လူနှင့်မှု ဘယ်အရာကိုဦးစားပေးကြမည်လဲ.....
အခုရက်ပိုင်းတွေအတွင်းမှာ
တစ်နေ့တစ်ခြား အခြေခံဥပဒေခုံရုံးနဲ့ လွှတ်တော်တို့ရဲ့ ပြဿနာဟာ ကြီးမား
ကျယ်ပြန့်လာတာကို မြင်တွေ့ကြားသိနေရပါတယ်။ အဲဒီလို မြင်တွေ့ကြားသိနေကြရသူ
ကျနော်အပါအ၀င် ပြည်သူ အားလုံးဟာလည်း စိတ်လက်မချမ်းမသာ ဖြစ်နေကြရပါတယ်။
သာမန်အားဖြင့် လက်ရှိကြုံတွေ့နေရတဲ့ ညီအစ်ကိုမသိတသိ အခြေအနေမျိုးမှာ
ယုံကြည်ချက် တစ်ခုအပေါ် တည်မှီနေတဲ့ အငြင်းအခုံတွေ၊ အယူအဆ တစ်ခုအပေါ်
လွန်ဆွဲနေတဲ့ အားပြိုင်မှုတွေကသာ ပြည်သူတွေရဲ့ လိုအင်ဆန္ဒနဲ့ ကိုက်ညီတဲ့
အခြေအနေကောင်း တစ်ရပ်၊ အနေအထားကောင်းတစ်ခုကို ဖော်ထုတ်နိုင်မယ်၊
ဖန်တီးနိုင်မယ်လို့ ပြည်သူအားလုံးက သိထားကြပြီး ဖြစ်ပါတယ်။
အမှန်အတိုင်းပြောရရင် ဒီလို အယူအဆရေးရာ အားပြိုင်မှုတွေ၊ လွန်ဆွဲပွဲတွေကို
မျှော်တောင် မျှော်လင့်နေကြတာပါ။
သို့သော်လည်း ဒီလိုမျှော်လင့်ထားတဲ့ အားပြိုင်မှု၊ လွန်ဆွဲမှုတွေဟာ
တကယ်တမ်းဖြစ်ပေါ် မြင်တွေ့ ကြားသိလာကြရတဲ့အခါ ပြည်သူ့အကျိုးစီးပွားကို
မထင်ဟပ်ဘဲ၊ ပြည်သူလူထုရဲ့ လိုအင်ဆန္ဒတွေကို အခြေမပြုဘဲ ဖြစ်ပေါ်လာတာကို
စိတ်မသက်သာဖွယ်ရာ မြင်တွေ့လိုက်ကြရပါတယ်။
ဒီနေရာမှာ လွှတ်တော်က တောင်းဆိုနေတဲ့ ပြည်ထောင်စုအဆင့်ဆိုတာနဲ့ ပတ်သက်ပြီး
စဉ်းစားကြည့်ရ အောင်ပါ။ ကျနော်က အစိုးရအဖွဲ့ဝင်တစ်ဦးမဟုတ်တာကြောင့်
ဖြေရှင်းနိုင်တဲ့ နိုင်ငံရေးနည်းလမ်းကို မတင်ပြနိုင် ပါဘူး။ ဒါပေမယ့်
ဖြေရှင်းနိုင်တဲ့နည်းလမ်းဆိုရင် ခုံရုံးကိစ္စနဲ့ပတ်သက်ပြီး သမ္မတကြီး
ဦးသိန်းစိန် ရဲ့ လွှတ်တော်ကို ပေးပို့တဲ့ သ၀ဏ်လွှာကို ရည်ညွှန်းလိုပါတယ်။
အလားတူ နိုင်ငံရေးသမားစစ်စစ် တစ်ဦးမဟုတ်တာကြောင့် နိုင်ငံရေး
ရှုထောင့်ကလည်း မဆွေးနွေးလိုပါဘူး။ နိုင်ငံရေးရှုထောင့်ကဆိုရင်
ဒီကိစ္စနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်ကို
ရည်ညွှန်းလိုပါတယ်။ ထို့အတူ ဥပဒေပညာရှင်တစ်ယောက်လည်း မဟုတ်တာကြောင့် ဥပဒေ
ရှု့ထောင့်က မတင်ပြလိုပါဘူး။ ဥပဒေရှုထောင့်ကဆိုရင် ၂-၉-၂၀၁၂ ရက်နေ့ထုတ်
မြန်မာ့အလင်းနဲ့ ကြေးမုံ သတင်းစာများမှာပါတဲ့ ဒေါက်တာမာလာအောင်
(ဒုတိယပါမောက္ခချုပ် ရန်ကုန် အရှေ့ပိုင်းတက္ကသိုလ် ) ရဲ့ Union Level ဒွိဟ
သို့မဟုတ် ပြည်ထောင်စုအဆင့်ဖွင့်ဆိုခြင်း၏ နောက်ဆက်တွဲ ဆန်းစစ်ချက်ကို
ညွှန်းလိုပါတယ်။
ကျနော်က နိုင်ငံ့အရေးအရာကို စိတ်ဝင်စားတဲ့ ပြည်သူုတစ်ဦးမျှသာဖြစ်တဲ့အတွက် သာမန်ပြည်သူတစ်ဦးရဲ့ အမြင် ကိုသာ တင်ပြချင်ပါတယ်။
လွှတ်တော်အသီးသီးက ဖွဲ့စည်းတဲ့ ကော်မတီ၊ ကော်မရှင်နဲ့ အဖွဲ့များကို
ပြည်ထောင်စုအဆင့် အဖွဲ့အစည်း အဆင့်အတန်း ရလိုမှုအတွက် တောင်းဆိုတဲ့နေရာမှာ
