို ကြည့်ရတာ သိသိသာသာ မနေတတ် ဖြစ်နေသလိုဘဲ ။ အဲဒါမျိုးလုပ်ကြတာ ဒေါ်စုအတွက် တမျိုးကြီးများ ဖြစ်နေလို့လား ။
  • ဒေါ်အောင်ဆန်းစုကြည် ။            ။ တမျိုးကြီးဖြစ်တာတော့ မဟုတ်ရပါဘူး ။ ကျမ အရမ်းကျေးဇူးးတင် သဘောကျပါတယ် ။ ဒါပေမယ့် တခါတလေ  နေရထိုင်ရခက်တာမျိုးတော့ ရှိပါတယ် ။
  • CNN  ။            ။ အဲဒါ ဘာကြောင့်များလဲ ။
  • ဒေါ်အောင်ဆန်းစုကြည်။            ။  အလွန်အကျွံ အာရုံစိုက်ခံရရင် ဘယ်သူမှ နေတတ်မှာ မဟုတ်ဘူးလေ ။
  • CNN  ။            ။  ဒါပေမယ့် ဒေါ်စုလုပ်ခဲ့တာတွေဟာ တကယ့်ကို ကြီးကြီးကျယ်ကျယ် သက်ရောက်မှုတွေ ရှိခဲ့တယ်လေ ။ ဘယ်အရာကများ အကြီးကျယ်ဆုံး အောင်မြင်မှုလို့ ဒေါ်စု ထင်သလဲ ။  အားလုံးကို ပြန်ပြီး အနှစ်ချုပ်ရရင် ဘယ်လိုလုပ်ရပ်ကြောင့်  ဒီလိုဆုတွေရတာလို့ ထင်ပါသလဲ ။
  • ဒေါ်အောင်ဆန်းစုကြည် ။            ။ ဘယ်ဟာက အကြီးကျယ်ဆုံးအောင်မြင်မှုတွေရလဲဆိုတာ ပြောဖို့ စောနေပါသေးတယ် ။ ဒီဆုတွေကို ရတာက ကျမတိုင်းပြည်က ပြည်သူ ပြည်သားတွေ ရောက်ချင်တဲ့ ပန်းတိုင်ကို ရောက်အောင် ကြိုးစားပေးခဲ့လို့ လို့ ထင်တာပါဘဲ ။

  • CNN ။           ။  ပန်းတိုင်ရောက်ဖို့ ခရီးကတော့ လိုသေးတာပေါ့လေ  ။ ဒါပေမယ့် အခုအခြေအနေက အရင်နဲ့ အတော်ကွာတာ သိသာပါတယ် ။ လွန်ခဲ့တဲ့ ၂ နှစ် ၃ နှစ်လောက်ကထိ  ဒေါ်စုအနေနဲ့ ဒီနေရာမှာ ဒီလိုထိုင်ပြီး အင်တာဗျူးတွေ ဖြေနေဖို့ဆိုတာ မဖြစ်နိုင်တဲ့ အခြေအနေ မဟုတ်လား ။ အခု ဒေါ်စုအနေနဲ့ မြန်မာပြည်အပေါ် ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကို အဆုံးသတ်ဖို့ တိုက်တွန်းတော့မလား ။ အထူးသဖြင့် မြန်မာ့ ပြည်တွင်းထုတ်ကုန်တွေအပေါ် ချထားတဲ့ ပိတ်ဆို့မှု  export sanction ကို ပယ်ဖျက်ဖို့ တိုက်တွန်းမလားဆိုတာ သိပါရစေ ။
  • ဒေါ်အောင်ဆန်းစုကြည် ။            ။  အမေရိကန်ကို သွင်းတဲ့ မြန်မာ့ထုတ်ကုန်တွေအတွက် ပြောတာလား ။
  • CNN  ။            ။  ဟုတ်ပါတယ် ။ 
  • ဖြေ ။           ။ ဟုတ်ကဲ့ ။  ရုပ်သိမ်းသင့်ပြီလို့ ထင်ပါတယ် ။ လုံးဝကြီး ရုပ်သိမ်းတာမဟုတ်ရင်တောင် လျှော့ချတာမျိုး လုပ်လို့ရပါတယ် ။ အဲလို လုပ်တာကို ကျမ အားပေးမှာပါ ။  ကျမတို့ ပြည်သူတွေကို သူတို့ လုပ်နိုင်တာ လုပ်ပြဖို့ အခွင့်အရေး ပေးရမယ့် အချိန် ရောက်ပြီထင်ပါတယ် ။ ကျမ အရင်ကလည်း ပြောခဲ့ပါတယ် ......ပန်းတိုင်ကို ရောက်ဖို့ဆိုတာ ပြင်ပအားတွေကိုချည်း အမြဲကိုးစားနေလို့ မရပါဘူး ။ ကျမတို့ကို ပြင်ပ မိတ်တွေတွေက ကူညီတာကို အရမ်းကို ကျေးဇူးတင် ၀မ်းမြောက်ပါတယ် ။ ဆက်ပြီးကူညီလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ် ။ ဒါပေမယ့် ကျမတို့ကိုယ်တိုင်လည်း ကိုယ့်ကြမ္မာကိုယ် တာဝန်ယူ ဖန်တီးဖို့ လိုပါတယ် ။
  • CNN   ။           ။ ဆိုလိုတာက မြန်မာပြည်က တွင်းထွက်ပစ္စည်းတွေ ၊ ဂက်စ်တွေ နဲ့ သဘာဝသယံဇာတတွေ.....ဘာဘဲဖြစ်ဖြစ်.....အမေရိကန်ကို သွင်းဖို့ အချိန်ရောက်ပြီ ထင်တယ်ပေါ့  ။
  •  ဒေါ်အောင်ဆန်းစုကြည် ။           ။  ဟုတ်ကဲ့ ။  ပွင့်လင်းမြင်သာမှု  transparency  နဲ့ ကိုယ်လုပ်တာကို တာဝန်ခံနိုင်မှု   accountability  တို့ တော့ ရှိရမယ်လေ  ။

