Monday, August 27, 2012

“ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆုတောင်းပွဲကျင်းပ ”




“ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆုတောင်းပွဲကျင်းပ ”

ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆုတောင်းပွဲကို (၂၅-၈-၂၀၁၂) ရက်နေ့ နံနက် (၁၀)နာရီတွင် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ဒက္ခိဏာရာမဘုရားကြီးတိုက်၊ အလယ်တိုက်ကြီးတွင် ကျင်းပကြောင်း သိရပါတယ်။
အဆိုပါ အခမ်းအနားကို မန္တလေးမြို့၊ အစ္စလာမ်ဘာသာရေးအဖွဲ့ ဒုက္ခသည်များ ကူညီပံ့ပိုးရေး ကော်မတီက ကြိုးပမ်းကျင်းပခြင်း ဖြစ်ပြီး၊ ဝါကျွတ် အီး(ဒ်) ပွဲတော် အထိမ်းအမှတ်အဖြစ် ကျင်းပနေကျ ပုံစံမျိုးထက် ပြည့်စုံကောင်းမွန်သော အထူးအစီစဉ် တစ်ရပ်အဖြစ် မန္တလေးမြို့၊ လေးပြင်လေးရပ်ရှိ မဟာထေရ် ဆရာတော်ကြီး အပါး(၃၀)ကျော်တို့အား ဝါဆိုသင်္ကန်းနှင့် ဆွမ်းကပ်လှူဒါန်းသည့် ဆွမ်းကပ်ပွဲကိုပါ ပူးတွဲကျင်းပခြင်း ဖြစ်ကြောင်း၊ တစ်ဆက်တည်းမှာပဲ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာ၊ အစ္စလာမ်ဘာသာတို့မှ ဘာသာရေးခေါင်းဆောင်များက ငြိမ်းချမ်းရေးအတွက် ဆုမွန်ကောင်းတောင်းခြင်း အစီစဉ်ကိုပါ ဖြည့်စွက်ကျင်းပခဲ့ကြောင်း သိရပါတယ်။
မူလက မန္တလေးမြို့၊ ၆၄-လမ်းနှင့် ၇၂-လမ်းထောင့်၊ အိုရီယန်တယ်ဟောက်(စ်)ခန်းမ၌ ကျင်းပဖို့ ရည်ရွယ် ခဲ့ပေမယ့် ခွင့်ပြုချက်မရလို့ နေရာရွှေ့ကျင်းပခြင်း ဖြစ်ကြောင်း၊ တောင်ပြင်ထီးလင်းတိုက် ဇောတိကာရုံ အုဋ်ကျောင်းဆရာတော် ဘဒ္ဒန္တဇောတိကာဘိဝံသ အမှူးပြုသော သံဃာတော်(၄၀)ပါးနှင့် ဘာသာပေါင်းစုံ ကိုယ်စားပြု ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များ၊ ဧည့်ပရိသတ်များ၊ သတင်းမီဒီယာများ စုံလင်စွာ တက်ရောက် ကြောင်း သိရပါတယ်။
တောင်ပြင်ထီးလင်းတိုက် ဆရာတော်ကြီး ဘဒ္ဒန္တဇောတိကာဘိဝံသ မထေရ်မြတ်ကြီး သြဝါဒပေးအပြီးမှာ ဒုက္ခသည်များ ကူညီပံ့ပိုးရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ဇော်ဝင်း(စွမ်းအားလျှပ်စစ်)၊ ခရစ်ယာန်ဘာသာမှ ဦးဇော်ဝင်းအောင်၊ အစ္စလာမ်ဘာသာမှ ဦးသိန်းဝင်းအောင်(အမရပူရ)၊ ဗဟာအီဘာသာလူငယ်တို့က အသီးသီးဆုတောင်း မေတ္တာပို့သကာ ငြိမ်းချမ်းရေးအတွက် တက်ကြွစွာလျှောက်ထားကြပါတယ်။
သံဃာတော်များကို ဆွမ်းကပ်၊ သင်္ကန်းကပ်အပြီးမှာ ဧည့်ပရိသတ်များကို ဧည့်ခံကျွေးမွေးကြပါတယ်။
ဒီပွဲမှာ အရှင်ဝီရသူက ကိုယ်တိုင်ရေးစာအုပ်(၅၀)ကို ဘာသာရေးခေါင်းဆောင် အသီးသီးအား လက်ဆောင် ပေးခဲ့ပါတယ်။ အရှင်ဝီရသူပေးတဲ့ စာအုပ်က “သေနေ့မင်္ဂလာ တရားတော်” ဖြစ်ပါတယ်။