ဘာကြောင့်တောင်းဆိုကြတာလဲဆိုတဲ့ အချက်နဲ့ တောင်းဆိုချက် ရရှိ
အောင်မြင်အောင် ဆောင်ရွက်တဲ့နေရာမှာ လွှတ်တော်ရဲ့
ကျင့်သုံးတဲ့နည်းလမ်းကိုသာ ကျနော်တင်ပြလိုရင်းဖြစ်ပါတယ်။
ပထမအချက်အနေနဲ့ ဘာ့ကြောင့်တောင်းဆိုတာလဲဆိုတာ စဉ်းစားကြည့်ချင်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး လွှတ်တော်အသီးသီးမှာ ဆွေးနွေးတဲ့ ဆွေးနွေးချက်တွေကို
နားထောင်ရသလောက်ကတော့ အဓိကအချက်က လွှတ်တော်က မေးတဲ့ မေးခွန်းတွေကို
ဝန်ကြီးတွေ ကိုယ်တိုင်လာရောက်ဖြေဆိုခြင်းမရှိတာ၊ ကော်မတီများက လိုအပ်လို့်
ဝန်ကြီးတွေကို ဆင့်ခေါ်မေးမြန်းလိုရင် ခေါ်လို့မရတာကြောင့် Check &
Balance လုပ်လိုပါလျက် လုပ်ရတာ အင်မတန်ခက်ခဲလို့ပါလို့ ပြောကြကြောင်း
ကြားသိရပါတယ်။ ဆက်ပြီးစဉ်းစား ကြည့်လိုက်ရင် မေးခွန်းတွေကို ၀န်ကြီးတွေ
ကိုယ်တိုင်လာဖြေအောင် ဘယ်လိုလုပ်ကြပါမလဲ ဆိုတဲ့ မေးခွန်းပေါ်ပါတယ်။
ဒီနေရာမှာ လူ နဲ့ မူ ခွဲခြားစဉ်းစားသင့်တယ်လို့မြင်ပါတယ်။ ကျနော်ကတော့
အဓိကအကျဆုံးသည် ၀န်ကြီးဌာနရဲ့ သဘောထား ( မူ ) သာလျှင် ဖြစ်တယ်လို့
ထင်ပါတယ်။ လွှတ်တော်လိုနေရာမှာ ဒုတိယ၀န်ကြီး တစ်ဦးက တာဝန်ခံပြီး
လာဖြေပြီဆိုကတည်းက သူ့ဝန်ကြီးဌာနရဲ့ သဘောထားကို သူတာဝန်ခံနိုင်လို့သာ
လာရောက်ဖြေဆိုခြင်း ဖြစ်ပါတယ်။ အဓိကလိုအပ်ချက်ကလည်း လုပ်ငန်းဆောင်ရွက်နေတဲ့
ဝန်ကြီးဌာနရဲ့ သဘောထား၊ ဖြေရှင်းချက်၊ အဖြေ၊ ပြန်လည် တင်ပြချက်တွေ
ရရှိဖို့လို့ ထင်ပါတယ်။ ဒီအချက်တွေကို လွှတ်တော်က မကျေလည်ရင် ကျေလည်တဲ့အထိ
ပြန်လည်ရှင်းလင်း ပေးနိုင်ဖို့က ၀န်ကြီးဌာနရဲ့ တာဝန်ဖြစ်သလို
ကိုယ်သိချင်တဲ့ အဖြေ မရမချင်း မေးဖို့က မေးခွန်း မေးမြန်းသူ လွှတ်တော်မှာပဲ
တာဝန်ရှိပါတယ်။ ဒုတိယ၀န်ကြီးဖြေဆိုချက်က လုံလောက်ရင် အလုပ်ဖြစ်ရင်
ရပါပြီ။
တကယ်တမ်းမေးမြန်းလို့ လာဖြေတဲ့ ဒုတိယ၀န်ကြီးအဆင့်နဲ့ မဖြေနိုင်တော့ဘူး၊
မလုံလောက်တော့ဘူး၊ အလုပ်မဖြစ်တော့ဘူး ဒါ့ကြောင့်
ဝန်ကြီးကိုယ်တိုင်ရှင်းလင်း ဖြေဆိုမှရတော့မယ်လို့ သက်ဆိုင်ရာဝန်ကြီးဌာနက
သဘောပေါက်ရင်၊ ယူဆရင် လွှတ်တော်က မခေါ်သည့်တိုင်အောင် ၀န်ကြီးက
လာကိုလာရမှာပါ။ မေးတတ်ဖို့ပဲ လိုတယ်ထင်ပါတယ်။ ဒါ့ကြောင့် မူ ဖြစ်တဲ့
လိုလားချက်၊ မေးခွန်း၊ အဆိုများကိုသာ ထိရောက်အောင်၊ လိုရင်း ရောက်အောင်
ဖြေသင့်ဖြေထိုက်တဲ့ အဖြေရအောင် မေးမြန်းကြည့်ပါ။ မဖြေသင့်
မဖြေနိုင်တဲ့ပုဂ္ဂိုလ်များ လာကို မဖြေရဲဘူးလို့ ထင်ပါတယ်။
တက္ကသိုလ်အဆင့်မေးခွန်းကို အလယ်တန်းကျောင်းသားတစ်ဦး မဖြေရဲသလို
ဆိုတာမျိုးနဲ့ ဥပမာပေးလို့ ရမယ်ထင်ပါတယ်။ ကိုယ့်မေးခွန်းကိုသာ
