Wednesday, September 19, 2012

မန္တလေးဈေးချိုတော်ကို မီးရှို့ရန်ကြံစည်ပြီး ကြွပ်ကြွပ် အိတ်နှင့် ထည့်ထားသော ဓါတ်ဆီများ တွေ့ရှိ




မန္တလေးဈေးချိုတော်ကို မီးရှို့ရန်ကြံစည်ပြီး ကြွပ်ကြွပ် အိတ်နှင့် ထည့်ထားသော ဓါတ်ဆီများ တွေ့ရှိ 

မန္တလေး ဈေးချိုတော် ၇ (ခုနှစ်)နံပတ်ရုံ(မုန့်စုံရုံ
ဟုလည်းခေါ်ကြ) နဲ့ဈေးအိမ်သာ(သန့်စင်ခန်း)
အကြားမဆိုင်တွေအောက်ခြေနားကကြွတ်ကြွတ်

အိတ်နဲ့ထည့်ထားတဲ့ဓာတ်ဆီအိတ်၎အိတ်ကိုဈေး

မဖွင့်ခင်မနက်၆နာရီဝန်းကျင်ကတွေ့ရှိကြောင်း

 သိရပါသည်။

ထိုအိတ်များကို ဈေးခင်းဖို့ရောက်လာတဲ့ရှမ်းခေါက် ဆွဲဆိုင်ရှင် မိန်းမကြီးက 

မီးတောက်နေတာကိုစတင်တွေ့ရှိလို့ဈေးသန့်စင်ခန်းအစောင့်ကိုအော်ဟစ် အကူအညီတောင်းတာကြောင့်အခြားသောဈေး သူဈေးသားများနဲ့အတူ

 ရေစိုပုဆိုး၊ ရေစို အ၀တ်တွေနဲ့ငြိမ်းသတ်ရာမှာ မီးတောက် တစ်တောင် 

သာသာပဲ ရှိခဲ့လို့ ခဏတွင်းမီးငြိမ်းသတ်နိုင်

ခဲ့ကြောင်း သိရသည်။

မနက်ပိုင်းမှာ ဓာတ်ဆီအိတ် ၄အိတ်တွေ့ရှိခဲ့တာဖြစ်ပြီး ခေါင်မိုးနေရာတွေမှာ ဆက်လက်ရှာဖွေရာဓာတ်ဆီ အိတ်တွေဆက်တွေ့တယ်လို့ဆိုပါတယ်။ မွန်းလွဲ ၁ နာရီ လောက်မှာတော့ ဓာတ်ဆီအနံ့ထပ်ရတာကြောင့် ဆက်လက်ရှာဖွေရာ နောက်ထပ် ကြွတ်ကြွတ်အိတ်အနက်ရောင်နဲ့ ထည့်ထားတဲ့ ဓာတ်ဆီအိတ်တွေကို ထပ်မံတွေ့ရှိပါသည်။

ဒီတစ်ကြိမ်က ပထမဆုံးမဟုတ်ပဲ ဒီလိုဖြစ်တာ ၄ ကြိမ်ရှိပြီဖြစ်တာကြောင့် 
 ဈေးသူဈေးသားများက တရားခံကို အမြန်ဆုံးဖမ်းမိစေချင်နေကြပြီး 
မီးဘေးအတွက်လည်း စိုးရိမ်နေကြရကြောင်းသိရသည်။
 
ဤသို့ ကြွပ်ကြွပ်အိတ်နှင့် ထည့်ထားသော ဓါတ်ဆီ များကို ရှာဖွေ တွေ့ရှိခဲ့သည်
သက်ဆိုင်ရာတာဝန်ရှိသူများ နေ့လည်(၂)နာရီခန့်တွင် ရောက်ရှိလာပြီး စုံစမ်းမှုများပြု
လုပ်သွားသည်ကို တွေ့ရသည်။
 