ဘာသာလူမျိုး ဘယ်လိုပဲကွဲကွဲ သေခြင်းတရားကို ရင်ဆိုင်ရမှာတော့ အတူတူပဲ ဖြစ်လို့ ဒီတရားစာအုပ်ကို ရွေးချယ်ပေးအပ်ခြင်း ဖြစ်ကြောင်းနှင့် ဒီတရားတော်ကိုလည်း ဖြစ်ကြီးနားထောင်မှာ ရေးခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။
ဒီပွဲနှင့်ပက်သက်လို့ အရှင်ဝီရသူကို မေးရာမှာ “ကြည်နူးစရာပါ။ ဘာသာရေး ခေါင်းဆောင်တိုင်းက သူတို့ရင်ထဲမှာ ရှိတဲ့အတိုင်း ငြိမ်းချမ်းရေးအတွက် ဆုတောင်းသွားကြတယ်။ သူတို့ဆန္ဒအတိုင်းတကယ်လုပ်ဖို့ လိုသလို သူတို့ဘာသာဝင်တွေကလည်း သူတို့လို လိုက်နာပြုကျင့်ဖို့လိုတယ်။ ဒါဆိုရင် ဒီပွဲကျင်းပခြင်းရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ မန္တလေးမြို့ကြီး ငြိမ်းချမ်းရေး၊ မြန်မာပြည်ကြီး ငြိမ်းချမ်းရေး၊ ကမ္ဘာလောကကြီး ငြိမ်းချမ်းရေးတွေဟာလည်း အလိုလိုပြီး ပြည့်စုံသွားမှာပါ”လို့ ဖြေကြားသွားပါတယ်။
အကြိမ်ကြမ် ပွဲပျက်ခဲ့ရခြင်းနှင့် ပတ်သက်လို့လည်း အရှင်ဝီရသူက အခုလို မှတ်ချက်ချသွားခဲ့ပါတယ်။
“အဆိုအမိန့် တစ်ခုရှိတယ်ဗျ။ အဲဒါက- မုန်တိုင်းပြီးရင် လေပြေလာစမြဲတဲ့။ အခုလို လေပြေလေးနှင့် ထိတွေ့ ရတော့ အအေးဓာတ်ရတာပေါ့ဗျာ။ မုန်တိုင်းဒဏ်ခံရကျိုးနပ်တာပေါ့။”
“နောက်တစ်ခုက- မိုးရွာခါနီးမှာ နေပူရှိန်ဟာ ပိုပြင်းလာတတ်တယ်တဲ့။ ဒီလို မိုးလေးတွေရွာစေချင်လို့ ပိုပြီးပူပြတာပဲလို့ပဲ အောက်မေ့ မိတယ်။”
ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆုတောင်းပွဲကြီးကျင်းပဖို့ ပြင်ဆင်ရာမှာ သုံးကြိမ်တိတိ ပျက်ပြားခဲ့ရကြောင်း၊ ပထမအကြိမ် ဈေးချိုဟိုတယ်နှင့် ဒုတိယနှင့် တတိယအကြိမ် အိုရီယန်တယ်လ်ဟောက်(စ်)မှာ ကျင်းပဖို့ စီစဉ်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။
ဒီလို ပျက်ပြားရတာနှင့် ပတ်သက်လို့ တိုင်းဒေသကြီးအစိုးရအပေါ် အမျိုးမျိုးအဖုံဖုံ ဝေဘန်မှုများ ရှိနေကြောင်း သိရပါတယ်။
ဘာသာရေးပေါင်းစုံ ပေါင်းစုံရာမှာ ပြဿနာဖြစ်မှာကြောက်လို့ ခွင့်မပြုတာလို့ လုံခြုံရေးဘက်က တွေးသလို ဘာသာပေါင်းစုံ ပေါင်းစုံမိသွားမှာကို မလိုလားလို့ ဖျက်ဆီးတာဆိုတဲ့ နိုင်ငံရေးဘက်ကလည်း ထင်မြင်ယူဆနေတာတွေ ရှိခဲ့ပါတယ်။
ဘာပဲဖြစ်ဖြစ် မန္တလေးမြို့ကြီးမှာတော့ မဖြစ်စဖူး အဖြစ်ထူးတဲ့ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆုတောင်းပွဲကို အခက်အခဲ အမျိုးမျိုးကြားထဲမှ အားခဲလို့ ဆောင်ရွက်ကြတာ အခုဆိုရင် လုံးဝပြီးစီး အောင်မြင် သွားပြီ ဖြစ်ပါ တယ်။
သတင်း,ဓာတ်ပုံ-ဆရာတော် ဦးဝိရသူ