တက္ကသိုလ်အဆင့်မေးခွန်း ဖြစ်အောင်ကြိုးစားပါ။ ဘယ်သူမှ မထီမဲ့မြင်လုပ်ရဲမယ်
မထင်ပါ။ မူ ကိုသာ အမိအရကိုင်ထားရင် လူကမဖြစ်မနေလိုက်ပါလာရမှာ ဖြစ်ပါတယ်။
အဓိက အကျဆုံးသည် တိုင်းပြည်အတွက်အဖိုးတန်သော မေးခွန်းများ ထွက်ပေါ်လာရေးနဲ့
အဖိုးတန်တဲ့ အဖြေများရရှိရေးသာ ဖြစ်ပါကြောင်း တင်ပြလိုပါတယ်။
ဝန်ကြီးလာပါလို့လည်း ခေါ်နေစရာမလိုပါဘူး။ သူကိုယ်တိုင် လာဖြေခြင်း
မဖြေခြင်းသည် သူ့ကိစ္စဖြစ် ပါတယ်။ ဖြေဆိုရမယ့် မေးခွန်းသည် တက္ကသိုလ်အဆင့်
ဖြစ်ပါလျက်နဲ့ အလယ်တန်းကျောင်းသား လာဖြေရင် စာမေးပွဲကျသွားမှာ ဖြစ်ပါတယ်။
မေးခွန်းနဲ့ လိုက်လျောညီထွေဖြစ်တဲ့၊ မှန်ကန်တဲ့ အဖြေမရမချင်းသာ
မေးနိုင်ဖို့ လိုမယ် ထင်ပါတယ်။ မေးဖို့အခွင့်အရေးလည်း လွှတ်တော်မှာ
ရှိပါတယ်။ အဖြေကို စောင့်ကြည့်စစ်ဆေးနေမယ့် စာစစ်ပုဂ္ဂိုလ်များသည်လည်း
အလွန်ယုံကြည်အားထားထိုက်တဲ့ ပြည်သူများဖြစ်နေတာကြောင့် စိတ်ပူရန်မလိုပါ။
ဘက်လိုက်မှာ၊ မေးခွန်းပေါက်မှာ၊ အမှတ်ပိုပေးမှာ ဘာမှစိုးရိမ်ရန်မလိုပါ။
ကျနော်တို့ မျက်စေ့ရှေ့မှာတင် စာမေးပွဲကျသွားသူတွေ ဒုနဲ့ဒေးပါ။
လတ်တလောမျက်မြင်ကို မြင်ခဲ့ကြရပြီးပြီ မဟုတ်ပါလား။
ထို့အတူ Check & Balance လုပ်နိုင်တဲ့ နည်းလမ်းပေါင်းများစွာရှိပါတယ်။
ဒီနည်းလမ်းတွေဟာ တစ်ဖက်ပိတ် အသေ မဟုတ်ဘဲ ကိုယ်ကြံဆရင် ကြံဆသလောက်
ပွင့်သွားနိုင်တဲ့နည်းလမ်းမျိုးတွေ ဖြစ်တာကြောင့် ၀န်ကြီးမလာလို့
ဝန်ကြီးဌာနတွေကို C & B လုပ်ရတာခက်ခဲတယ်ဆိုတဲ့ အကြောင်းပြချက်ဟာ
မလုံလောက်ပါဘူး။ ရှေ့တန်းမှာ ရန်သူမလာလို့ မတိုက်ဘဲ နေကြပါသလား။ ရန်သူကို
ရှာဖွေတိုက်ခိုက်ကြရပါတယ်။ ရန်သူကို မြှူဆွယ်ကျူံးသွင်းပြီး
တိုက်ခိုက်ကြရပါတယ်။ ရန်သူဆီကို သွားရောက်တိုက်ခိုက်ကြရပါတယ်။
(၀န်ကြီးတွေကို ရန်သူလို့ သတ်မှတ်ဖို့ပြောတာ မဟုတ်ပါ၊ မြင်သာအောင်
ဥပမာပြုတာပါ) နည်းလမ်းတွေအများကြီးပါ။
ဒါ့ကြောင့် ၀န်ကြီးကိုယ်တိုင် လာမှ….. ဆိုတာသည် မူ ထက် လူကို
ဦးတည်နေတာဖြစ်တဲ့အတွက် လက်မခံသင့်ပါ။ မူ ကို စွဲမြဲစွာကျင့်သုံးဖို့ပဲ
လိုပါတယ်လို့ တင်ပြချင်ပါတယ်။
အရင် ပထစ ခေတ်က ၀န်ကြီးများကိုယ်တိုင်သာမက နိုင်ငံတော်သမ္မတ၊
နိုင်ငံတော်ဝန်ကြီးချုပ်တို့ ကိုယ်တိုင်က ဖြေဆို ရှင်းလင်းရလောက်အောင်
မေးမြန်းခဲ့ကြတဲ့ မီဒီယာလောက(စာနယ်ဇင်းဆရာများ) ဟာ ပြည်ထောင်စုအဆင့်
မဟုတ်ကြပါဘူး။ စာရွက်စာတမ်းနဲ့ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များလို့
သတ်မှတ်ပေးခဲ့တာ မဟုတ်ကြပါဘူး။ သို့သော် စာနယ်ဇင်းများမှာပါရှိတဲ့ မေးတဲ့
မေးခွန်းရဲ့ အရေးပါမှုအပေါ် မူတည်ပြီး ၀န်ကြီးချုပ်တွေ၊ ၀န်ကြီးတွေက
