Thursday, August 23, 2012

ဆိတ်ခေါင်းကိုချိတ်၍ ခွေးသားရောင်းမည့် ပုံနှိပ်မီဒီယာဥပဒေ နှင့် အမြုတေစာနယ်ဇင်းကောင်စီ

ဆိတ်ခေါင်းကိုချိတ်၍ ခွေးသားရောင်းမည့် ပုံနှိပ်မီဒီယာဥပဒေ နှင့် အမြုတေစာနယ်ဇင်းကောင်စီ  (Than Win Hlaing)

ဆိတ်ခေါင်းကိုချိတ်၍ ခွေးသားရောင်းမည့် ပုံနှိပ်မီဒီယာဥပဒေ နှင့် အမြုတေစာနယ်ဇင်းကောင်စီ
သန်းဝင်းလှိုင်၊ သြဂုတ် ၂၄၊ ၂၀၁၂
၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာသော အရပ်သားအရေခြုံ အစိုးရသစ်မှ နိုင်ငံတော် သမ္မတဦးသိန်းစိန်သည် ပြီးခဲ့သည့် ၂၀၁၂ ဇွန်လ ၁၉ ရက်နေ့တွင် ပြည်ထောင်စုအစိုးရ၊ ပြည်နယ်နှင့်တိုင်းဒေသ ကြီး အစိုးရအဖွဲ့ရှိ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများအား နိုင်ငံတော်အခြေပြ မိန့်ခွန်းတစ်ရပ်အပါအဝင် အမှာစကား နှင့် မိန့်ခွန်း (၁၇)ကြိမ်ခန့် ပြောကြားရာ၌ မဏ္ဍိုင်ကြီးသုံးရပ်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဥပဒေပြု၊ စီမံခန့်ခွဲအုပ်ချုပ် စီရင်ဆုံးဖြတ်ခြင်း ရှိမရှိ၊ အဂတိတရားလိုက်စားမှု ရှိမရှိ၊ အကျင့်ပျက်ခြစားမှု ရှိမရှိ နိုင်ငံတော် နှင့် နိုင်ငံသားများအကျိုးအလို့ငှာ စောင့်ကြည့်တည့်မတ်ပေးရမည့် စတုတ္ထမဏ္ဍိုင်က ဥပဒေနှင့်အညီ လွတ်လပ် စွာ တာဝန်ထမ်းဆောင်နိုင်မှသာ သွားလိုသောပန်းတိုင်သို့ ဖြောင့်ဖြူးစွာ ရောက်ရှိနိုင်မည့်အပြင် ပြည်သူလူထု တရပ်လုံးက ယုံကြည်အားကိုးအပ်သော မဏ္ဍိုင်သုံးခုအဖြစ်သို့လည်း ရောက်ရှိနိုင်မည်ဟု ပြောကြားသွားခဲ့ သည်။
            သို့သော် စတုတ္ထမဏ္ဍိုင်နှင့်ပတ်သက်၍ အလေးပေးပြောကြားနေသော်လည်း တစ်နှစ်ကျော် သာရှိသေးသော အစိုးရသစ်သက်တမ်းအတွင်း ပြည်တွင်းမီဒီယာများကို ဝန်ကြီးဌာနအချို့နှင့် အစိုးရအဖွဲ့များက ပုဒ်မအမျိုးမျိုးတပ်ကာ တရားစွဲမှုများ ပြုလုပ်လျက်ရှိပေသည်။
            ထို့ပြင် အစိုးရသစ်က ၂၀၁၂ သြဂုတ် ၁၀ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများမှတဆင့် စာနယ်ဇင်းသမားများကို အမိန့်ကြော်ငြာစာ (အမှတ် ၆၁/၂၀၁၂) ဖြင့် မြန်မာနိုင်ငံ အမြုတေစာနယ်ဇင်းကောင်စီ ဖွဲ့စည်းကြောင်း ထုတ်ပြန်ခဲ့ပြီးနောက် ပြည်သူလူထု၏ ဆန့်ကျင်ကန့်ကွက် ဝေဖန်သံများ ပွက်ပွက်ညံအသံများ ပေါ်ထွက်လာခဲ့သည်။