သမ္မတရုံး အကြံပေးကောင်စီဝင် ဦးသောင်းတင်မှ မြန်မာ့ဆက်သွယ်ရေးသို့ အကြံပြုချက်





သမ္မတရုံး အကြံပေးကောင်စီဝင် ဦးသောင်းတင်မှ မြန်မာ့ဆက်သွယ်ရေးသို့ အကြံပြုချက် 


သမ္မတရုံး အကြံပေးကောင်စီဝင် ဦးသောင်းတင်မှ မြန်မာ့ဆက်သွယ်ရေးသို့ အကြံပြုချက်
"ကျွန်တော့အမြင်နဲ့ ပြောရရင်ဘယ်ဈေးနှုန်းကမှ မသင့်တော်ပါဘူး။ သူကပြန်ပေးရပါမယ်။ တယ်လီဖုန်းကို အလကားပေးရပါမယ်။ ပြီးရင်စတင် အသုံးပြုတယ်ဆိုရင်ပဲ မိနစ် ၂၀၀ အလကားဆက်ခွင့်ပေးတာမျိုး၊ ဟန်းဆက်အလကားပေးလိုက်တာမျိုး ရှိရပါမယ်။ ကိုယ်ကပေးရတဲ့ဈေးနှုန်းက မသင့်တော်ပါဘူး၊ ကိုယ်ကပြန်ရရပါမယ်။ ဒါကအင်တာနေရှင်နယ် သဘောဖြစ်ပါတယ်။"
"ကျွန်တော်တို့ ဘတ် (စ်)ကားစီးတဲ့ အခါမှာ ဘတ် (စ်)ကားတန်ဖိုး မပေးရပါဘူး။ လက်မှတ်ဖိုးပဲ ပေးရတာဖြစ်ပါတယ်။ ဘတ် (စ်)ကားထောင်သူက ဘတ် (စ်)ကားတန်ဖိုးကို နောက် ၅နှစ်နေမှ အရင်းကျေဖို့ နောက် ၁၀နှစ်နေမှ အရင်းကျေဖို့ စဉ်းစားထားတာပါ။"

တိုင်းပြည်ချက်ချင်း ဦးမော့အောင်လုပ်ချင်လျှင်


တိုင်းပြည်ချက်ချင်း ဦးမော့အောင်လုပ်ချင်လျှင်

Written by  ဦးလှဝင်း (လေသူရဲတစ်ဦး)
ခုတစ်ကြိမ် လွှတ်တော် အစည်းအဝေး သတင်းတွေကို ညစဉ် ၈ နာရီမှာ တီဗီရှေ့မှာ ထိုင်ပြီး စောင့်ကြည့်နေခဲ့ပါတယ်။
မေးခွန်းမေးတယ်။ အဆိုတင်တယ်။ ပြန်ဖြေတယ်။ ပြန်ဆွေးနွေး တယ်။ အတည်ပြုတယ်။ ဒီသတင်းတွေကိုပဲ နေ့စဉ် နားထောင် နေရပါတယ်။
ကျွန်တော် အားမရဘူး ခင်ဗျား။