-ရွှေနိုင်ငံဘလော့

Daw Aung San Suu Kyi Accepts Congressional Gold Award




Daw Aung San Suu Kyi Accepts Congressional Gold Award 

Popoutဒီနေ့ဟာ ကျမဘ၀မှာ စိတ်လှုပ်ရှားဖွယ်အကောင်းဆုံး နေ့တနေ့ပါပဲ။ ပါတီစွဲမခွဲပဲ ညီညီညွတ်ညွတ်နဲ့ အဝေးကလာတဲ့ ကျမလို သူစိမ်းတယောက်ကို အမေရိကန် ကွန်ဂရက် လွှတ်တော်ကြီးက ကြိုဆိုတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ တကယ်တမ်းမှာတော့ ဒီမှာရှိတဲ့သူ တော်တော်များများဟာ ကျမနဲ့ သူစိမ်းပြင်ပြင်တော့ မဟုတ်ပါဘူး။ ဒီနေရာမှာ တွေ့ဖူးနေကျ မျက်နှာတွေတော်တော်များများရှိသလို၊ ကျမတို့နိုင်ငံ ကျမတို့ရဲ့ အကျိုးအတွက် ဆောင်ရွက်ပေးမှုတွေကြောင့် နာမည်တွေ နဲ့ တကွ ရင်းနှီးကျွမ်း ၀င်ပြီးသား သူ တွေလည်း ရှိနေတာမို့ပါ။
ဒီအချိန်ကိုစောင့်ခဲ့ရတာ နှစ်အတော်ကြာခဲ့ပါပြီ။ တချို့ဆိုရင် ကျမ နေအိမ်မှာအကျယ်ချုပ် အချခံထားစဉ်ကတည်းက တွေ့ဖူးခဲ့တဲ့သူတွေဖြစ်တဲ့အပြင်၊ တချို့ဆိုလည်း လွတ်လာပြီးနောက်ပိုင်းမှာ တွေ့ခဲ့ရသူတွေပါ။ ကျမ ဖြတ်သန်းခဲ့ရတဲ့ ဘ၀တလျှောက်မှာ နေရာတိုင်းမှာ မိတ်ဆွေတွေရှိခဲ့ပါတယ်။ ဒါ့ကြောင့်ပဲ ဒါဟာ စောင့်ရကျိုးနပ် တယ်လို့ပဲ ပြောရပါလိမ့်မယ်။
ဒီကနေ့ ကျမကိုဂုဏ်ပြုချီးမြှင့်လိုက်တဲ့ ဆုဟာ ကျမတို့ပြည်သူတွေရဲ့ ဒီမိုကရေစီရေး မျှော်မှန်းမှုတွေကို အမေရိကန်ပြည်ထောင်စု ကွန်ဂရက်စ်က ထာဝရရှေ့တန်းကနေပြီး မားမားမတ်မတ်ထောက်ခံသွားမယ်ဆိုတာကို ပြသလိုက်တာပါပဲ။ အဲဒီတော့ အမေရိကန်ပြည်သူတွေ နဲ့အတူ ကွန်ဂရက်စ်လွှတ်တော်ရဲ့ ကိုယ်စားလှယ်တော်ကြီးတွေ အားလုံးကို ကျမ အသည်းနှလုံးထဲက နှစ်နှစ်ကာကာ ကျေးဇူးတင်ကြောင်း ပြောပါရစေ။ လွတ်လပ်မှု နဲ့ မျှတမှုဆိုတာကို လက်လှမ်းမမီခဲ့တဲ့ ကျမတို့ဘ၀ အမှောင်ကျနေတဲ့ နှစ်ကာလတွေမှာ ကျမတို့အတွက် မေတ္တာထားဆောင်ရွက်ပေးခဲ့တာတွေကို ကျေးဇူးတင်ပါတယ်။
ကျမတို့ အကျိုးအတွက် ဆောင်ရွက်ပေးခဲ့သူတွေ အများအပြားရှိခဲ့တဲ့အတွက် လူတွေအားလုံးရဲ့ နာမည်တွေကို အမည်ဖော်ထုတ်ပြီး ကျေးဇူးတင်စကားပြောနေရ မယ်ဆိုရင် ဒီတနေ့လည်ခင်း နဲ့ မလုံလောက်နိုင်ပါဘူး။ ဒါပေမယ့်လည်း ကျမအနေနဲ့ ဒီနေ့၊ ဒီနေရာမှာ ကျမနဲ့အတူ ရှိနေစေချင်တဲ့ သူတယောက်ရဲ့ အမည်ကိုတော့ ဖော် ပြပါရစေ။ သူကတော့ လွှတ်တော်အမတ် Tom Lantos ပါ။ (ကွယ်လွန်သွားပြီမို့) သူရှိနေချိန်မှာ ကျမ အရောက်မလာနိုင်ခဲ့တဲ့အတွက် ၀မ်းနည်းပါတယ်။ သူ့ကိုလက်ဆွဲ နှုတ်ဆက်ပြီး ကျမတို့အတွက် လုပ်ပေးသမျှတွေကို ကျေးဇူးတင်ပါတယ်လို့ ပြောခွင့်မရလိုက်တဲ့အတွက်လည်း ၀မ်းနည်းပါတယ်။ ကျမ သူနဲ့ တခါမှ ဆုံတွေ့ခွင့်မရလိုက် ပါဘူး။ ဒါပေမယ့်လည်း သူ့ရဲ့ နွေးထွေးမှုတွေ နဲ့ ကျေးဇူးတရားတွေကို ကျမအမြဲသတိရနေမှာပါ။