  • CNN ။           ။  နိုင်ငံရေး အကျဉ်းသားတွေကိစ္စကရော......... ။ သမ္မတကြီးက သိပ်မကြာခင်တုန်းက လွတ်ငြိမ်းချမ်းသာခွင့် ကြေငြာတယ်မဟုတ်လား ။ အဲဒီထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ ပါတာကို  ဒေါ်စုအနေနဲ့ အားရကျေနပ်ရဲ့လား ။ ကိုယ်မျှော်လင့်ထားသလောက် လွတ်ရဲ့လား ။
  • ဒေါ်အောင်ဆန်းစုကြည်။           ။  ဟင့်အင်း.....ကျမတို့ စာရင်းမှာ ပါသလောက် မလွတ်လာပါဘူး ။ နိုင်ငံရေးအကျဉ်းသား စာရင်းက ကျမတို့ ပါတီတစ်ခုတည်းတင် ရှိတာမဟုတ်ဘူး ၊ ကျန်တဲ့ အဖွဲ့အစည်းတွေမှာလည်း  စာရင်းတွေလည်း ရှိပါတယ် ။ အဲဒီစာရင်းတွေက NLD က စာရင်းထက် ပိုတောင် ရှည်သေးတယ် ။ ဒါကြောင့် အထဲမှာ မလွတ်ဘဲ ကျန်နေသူတွေ ရှိနေပါသေးတယ် ။
  • CNN  ။          ။  လွတ်လာမယ်လို့ ကော ထင်လား ။
  • ဒေါ်အောင်ဆန်းစုကြည် ။         ။ ထင်ပါတယ် ။ တတ်နိုင်သလောက် အမြန်ဆုံး လွတ်ကြမယ်လို့ ထင်ပါတယ် ။
  • CNN ။        ။ သမ္မတကြီးတို့ဘက်ကရော  အဒီကိစ္စအပေါ်မှာ ဒေါ်စု တစ်သဘောတည်း ရှိကြရဲ့လား ။
  • ဒေါ်အောင်ဆန်းစုကြည် ။          ။  '' တစ်သဘောတည်း ''  ဆိုတာ ဘာကို အတိအကျ ရည်ရွယ်ပြောချင်တာလဲ မသိဘူး ။ ဘာဘဲဖြစ်ဖြစ် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်သင့်တယ်လို့ ယုံကြည်တဲ့ လူတွေ အစိုးရထဲမှာ ရှိတယ်လို့ ကျမထင်ပါတယ် ။
  • CNN  ။          ။ အခု ဒေါ်စုက သမ္မတ ဦးသိန်းစိန်နဲ့ တွဲပြီး အလုပ်တွေ လုပ်နေတယ် ။ သူကလည်း  အရင်က စစ်တပ်ကနော် ။  ဒီလူတွေဟာ ဒေါ်စုရဲ့ ခင်ပွန်းကို တွေ့ခွင့်မရအောင် ပိတ်ပင်ခဲ့တဲ့လူတွေ မဟုတ်လား ။ ဒေါ်စုရဲ့ သားတွေနဲ့ မတွေ့ရအောင် လုပ်ခဲ့သူတွေ မဟုတ်ဘူးလား ။ တိုင်းပြည်ကို ဖိနှိပ်ခဲ့တဲ့လူတွေဆိုတာ ထည့်မပြောနဲ့ဦး ။ ဒီလူတွေနဲ့ အလုပ်အတူတွဲလုပ်ရတာ ဘယ်လိုနေလဲ သိပါရစေ။

  • ဒေါ်အောင်ဆန်းစုကြည် ။        ။ သူတို့ ကျမအပေါ်လုပ်ခဲ့တာတွေကို ပုဂိုလ်ရေးအရလုပ်တယ်လို့ ကျမဘယ်တုန်းကမှ မယူဆခဲ့ပါဘူး ။ ဒါဟာ နိုင်ငံရေးလေ ။ နိုင်ငံရေးထဲ ၀င်ရင် ဒီလို ပြသာနာတွေနဲ့ ရင်ဆိုင်ရမယ်ဆိုတာ အစကတည်းက ပြင်ဆင်ပြီး ဖြစ်ရမယ် ။ ကျမ စစ်ဗိုလ်တွေတော်တော်များများကို သဘောကျပါတယ် ။ ပြောရရင်တော့ ကျမက လူတွေ အပေါ် များသောအားဖြင့် သဘောကျတာ များပါတယ် ။
  • CNN ။        ။ စစ်ဗိုလ်တွေအပေါ် သဘောကျတယ်လို့ ပြောတာ ကြားရတာ အတော် အံ့သြမိတယ် ။
  • ဒေါ်အောင်ဆန်းစုကြည် ။      ။  တကယ်တမ်းတော့ တပ်မတော်ထဲက လူတွေနဲ့ ကျမ အမြဲတမ်း အဆင်ပြေခဲ့ပါတယ် ။ ကျမအဖေက ဗမာ့တပ်မတော် တည်ထောင်ခဲ့သူဆိုတာကို မမေ့နဲ့ဦးလေ ။ ဒါကြောင့်သူတို့လုပ်တာကို မကြိုက်ဘူးဆိုရင်တောင်  ကျမ သူတို့အပေါ်မှာ မေတ္တာရှိပါတယ် ။
  • CNN ။        ။ ဒီလိုကြားရတာ အံသြလိုက်တာ ။
  • ဒေါ်အောင်ဆန်းစုကြည် ။        ။ တကယ်လားရှင့် ။
  • CNN ။       ။ ဟုတ်တယ် ။ ကျမ အံ့သြမိတယ် ။
  • ဒေါ်အောင်ဆန်းစုကြည် ။         ။ ကျမအတွက်တော့ ဘာမှ အံသြစရာ ကိစ္စမဟုတ်ဘူး ထင်ပါတယ် ။