နေ့ချင်းညချင်း ကျွန်တော်တို့ တိုင်းပြည်ကြီးကို ဘယ်လိုပြန်လည် ထူထောင်ကြမယ် ဆိုတဲ့ အားမာန် အပြည့်ပါတဲ့ ... ထူးကဲတဲ့ ဥာဏ်ပညာ အပြည့်အ၀ရှိတဲ့ ... ကျွန်တော်တို့ ပြည်သူတွေ အလွန် အံ့သြသွားစေမယ့် ... ခုန်ထပြီး လက်ခုပ်လက်ဝါး ထတီးချင်စိတ် ပေါက်စေမယ့် အတွေးသစ်၊ အမြင်သစ်၊ အကြံဥာဏ်သစ် တွေကို အလွန် ကြားချင်လှပါတယ်။
ဒီနေ့အထိ မကြားရသေးပါဘူး။
ကျွန်တော်တို့ မွန်ဒေသရဲ့စကားနဲ့ ပြောရင်တော့ လွှတ်တော် သတင်းတွေက “အိပဲ့၊ အိပဲ့နှင့် ကနော့” တဲ့ သတင်းတွေပဲ များနေပါတယ်။
ဒီကြားထဲ ရခိုင်ပြဿနာ ပေါ်လာတာကလည်း အလွန် စိတ်ညစ်စရာ တစ်ခုပေါ့ ခင်ဗျား။
တကယ်တော့ ကျွန်တော်တို့ နိုင်ငံကို ချက်ချင်း ဦးမော့အောင် ပြုလုပ်ချင်ရင် ပြုလုပ်လို့ ရတယ်ခင်ဗျား။
အင်္ဂလိပ် စကားပုံ တစ်ခုရှိပါတယ်။
There is a will, there is a way တဲ့။
ဆန္ဒရှိရင် နည်းလမ်းရှိတယ်ပေါ့ ခင်ဗျား။
ဒါပေမဲ့ ဒီလိုလုပ်နိုင်ဖို့ အာဏာက သမ္မတမှာပဲ ရှိပါတယ်။ လွှတ်တော်မှာ မရှိပါဘူး။ လွှတ်တော်မှာ အုပ်ချုပ်မှု အာဏာမှ မရှိဘဲ ခင်ဗျား။ လွှတ်တော်ကို အပြစ်တင်လို့ မရပါဘူး။
ကျွန်တော်တို့ တိုင်းပြည်မှာ ချက်ချင်း ပြုပြင်ကြရမယ့်၊ အဖြေရှာရမယ့် လုပ်ငန်းကြီး လေးခု ရှိပါတယ်။ သမ္မတ အာဏာဖြင့် ဆောင်ရွက်မယ် ဆိုရင် ဆောင်ရွက်နိုင်တဲ့ လုပ်ငန်းတွေပေါ့ ခင်ဗျား။
(၁) လျှပ်စစ်မီး ပြဿနာ။
(၂) လမ်းပန်း ဆက်သွယ်ရေး ပြဿနာ။
(၃) အင်တာနက် ပြဿနာ။
(၄) ဥပဒေ စိုးမိုးမှု ရှိရေး ပြဿနာ။
ပထမဆုံး လျှပ်စစ်မီး ပြဿနာကို ဆွေးနွေးပါမယ်။ တလောက လောပိတ ရေအား လျှပ်စစ်နှင့် မလှမ်းမဝေးမှာရှိတဲ့ ဒေသရဲ့ ကိုယ်စားလှယ် အမတ်တစ်ယောက်က လွှတ်တော်မှာ မေးခွန်း မေးပါတယ်။ အတိ အကျတော့ မမှတ်မိတော့ပါဘူး။
သူမေးတဲ့လိုရင်းအဓိပ္ပာယ်ကတော့ အဲဒီနားက ရွာသုံးရွာ ... အဲ ... ဒေသသုံးခုကို ဘယ်တော့ လျှပ်စစ်မီး ရအောင် လုပ်ပေးမလဲ ဆိုတာ သိချင်ပါတယ် တဲ့။ သက်ဆိုင်ရာ ၀န်ကြီး ကလည်း ပြန်ဖြေပါတယ်။ အဲဒီ ဒေသ တွေကို လျှပ်စစ်မီးပေးဖို့ အစီအစဉ် ရှိပါတယ်။ ဒါပေမဲ့ ဘတ်ဂျက် ခွင့်ပြုချက် အရ ၂၀၁၅ ခုနှစ် ကျမှ ပြီးမြောက်အောင် ဆောင်ရွက် နိုင်မယ်တဲ့။
သုံးနှစ် စောင့်ဦးပေါ့ ခင်ဗျား။