ကျမတို့နိုင်ငံကို ငြိမ်းချမ်းသာယာဝပြောပြီး အခြေခံလူ့အခွင့်အရေးစောင့်ရှောက်နိုင်မယ့်၊ တရားဥပဒေ စိုးမိုးမယ့် နိုင်ငံတော်တခု ဖြစ်စေရေး ထူထောင်သွားကြရမယ့် ကျမ တို့ရဲ့ ရှေ့လုပ်ငန်းစဉ်မှာ တစိုက်မတ်မတ်ကူညီသွားကြမယ့် မိတ်ဆွေရင်းချာတွေကြားမှာ ကျမအခုရောက်ရှိနေတာပါ။ ကျမတို့ရဲ့ ဒီနိုင်ငံတော်ထူထောင်ရေးလုပ်ငန်းစဉ် တွေဟာ သမ္မတကြီး ဦးသိန်းစိန် ဦးဆောင်ခဲ့တဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကြောင့် ဖြစ်ပေါ်လာရတာပါ။ သမ္မတကြီး နဲ့အတူ အခုသက်တမ်းနုနယ်သေးပေမယ့် အလျင်အမြန်ရင့်ကျက်လာနေပြီဖြစ်တဲ့ ပြည်ထောင်စုလွှတ်တော်၊ ဒါ့အပြင် ဒီမိုကရေစီတန်ဖိုးတွေကို တစိုက်မတ်မတ်တန်ဖိုးထားကြတဲ့ လူထုကြီးတရပ်လုံးဟာ ကျမတို့ လိုလားသလို ခေတ်သစ်ကမ္ဘာကြီးထဲမှာ ကျမတို့နိုင်ငံတော်ကို နေရာမှန်ရစေဖို့အတွက် အားအင်အပြည့်နဲ့ ရှေ့တိုးဆောင်ရွက်သွားစေနိုင်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံထဲမှာ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို ဦးစီးဆောင်ရွက်နေတဲ့ ၀န်ကြီး ဦးအောင်မင်းကိုယ်တိုင်လည်း အခု လာရောက်ခဲ့တဲ့အတွက် ကျမ သိပ်ကိုအားတက်မိပါတယ်။ ပြုပြင်ပြောင်း လဲရေးနဲ့ အမျိုးသားရင်ကြားစေ့ရေး အနာဂတ်အပေါ် ကျမရဲ့ ယုံကြည်မှုတွေကိုလည်း ပိုပြီးတိုးပွားလာစေပါတယ်။ ရှေ့မှာ အခက်အခဲတွေအများကြီးတော့ ရှိနေဦးမှာပါ။
ရှေ့ဆက်အခက်အခဲတွေအများကြီးရှိဦးမယ်ဆိုပေမယ့် ဒီအခက်အခဲအတားအဆီးတွေအားလုံးကို မိတ်ဆွေတွေရဲ့ ကူညီပံ့ပိုးမှုတွေ နဲ့ ကျော်လွှားနိုင်မယ်ဆိုတာ ကျမ ယုံကြည်ပါတယ်။ ကမ္ဘာပေါ်က သြဇာအရှိဆုံး ဒီမိုကရေစီနိုင်ငံကြီးက ကိုယ်စားလှယ်တော်တွေ နဲ့ မြန်မာ့ဒီမိုကရေစီမြတ်နိုးသူတွေအကြား တည်ဆောက်နိုင်ခဲ့တဲ့ ရင်းနှီးမှု နဲ့ နားလည်မှုတွေဟာ ပြီးခဲ့တဲ့ဆယ်စုနှစ်တွေ နဲ့ ချီပြီး ကျမတို့ ခံစားနာကျင်ခဲ့ရတာတွေကို ကြေပျက်သွားစေခဲ့ပါပြီ။ အားလုံးယုံကြည်တဲ့ ပန်းတိုင်တွေဆီကိုရောက်ဖို့ အတူတကွ ဆက်လက်ဆောင်ရွက်နေကြတာနဲ့အမျှ ဒီရင်းနှီးမှုနှောင်ကြိုးတွေဟာ ပိုပြီးခိုင်မာလာမှာပါ။
ဒီနေ့ ဒီနေရာကိုလာရောက်ရတာဟာ ကျမအတွက် အခွင့်ထူးတရပ်ပါပဲ။ ဒါပေမယ့် ဒီလိုမျိုးအခွင့်ထူးတွေ မခံစားရသေးတဲ့သူတွေ အများကြီးရှိသေးတယ်ဆိုတာ ကျမတို့ သတိရကြရပါလိမ့်မယ်။ ကျမတို့ တနိုင်ငံတည်းတင်မဟုတ်ပါဘူး။ လွတ်လပ်မှုဆိုတာကို အိမ်မက်တောင် မမက်နိုင်သေးတဲ့ နေရာတွေ ကမ္ဘာပေါ်မှာ အများကြီးရှိနေပါသေး တယ်။