  • CNN ။       ။   စစ်အာဏာရှင်စနစ်ကနေ  ပြည့်ဝကောင်းမွန်တဲ့ ဒီမိုကရေစီစနစ်ဘက်ကို ကူးပြောင်းဖို့ အရာမှာ သမ္မတကြီးနဲ့ ဒေါ်စုတို့ရဲ့ ဆက်ဆံရေးဟာ အရေးကြီးတယ်လို့ ထင်ပါသလား ။  ပုဂိုလ်ရေးဆက်ဆံမှုတင်မကဘဲ နိုင်ငံရေးအရဆက်ဆံမှုကို ဆိုလိုတာနော် ။
  • ဒေါ်အောင်ဆန်းစုကြည် ။          ။ ဒီလို အလုပ်မျိုးကို ပုဂိုလ်ရေးရှုထောင့်ကနေ တွေးနေတာဟာ နည်းနည်း အန္တရယ်များတတ်တယ်လို့ ကျမထင်ပါတယ် ။ ဦးတည်ချက်အရ ဓမ္မဓိဌာန်ကျကျ ပိုကြည့်သင့်ပါတယ် ။  အစိုးရအတွင်းက အမှုဆောင်တွေရယ် ၊ လွှတ်တော်ရယ် ၊ တရားရေး မဏ္ဍိုင်ရယ်ဟာ ကျမတို့အားလုံး တည်ဆောက်ဖို့ကြိုးစားနေတဲ့ ဒီမိုကရေစီအခြေခံအုတ်မြစ်တွေ တည်ဆောက်ရာမှာ ၊ လုပ်ငန်းဆောင်တာတွေကိုလုပ်ရာမှာ ပူးပေါင်ဆောင်ရွက်ဖို့လိုပါတယ် ။
  • CNN  ။           ။ ဟုတ်ပါပြီ ။  ဒေါ်စုအနေနဲ့ ဒါကို ပုဂိုလ်ရေးတာဝန်အနေနဲ့ မခံယူချင်ဘူးဆိုတာ သိပါတယ် ။ personal ဆိုတဲ့ ဘောင်ထဲမှာ မထည့်ချင်ဘူးဆိုပါတော့ ။ ဒါပေမယ့် အမှန်ပြောရရင်တော့ ဒီလိုတွေ ဖြစ်လာတာ ဒေါ်စုကြောင့်လေ ။ ဒေါ်စုက ဒီကိစ္စတွေကို အကောင်အထည်ပေါ်လာအောင် ဆောင်ရွက်ခဲ့တာဘဲ ။ ဒေါ်စုလို လူမပါခဲ့ရင် ဒါ ဘယ်ဖြစ်လာပါ့မလဲ ။
  • ဒေါ်အောင်ဆန်းစုကြည် ။       ။ဟင့်အင်း....ကျမကတော့ အဲလို မယူဆပါဘူး ။  ပြည်သူတွေ မပါခဲ့ဘူးဆိုရင်သာ ဖြစ်လာမှာ မဟုတ်တာပါ ။ အမေရိကန်ကလည်း ကျမတို့ကို အားပေးခဲ့ပါတယ် ။ ဒီအတွက် ကျမ အမေရိကန်လွှတ်တော်ကို ကျေးဇူးတင်ရပါတယ် ။ အမေရိကန် သမ္မတ အုပ်ချုပ်ရေးအသီးသီးကို ကျေးဇူးတင်ရပါတယ် ။ တကမ္ဘာလုံးကလည်း  ကျမတို့ကို အများကြီး အားပေးခဲ့ကြပါတယ် ။  လူတိုင်းဟာ ကိုယ့်လုပ်ရပ်အတွက် ၊ ကိုယ့်ဆုံးဖြတ်ချက်အတွက် တာဝန်ယူရမယ်လို့ ကျမ ထင်ပါတယ် ။ ဒါပေမယ့် ကောင်းတဲ့ အဖြစ်အပျက်တွေ အားလုံးဟာ ငါ့တစ်ယောက်တည်းကြောင့်လို့တော့ ထင်လို့ မရပါဘူး ။