ဒီမေးခွန်းကို ဥပမာ အဖြစ် ကျွန်တော် တင်ပြတာပါ။
ဒီနေ့ မြန်မာနိုင်ငံမှာ လျှပ်စစ်မီး မရတဲ့ ဒေသတွေကလည်း မီးရ ချင်တယ်။ လျှပ်စစ်မီး မှန်မှန် မရတဲ့ ဒေသကလည်း မှန်မှန် ရချင်တယ်။ ရန်ကုန်မြို့ကြီး လိုနေရာကလည်း နွေမှာ လျှပ်စစ် ဒုက္ခ မရောက်ချင်ကြ တော့ဘူး။
ဘယ်လို လုပ်ကြမှာလဲ။
အစိုးရမှာလည်း ဘတ်ဂျက်က မရှိဘူး။
တကယ်တော့ ဒီလျှပ်စစ် ဒုက္ခကို ချက်ချင်း ဖြေရှင်းနိုင်တဲ့နည်း ကို (၁၀-၇-၂၀၁၂)နေ့ထုတ် သစ္စာ မဂ္ဂဇင်းမှာ ကျွန်တော်ဆောင်းပါး ရေးပြီးပါပြီ။
အောက်စဖို့ဒ် တက္ကသိုလ်က ပါမောက္ခ Paul Collier မြန်မာနိုင်ငံ ကိုလာရောက်ပြီး အကြံပြုသွားတာပါ။ ဒီနေ့အာဖရိကတိုက်က ကင်ညာနိုင်ငံမှာ ပြုလုပ်ခဲ့သလို ကမ္ဘာကျော်ဂျီအီး (GE) လျှပ်စစ် ကုမ္ပဏီကြီးကို ခေါ်ပြီး ခင်ဗျားတို့ ကျုပ်တို့ တစ်နိုင်ငံလုံးကို လျှပ်စစ်မီးလင်း အောင် လုပ်ပေးဗျာ ဆိုပြီး တာဝန်ပေးလိုက်ပါ။ သူတို့ အာဖရိကမှာ ကောက်ခံတဲ့ မီတာနှုန်းက လောင်စာတန်ဖိုး အပေါ်မှာ တစ်ယူနစ်ကို သုံးပြား (၃ Cents) ပဲ ယူပါတယ်။ တစ်ယူနစ် အပေါ် လောင်စာစရိတ် တစ်ပြား (၁ Cent) ဆိုရင် သူတို့ တစ်ယူနစ် မီတာခနှုန်းက (၄ Cents) ပဲ ရှိပါတယ်။
တစ်နိုင်ငံလုံးမှာ သူတို့ လျှပ်စစ် ထုတ်လုပ်တဲ့ စက်ရုံ တွေတည် မယ်။ မီးကြိုးတွေ သွယ်မယ်။ တခြား လိုအပ်တာတွေ သူတို့ပိုက်ဆံ အရင်းအနှီးနှင့် အကုန် လုပ်ပေးမယ်။ ကျွန်တော်တို့ နိုင်ငံမှာ ရေအား လျှပ်စစ် စက်ရုံတွေလည်း အများကြီးရှိတယ်။ ဒီစက်ရုံတွေ ကိုလည်း သူတို့ကို လွှဲပေး လိုက်ရုံပါပဲ။ အခက်အခဲ တွေကို သူတို့ ရှင်းပေးလိမ့် မယ်။ ဒီနေ့ ခေတ်စားနေတဲ့ ဘီအိုတီ စနစ်ပေါ့ ခင်ဗျား။ အဲဒီလို ကမ္ဘာ့ အင်အား အကြီးဆုံး ကုမ္ပဏီကြီးတွေကို တာဝန်ပေးရင် အတတ်ပညာပိုင်း (Technology) အားနည်း နေကြတဲ့ ဒုက္ခကလည်း ကင်းလွတ်သွားပြီ။ နောက် ... ဒီနေ့ အမေရိကန်ရဲ့ မြန်မာနိုင်ငံ အပေါ် ကျင့်သုံးတဲ့ စီးပွားရေး မူဝါဒကလည်း လုံးဝ ပွင့်လင်းတဲ့ မူဝါဒကို သုံးနေတာဆို တော့ ကြားမှာ ဘယ်သူမှ ဖြတ်စားလို့ မရဘူး။ လာဘ်ယူလို့ မရဘူး။ ခိုးလို့ မရပါဘူး။
ကဲ ... ဒီလိုသာ လုပ်လိုက်ရင် ကျွန်တော်တို့ တစ်နိုင်ငံလုံး ချက်ချင်း မီးလင်းသွားပြီ မဟုတ်လား။