အစိုးရ၏ ကြေညာချက် အပြည့်အစုံမှာ -
နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၅၄ အပုဒ်ခွဲ(က)အရ နိုင်ငံတော်သည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအလို့ငှာ ပြဋ္ဌာန်း ထားသည့် ဥပဒေနှင့် မဆန့်ကျင်လျှင် မိမိယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖေါ်ပြော ဆိုခွင့်၊ ရေးသားဖြန့်ချိခွင့် ရမည်ဆိုသည့် နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်ဆိုင်ရာပြဋ္ဌာန်းချက်ကို ခံ စားနိုင်ရန် ပြည်ထောင်စုလွှတ်တော်မှ ပုံနှိပ်မီဒီယာ ဥပဒေသစ်အား မပြဋ္ဌာန်းနိုင်မီအတောအတွင်း စာနယ်ဇင်း သမားများကို အာကာအကွယ်ပေးနိုင်ရန် အတွက်လည်းကောင်း၊ စာနယ်ဇင်းကျင့်ဝတ်များ ပြုစုရေးဆွဲရန် အ တွက်လည်းကောင်း၊ အကြီးသော စာနယ်ဇင်းဆိုင်ရာ ဝိရောဓိပြဿနာများ ပေါ်ပေါက်လာပါက စည်းမျဉ်းစည်း ကမ်း၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ကိုင်တွယ်ဖြေရှင်းပေးနိုင်ရန် အတွက်လည်းကောင်း ရည်ရွယ်၍ အောက်ပါ ပုဂ္ဂိုလ်များအပါအဝင် မြန်မာနိုင်ငံ အမြုတေစာနယ်ဇင်းကောင်စီကို ဖွဲ့စည်းလိုက်သည်။
မြန်မာနိုင်ငံ အမြုတေစာနုယ်ဇင်းကောင်စီ
(က) ဦးခင်မောင်အေး၊ တရားရုံးချုပ် တရားသူကြီး(ငြိမ်း) – ဥက္ကဋ္ဌ
(ခ) ဒေါက်တာအောင်ထွန်းသက်၊ ကျောင်းအုပ်ကြီး (ငြိမ်း) – ဒုဥက္ကဋ္ဌ(၁) (United Nations System College)
(ဂ) ဒေါက်တာခင်အေး (မောင်ခင်မောင် – ဓနုဖြူ) – ဒုဥက္ကဋ္ဌ(၂) မြန်မာစာ ပါမောက္ခ(ငြိမ်း)
(ဃ) ဒေါက်တာမျိုးသန့်တင် (စာပေ ပညာရှင်) – အဖွဲ့ဝင်
(င) ဒေါက်တာတင်လှိုင် (ဘိုးလှိုင်) စာပေ ပညာရှင် – အဖွဲ့ဝင်
(စ) ဦးခင်မောင်လေး (ဖိုးသောကြာ) – အဖွဲ့ဝင်
(ဆ) ဦးစိုးသိမ်း (မောင်ဝံသ) – အဖွဲ့ဝင်
(ဇ) ဦးသီဟစော (သီဟစော) – အဖွဲ့ဝင်
(ဈ) ဦးအောင်လှထွန်း (ရိုက်တာသတင်းဌာန) – အဖွဲ့ဝင်
(ည) ဦးတင်လှိုင် (လယ်တွင်းသားစောချစ်) – အဖွဲ့ဝင်
(ဋ) ဦးခင်မောင်ထွန်း (ခင်မောင်ထွန်း၊ လမ်းမတော်) – အဖွဲ့ဝင်
(ဌ) ဦးအုန်းမောင် (မြင်းမူမောင်နိုင်မျိုး) – အဖွဲ့ဝင်