  • CNN ။            ။နေအိမ်အကျယ်ချုပ်ကျစဉ်တုန်းက အဲဒါကို ခံနိုင်ဖို့ ၊ ကျော်လွှားနိုင်ဖို့ ဒေါ်စုအနေနဲ့ အတော်ကလေး ခေါင်းမာခဲ့ရတယ်၊ စိတ်မာခဲ့ရတယ်လို့ ကျမထင်ပါတယ် ။ ကိုယ်လုပ်နေတဲ့အလုပ် ၊ ကိုယ်လိုချင်တာရဖို့အရေး အတော်လေး မဆုတ်မနစ် အလျော့မပေး လုပ်ခဲ့ရမှာဘဲနော် ။ အခု အလျော့ပေးစေ့စပ်ရေးတွေလုပ်ဖို့ ဒေါ်စု ပြောနေတယ် ။ အဲဒီ အကူးအပြောင်းအကြောင်းလေးလည်း သိပါရစေ ။
  • ဒေါ်အောင်ဆန်းစုကြည် ။            ။ တကယ်တမ်းတော့  အကူးအပြောင်းကာလဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ပါဘူး ။ ကျမအနေနဲ့ ညှိနှိုင်းဖို့ အခွင့်အရေးမှ မရခဲ့တာ  ။ လူတွေက ကိုယ့်ကို စကားပြောမှ ညှိနှိုင်းတယ်ဆို လုပ်လို့ရမှာလေ ။ ဒီတိုက်ပွဲတလျှောက်လုံးမှာ ဘယ်တုန်းကမှ  ဆွေးနွေးခြင်း  dialogue  တွေလုပ်ခွင့် မရခဲ့ပါဘူး ။ ဒီမိုကရေစီအင်အားစုတွေနဲ့ တိုင်ပင်ညှိနှိုင်းခြင်း consultation  တွေ စစ်အစိုးရဘက်က မလုပ်ခဲ့ဘူး ။ ဒီတော့ ကျမတို့မှာ အလျှော့ပေးစေ့စပ်ရေးလုပ်ဖို့ အခွင့်အရေး ရခဲ့တယ်ဘဲ မရှိတာ ။ ကျမပြောင်းလဲ သွားတယ်လို့ လူတွေက တချိန်လုံးပြောနေကြတယ် ။ အရင်က ကျမဟာ ပိုပြီး ထိပ်တိုက်ရင်ဆိုင်တတ်တယ်တဲ့ ။ တကယ်က ကျမပြောင်းလဲတာ မဟုတ်ပါဘူး ။ အခြေအနေတွေက ပြောင်းသွားတာပါ ။ ကျမဘက်က ရင်ကျက်လာတာတော့ ပါတာပေါ့လေ ။ အနှစ် ( ၂၀ ) လောက်ကြာမှတော့ လူဆိုတာ ရင့်ကျက်လာတာ မဆန်းဘူးလို့ ထင်ပါတယ် ။
  • CNN ။              ။ဒါပေမယ့် ဒေါ်စုက ညှိနှိုင်းခြင်းအတတ်ပညာကို သင်ယူနေတယ်လို့တော့ ပြောကို ပြောခဲ့တာဘဲ မဟုတ်လား ။ အပေး အယူသဘောတွေ ၊ ညှိနှိုင်းခြင်းကနေရတဲ့ အောင်မြင်မှုတွေကို သင်ယူနေတယ်ဆို  ။
  • ဒေါ်အောင်ဆန်းစုကြည်။         ။ အဲဒါက  လွှတ်တော်ထဲမှာလုပ်ရတဲ့ သဘောတရားကို ပြောတာပါ ။ လွှတ်တော်ထဲကို ရောက်တာ ကျမ လပိုင်းဘဲ ရှိပါသေးတယ် ။ လောလောဆယ် လွှတ်တော်ထဲက အခြေအနေတွေအတွက် ကျမအရမ်းကို အားတက်ဝမ်းသာရပါတယ် ။ လွှတ်တော် ဥက္ကဌက အတော်လေး သမာသမတ်ကျပြီး ကျမတို့ကို လူနည်းပေမယ့် တကယ့် ထိုက်ထိုက်တန်တန် အတိုက်အခံလို ဆက်ဆံပါတယ် ။

  •  CNN  ။                 ။ ဟိုးအရင်တချိန်က အဖြစ်အပျက် တစ်ခုကို သတိရသေးလား မသိဘူး.......စစ်သားတွေက သူတို့ဘက်ကို လျှောက်လာတဲ့ ဒေါ်စုကို သေနတ်နဲ့ ချိန်ထားဖူးတယ်နော် ။ အဲဒီအဖြစ်ကို မှတ်မိသေးလား  ။
  • ဒေါ်အောင်ဆန်းစုကြည် ။        ။ အဲဒီအဖြစ်က ကြာလှပါပြီ ။
  • CNN ။                  ။ မှတ်မိသေးလား သိပါရစေ ။
  • ဒေါ်အောင်ဆန်းစုကြည် ။            ။  မှတ်မိပါတယ် ။ 
  •  CNN  ။         ။ တခြား လူတွေက နောက်မှာ ကျန်ရစ်ခဲ့ပြီး ဒေါ်စုတစ်ယောက်တည်း ရှေ့ကို ဆက်တိုးသွားတာနော် ။ သူ့တို့ဆီကို တည့်တည့်ကို လျှောက်သွားတော့တာဘဲ ။ အဲဒီတုန်းက စိတ်ထဲမှာ ဘယ်လိုခံစားရလဲ ။
  • ဒေါ်အောင်ဆန်းစုကြည် ။           ။ ပြောရရင်တော့ ကျမမှာ ရွေးချယ်ခွင့် သိပ်ရှိခဲ့တာ မဟုတ်ပါဘူး ။ ဘာကြောင့်လည်းဆိုတော့ အစက သူတို့ပြောတာက အားလုံး လမ်းဘေးကို ကပ်ပါ တဲ့ ။ ဒါကြောင့် ကျမက လမ်းဘေးက ကပ်နေကြဖို့ ကျမတို့လူတွေကို ပြောပါတယ် ။ ပြီးလည်းပြီးရော အဲဒီ ဗိုလ်မှူးက လမ်းဘေးကပ်ကပ် ၊ လမ်းပေါ်လျှောက်လျောက် ပစ်မယ်ဆိုတဲ့ ပုံစံမျိုး ပြောတယ် ။ ဒီတော့ကျမလည်း ဒီလိုဆိုရင်တော့ လမ်းပေါ်တက်တာက ကောင်းမယ် ဆိုပြီး ဆုံးဖြတ်လိုက်တာပါ ။( ရယ်လျက် )