(၂) လမ်းပန်း ဆက်သွယ်ရေး ပြဿနာ

ဒီနေ့ မြန်မာနိုင်ငံက ဒီနေ့ အာရှလမ်းမကြီးရဲ့အဓိကကျတဲ့ ပထ၀ီ အနေအထားမှာ ရှိနေပါတယ်။ အရှေ့တောင်အာရှ နိုင်ငံတွေနဲ့ အိန္ဒိယကို ကုန်းလမ်းက ဆက်သွယ်ဖို့က မြန်မာနိုင်ငံကို မဖြတ်လို့မရပါဘူး။ တရုတ်နိုင်ငံကလည်း ဘင်္ဂလား ပင်လယ်အော်ကို ကုန်းလမ်းက ထွက်ဖို့က မြန်မာနိုင်ငံကို မဖြတ်လို့ မရပါဘူး။
ဒီနိုင်ငံတွေ အားလုံးက မြန်မာနိုင်ငံကသာ ဖိတ်ခေါ်လိုက်ပါ။ ဘီအိုတီ စနစ်နဲ့ လုပ်ခွင့် ပေးလိုက်ပါ။ ပြေးလာ ကြပါလိမ့်မယ်။
မိမိအတွက် အကျိုးရှိမယ့် နိုင်ငံတွေ ... ကုမ္ပဏီကြီးတွေကို ခေါင်းခေါက် ရွေးပေါ့ခင်ဗျား။
နိုင်ငံတစ်နိုင်ငံကို ဆက်သွယ်ရေးလမ်းတွေ မကောင်းဘဲ ဘယ်လိုမှ တည်ထောင်လို့ မရနိုင်ပါဘူး။ မြန်မာနိုင်ငံမှာ ဒီနေ့ ဆောက်လုပ်ဖို့ အဓိက လမ်းမကြီး သုံးခုပဲ လိုအပ်ပါတယ်။
ရန်ကုန်မှ မန္တလေး၊ မြစ်ကြီးနားလမ်း။
ရန်ကုန်မှ မော်လမြိုင်၊ ထားဝယ်၊ မြိတ်၊ ကော့သောင်းလမ်း။
ရန်ကုန်မှ ပုသိမ်လမ်း။
ကျန်တဲ့ ဒေသတွေကတော့ အဲဒီ လမ်းမကြီးတွေကို လမ်းသွယ်တွေနဲ့ ဖောက်ဝင် ကြပေါ့ ခင်ဗျား။

(၃) အင်တာနက် ပြဿနာ

ဒီနေ့ မြန်မာနိုင်ငံမှာ သုံးနေရတဲ့ အင်တာနက်စနစ်၊ အင်တာနက် မြန်နှုန်းနဲ့ ဒီနေ့ ကမ္ဘာကြီးကို ဘယ်လိုမှ ဆက်သွယ်လို့ မရနိုင်ပါဘူး။
Voice Over IP ...။
အင်တာနက်နဲ့ တယ်လီဖုန်း ကလည်း ခွဲခြားလို့ မရပါဘူး။ တွဲပါ နေပါတယ်။
ဒီနေ့ အင်တာနက် ၀န်ဆောင်မှု အတွက် ပေးဆောင် နေရတဲ့ အခ။
တယ်လီဖုန်း ဆက်သွယ်ခ ...။
ဒီစရိတ်နှုန်းထား တွေကလည်း အလွန် မြင့်နေပါတယ်။
ခွင့်လွှတ်ပါ ခင်ဗျား။
ကျွန်တော် မြင်နေတာကို ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ တယ်လီဖုန်း သုံးခွင့်နှင့် အင်တာနက် သုံးခွင့်တွေကို ယခင် အာဏာပိုင် တွေက လက်နက် အဖြစ် သုံးခဲ့ပါတယ်။ သူတို့ အကျိုးအတွက်ပဲ အဓိက ထားကြည့်ခဲ့ပါတယ်။
ဆယ်လူလာ ဖုန်းသုံးခွင့် ဆင်းကတ်ပြား ရဖို့ ကျပ်ငွေ ၁၅ သိန်း ... သိန်း ၂၀ ပေးခဲ့ကြရတာ ကမ္ဘာမှာ ဘယ်နိုင်ငံမှာမှ မရှိခဲ့ပါဘူး။
အဲဒီငွေတွေ ဘယ်ရောက် သွားသလဲ။
နိုင်ငံတော်ရဲ့ ဘဏ္ဍာတိုက်ထဲကို ရောက်သလား။ ပုဂ္ဂလိက အိတ်တွေ အထဲကို ရောက်သွားသလား။
အရေးယူဖို့ မဟုတ်ပါဘူး။ သမိုင်းမှတ်တမ်း တင်ဖို့အတွက် လွတ်လပ်တဲ့ စုံစမ်း စစ်ဆေးရေး အဖွဲ့တစ်ခုကို ဖွဲ့ပြီး စုံစမ်း စစ်ဆေး သင့်ပါတယ်။
ဒီအင်တာနက် ၀န်ဆောင်မှုကိုလည်း ကမ္ဘာ့ အင်အား အကြီးဆုံး ကုမ္ပဏီတစ်ခုကို ဘီအိုတီ စနစ်နှင့်ပဲ လုံးဝ လွှဲအပ် လိုက်သင့်ပါတယ်။
ချက်ချင်း အင်တာနက် ၀န်ဆောင်မှုနဲ့ တယ်လီဖုန်း ဆက်သွယ်မှုတွေ ကမ္ဘာ အဆင့်မီ ဘ၀ မြန်မာတွေ ရောက်သွားကြပါလိမ့်မယ်။