(ဍ) ဒေါ်ချိုချိုတင် (မစန္ဒာ) – အဖွဲ့ဝင်
(ဎ) ဒေါက်တာတင်ထွန်းဦး – အဖွဲ့ဝင်
(ဏ) ဒေါက်တာသာထွန်းဦး (တူဒေးမီဒီယာ) – အဖွဲ့ဝင်
(တ) ဦးမြင့်မောင် – အဖွဲ့ဝင်
(ထ) ဦးမောင်မောင်မြင့်အေး – အဖွဲ့ဝင်
(ဒ) ဦးကိုကို (ကိုကို – စက်မှုတက္ကသိုလ်) – အတွင်းရေးမှူး
(ဓ) ဦးမောင်မောင်ဦး (ဟိန်းလတ်) – တွဲဖက်အတွင်းရေးမှူး(၁)
(န) ဒေါက်တာကျော်ဇောနိုင် (မူပိုင်ခွင့်ဆိုင်ရာ ဥပဒေပညာရှင်) – တွဲဖက်အတွင်းရေးမှူး(၂)
            အမြုတေစာနယ်ဇင်းကောင်စီနှင့် ပတ်သက်၍ ဝါရင့်သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်း တင်က -
            “၁၉၆၉ မှာ လုပ်ခဲ့တဲ့ စာနယ်ဇင်းကောင်စီ ဖွဲ့တဲ့အချိန်တုန်းက စစ်အစိုးရ အဲဒီအချိန်တုန်းက တော်လှန်ရေးအစိုးရလို့ခေါ်တဲ့ စစ်အစိုးရက စာနယ်ဇင်းကောင်စီ ဖွဲ့တဲ့အခါမှာ သတင်းစာသမားတွေ၊ စာနယ်ဇင်းသမားတွေရဲ့ ဆန္ဒနဲ့အညီ ဖွဲ့နိုင်သေးရင် အခုဒီမိုကရေစီလို့ အမည်ခံတဲ့ ဒီစစ်တစ်ပိုင်းအစိုးရ ကနေပြီးတော့ ဘာဖြစ်လို့ လူတွေရဲ့ဆန္ဒ၊ စာနယ်ဇင်းလောကကလူတွေ ဦးဆောင်ဦးရွက်ပြီး ဖွဲ့တာမ ဟုတ်ဘဲနဲ့ ဘယ်သူမှမသိတဲ့၊ စာနယ်ဇင်းနဲ့လည်း ဘယ်လိုမှ ပတ်သက်နိုင်စရာအကြောင်းမရှိတဲ့လူတွေ ဘာလို့ထည့်ဖွဲ့တယ်ဆိုတာ ကျနော်နားမလည်ဘူး။ သတင်းစာလောကမှာ လုပ်ခဲ့ဖူးတဲ့လူတစ်ယောက် အနေနဲ့ ပြောရရင်တော့ သတင်းစာလောကရဲ့ အနေအထား၊ အခုသွားနေတဲ့ သုံသဏ္ဌာန်အရတော့ သတင်းစာသမားတွေကို ချုပ်ကိုင်ဖို့ ဒုတိယစာပေစီစစ်ရေးပေါ့ဗျာ။ စာပေကို စီစစ်ရုံတင်မကတော့ဘဲနဲ့ စာပေကို ထိန်းချုပ်ဖို့၊ စာနယ်ဇင်းတွေကို စီစစ်ဖို့မကတော့ဘဲ ထိန်းချုပ်ဖို့ နောက်တခါ စာနယ်ဇင်းသ မားတွေကို ထိန်းချုပ်ဖို့ လုပ်တဲ့ရည်ရွယ်ချက်တွေ ဖြစ်နေတယ်လို့ ကျနော်ကတော့ မြင်တယ်။ အဲဒီလို အဖွဲ့အစည်းမျိုးကို စောစောစီးစီးကနေပြီးတော့ ကန့်ကွက်သင့်တယ်။ စောစောစီးစီးကတည်းက စော ဒကတက်သင့်တယ်လို့ ကျနော် အဲဒီလိုပဲ မြင်တယ်” ဟူ၍ ပြောကြားခဲ့သည်။
            ထိုနည်းတူစွာ ကြေးမုံသတင်းစာ ဆရာကြီးကိုကိုကြီးကလည်း -