  • CNN ။        ။   တကယ်လည်းကျရော သူတို့ မပစ်ခဲ့ဘူးနော် ။ အဲဒါကိုရော ဘယ်လို ဘာကို ပြသလဲ  ။
  • ဒေါ်အောင်ဆန်းစုကြည်  ။              ။  မပစ်ဘူးဆိုတာက ဒီလိုပါ ... အဲဒီအချိန်မှာ  ဗိုလ်မှူး  major   တစ်ယောက်က ပြေးလာတယ် ။ အစက သူက ကျမတို့နောက်က လျှောက်နေတာ ။ ပြီးမှ ပြေးလာပြီး  တာဝန်ကျတဲ့ စစ်ဗိုလ် captain  လေး ထင်ပါရဲ့ .....သူ့ကို  မပစ်ဖို့ အမိန့်ပေးတာပါ  ။
  • CNN ။           ။၂၀၀၃ မှာ ဒေါ်စု အသက်ကို ရန်ရှာခံရတဲ့ အထိ ဖြစ်ခဲ့တယ်နော် ။ ( ဒီပဲရင်းကို ဆိုလို ) ။ လူတွေ အများကြီးသေကြတယ် ။ အဲဒီအဖြစ်အပျက်မျိုးကြီး နောက်ပိုင်းမှာတောင်  ဒေါ်စုဘာကြောင့် ဆက်တိုက်ပွဲဝင်ခဲ့သလဲ ။
  • ဒေါ်အောင်ဆန်းစုကြည် ။               ။ ဘာကြောင့် ဆက်တိုက်ပွဲ မ၀င်ဘဲ နေရမှာလဲရှင်  ။  လူဆိုတာ ရှေ့ဆက်ပြီး သွားနေရတာဘဲလေ ။ အထူးသဖြင့် အဲလို အဖြစ်အပျက်တွေကြောင့်ကို ဆက်တိုက်ပွဲဝင်ရတာပေါ့ ။

  • CNN ။           ။  စီးပွားရေးပိတ်ဆို့မှုတွေအကြောင်းကို ဒေါ်စု ပြောခဲ့တယ်နော် ။ စစ်တပ်က ပြုပြင်ပြောင်းလဲရေးတွေ လုပ်လာဖို့၊ ဒီမိုကရေစီလမ်းကို ဖောက်ရာမှာ စစ်တပ်က ပါဝင်လာဖို့   sanction  တွေက ဘယ်လောက် ထိရောက်အရေးပါသလဲဆိုတဲ့ အချက်အပေါ် အငြင်းပွားမှုတွေ ရှိနေသလိုဘဲ ။ ဒေါ်စုအနေနဲ့ sanction တွေကြောင့် အဲဒီလို ဖြစ်လာတယ်လို့ ထင်ပါသလား ။ ဘာကြောင့်လည်းဆိုတော့ သိတဲ့အတိုင်းဘဲ sanction တွေ ချမှတ်ခဲ့ပေမယ့် စစ်တပ်က ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်တွေတော့ နည်းအမျိုးမျိုးနဲ့ ရှိနေခဲ့တာဘဲ ။ ပြည်သူတွေမှာ အလုပ်ပြုတ်တဲ့လူပြုတ်ပြီး ထိခိုက်ရတယ် မဟုတ်လား ။
  • ဒေါ်အောင်ဆန်းစုကြည် ။           ။  sanction တွေဆိုတာ တစ်ခုတည်းကြောင့် ပြုပြင်ပြောင်းလဲရေး  reforms တွေ ဖြစ်စေခဲ့တာ မဟုတ်ပါဘူး ။ ဒါပေမယ့် sanction တွေဟာ အရမ်းအရေးပါတဲ့ ကဏ္ဍက ပါတယ်လို့ ကျမထင်ပါတယ် ။ မပါဘဲနဲ့တော့ ဘာကြောင့် အစိုးရက ဒီ sanction တွေ ရုတ်သိမ်းအောင် တောင်းဆိုနေခဲ့မှာလဲ ။ sanction တွေဟာ နိုင်ငံရေးအရ အရမ်းကို အရေးပါပါတယ် ။ မြန်မာ့စီးပွားရေး အကြီးအကျယ် ထိခိုက်ခဲ့တာ sanction ကြောင့်လို့ မထင်ပါဘူး ။ ကမ္ဘာ့ ငွေကြေး အဖွဲ့ IMF ရဲ့ စစ်တမ်းတွေကို ကျမ အမြဲကိုးကားပြီး ပြောလေ့ရှိပါတယ် ။ မြန်မာ့စီးပွားရေး ချွတ်ခြုံကျရတာ sanction ကြောင့် မဟုတ်ဘဲ  စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်း mismanagement ကြောင့်ပါ ။
  • CNN ။        ။ ဒါဆို စီးပွားရေးထက် နိုင်ငံရေးနဲ့ စိတ်ဓါတ်ရေးရာပိုင်းမှာ sanctions တွေက ပိုထိရောက်ခဲ့တယ်လို့ ထင်တယ်ပေါ့ ။
  • ဒေါ်အောင်ဆန်းစုကြည် ။         ။ ဟုတ်ပါတယ် ။
  •  CNN  ။       ။  ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်စုတို့ ပါတီက အပြတ်အသတ်နိုင်သွားလို့ စစ်အစိုးရက အံ့သြသွားတာမျိုး ရှိလား ။ NLD က ၀င်ပြိုင်တဲ့ နေရာအားလုံးနီးပါးမှာ နိုင်တယ်လေ ။
  •  ဒေါ်အောင်ဆန်းစုကြည် ။              ။ ဟုတ်ကဲ့ ။ အံ့သြမယ်လို့ ထင်ပါတယ် ။ ဒါပေမယ့် သူတို့ထဲက တချို့ကတော့ ဒီလိုဘဲ ဖြစ်လာလိမ့်မယ်ဆိုတာ သဘောပေါက်ကြတယ် ထင်ပါတယ် ။
  • CNN  ။      ။    ၂၀၁၅ ရွေးကောက်ပွဲအတွက် မျှော်လင့်ချက်လေးကို ပြောပါဦး ။ နေရာအများဆုံးရတဲ့ ပါတီဖြစ်လာမယ်လို့ မျှော်လင့်ပါသလား ။
  • ဒေါ်အောင်ဆန်းစုကြည် ။            ။  ၂၀၁၅ အတွက်တွေးဖို့ စောပါသေးတယ် ။ အဲဒီမတိုင်ခင်လာမယ့် လောလောဆယ် ( ၂ ) ကာလက တကယ့်ဒီမိုကရေစီကို တည်ဆောက်ဖို့ ပိုအရေးကြီးပါတယ် ။ ဒါကဘဲ ၂၀၁၅ အတွက် ဆုံးဖြတ်ပေးသွားမှာပါ ။