(၄) ဥပဒေ စိုးမိုးမှု ရှိရေး ပြဿနာ


အဲဒါက အရေးကြီးဆုံး ပြဿနာပဲ ခင်ဗျား။
နိုင်ငံ တစ်နိုင်ငံရဲ့ စီးပွားကို ပြန်ဦးမော့အောင် ပြုလုပ်ဖို့က ဥပဒေ စိုးမိုးမှု မရှိရင် ဘယ်လိုမှ ပြုလုပ်လို့ မရနိုင်ပါဘူး။
ဘီအိုတီ စနစ်နှင့် ရှင်းလို့ ရနိုင်တဲ့ ပြဿနာ မဟုတ်တော့ပါဘူး။
ဒီပြဿနာကို အဓိက ဦးဆောင် ဖြေရှင်း ကိုင်တွယ်ရမှာက အာဏာရ အစိုးရပေါ့ခင်ဗျား။ ဒါပေမဲ့ အစိုးရ တစ်ခုထဲလည်း တာဝန်ယူလို့ မရနိုင်ပါဘူး။ ပြည်တွင်း ငြိမ်းချမ်းရေး မရရှိဘဲနဲ့လည်း ဥပဒေ စိုးမိုးမှု မရှိနိုင်ပါဘူး။ ဒီပြဿနာကိုတော့ ကျွန်တော် မဆွေးနွေး တော့ပါဘူး။ (July 9-15-2012) နေ့ထုတ် The Voice Weekly မှာ ဆောင်းပါး ရေးပြီးခဲ့ပါပြီ။ ဥပဒေ စိုးမိုးမှု ရရှိဖို့က ...။
(၁) အစိုးရ
(၂) လွှတ်တော်
(၃) တရားရုံး
(၄) စာနယ်ဇင်း
(၅) ပြည်သူလူထု
ဒီ ငါးခုလုံးက တာဝန် ယူကြရပါမယ်။
(၁) အစိုးရရဲ့ အဓိကတာဝန်က ဒီနေ့ နိုင်ငံတော်ရဲ့ အုပ်ချုပ်မှု အဖွဲ့အစည်း အဆင့်ဆင့်ကို လွတ်လပ်တဲ့၊ ပွင့်လင်း မြင်သာတဲ့၊ တာဝန် ကျေတဲ့ ပြည်သူကို အမှန်တကယ် အကျိုးပြုတဲ့ အုပ်ချုပ်မှု အဖွဲ့အစည်း တွေဖြစ်အောင် ဆောင်ရွက်ရပါမယ်။
(၂) လွှတ်တော်က ဒီနေ့ ပြည်သူကို ဒုက္ခပေးနေတဲ့ ဥပဒေတွေ ကို ဖျက်သိမ်းပစ်ပြီး ပြည်သူကို အကျိုးပြုမယ့် ဥပဒေသစ်တွေကို အစားထိုးဖို့ ကြိုးစားသင့်ပါတယ်။
(၃) တရားရုံးကတော့ အသက်ပေါ့ ခင်ဗျား။ ဒီအပိုင်းကိုတော့ ကျွန်တော် မဆွေးနွေး တော့ပါဘူး။ ဒီနေ့ တရားရုံးတွေရဲ့ သရုပ်မှန်ကို ဒီနေ့ အမှု ဖြစ်ဖူးသူတိုင်း သိကြပါတယ်။ ဒီတရားရုံး ပြဿနာတွေက လည်း ဖြေရှင်းလို့ မရနိုင်တာတွေ မဟုတ်ပါဘူး။
အစိုးရပဲ အဓိက တာဝန်ယူ ဖြေရှင်း ရမှာပါပဲ။
(၄) စာနယ်ဇင်း။ ဒီနေ့ ၂၀.၈.၂၀၁၂ မှာ ပြန်ကြားရေး ၀န်ကြီးဌာနရဲ့ ဒုတိယ ညွှန်ကြားရေးမှူး ဦးတင့်ဆွေရဲ့ ထုတ်ဖော် ပြောပြချက်အရ (ဆင်ဆာ) မရှိတော့ပါဘူး။ ကျွန်တော်တို့ စာနယ်ဇင်း လောကအနေနဲ့တော့ ဒီမိုကရေစီ အခွင့်အရေး တွေကို အကုန် ရခဲ့ကြ ပါပြီ။ ရှေ့မှာ စာပေစိစစ်ရေး ရုံးနဲ့ ပြဿနာ ဘာမှ မရှိကြတော့ပါဘူး။ ဥပဒေကြောင်းအရ ကိုယ်ဖြစ် ကိုယ်ခံခေတ်ကို ရောက်ခဲ့ကြပြီ။
အလွန် ၀မ်းသာတယ် ခင်ဗျား။