ကျမတယောက်တည်းအတွက်တင်မက ကျမရဲ့ မိတ်ဆွေရောင်းရင်းတွေ၊ ပြည်သူတွေ အားလုံးကိုယ်စား ကျမယုံယုံကြည်ကြည် နဲ့ ပြောလိုတာကတော့ ဒီနေ့ဟာ ပေါင်းစည်းညီညွတ်မှု၊ လုံခြုံမှုနဲ့ လွတ်လပ်မှုတွေကိုလိုလားတဲ့ အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာနိုင်ငံက ပြည်သူပြည်သားတွေအပြင် ကမ္ဘာ့ပြည်သူတွေအားလုံးရဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးနိုင်မယ့် ရက်ပေါင်းများစွာ၊ နှစ်ပေါင်းများစွာရဲ့ အစပျိုးနေ့ပဲဖြစ်ပါလိမ့်မယ်။
ကျမတို့အားလုံးအတွက် ဘ၀လုံခြုံမှုနဲ့ လွတ်လပ်မှုအကြား အကောင်းဆုံးချိန်ခွင်လျှာညှိပေးနေတာဟာ ဒီမိုကရေစီလမ်းစဉ်ပဲဖြစ်တယ်ဆိုတာ ကျမအမြဲယုံကြည်ပါတယ်။ လူသားဘ၀ရပ်တည်မှုအတွက် လုံခြုံမှု နဲ့ လွတ်လပ်မှု နှစ်ခုစလုံးလိုအပ်ပါတယ်။ လုံခြုံမှုမရှိလျှင် ကမ္ဘာလောကကြီးရဲ့ လှပမှု နဲ့ ငြိမ်းချမ်းမှုတွေကို အပြည့်အ၀ ရှာဖွေ ခံစားနိုင်မှာမဟုတ် သလို၊ လွတ်လပ်မှုမရှိဘူးဆိုလျှင်လည်း ကျမတို့ဟာ လူသားပိုပြီးဆန်သထက် ဆန်လာနိုင်မယ့် အခွင့်အရေးတွေ ဆုံးရှုံးကြရမှာပါ။ ဒါ့ကြောင့်ပဲ ဒီမိုကရေစီရဲ့ အခြေခံနဲ့ တန်ဖိုးတွေကို ကျမတို့ မပြတ်စွဲကိုင်ထားကြရတာပါ။ ဒါပြီးပြည့်စုံတယ်လို့တော့ မဆိုနိုင်တာ သေချာပါတယ်။ အမှားအယွင်းမကင်းတဲ့ လူသားတွေရဲ့ ဘ၀မှာ ပြီးပြည်စုံတဲ့ စံနစ်တရပ်ဆိုတာ မရှိခဲ့သေးပါဘူး။ ဒီလိုမပြည့်စုံမှုတွေကြားကပဲ ဒီမိုကရေစီဆိုတာ ကျမတို့အားလုံး မျှော်လင့်ချက်တွေရဲ့ ရှေ့ဆောင် လမ်းပြဖြစ်နေပါတယ်။
ဒီမိုကရေစီကို ယုံကြည်သက်ဝင်တဲ့အတွက် ကမ္ဘာတ၀ှမ်း ကျမတို့ အားလုံးညီညွတ်လာခဲ့ကြရပါတယ်။ မြန်မာပြည်သူပြည်သားတွေ နဲ့အတူ အားလုံးငြိမ်းငြိမ်းချမ်းချမ်း အတူတကွ ယှဉ်တွဲနေထိုင်နိုင်မယ့် စစ်မှန်တဲ့ဒီမိုကရက်တစ် လူ့ဘောင်ကို တည်ဆောက်နိုင်ဖို့ ခက်ခဲတဲ့ခရီးလမ်းကို လှမ်းကြတဲ့နေရာမှာ ကျမတို့အားလုံး ငြိမ်းချမ်း ညီညွတ်စွာ လုပ်ဆောင်သွားနိုင်မယ်လို့ ယုံကြည်ပါတယ်။ မြန်မာနိုင်ငံဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံ မှီတင်းနေထိုင်တဲ့ နိုင်ငံတခုပါ။ ဒီလို ငြိမ်းချမ်းညီညွတ်စွာ လုပ်ဆောင် ခြင်းအားဖြင့် အားလုံးရဲ့ လှပတဲ့ အိမ်မက်တွေအကောင်အထည်ပေါ်လာနိုင်မယ့် ပန်းတိုင်နေရာတခုကို ရောက်ရှိနိုင်ပြီး ကူညီတဲ့မိတ်ဆွေတွေအားလုံးအတွက်လည်း ကျေနပ်မှုတွေရစေလိမ့်မယ်လို့လည်း ကျမယုံကြည်ပါတယ်။ ကျေးဇူးပါ။