  • CNN ။         ။  ဒေါ်စုက အရမ်းလူသိများတဲ့လူဆိုတော့  ပုဂိုလ်ရေးမေးခွန်း personal questions လေးတွေလည်း  မေးချင်ပါတယ် ။
  • ဒေါ်အောင်ဆန်းစုကြည် ။        ။ ကျမက များသောအားဖြင့် personal questions တွေကို သဘောမကျပါဘူး ။ ( ရယ်လျက် )
  • CNN ။          ။ သဘောမကျဘူးဆိုတာ သိပါတယ် ။ ဒါပေမယ့် ကျမလည်း မိခင်တစ်ယောက် ဆိုတော့ ဒေါ်စုအခုလို လုပ်ခဲ့တာတွေအတွက် ပေးဆပ်ခဲ့ရတဲ့ အတိုင်းအတာကို သိချင်လို့ပါ ။ များသေားအာဖြင့် အလုပ်လုပ်နေရတဲ့ မိခင်တွေဟာ သူတို့ ကလေးတွေနဲ့အတူ မရှိဖြစ်တဲ့ အချိန်တွေအတွက် အကျပ်အတည်း ဖြစ်ရတယ် ။ ကလေးတွေအတွက် ပျက်ကွက်ရမှုကို ဘယ်လို အစားထိုး ပြန်ပေးရမလဲဆိုတာကို အကြီးအကျယ် စဉ်းစားလေ့ရှိကြတယ် ။ ကလေးတွေနဲ့ ဒေါ်စု မနေနိုင်တဲ့ ကာလတွေဟာ တခြား ကျမသိသလောက် မိခင်တွေအားလုံးထက်ပိုပြီး ဆိုးတယ် ၊ ပိုပြီးလည်း ကြာတယ် ။ အဲဒါတွေအတွက်  ကလေးတွေကို တစ်နေ့ အစားပြန်ပေးနိုင်လိမ့်မယ်လို့များ စဉ်းစားဖူးသလား ။ ကလေးတွေနဲ့ ဆက်ဆံရေး ပြန်အဆင်ပြေသွားခဲ့ပြီလား ။

  • ဒေါ်အောင်ဆန်းစုကြည် ။            ။ ကျမကတော့ ကျမကလေးတွေအတွက် ပြန်ပြီး အစားထိုးပေးဆပ်ရတာတွေလုပ်ရမယ်လို့ မယူဆပါဘူး ။ ဘာကြောင့်လဲဆိုတော့ သူတို့လည်း အခုဆို ကလေးတွေမဟုတ်တော့ဘူးလေ ။ အားလုံးအရွယ်ရောက်နေကြပြီ ။  သူတို့ကလည်း ကလေးတွေလို အဆက်ဆံ ခံချင်မယ် မထင်ပါဘူး ။ ဒီလိုဘဲ ယုံကြည်ပါတယ် ။ ကျမဖြစ်စေချင်တာကတော့ ကျမတို့ ဝေးကွာနေကြတဲ့ အခြေအနေပေါ်အခြေခံပြီးဘဲ ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်ချင်တာပါဘဲ ။
  • CNN ။         ။  သားကြီး အလက်ဇန်းဒါးနဲ့ ဆက်ဆံရေးက စိမ်းတယ်လို့ ကျမဖတ်ရတယ် ။  သူနဲ့ တွေ့ဖို့ရော အစီအစဉ်ရှိလား ။
  • ဒေါ်အောင်ဆန်းစုကြည် ။          ။ ကျမသားနဲ့ ကျမ မစိမ်းပါဘူး ။ အချင်းချင်း နှစ်ပေါင်းများစွာ  မတွေ့ကြတဲ့လူတွေဆို ဒီလိုဘဲ ပြောချင်ကြမယ်လို့ ထင်ပါတယ် ။