အလေးထားပြီး ဖြေခဲ့ကြရတာပါ။
သူတို့ရဲ့ နိုင်ငံတော်အပေါ်ထားတဲ့စေတနာ၊ ပြည်သူ့အကျိုးကို လိုလားမှု၊
စူးရှထက်မြက်တဲ့ အမြင်များက ပါးစပ်ကတောင်းဆိုဖို့ မလိုအောင် ပြည်သူများက
သတ်မှတ်ပေးခဲ့တဲ့ ပြည်ထောင်စုအဆင့် ဖြစ်နေခဲ့ပါတယ်။
ကွယ်လွန်သွားပြီဖြစ်တဲ့တိုင် ဒီပုဂ္ဂိုလ်ကြီးများကို ယနေ့အထိ
နိုင်ငံတော်အဆင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များလို့ ရိုသေ လေးစားသမှု
ပြုရဆဲပါ။
အခုလို သူလာမဖြေလို့ ကိုယ့်ကို ပြည်ထောင်စုအဆင့် သတ်မှတ်ပေးပါလို့
ပြောနေရခြင်းသည် ကိုယ့်အရည်အချင်းထက် သတ်မှတ်ချက်တစ်ခုကို
အမှီပြုရတဲ့အသွင်မျိုး ဖြစ်နေပါတယ်။ ကိုယ်စားလှယ်တော်ကြီးများ အနေနဲ့
ယနေ့ခေတ် အခါမှာ လွှတ်တော်ထဲမှာသာမက ဂျာနယ်၊ စာစောင်များကတစ်ဆင့် ရေးသား
မေးမြန်း ကြမယ်ဆိုရင်လည်း သက်ဆိုင်ရာဝန်ကြီးဌာနများက ဖြေကိုဖြေရမှာပါ။
ခေါ်စရာမလိုပါဘူး။ ရောက်ကိုရောက်လာ ပါလိမ့်မယ်။ ဒါဆိုရင်
ပြည်သူလူထုတစ်ရပ်လုံးက ခန့်အပ်တဲ့ ပြည်ထောင်စုအဆင့်ကို ရနိုင်၊ ရောက်နိုင်
ကြမှာ ဖြစ်ပါကြောင်း အကြံပြု တင်ပြလိုပါတယ်။ ပြည်သူလူထုက ခန့်အပ်တဲ့
ပြည်ထောင်စုအဆင့်က များစွာ ပိုမို အဖိုးတန်လိမ့်မယ်လို့ထင်ပါတယ်။
နောက်ဒုတိယအချက်အနေနဲ့ ပြည်ထောင်စုအဆင့်ရရှိရေးမှာ လွှတ်တော်က
ကျင့်သုံးတဲ့နည်းလမ်းကို တင်ပြလိုပါတယ်။ ခုချိန်အထိ လွှတ်တော်က
ကျင့်သုံးတဲ့နည်းလမ်းသည် အခြေခံဥပဒေခုံရုံးအဖွဲ့ဝင်များကို စွပ်စွဲပြစ်တင်
တာဝန်ကရပ်စဲတဲ့ နည်းလမ်းဖြစ်ပါတယ်။ ဖတ်ရလွယ်အောင် ရှင်းလင်းအောင်
အပြတ်ရှင်းတဲ့ နည်းလမ်းဆိုတဲ့ စကားလုံးသုံးခွင့်ပြုစေလိုပါတယ်။ သမ္မတကြီးက
လွှတ်တော်ကို ပေးပို့တဲ့သ၀ဏ်လွှာမှာ ဖြေရှင်း နိုင်တဲ့ နည်းလမ်း အဖြစ်
ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့နည်းလမ်း သို့မဟုတ်
သားရွှေအိုးထမ်းတဲ့ နည်းလမ်းကို အကြံပြု ထားပါတယ်။ သို့သော် လွှတ်တော်က
လူပုဂ္ဂိုလ်ကို အခြေပြုတဲ့ အပြတ်ရှင်းတဲ့နည်းလမ်းကိုသာ အားသန်နေတဲ့ အတွက်
သမ္မတအကြံပြုတဲ့ နည်းလမ်းကို ပယ်ချခဲ့ပါတယ်။
ဥပဒေပညာရှင် ဒေါက်တာမာလာအောင် (ဒုပါမောက္ခချုပ်
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်) က ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ မညီညွတ်တဲ့
ပြည်ထောင်စုလွှတ်တော်ဥပဒေပြင်ဆင်ခြင်း၊ ပြည်သူ့လွှတ်တော် ဥပဒေပြင်ဆင်ခြင်း၊
အမျိုးသားလွှတ်တော်ဥပဒေပြင်ဆင်ခြင်း စတဲ့ နည်းလမ်းများနဲ့
ဆောင်ရွက်နိုင်ကြောင်း တင်ပြ လာပြန်ပါတယ်။ လွှတ်တော်ရဲ့ အကျိုးစီးပွားကို
မထိခိုက်စေတဲ့အပြင် အခါအခွင့်သင့်တုန်း အခြားလိုအပ်ချက်များ ကိုတောင်