ဘာကြောင့် ၀မ်းသာသလဲ။
တိုင်းပြည်ရဲ့ အကျိုးကို ပိုပြီး လုပ်ခွင့်ရခဲ့ ကြတဲ့ အတွက်ပါ။ ဒီလို အခွင့်အရေးကို ရလိုက်တဲ့အတွက် စာနယ်ဇင်းတိုက် တွေက တရားရုံး သတင်းထောက်တွေ ခန့်ထား ကြတော့မယ်။
တရားသူကြီး တစ်ဦးရဲ့ တရားစီရင်ချက် မှားရင် မှားသလို ထောက်ပြ ကြတော့မယ်။
အစိုးရကလည်း ချက်ချင်း အရေးယူတော့မယ်။ မှန်ပါတယ်။ စာနယ်ဇင်းလွတ်လပ်ခွင့် မရှိတာဟာ တိုင်းပြည်တစ်ပြည်မှာ ဥပဒေစိုး မိုးမှု အပြည့်အ၀ မရှိနိုင်အောင် ပြုလုပ် ထားသလိုပါပဲ။
ဒီနေ့ ကျွန်တော်တို့ ဒီအမှောင်ထုထဲက လွတ်မြောက်ခဲ့ကြပြီ။ စာနယ်ဇင်းသမားတွေ ဒီနေ့ မြန်မာနိုင်ငံကို ဥပဒေစိုးမိုးမှု ပိုရှိအောင် ယခင်ကထက် ပိုပြီး လုပ်နိုင်ကြတော့မယ်လို့ ကျွန်တော်အကြွင်းမဲ့ ယုံကြည်ပါတယ်။
(၅) ပြည်သူလူထု။ နိုင်ငံ တစ်နိုင်ငံမှာ ဥပဒေ စိုးမိုးမှုရှိရေးဟာ လူထု အပေါ်မှာလည်း အလွန်တည်ပါတယ်။ လူထုက ဥပဒေ ကို သိနားလည်ရပါမယ်။ လေးစား လိုက်နာရပါမယ်။ ဥပဒေ မလေးစားသူကိုလည်း ဆွဲထုတ် ပြရဲရပါမယ်။ အဲဒီလို ဆွဲထုတ် ပြနိုင်မယ့် အခွင့်အရေးကိုလည်း နိုင်ငံတော်က ပေးထားရပါမယ်။
ကျွန်တော် တင်ပြချင်တာက ဒါပါပဲ။
ကျွန်တော်တို့ တိုင်းပြည်ကိုချက်ချင်း ဦးမော့လာချင်ရင် အထက်ပါ အချက် ငါးချက်ကို အစိုးရနဲ့ ပြည်သူ လက်တွဲပြီး ချက်ချင်း အကောင်အထည် ဖော်ပါ။
နိုင်ငံရဲ့အခြေခံ အဆောက်အဦတွေ ချက်ချင်း ခိုင်မာလာလိမ့် မယ်။ ဒီအခြေခံ အဆောက်အဦတွေ ခိုင်မာလာမှပဲ ပြည်ပက ၀င်လာ မယ့် အရင်းအနှီးနှင့် ချေးငွေ၊ ထောက်ပံ့ငွေ၊ အကူငွေတွေကို မျှော်လင့်လို့ ရနိုင်ပါမယ်။
အဲဒီငွေ အရင်းအနှီးတွေ ရောက်လာမှပဲ ကျွန်တော်တို့ ဒီနေ့ မျက်နှာငယ်နေရတဲ့ ဘ၀က လွတ်မြောက် ကြပါလိ့မ်မယ်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။