            “ကျနော်ကတော့ ဒီအဖွဲ့ကို လုံးဝ(လုံးဝ) သဘောမတူဘူးဗျာ။ တကယ်ဆိုရင် အသက်မွေးဝမ်း ကြောင်းလုပ်နေတဲ့ စာရေးဆရာတွေ၊ သတင်းစာဆရာတွေ ကိုယ်စားပြုတယ်လို့ ကျနော်မထင်ဘူးဗျာ။ အဲဒီမှာပါနေတာက ကျနော် ရှင်းရှင်းပြောမယ်ဗျာ။ ခရိုနီဂျာနယ်လစ်တွေပဲဗျာ။ အဲဒီလူတွေပဲ။ အဲဒီတော့ ကျနော် လုံးဝ မထောက်ခံဘူး။
နောက်ပြီး အစိုးရ ဖွဲ့စည်းတယ်ဆိုတာကိုက သဘောမကျဘူး။ ဟိုတုန်းကလည်း အစိုးရဖွဲ့ပေး တဲ့စာပေ စာနယ်ဇင်း ဘာညာဆိုတာတွေ ရှိခဲ့တာပဲ။ အစိုးရဖွဲ့တော့ အစိုးရပုသဏ္ဌာန်နဲ့ အစိုးရအလိုကျ လိုက်လုပ်မယ့်သူတွေလိုဗျ။ သတင်းစာဆရာ၊ စာနယ်ဇင်းလောကအတွက် အကျိုးပြုပြီးတော့ လုပ်ပေး တာထက် သူတို့အကျိုးစီးပွားနဲ့ အစိုးရမျက်နှာရဖို့အတွက် လုပ်ကြံမယ့်သူတွေပဲလေ။ ကျနော်တို့က တော့ ဘယ်လိုမှ လက်မခံနိုင်ပါဘူးဗျာ။” ဟူ၍ ဖွင့်ဟခဲ့သည်။
Eleven Media Group ၏ အမှုဆောင်အရာရှိချုပ် ဒေါက်တာသန်းထွဋ်အောင်ကလည်း -
“မြန်မာစာနယ်ဇင်းကောင်စီရော မီဒီယာဥပဒေတွေပါ ဂျာနယ်လစ်တွေကို သေသေချာချာ မပြ ဘဲ အစိုးရဘက်က ဇွတ်အတင်းလုပ်တဲ့အတွက် ပြဿနာတွေအများကြီး ရှိပါတယ်။ ဥပမာ နိုင်ငံ တစ်ချို့မှာ ကောင်စီဥက္ကကိုဋ္ဌ တရားသူကြီးတစ်ယောက်ခန့် ထားတယ်။ အဲဒီနိုင်ငံမှာ တရားစီရင်ရေး စနစ်က ကောင်းမွန်တယ်။ တရားသူကြီးတွေက လူလေးစားခံရသူတွေ၊ သြဇာတိက္ကမရှိသူတွေ ဖြစ် တယ်။ ဒီမှာတော့ တရားစီရင်ရေးစနစ် ချို့ယွင်းနေတာ နှစ် ၄၀ လောက်ရှိပြီး တရားသူကြီး အတော် များများကလည်း ဒီလိုအနေအထားမှာ မရှိဘူး။ ဒီလိုပုံတူကူးချတော့ တလွဲတွေ ဖြစ်ကုန်တာပေါ့။ မီဒီ ယာဥပဒေလည်း ဒီလိုဇွတ်အတင်းလုပ်ရင် ဒီလိုမျိုးပြဿနာတွေ ဖြစ်လာမှာပါပဲ။
စာနယ်ဇင်းကောင်စီဆိုတာ အမိန့်အာဏာနဲ့ ရပ်တည်တာမဟုတ်ဘူး။ ခိုင်မာတဲ့မူဝါဒနဲ့ ပါဝင်တဲ့ သူတွေရဲ့ ကိုယ်ကျင့်သိက္ခာ နာမည်ကျော်ကြား လေးစားခံရမှုတွေနဲ့ သြဇာတိက္ကမရှိရှိ ရပ်တည်တာ။ ကျနော်တို့ ဝင်မလုပ်နိုင်ပေမယ့် စာနယ်ဇင်းလွတ်လပ်ခွင့်ကို အာမခံပြီး လေးစားယုံကြည်လောက်တဲ့ ပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းသွားရင် ထောက်ခံဖို့ဝန်မလေးပါဘူး။ အခုလို အစိုးရနဲ့ သတင်းမီဒီယာတွေကြားမှာ မပြေမလည်ဖြစ်ရတာ မီဒီယာဥပဒေရေးဆွဲတဲ့ခေတ် နောက်ပြန်ဆွဲလိုတဲ့ အရာရှိကြီးတချို့ကြောင့် ဖြစ် ပါတယ်။” ဟူ၍ ထောက်ပြခဲ့သည်။