တစ်ပါတည်းဖြည့်ဆည်းပေးနိုင်မယ့် အခွင့်အလမ်းပါ ပါရှိနေတဲ့ သမ္မတရဲ့
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အကြံပြုချက်ကိုတောင် ပယ်ချခဲ့တဲ့
လွှတ်တော်များသည် ၄င်းတို့ရဲ့ အကျိုးစီးပွားကို ထိခိုက်စေနိုင်တဲ့
လွှတ်တော်များရဲ့ ဥပဒေပြင်ဆင်ရေးကိုလည်း ချက်ခြင်း ပယ်ချမယ်ဆိုတာ အလွယ်တကူ
ခန့်မှန်းနိုင်ပါတယ်။
ဒီလို မူ ထက် လူကိုသာ ပြောင်းလဲလိုတဲ့၊ မိမိတို့နှင့်သဘောထားချင်း
မတိုက်ဆိုင်တဲ့ လူတွေကို အပြတ်ရှင်းဖို့ နည်းလမ်းကိုသာ
အားသန်ရှေးရှုနေတဲ့အတွက် လွှတ်တော်အတွင်းမှာ တင်ပြပြောဆိုမှုများနဲ့ ပြင်ပ
မီဒီယာများနဲ့ တွေ့ဆုံမေးမြန်းရာမှာ ၀စီကံမြောက်
ပြောကြားချက်များအားလုံးသည်လည်း တစ်စထက်တစ်စ တရားလက်လွတ် ရန်လိုတဲ့
အပြောအဆိုများ ဖြစ်လာတာကို တွေ့မြင် ကြားသိ ဖတ်ရှုနေရပါတယ်။
အခြေခံဥပဒေခုံရုံးက ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို
စာချွန်တော်တင်ပြီးတဲ့နောက်ပိုင်းမှာ လွှတ်တော်ဟာ တရားရေးမဏ္ဍိုင်ကိုပါ
ချုပ်ကိုင်ဖို့ ကြိုးစားလာပြန်ပါတယ်။ ၁၅-၈-၂၀၁၂ The Voice Weekly fb
စာမျက်နှာပါ ဖော်ပြချက်အရ .... `“တရားလွှတ်တော်အနေဖြင့်
အခြေခံဥပဒေခုံရုံးအား စွပ်စွဲ ပြစ်တင်သည့် ကိစ္စတွင် ၀င်ရောက်ဟန့်တားမိပါက
အခြေခံဥပဒေကို ဖောက်ဖျက်ခြင်း၊ ဥပဒေပြုရေးတွင် အမြင့်ဆုံး အဖွဲ့အစည်း
ဖြစ်သော ပြည်ထောင်စုလွှတ်တော်၏ လုပ်ပိုင်ခွင့်ကို ကန့်သတ်ခြင်းများကြောင့်
ထပ်မံစွပ်စွဲပြစ်တင်မည် ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်
ကိုယ်စားလှယ်များက ပြောကြားသည်။`“ ..... ဆိုပြီး ဖော်ပြထားတာ တွေ့ရပါတယ်။
ဒါဟာ ကျနော်တို့ ဖြတ်သန်းနေတဲ့ အဖူးအကင်းမျှသာရှိသေးတဲ့
ဒီမိုကရေစီသက်တမ်းမှာ ပထမဦးဆုံး အနေနဲ့ တရားရေးမဏ္ဍိုင်ကို
လွှတ်တော်(ဥပဒေပြုမဏ္ဍိုင်)က ပထမဦးဆုံး ခြိမ်းခြောက်လာမှုဖြစ်ပါတယ်။
ဒီလိုပြောဆိုမှုများဟာ လူပုဂ္ဂိုလ်တစ်ဦးချင်းရဲ့ ရာထူး၊ အခွင့်အာဏာနဲ့
တာဝန်ဝတ္တရားများကို ခြိမ်းခြောက် လိုက်တာဖြစ်တယ်လို့ ယူဆရတဲ့အပြင်
နိုင်ငံတော်ကို မဏ္ဍိုင်ပြုရမယ့် အဖွဲ့အစည်းကြီး (၃) ရပ်အနက်
မဏ္ဍိုင်တစ်ရပ်ကို အခြားမဏ္ဍိုင်တစ်ရပ်က ချုပ်ကိုင်လွှမ်းမိုးလိုတဲ့သဘောနဲ့
မပြောသင့်မပြောအပ်တဲ့ စကားမျိုးကို ပြောဆိုလိုက်တာဖြစ်တယ်လို့လည်း
ထင်ပါတယ်။
နောက်တစ်ခါ ဒုတိယခြိမ်းခြောက်မှုအဖြစ် အခြေခံဥပဒေခုံရုံးက
ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို တင်သွင်းတဲ့ စာချွန်တော် အတွက်
လွှတ်တော်ကိုယ်စားလှယ်များရဲ့ ပြောကြားချက်များကို ဖတ်ရပြန်လို့