  • CNN ။         ။  ကျမတို့ နောက်ဆုံး စကားပြောခဲ့စဉ်က ဒေါ်စုက သတိမပါတဲ့အကောင်းမြင်မှု မဖြစ်သင့်ဘူးဆိုတဲ့အကြောင်း သတိပေးခဲ့တယ် ။ ဒီတလော မြန်မာပြည်အပေါ်အကောင်းမြင်မှုဟာ  ဒေါ်စုပြောတဲ့ reckless optimism များ ဖြစ်နေမလား ။ ဒါမှမဟုတ် ဒီမိုကရေစီလမ်းကြောင်းအခြေခိုင်နေပြီလို့များ ထင်သလား ။
  • ဒေါ်အောင်ဆန်းစုကြည် ။         ။ တချို့တွေဘက်ကတော့ သတိမမူဘဲ အကောင်းမြင်နေတာတွေ ရှိပါတယ် ။  ဒီနေရာမှာ  မြန်မာပြည်မှာ ကိုယ်တိုင်အလုပ်လုပ်နေတဲ့ ကျမသဘောအကျဆုံး စီးပွားရေး ကျွမ်းကျင်ပညာရှင် Sean Turnell ပြောတာကို ထည့်ပြောရမယ် ။ သူက အမေရိကန်မှာ ရွှေတွေ့တယ်ဆိုတုန်းက ရင်းနှီးမြှုပ်နှံသူတွေ အစုလိုက်အပြုံလိုက်သွားကြတဲ့ အကြောင်း ပြောလေ့ရှိတယ် ။ ကျမကတော့ အဲလိုပုံစံမျိုးကို မလိုချင်ပါဘူး ။ သတိမမူတဲ့ အကောင်းမြင်မှု  reckless optimism ဆိုတာ အဲဒါကို ဆိုလိုတာပါ ။ အဲလို ဖြစ်နေလို့ တိုင်းပြည် အကျိုးရှိမှာ မဟုတ်ဘူး ။  ရင်းနှီး မြှုပ်နှံသူတွေလည်း နောက်ပိုင်းမှာ စိတ်ညစ်ရမယ့် အဖြစ်မျိုး ရှိလာနိုင်တယ် ။ ဒီတော့ လူတိုင်း ကိုယ်လုပ်နေတာကို သေချာစဉ်းစားပါ ။ အကျိုးနဲ့ အပြစ်ကို ချင့်ချိန်ပါ ။ပြီးရင် သူတို့အတွက်ရော ကျမတို့တိုင်းပြည်အတွက်ရော အကောင်းဆုံးကို ရွေးလုပ်ပါ ။ ကျမအနေနဲ့ ရင်းနှီးမြှုပ်နှံသူတွေကို အကျိုးအမြတ်ရစေချင်ပါတယ် ။ ရင်းနှီးမြှုပ်နှံပါတယ်ဆိုတာ မမြတ်ရဖို့ဘဲ မဟုတ်လား ။ ဒါပေမယ့် အဲဒီအကျိုးအမြတ်ဟာ သူတို့ရသလို ကျမတို့ ပြည်သူတွေလည်း ခံစားရသင့်တယ် ။

( 19 နဲ့ 20 ရာစုတွေမှာ တနေရာမှာ ရွှေတွေ့လို့ဆိုရင် အဲဒီနေရာကို တကမ္ဘာလုံးကလူတွေ အပြေးအလွှား ၊ အစုလိုက် အပြုံလိုက် သွားတာမျိုးတွေ ရှိခဲ့တယ် ။ မကောင်းတဲ့ အကျိုးဆက်တွေလည်း ဖြစ်ခဲ့တယ် ။ အမေရိကန်တစ်နေရာတည်း မဟုတ်ဘဲ သြစတြေးလျား ၊ ဘရာဇီး ၊ ကနေဒါ ၊ တောင်အာဖရိက များမှာလည်း အလားတူ ဖြစ်ခဲ့ဖူးသည် )
စီးပွားရေး ကျွမ်းကျင်ပညာရှင် Sean Turnell
  • CNN   ။         ။ ဒေါ်စုတို့ နိုင်ငံရဲ့ နာမည်ကို ကျမတို့ ဘယ်လိုခေါ်ရမလဲ ။ ဒေါ်စုက အခမ်းအနားတွေမှာ စကားပြောတိုင်း  Burma လို့ သုံးသွားတာတွေ့တယ် ။အခု မြန်မာဖြစ်နေပြီလေ ။
  • ဒေါ်အောင်ဆန်းစုကြည် ။            ။  အဲဒါကတော့ လူတစ်ဦးချင်းစီရဲ့ ရွေးချယ်မှုပါဘဲ ။  ၁၉၉၀ နောက်ပိုင်းနှစ်များကထင်ပါတယ် ..... နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့က  Burma ကို Myanmar လို့ ခေါ်ရမယ်ဆိုပြီး လုပ်ခဲ့တာ ။ ဒါပေမယ့် ကျမကတော့ လူတိုင်းမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ရှိတယ်လို့ ထင်ပါတယ် ။ ကိုယ့်အတွက် ခေါ်ရတာ ပိုအဆင်ပြေမယ်ထင်တဲ့ နာမည်ကို ခေါ်ဖို့ ရွေးချယ်ပိုင်ခွင့်ရှိပါတယ် ။