အမြုတေစာနယ်ဇင်းကောင်စီ နှင့်ပတ်သက်၍ ၂၀၁၂ သြဂုတ် ၁၅ ရက်နေ့ထုတ် Weekly Eleven News ဂျာနယ်တွင် Eleven Media Group ၏ သဘောထားကိုလည်း အောက်ပါအတိုင်း ဖေါ် ပြခဲ့သည်။
အမြုတေစာနယ်ဇင်းကောင်စီနှင့်ပတ်သက်သည့် Eleven Media Group ၏ သဘောထား
၁။ စာနယ်ဇင်းအမြုတေကောင်စီတွင် ပါဝင်သောသူများနှင့်ပတ်သက်ပြီး အောက်ပါအချက်များကို သဘောမတူ ပါ။
            (က) ဦးဆောင်မည့် ဥက္ကဋ္ဌနှင့် ဒုက္ကဋ္ဌတို့သည် စာနယ်ဇင်းလုပ်ငန်းများနှင့် ဂျာနယ်လစ်များ၏ အရေး ကိစ္စများကို နားလည်ကျွမ်းကျင်သူများ မဟုတ်ပါ။ မြန်မာနိုင်ငံ၏ တရားစီရင်ရေးစနစ်သည်လည်းကောင်း၊ တရားသူကြီးများ၏ ကိုယ်ကျင့်တရားနှင့် ဂုဏ်သိက္ခာပိုင်းသည်လည်းကောင်း၊ ယုံကြည်လက်ခံနိုင်မှုနှင့်ပတ် သက်၍ အများပြည်သူကြား မေးခွန်းထုတ်စရာများရှိနေသည်မှာ အထင်အရှားဖြစ်ပါသည်။ ၎င်းအခြေအနေမျိုး တွင် အငြိမ်းစားတရားသူကြီးတစ်ဦးအား စတုတ္ထမဏ္ဍိုင်အား ထိန်းကွပ်ပေးမည့် ဦးဆောင်ဦးရွက်နေရာတွင်ထား ခြင်းမှာ လုံးဝမလုပ်ဆောင်သင့်သောအရာဟု Eleven Media Group မှ ရှုမြင်ပါသည်။
            (ခ) ပါဝင်သောသူအများစုမှာ ယခင်အစိုးရလက်ထက်က စာပေလောကနှင့် အများပြည်သူ၏ ယုံကြည် ကိုးစားမှုမခံရသော စာပေစာနယ်ဇင်းအဖွဲ့မှ အဖွဲ့ဝင်အများစု ဖြစ်နေပါသည်။
            (ဂ) ပါဝင်သောသူအချို့မှာ စာနယ်ဇင်းကျင့်ဝတ်နှင့်ပတ်သက်ပြီး လေးစားလိုက်နာခြင်းမရှိဘဲ ကျင့်ဝတ် ကို ဖောက်ဖျက်သော သမိုင်းကြောင်းရှိနေသူများဖြစ်နေသဖြင့် စာနယ်ဇင်းအမြုတေကောင်စီ၏ အဓိကရည်ရွယ် ချက်ဖြစ်သော စာနယ်ဇင်းကျင့်ဝတ်နှင့်ဆိုင်သည့် ထိန်းကွပ်မှုကို လုပ်ဆောင်နိုင်မည်ဟု မယူဆနိုင်ပါ။
            (ဃ) စာနယ်ဖင်းကောင်စီတွင် ပါဝင်သောသူများမှာ ဤလောက၌ အလုပ်လုပ်ကိုင်နေထိုင်သော သူ များဖြစ်သဖြင့် Conflict of interest အကျိုးစီးပွားတူပြဿနာများ ဖြစ်ပေါ်လာနိုင်သော အခြေအနေတွင် ရှိနေပါ သည်။ အတွင်းရေးမှူး ဦးကိုကို၊ အဖွဲ့ဝင်များဖြစ်ကြသော ဒေါက်တာသာထွန်းဦး၊ ဦးမောင်မောင်မြင့်အေး၊ ဒေါက်တာတင်ထွန်းဦး၊ ဦးစိုးသိမ်း(မောင်ဝံသ)၊ ဦးသီဟစော(သီဟစော) တို့မှာ ထုတ်ဝေသူများဖြစ်သဖြင့် အကျိုးစီးပွားဆိုင်ရာပြဿနာများ ရှိနိုင်ပါသည်။