(တိုက်ရိုက်ပြောသည့် မိန့်ခွန်းမှ ဆီလျော်အောင် ဘာသာပြန်ထားပါသည်။)
Credit: VOA BURMESE

ဧရာဝတီမြစ်ဆုံစီမံကိန်းရပ်ဆိုင်းနေတာဖြစ်၊ လုံးဝပယ်ဖျက်တာ မဟုတ်ဟုပြော




ဧရာဝတီမြစ်ဆုံစီမံကိန်းရပ်ဆိုင်းနေတာဖြစ်၊ လုံးဝပယ်ဖျက်တာ မဟုတ်ဟုပြော 

“မြန်မာအစိုးရက ပြောပါတယ်။ ဆည်ကိစ္စ
ရပ်ဆိုင်းနေတာပါ။ ပယ်ဖျက်တာ မဟုတ်
ပါဘူး”မြစ်ဆုံဆည်စီမံကိန်း ရင်းနှီးမြှုပ်နှံ
သည့် တရုတ်နိုင်ငံတော်ပိုင် ကုမ္ပဏီတစ်


ခုဖြစ်သော CPI ကုမ္ပဏီ၏ ဒုတိယဥက္ကဋ္ဌမစ္စတာ Xia Zhong နှင့် CPI လက်အောက်ခံ ဧရာဝတီမြစ်ဆုံ မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ် ကုမ္ပဏီလီမိတက်မှ မန်နေးဂျင်းဒါရိုက်တာ မစ္စတာ Li Guanghua တို့နှင့် 7Day News က ဘေဂျင်းမြို့ CPI ရုံးချုပ်တွင် စက်တင်ဘာ ပထမပတ်အတွင်းက တွေ့ဆုံခဲ့သည်။

မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းခံရပြီး ငွေကြေးအကျပ်အတည်းများနှင့် ကြုံတွေ့နေရကာ စီမံကိန်းပြန်လည်စတင်နိုင်ရေး ကြိုးပမ်းနေသည်ဆိုသော CPI နှင့် မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းထားပြီး တစ်နှစ်နီးပါးအကြာ လတ်တလော အခြေအနေများကို 7 Day News က မေးမြန်းထားသည်။

မြစ်ဆုံအပါအ၀င် ဧရာဝတီမြစ်ညာမြစ်ဝှမ်းဒေသမှာ ကျန်စီမံကိန်းတွေ တဖြည်းဖြည်းချင်း ဆက်လုပ်သွားမယ်လို့ပြောတော့ မြစ်ဆုံစီမံကိန်းကို ဆက်လုပ်သွားဖို့ CPI က စိတ်ဆုံးဖြတ်ထားတယ်ပေါ့။

ဒီစီမံကိန်းက ပြည်သူလူထုအတွက် နိုင်ငံတော်အတွက် အကျိုးရှိနိုင်ပါတယ်။ လက်ရှိတော့ ပြည်သူလူထုက ကောင်းကျိုးတွေ မမြင်နိုင်သေးပေမယ့် နောင်ကောင်းကျိုးတွေ မြင်လာရင် သူတို့နားလည်မှာပါ။

ဒါပေမဲ့ ပြည်တွင်းမှာ ဒါကိုတော်တော်လေး ပြောဆိုရေးသား ဆွေးနွေးတာတွေရှိနေတော့ အဲဒီမျှော်လင့်ချက်က ရှိပါဦးမလား။ မျှော်လင့်ချက်ဖြစ်မလာရင် CPI အနေနဲ့ ဘာလုပ်မယ်စိတ်ကူးလဲ။

စာအုပ်ထုတ်ထားတယ်။ အဲဒီစာအုပ်ထဲမှာ ပြောထားပါတယ်။ လူအားလုံးကို ဒီစီမံကိန်းက ကောင်းတယ်လို့ နားလည်စေချင်ပါတယ်။ နောက်ပြီး တစ်ခုမျှော်လင့်တာက နိုင်ငံတကာမှာရှိတဲ့ အဖွဲ့အစည်းတွေ၊ ပညာရှင်တွေ၊ မြန်မာပြည်မှာရှိတဲ့ အင်န်ဂျီအိုအဖွဲ့အစည်းနဲ့ မြန်မာပညာရှင်တွေနဲ့အတူတူ

ညှိနှိုင်းလုပ်ဆောင်ချင်ပါတယ်။
ဟိုတလောက တရုတ်ရေအားလျှပ်စစ် အင်ဂျင်နီယာအဖွဲ့က ထုတ်ပြန်တဲ့ မြစ်ဆုံနဲ့ပတ်သက်တဲ့ သဘောထားကြေညာချက်က CPI နဲ့ ပတ်သက်မှုရှိလား။