စိတ်မသက်မသာ ဖြစ်ရပြန်ပါတယ်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက “သူတို့တစ်ဖွဲ့လုံးကို ခေါ်စစ်ရမယ်။ …
ကိုယ်စားလှယ် (၆၀၀) ကျော်နဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော်ကြီး၊
သူ့အထက်မှာ ဘယ်သူမှမရှိတော့ဘူး။ သူ့ကို အမိန့်ပေးနိုင်မယ့်
အဖွဲ့အစည်းဆိုတာ မရှိဘူး။ နိုင်ငံတိုင်းမှာ ပြည်သူ့ကိုယ်စားလှယ်တွေနဲ့
ဖွဲ့စည်းထားတဲ့ လွှတ်တော်ကြီးက အမြင့်ဆုံးဖြစ်တယ်။ သူ့ကို
လွှမ်းမိုးနိုင်တဲ့အဖွဲ့အစည်းဆိုတာ မရှိဘူး။ စာချွန်တော်သည် အကျိုး
သက်ရောက်မှု မရှိပါဘူး။ ခုံရုံးအဖွဲ့ဝင်တွေကို ဖျက်သိမ်းဖို့၊ ရာထူးကနေ
နှုတ်ပယ်ဖို့ သူ့ဆန္ဒ ဒါပဲရှိပါတယ်။ အဲဒီအတိုင်း ဖြစ်အောင် လုပ်ကြမှာပါ“
ဆိုပြီး ပြောသွားပါတယ်။
နောက်ထပ် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကလည်း `“ တောင်းပန်ရင် ရပ်မယ်၊
မတောင်းပန်ရင်တော့ လုပ်စရာရှိတာ ဆက်လုပ်သွားရမှာပဲ။ သူဘာသူ
တရားလွှတ်တော်ချုပ်မကလို့ ဘယ်ပဲတင်တင်။ လွှတ်တော်ကို တားမြစ်မိန့်
ထုတ်လို့ရတယ်လို့ ဥပဒေထဲမှာ တွေ့ဖူးလား။ မတွေ့ဖူးရင် မရှိလို့ပဲ။ ခုံရုံးက
မလာရင်လည်း ဆုံးဖြတ်မှာပဲ`“ ဆိုပြီး ပြောပြန်ပါတယ်။ ဒီပြောကြားချက်တွေဟာ
ဒီရက်ပိုင်းအတွင်း ဂျာနယ်များကတဆင့် ထွက်ပေါ်လာတဲ့
စကားလုံးအသုံးအနှုံးတွေပါ။ အခုလို အခြားမဏ္ဍိုင်တစ်ခုကို မလေးစားတဲ့
မထီမဲ့မြင်ပြုတဲ့ မာန်မာန ထောင်လွှားတဲ့ စကားလုံးအသုံးအနှုံးတွေအစား
ကိုယ်စားလှယ်တော်ကြီးများပီပီ မိမိဂုဏ်သိက္ခာနဲ့ လိုက်လျောညီထွေဖြစ်တဲ့
အသုံးအနှုံးများ သုံးစွဲသင့်ပါတယ်။
ဒီနေရာမှာ ကိုယ်စားလှယ်တော်ကြီးများကို အရင်တုန်းက ဟန်သစ်မဂ္ဂဇင်းမှာ
ပါခဲ့ပြီး ကျနော် အလွန် သဘောကျခဲ့တဲ့ ဆရာဇော်ဝင်းကို ရဲ့
ဆောင်းပါးတစ်ပုဒ်ကို ပြောပြချင်ပါတယ်။ အင်မတန်ထင်ရှားတဲ့ စာရေးဆရာကြီးကို
ဝိုင်းပြီး လက်လွတ်စပယ် ပြောဆိုကြတဲ့အတွက် ဆရာဇော်ဝင်းကို က
ဆောင်းပါးတစ်ပုဒ်ရေးပြီး သတိပေးခဲ့ပါတယ်။ ဆောင်းပါးအမည်ကိုလည်း `“
အမှန်ကို ပြောသည့်တိုင် အပြောမှန်ဖို့ လိုပါတယ်`“ လို့ ပေးထား ပါတယ်။
အခုလို အမှန်ကိုလည်း မပြော၊ အပြောကလည်း မမှန် ဆိုရင် ဆရာဇော်ဝင်းကို
ဘယ်လိုများရေးပြီး သတိပေးလေမလဲလို့ တွေးမိပါတယ်။
ကိုယ်စားလှယ်တော်ကြီးများ ပြောသလို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ
လွှတ်တော်ကြီးက အမြင့်ဆုံးဖြစ်တယ်လို့ ဘယ်နေရာမှာမှ ပြဌာန်းထားတာ
မတွေ့ပါဘူး။ ဒါပေမယ့် ပုဒ်မ ၅၈ မှာ `“နိုင်ငံတော်သမ္မတသည် ပြည်ထောင်စု
သမ္မတမြန်မာနိုင်ငံတော် တစ်ဝန်းလုံးတွင် နိုင်ငံသားအားလုံး၏ အထွတ်အထိပ်နေရာ
ရရှိသည်။ `“ ….။ ဒါ့အပြင် ဥပဒေပုဒ်မ ၂၉၄ မှာ `“…….
နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခုံရုံး၏
စီရင်ပိုင်ခွင့်အာဏာများကို မထိခိုက်စေပဲ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည်
နိုင်ငံတော်၏ အမြင့်ဆုံးတရားရုံး ဖြစ်သည်`“ လို့ ပြဌာန်းထားပါတယ်။
ဘာမှထပ်ပြီး ဖွင့်ဆိုစရာ မလိုလောက်အောင် ရှင်းလင်းတဲ့ ပြဌာန်းချက်တွေပါ။
ဒီပြဌာန်းချက်များဟာ ကျနော်တို့လို သာမန်ပြည်သူများ နားလည်နိုင်တဲ့
ဖော်ပြချက်ဖြစ်လို့လည်း ကျနော် ကိုးကားတင်ပြတာပါ။ စာဖတ်သူများလည်း
ကျနော့်လို အလွယ်တကူ သဘောပေါက်နိုင်ပါတယ်။ အမြင့်ဆုံးဆိုတဲ့ စကားရပ်ကို
ကိုယ့်ဖာသာကိုယ် သုံးစွဲလိုရင်တော့ ဥပဒေပြုရေးမှာ ငါတို့က အမြင့်ဆုံးလို့
ပြောနိုင်ပါတယ်။ ဒါပေမယ့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ
ဖော်ပြမထားပါဘူး။
ကျနော်ဆိုလိုချင်တာက လွှတ်တော်သည် အမြင့်ဆုံးဆိုတဲ့ သဘောယူဆချူက်သည်
လုံးဝလွဲမှား နေတယ်ဆိုတာ ထောက်ပြချင်တာပါ။ ဒီလိုဆိုလို့ လွှတ်တော်သည်
နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်တို့ထက်
နိမ့်နေလို့လားဆိုပြီးလည်း မတွေးစေချင်ပါဘူး။ ဒီမိုကရေစီရဲ့
အနှစ်သာရဖြစ်တဲ့ တရားစီရင်ရေး၊ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးတို့သည်
နိုင်ငံတော်အတွက် မဏ္ဍိုင်ကြီး (၃) ခု ဖြစ်တာနဲ့အညီ တစ်ခုကိုတစ်ခု
လွှမ်းမိုးခြင်းမရှိစေရ ဆိုတဲ့အနေအထားကို မှန်မှန်ကန်ကန်
ရှုမြင်နိုင်အောင်တင်ပြချင်တာပါ။ ဒီအနှစ်သာရအတွက် ဘယ်စာအုပ်ကိုမှ
ကိုးကားနေစရာ မလိုဘူးထင်ပါတယ်။
အထွတ်အထိပ်၊ အမြင့်ဆုံးဆိုတဲ့ စကားရပ်ပါတိုင်းသာ ထင်တိုင်းလုပ်လို့
ရမယ်ဆိုရင် နိုင်ငံတော်သမ္မတနဲ့ ပြည်ထောင်စုတရားသူကြီးချုပ်ကသာ
လုပ်ပိုင်ခွင့်ရှိပါလိမ့်မယ်။ အဲဒီတော့ ကိုယ်စားလှယ်ကြီးများသည်
ဖွဲ့စည်းပုံ အခြေခံဥပဒေက ပေးမထားတဲ့ ကိစ္စရပ်တွေကို ရသင့်တယ်လို့ထင်ပြီး
ဆောင်ရွက်နေတာတွေဟာ လွှတ်တော် ကိုယ်စားလှယ်ဆိုတဲ့ နာမ၀ိသေသနနဲ့
မလိုက်ဖက်သလို ခက်မ (၃) ဖြာ၊ မဏ္ဍိုင် (၃) ရပ်မှာ အခြား ခက်မ မဏ္ဍိုင်
များကို မလေးမစား ရှုမြင်ပြောဆို ဆောင်ရွက်နေတာမျိုးဟာလည်း မဖြစ်သင့်ပါ။
လွှတ်တော်သည် ဥပဒေနဲ့အညီ ၄င်းတို့ ရသင့်တယ်လို့ထင်တာကို
ကြိုက်နှစ်သက်ရာနည်းလမ်းကို အသုံးချပြီး လိုရာတောင်းခွင့်ရှိပါတယ်။
ဒါပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်ခြင်းမရှိအောင်
ဆောင်ရွက်သင့်ပါတယ်။
ဒါ့အပြင် ယခုလိုအချိန်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်ပြီး
ပြင်ဆင်ရန်ရှိတာတွေကို ပြင်ဆင်နိုင်ဖို့ အချိန်အခါကောင်း၊
အခွင့်အရေးကောင်းလို့ ထင်မိပါတယ်။ အင်မတန်သိမ်မွေ့ငြင်သာတဲ့
နိုင်ငံရေးနည်းလမ်းနဲ့ ဆောင်ရွက်ရင် မိမိတို့ရဲ့ လက်ငင်းလိုအင်ဆန္ဒတွေ
ပြည့်မြောက်မှာ ဖြစ်တဲ့အပြင် အခြားသော ပြည်သူ့ဆန္ဒများပါ တစ်ပါတည်း
ပြီးမြောက်စေမယ့် ကျွဲကူးရေပါနည်းလမ်းကောင်းများ ရှိနေပါလျက်
ကြမ်းတမ်းခက်ထန်တဲ့ အလျံတညီးညီး တောက်လောင်နေတဲ့ နည်းလမ်းမျိုးကိုတော့
မရွေးချယ်စေလိုပါကြောင်း သာမန်ပြည်သူတစ်ဦး အနေနဲ့ တောင်းဆိုလိုပါတယ်။
သိမ်မွေ့ငြင်သာတဲ့ နိုင်ငံရေးနည်းလမ်းနဲ့ဆောင်ရွက်ရတာဟာ
လွယ်ကူမယ်မဟုတ်ဖူးဆိုတာလည်း ခန့်မှန်းမိပါတယ်။
တိုင်းပြည်အတွက်မျှော်မှန်းပြီး လိုအပ်တာတွေဖြည့်ဆည်းဖို့
လုပ်ကိုင်ဆောင်ရွက်တဲ့နေရာမှာ ဘယ်အရာမှ လွယ်ကူတယ်ဆိုတာ မရှိပါဘူး။
ဒါ့ကြောင့် လူတိုင်းလည်း မလုပ်နိုင်ကြပါဘူး။
သို့သော် ပြည်သူတွေရဲ့ကိုယ်စား လုပ်ကိုင်နိုင်တဲ့
အခွင့်အရေးနဲ့တာဝန်တို့ကို ရရှိထားတဲ့ လွှတ်တော် ကိုယ်စားလှယ်ကြီးများသည်
မည်သည့်အကြောင်းကြောင့် လွှတ်တော်ထဲရောက်လာကြသည်ဖြစ်စေ ခုချိန်မှာတော့
စေတနာရှိရင် ရှိသလို လုပ်ကိုင်နိုင်တဲ့ အခွင့်အရေး၊ တာဝန်ယူတတ်ရင်
ယူတတ်သလို လုပ်ဆောင်ကြရမယ့် နေရာ၊ လုပ်ဆောင်နိုင်တဲ့နေရာများကို
ရောက်ရှိနေတာမို့ မိမိတို့ဆန္ဒထက် ပြည်သူလူထုရဲ့ ဆန္ဒကိုသာ ဦးစားပေးပြီး
မဖြစ်မနေ ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။
ဒါ့ကြောင့် ဥပဒေပြုကြမယ့် ပုဂ္ဂိုလ်များကိုယ်တိုင် ဥပဒေရဲ့
ပြဌာန်းချက်များကို လိုက်နာကြဖို့၊ တရားရုံးရဲ့ အဆုံးအဖြတ်များကို
လက်မခံချင်သော်မှ လက်ခံကြဖို့၊ နောက်ဆုံးလက်မခံနိုင်ရင် လက်မခံနိုင်တဲ့
ဥပဒေများကို ပြင်ဆင်ကြတဲ့ နည်းလမ်းများဖြင့် ဆောင်ရွက်နိုင်ရေးနဲ့
မိမိတို့ရဲ့ လိုအင်ဆန္ဒများ၊ ပြည်သူများရဲ့ လိုအင်ဆန္ဒများကို
ဖြည့်ဆည်းနိုင်ဖို့ ဆောင်ရွက်ကြရာမှာ လူ ထက် မူ ကိုသာ အဓိက ကိုင်စွဲပြီး
ဆောင်ရွက်နိုင်ကြပါစေကြောင်း အကြံပြုတင်ပြလိုက်ရပါတယ်ခင်ဗျား။
http://arrluelay.blogspot.com
ဘကြီးသက်