၂။ အမြုတေစာနယ်ဇင်းကောင်စီ၏ တာဝန်ဝတ္တရားများနှင့် ပတ်သက်၍ ကြေညာချက်ပါအပိုဒ်(၂)မှ အောက်ပါ အပိုဒ်ခွဲများကို သဘောမတူပါ။
            “(ခ) စာနယ်ဇင်းနယ်ပယ်အတွင်းမှ ပုဂ္ဂိုလ်များ၏ ရေးသားဟောပြော ဆောင်ရွက်မှုများသည် တိုင်းရင်း သားပြည်သူများ အကျိုးစီးပွားအား မထိပါအောင် ကာကွယ်စောင့်ရှောက်စေရေး၊ နိုင်ငံတော်၏ဂုဏ်သိက္ခာ မထိ ခိုင်စေရေးနှင့် နိုင်ငံတော်၏အချုပ်အခြာအာဏာ မထိခိုက်စေရေးတို့အတွက် ကြီးကြပ်ဆောင်ရွက်ရန်၊”
            အထက်ပါအချက်သည် စာပေစိစစ်ရေးမှ ရေးသားခြင်းကိုသာ စိစစ်ခဲ့သော်လည်း ယခုအမြုတေစာနယ် ဇင်းကောင်စီသည် ရေးသားခြင်းသာမက ဟောပြောခြင်းကိစ္စများကိုပင် ကြီးကြပ်ဆောင်၇ွက်ရန် အခွင့်အာဏာ ကို အလွန်အကျွံပေးထားကြောင်း တွေ့ရှိရပါသည်။ လွတ်လပ်စွာ ရေးသားခွင့်ကိုသာမက ပြောဆိုခွင့်ကိုပါ ထိပါး ထားသည့်အတွက် ၎င်းအဖွဲ့၏တာဝန်တ္တရားသည် စာပေစိစစ်ရေးထက်ပိုဆိုးသော တာဝန်ဝတ္တရားများဖြစ် ကြောင်း တွေ့ရှိရပါသည်။
            “(င) စာနယ်ဇင်းကျင့်ဝတ်များကို ရေးသားပြုစုပြဋ္ဌာန်းရန်။
             (စ) စာနယ်ဇင်းဆိုင်ရာ အတတ်ပညာနှင့် ကျင့်ဝတ်သိက္ခာများကို စာနယ်ဇင်း နယ်ပယ်အတွင်းမှ ပုဂ္ဂိုလ်များ သိရှိနားလည် လိုက်နာကျင့်သုံးရေးအတွက် လေ့ကျင့်ပညာပေးရန်။”
            စာနယ်ဇင်းကျင့်ဝတ်များကို ပြဋ္ဌာန်းရန်အတွက် ပါဝင်သော ပုဂ္ဂိုလ်အချို့၏ ကိုယ်ကျင့်တရားနှင့် စာရိတ္တ များမှာ သံသယဖြစ်ဖွယ်ရှိပါသည်။ မည်သည့်ပုဂ္ဂိုလ်များဖြစ်သည်၊ မည်သည့်အချက်များဖြင့် အကျင့်စာရိတ္တပိုင်း၊ စာနယ်ဇင်းကျင့်ဝတ်ပိုင်း ငြိစွန်းမှုရှိသည်မှာ စိစစ်သင့်သောအရာများ ဖြစ်ပါသည်။
၃။ အမြုတေစာနယ်ဇင်းကောင်စီ၏ လုပ်ပိုင်ခွင့်များမှာ လိုအပ်သည်ထက် ပိုပေးထားသော လုပ်ပိုင်ခွင့်များဖြစ် ကြောင်း အောက်ပါအချက်များအရ တွေ့ရှိရပါသည်။ ၎င်းကြေညာချက်ပါ အပိုဒ်(၃)မှ အပိုဒ်ခွဲများမှာ -
            “(က) စာနယ်ဇင်းကောင်စီ၏ စည်းမျဉ်းနှင့် လုပ်ထုံးလုပ်နည်းများ (Regulation & Procedure of the Press Council) ကို ရေးဆွဲပြဋ္ဌာန်းခြင်း။