Share

မေဇွန် ကိစ္စ ကြေးမုံဖော်ပြမှု ဒု ၀န်ကြီး ဖြေရှင်းချက်တောင်း


မေဇွန် ကိစ္စ ကြေးမုံဖော်ပြမှု ဒု ၀န်ကြီး ဖြေရှင်းချက်တောင်း 


မေဇွန် ကိစ္စ ကြေးမုံဖော်ပြမှု ဒု ၀န်ကြီး ဖြေရှင်းချက်တောင်း
Friday, September 21, 2012
မကြာသေးမီက လူအများ စိတ်ဝင်စားမှု အရှိဆုံး သတင်းတခုဖြစ်တဲ့ အိမ်ဖော် မိန်းကလေး တဦး သေဆုံး မှု ဖြစ်ရာမှ မူလ က လူသေမှုအဖြစ်ကနေ လူသတ်မှုနဲ့ MRTV4 ရုပ်သံ ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင် ဖို့ ရွေးချယ်ခံထားရတဲ့ မေဇွန် ခေါ် မျိုးဇာနည်ဇွန် ဆိုတဲ့ အသက် ၂၁ နှစ်အရွယ် မိန်းကလေးတယောက်ကို ရဲက တရားစွဲဆိုခဲ့တဲ့ ဖြစ်ရပ်ကို သတိထားမိ ကြ
လိမ့်မယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ကြေးမုံ သတင်းစာမှာ စက်တင်ဘာလ ၁၉ ရက်နေ့က ဆောင်းပါး ရှင် ဒေါက်တာ စေတနာရဲ့ ဆောင်းပါးမှာ
ရေးသား ဖော်ပြချက်များဟာ တရားခံဘက်က ဘက်လိုက်ရေးသားမှုအဖြစ် ထင်ရှားတဲ့အတွက် ပြန်ကြားရေး ၀န်ကြီး ဌာန ဒုတိယ ၀န်ကြီးသစ်ဖြစ်တဲ့ ဦးရဲထွဋ်က တာဝန်သိ စွာဖြင့် ကြေးမုံစာတည်းမှူးချုပ်ကို ရှင်းလင်းချက်ပေးဖို့ ညွှန်ကြားထားမှုကို ဦးရဲထွဋ်က သူ့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာကတဆင့် ပွင့်လင်းမြင်သာမှု ရှိရှိ ထုတ်ပြန်လာတာ သတိထားမိပါတယ်။
ဒု ၀န်ကြီး ဦးရဲထွဋ်ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အောက်ပါအတိုင်း ဖော်ပြထားပါတယ်။
“စက်တင်ဘာ ၁၉ ရက်နေ့ထုတ် ကြေးမုံသတင်းစာပါ ဒေါက်တာစေတနာရဲ့ သမီးငယ်တို့၏ ဓမ္မတာ စိတ်ပြောင်းလဲခြင်းနှင့် ရာဇ၀တ်မှုများ ဆောင်းပါးမှာ ပါဝင်တဲ့ ရေးသားချက်များဟာ လူအများ စိတ်ဝင်စားနေတဲ့
စမ်းချောင်းဗဟိုလမ်း လူသတ်မှုနဲ့ ပတ်သက်ပြီး တရားခံဘက်က ဘက်လိုက်ရေးသား သလိုဖြစ်နေ ကြောင်း၊ တရားခံအပြစ်ပေါ့
စေနိုင်မည့်အကြောင်း အရာကို ဇောင်းပေးဖော်ပြထားရာရောက်ကြောင်း စသည်ဖြင့် ပရိသတ်တစ်ဦးက ပြန်ကြားရေး ၀န်ကြီးဌာန ၀က်ဘ်ဆိုက်ကနေ တဆင့် ထောက်ပြ တိုင်ကြား ခဲ့ပါတယ်။
အထက်ပါတိုင်ကြားချက်နဲ့ ပတ်သက်ပြီး ပြန်လည်စိစစ်ခဲ့ရာမှာ
ဆောင်းပါးပါ ရေးသားချက်အချို့ဟာ တရားရုံးမှ စဉ်းစား ခြင်း မပြုမီ ကြိုတင်လမ်းကြောင်းပေးတဲ့ အရေးအသား မျိုးဖြစ်နေတာကို တွေ့ရှိ
ရပါတယ်။ ဒါ့ကြောင့် မနက်ဖြန်ထုတ် ကြေးမုံသတင်းစာမှာ စာတည်းမှူးချုပ်က ပြန်လည် ရှင်းလင်း တောင်းပန်ဖို့ ညွှန်ကြား
ထားပြီးဖြစ်ပါတယ်။
နောင်အလားတူ အဖြစ်မျိုး ထပ်မံမဖြစ်ပွားဖို့ အတွက်လည်း နိုင်ငံတကာ စာနယ်ဇင်းများမှာ လိုက်နာရတဲ့ Editorial Guidelines များကို လည်း လေ့လာပြီး မိမိတို့ သတင်း စာအလိုက်Editorial Guidelines
ပြုစု ထား ဖို့စီစဉ်ဆောင်ရွက်နေ ကြောင်း အသိပေးလိုပါတယ်။
ယခုလို နိုင်ငံပိုင်သတင်းစာများကို ပြုပြင်ပြောင်းလဲရေး
လုပ်ဆောင်နေချိန်မှာ အတတ်ပညာအရ၊ နည်းပညာ အရ
အားနည်းချက်များကို မလွဲမသွေရင်ဆိုင်နေရပါတယ်။
ဒီအားနည်းချက်များကို ပြုပြင်နိုင်ဖို့အတွက် ဆောင်ရွက်ရာမှာ ပြည်သူများထံက အကြံပြုချက်များ၊ ဝေဖန် ထောက်ပြချက်များကလည်း အလွန်အရေးပါတယ်လို့ ပြည်ထောင်စုဝန်ကြီးက ခံယူထားပါတယ်
ဒါ့ကြောင့် ပြန်ကြားရေးဝန်ကြီးဌာန ၀က်ဘ်ဆိုက်ကတဆင့် အကြံပြုချက်များ၊ တိုင်ကြားချက်များကို ၀န်ကြီး ကိုယ်တိုင် အလေးထားဖတ်ရှုပြီး တစ်ဦးချင်းထံပြန်ကြားခြင်း၊ လိုအပ်ပါက အများပြည်သူကို အသိပေး
ပြန်ကြားခြင်းများ ဆောင်ရွက်လျှက်ရှိကြောင်း တင်ပြအပ်ပါတယ်။ " ဟု ဒုဝန်ကြီး ဦးရဲထွဋ် က ဖော်ပြထားပါတယ်

အိမ့်သံစဉ်
ဧရာဝတီ

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။