အဲဒါရေးတာက တရုတ်ရေအားလျှပ်စစ်ကော်မတီက မစ္စတာဇန်ဝေါ်တင် ဖြစ်ပါတယ်။ သူ့ကိုလည်း သိပါတယ်။ ဒါပေမဲ့လည်း အလုပ်ကဏ္ဍ ဆက်စပ်မှုမရှိပါဘူး။

မြစ်ဆုံကတော့ သမ္မတသက်တမ်းမှာ နားသွားပြီ။ ကျန်တဲ့ ဧရာဝတီမြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်း ခြောက်ခုကျန်သေးတော့ မြစ်ဆုံရပ်သွားပြီးနောက်ပိုင်း ကျန်အလုပ်တွေ ဆက်လုပ်ဖို့ ယုံကြည်ချက်ရော ရှိသေးလား။ မြန်မာအစိုးရက ဒီစီမံကိန်းတွေကို မြစ်ဆုံလိုမျိုး ရပ်ပစ်နိုင်တယ်ဆိုတဲ့ စိုးရိမ်ပူပန်မှုမျိုးပေါ့။

ယုံကြည်စိတ်ရှိမလားမေးတော့ အဓိက ရင်းနှီးမြှုပ်နှံဖူးတဲ့ကုမ္ပဏီနဲ့ တရုတ်အစိုးရ ဒီကိစ္စအတွက် ယုံကြည်မှုရှိမှရမယ်။ အခု ဒီကိစ္စမှာ ကျွန်တော်တို့ ယုံကြည်လား၊ မယုံကြည်လားထက် မြန်မာအစိုးရအခြေအနေ မြန်မာလူမျိုးတွေရဲ့ အခြေအနေကို ကြည့်နေတာ။

အခုနောက်ပိုင်းမှာ ပြည်တွင်းမီဒီယာတွေ ဆင်ဆာမရှိတော့ဘူးဆိုတော့ အရင်ကလို တရုတ်ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်ပြီး အကာအကွယ်မရှိတော့ဘူး။ ပွင့်လင်းလာတယ်။ အဲဒီအပေါ်မှာရော စိုးရိမ်မိလား။

အခု မြန်မာပြည် မီဒီယာနဲ့ပတ်သက်ပြီး မကောင်းတာတစ်ချက် တွေ့ရှိထားတယ်။ အားလုံးက မကောင်းတာဘဲ ပြောနေတယ်။ ကောင်းတာပြောတာ နည်းနေတယ်။ အဓိက မီဒီယာက ဘက်မလိုက်ဘဲ အဲဒီကိစ္စအပေါ် ရေးသင့်ပါတယ်။ အရေးကြီးကိစ္စ ဖြစ်ပေါ်ရင် ဆွေးနွေးဖလှယ်ပြီး ရေးရမှာပေါ့။ နောက်ပြီး တရုတ်ပြည်မှာ အကြီးစားရေအားလျှပ်စစ် စက်ရုံကြီးတွေ တည်ဆောက်နေတယ်။ မီဒီယာတွေကလည်း မကောင်းတာတွေလည်း ထောက်ပြရေးသလို ကောင်းတာရေးတာလည်း ရှိတယ်။

ဒီစီမံကိန်းက အရင်စစ်အစိုးရလက်ထက်မှာ လက်မှတ်ထိုးခဲ့တယ်။ အခု အစိုးရသစ်လက်ထက် ရောက်နေပြီ။ အရင်တုန်းက ဒီကိစ္စမှာ လက်မှတ်ထိုးခဲ့တုန်းကသူတွေ သီဟသူရဦးတင်အောင်မြင့်ဦးတို့၊ ၀န်ကြီးဦးဇော်မင်းတို့က အစိုးရဌာနမှာ မရှိတော့တာမို့ CPI ရှေ့လုပ်ငန်းစဉ်တွေမှာ အခက်အခဲဖြစ်စေမလား။

ဦးတင်အောင်မြင့်ဦးတို့ အဲဒီတုန်းက လက်မှတ်ထိုးခဲ့တာက နိုင်ငံကိုကိုယ်စားပြု ထိုးခဲ့တာပါ။ အဲဒါကြောင့် ဒီစီမံကိန်းဆက်သွားဖို့ ခက်မယ်မထင်ပါဘူး။ အဲဒါကြောင့် အရင်စစ်အစိုးရ လက်ထက်ကနေ အခုအထိ တရားဝင်နေပါတယ်။

CPI က ဒီမြစ်ဆုံစီမံကိန်းရဖို့ အဲဒီအချိန်က အဖွဲ့အစည်းကြီးတစ်ခုက (အခုတော့ အဖွဲ့အစည်းအဖြစ် မရှိတော့ဘူး) ကြားကနေ ဆောင်ရွက်ပေးခဲ့တယ်လို့ ကြားရပါတယ်။ အဲဒါဟုတ်ပါသလား။

အဲလိုမျိုး မရှိပါဘူး။ သတင်းမမှန်ပါဘူး။ နောက်ပြီး အဲဒီတုန်းက လျှပ်စစ်ဝန်ကြီး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့လာပြီး မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့ တိုက်တွန်းပါတယ်။ မျှော်လည်းမျှော်လင့်ခဲ့ပါတယ်။ အဲဒီတုန်းက လာရင်းနှီးမြှုပ်နှံတာ CPI တင်မကပါဘူး။ ချင်းတွင်းမြစ်မှာလည်း ထိုင်းနဲ့ အခြားနိုင်ငံကလာတဲ့ ကုမ္ပဏီတွေလည်း ရှိပါတယ်။ နောက်ပြီး MOU,MOA ထိုးတဲ့အခါမှာလည်း အတွင်းရေးမှူးတစ်ယောက်အနေနဲ့ ၀န်ကြီးတစ်ယောက်အနေနဲ့ ဆုံးဖြတ်လို့မရဘူး။ MOU, MOA လက်မှတ်ထိုးဖို့ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC)ရဲ့ ခွင့်ပြုချက်လည်း လိုတယ်။ အစိုးရအဖွဲ့အစည်း ခွင့်ပြုရမယ်။ အဲဒါမှ လက်မှတ်ထိုးလို့ ရတယ်။ လက်မှတ်ထိုးခဲ့တာတော့ ဦးမောင်အေး၊ ဦးတင်အောင်မြင့်ဦးတို့နဲ့ပေါ့။ နှစ်ဖက်နိုင်ငံရဲ့ အကြီးအကဲတွေရှေ့မှာ လက်မှတ်ထိုးထားတဲ့ဟာပါ။ ပုဂ္ဂိုလ်တစ်ဦးအနေနဲ့ ဆုံးဖြတ်လို့မရပါဘူး။ နောက်ပြီး CPI က လူကြီးတွေကို လာဘ်ထိုးလို့၊ ပစ္စည်းဥစ္စာပေးလို့ ခွင့်ပြုချက်ရတာလို့ ပြောနေတာတွေ ကြားပါတယ်။ အဲဒီလိုမျိုး လုံးဝမရှိပါဘူး။

အခု CPI အနေနဲ့လည်း ဆုံးရှုံးမှုတွေ အများကြီးရှိတယ် ပြောတယ်။ ဒီဘက်ကနေ ဆုံးရှုံးမှုတွေအတွက် တောင်းဆိုမှုတစ်ခုခု လုပ်ဖို့ရှိလား။

အခု တခြားညှိနှိုင်းမှုလုပ်ဖို့ မရှိသေးပါဘူး။ မြန်မာအစိုးရကလည်း ပြောတယ်။ ဒီစီမံကိန်းက ရပ်ဆိုင်းနေတာပါ။ နောက်ပြီး ပယ်ဖျက်တာ မဟုတ်ပါဘူးလို့။ အဲဒါကြောင့် အသေးစိတ်ညှိနှိုင်းစရာ မရှိသေးဘူး။

ဒါဆို ဦးသိန်းစိန် သမ္မတသက်တမ်းပြီးမှ ဒီကိစ္စတွေက ဆက်ပြောရမှာလား။ ၂၀၁၅ ကျမှ ဆွေးနွေးမှုတွေ ဆက်လုပ်မှာလား။ အဲဒီကျမှ ဆုံးရှုံးမှုတွေအတွက် ဆွေးနွေးမှုလုပ်မှာလား။

အခုကတော့ အသေးစိတ် မသိသေးဘူး။ လက်ရှိကတော့ ရပ်ဆိုင်းနေပြီးသား။ ရပ်ဆိုင်းတဲ့ကာလလည်း အစိုးရကပြောထားတယ်။ အဲဒီစီမံကိန်းက ပြည်သူလူထုကို စိတ်ချအောင် ဆည်တမံ ဘယ်လောက်စိတ်ချမှု ရှိသလဲဆိုတဲ့အဖြေကို ဖြေပြီးမှ ဆက်ပြီး ဘယ်လိုလုပ်မလဲဆိုတာ အဲဒီအချိန်ကျမှ သိနိုင်ပါတယ်။

CPI အနေနဲ့ မြစ်ဆုံကိစ္စမှာ ဆုံးရှုံးရတဲ့ငွေပမာဏ အခုထိ ဘယ်လောက်ရှိမယ်ဆိုတာ ပြောပြနိုင်မလား။

အမေရိကန်ဒေါ်လာ တစ်ဘီလီယံလောက် ရှိပါပြီ။

ကျွန်မတို့ ကြားထားတာက အစိုးရနဲ့ ညှိနှိုင်းနေဆဲဖြစ်လို့ CPI ရဲ့ စက်ပစ္စည်းတွေ မြစ်ဆုံက သယ်လို့မရ ဖြစ်နေတယ်လို့။ မြစ်ဆုံစီမံကိန်းကနေ စက်ပစ္စည်းတွေ တရုတ်ပြည်ကို ပြန်သယ်ဖို့ ဘယ်လိုအခြေအနေ ရှိပါသလဲ။

လက်ရှိကတော့ အစိုးရဘက်က ပစ္စည်းတွေ ပြန်သယ်ဖို့ ခွင့်ပြုပြီးပြီ။ ဒါပေမဲ့ တံတားကျိုးနေတော့ အဆင်မပြေဘူး။ ကေအိုင်အေက တံတားကို ပြန်ဆောက်ဖို့ ခွင့်မပြုသေးဘူး။ တံတားနာမည်က ခုနစ်ရောင်ခြယ်တံတားပေါ့။ ၀ါရှောင်နဲ့နီးတယ်။

မြစ်ဆုံအပြင် အခြားစီမံကိန်းတွေလည်း နယ်မြေမတည်ငြိမ်လို့ ရပ်ထားရတဲ့အတွက် ဘယ်လောက်နစ်နာမှုရှိသလဲ။

ခုနက ပြောထားတဲ့ အမေရိကန်ဒေါ်လာ ၁ ဘီလီယံက အားလုံးကို ပြောတာပါ။ တစ်နှစ်အတွင်းပစ္စည်းဖိုး၊ ဘဏ်ကနေယူထားတဲ့ ချေးငွေရဲ့ အတိုးပေးရမယ်။ နောက်ပြီး ဒီဇိုင်းကုမ္ပဏီတွေ၊ ၀န်ထမ်းတွေရဲ့ လုပ်အားခတွေ စက်ယန္တရားဖိုးတွေလည်း ပေးရမယ်။ တွက်လိုက်ရင် တစ်နှစ်ဆိုရင် ၀ ဒသမ ၁ ဘီလီယံ ရှိနေတယ်။ ဆုံးရှုံးမှုများပြားလာရင် ရင်းနှီးမြှုပ်နှံမှုလည်း များပြားလာပါမယ်။ လျှပ်စစ်ဓာတ်အားရဲ့ ဈေးနှုန်းလည်း မြင့်တက်လာပါတယ်။

အထက်ပိုင်းက စီမံကိန်းခြောက်ခုက ကေအိုင်အိုနယ်မြေထဲမှာ ဖြစ်နေတယ်။ အစိုးရဆီက အဲဒီအချိန်တုန်းက ကေအိုင်အိုနယ်မြေမှာ လုပ်တဲ့အတွက် သူတို့ ဘယ်လိုတာဝန်ယူပေးမယ်ဆိုတဲ့ အာမခံချက်မျိုး ပေးခဲ့လို့ ပြည်တွင်းစစ်ရှိတဲ့နေရာမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ခဲ့တာလဲ။

အဲဒီအချိန်က အစိုးရက စေလွှတ်ထားတဲ့တပ်ဖွဲ့ ရှိပါတယ်။ ချီဖွေငယ်လည်း ရှိတယ်။ ချီဖွေမှာလည်း ရှိတယ်။ လုံခြုံမှုအတွက် စေလွှတ်ပေးနေတာပါ။ အဲဒီတုန်းကတော့ မြန်မာအစိုးရက အာမခံပေးခဲ့ပါတယ်။ တည်ဆောက်ရေးကာလမှာ လုံခြုံဖို့။

မြစ်ညာမြစ်ဝှမ်းခြောက်ခု စီမံကိန်းထဲက တစ်ခုဖြစ်တဲ့ ချီဖွေငယ်စီမံကိန်းက လည်ပတ်လို့ရနေပြီလို့ပြောတော့ ထွက်လာတဲ့ ဓာတ်အားတွေကို ဘယ်လိုလုပ်မယ် စိတ်ကူးထားလဲ။

လက်ရှိကတော့ အဲဒီ ဓာတ်အားကို ဘယ်လိုလုပ်မလဲလို့ လျှပ်စစ်(၁)၊ (၂) ၀န်ကြီးဌာနနှစ်ခုနဲ့ ညှိနှိုင်းနေတုန်းပဲ။ မြစ်ကြီးနားဆီကို ပို့ဖို့စီစဉ်ထားပါတယ်။ ဓာတ်အားလိုင်းလည်း မြစ်ကြီးနားကို ဆွဲထားပါတယ်။ လျှပ်စစ်(၂)အနေနဲ့လည်း ၀ိုင်းမော်မှာ ထပ်ဆင့်စက်ရုံ တည်ဆောက်ပြီး ဓာတ်အားလိုင်း သွယ်ထားတယ်။


ကျေးဇူးတင်ပါတယ်။


7 Day News

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။