            (င) စာနယ်ဇင်းကျင့်ဝတ်နှင့် မကိုက်ညီသော သတင်းသမားများအား ခေါ်ယူဆွေးနွေးညှိနှိုင်းခြင်း။”
            ကျင့်ဝတ်ဟူသော စကားလုံးကို ပိုင်းခြားဆုံးဖြတ်ရာ၌ Bias အဂတိတရားမပါမှုမှာ အလေးထားရမည် ဖြစ်ပါသည်။ ၎င်းအဖွဲ့၌ ပါဝင်သောသူအချို့၏ အဂတိတရားနှင့်ပတ်သက်၍ သံသယဖြစ်ဖွယ်ရှိသော အချက်အ လက်များစွာ ရရှိထားပါသည်။
            “(စ) အထက်ဖေါ်ပြပါလုပ်ပိုင်ခွင့်များကို ကျင့်သုံးဆောင်ရွက်ရာ၌ သက်သေခံဥပဒေ၊ ပြစ်မှုဆိုင်ရာကျင့် ထုံးဥပဒေ၊ တရားမကျင့်ထုံးဥပဒေနှင့် တရားမနစ်နာမှုဥပဒေ Tort တို့ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကျင့်သုံး ဆောင်ရွက်ခြင်း။”
            ယင်းဥပဒေများ ထည့်သွင်းထားခြင်းမှာ သတင်းဆိုင်ရာဖြစ်ပွားသော ပဋိပက္ခများတွင် လိုအပ်ပါက သက်သေခံစာရွက်စာတမ်းများကို တောင်းယူကြည့်ရှုရန် သက်သေခံဥပဒေကိုလည်းကောင်း၊ သတင်းရေးသား ခြင်းနှင့်ပတ်သက်၍ တရားမကြောင်းအရ တရားစွဲဆိုခြင်းဆိုင်ရာများကို ဖြေရှင်းရာတွင် အထောက်အကူပြုရန် တရားမနစ်နာမှုဥပဒေနှင့် တရားမကျင့်ထုံးဥပဒေတို့ကိုလည်းကောင်း ထည့်သွင်းထားခြင်းဖြစ်သည်။ ထို့ပြင် ဖြစ် ပေါ်လာသည့် သတင်းဆိုင်ရာဖြစ်ပွားသော ပဋိပက္ခများတွင် သမ္မာန်စာထုတ်ဆင့်ခြင်းနှင့် ပြစ်မှုဆိုင်ရာလုပ်ထုံး လုပ်နည်းများ လုပ်ဆောင်ခြင်းတို့ ဆောင်ရွက်နိုင်ရန် ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေကို ထည့်သွင်းထားသည်ဟု သုံးသပ်ရပါသည်။
            “(ဆ) ပေးအပ်သော တာဝန်နှင့် လုပ်ပိုင်ခွင့်များကို သဘောရိုးဖြင့် ဆောင်ရွက်မှုများအတွက် စာနယ် ဇင်းကောင်စီ၊ ကောင်စီအဖွဲ့ဝင်များ သို့မဟုတ် ကောင်စီတာဝန် ပေးအပ်ခြင်းခံရသူများအား ပြစ်မှုကြောင်းအရ သော်လည်းကောင်း၊ တရားမကြောင်းအရသော်လည်းကောင်း တရားစွဲဆိုခြင်းမှ ကင်းလွတ်ခွင့်ရရှိခြင်း။”
            ဤအဖွဲ့တွင် ပါဝင်သူအများစုသည် စာရေးဆရာနှင့် ဂျာနယ်လစ်များ ဖြစ်သည်။ ၎င်းတို့အား ပြစ်မှု ကြောင်းအရသော်လည်းကောင်း တရားစွဲဆိုခြင်းမှ ကင်းလွတ်ခွင့်ပေးထားခြင်းသည် ဥပဒေ၏အထက်သို့ ရောက်ရှိနေသည့်အတွက် လက်မခံနိုင်ပါ။
            “(ဈ) စာနယ်ဇင်းကျင့်ဝတ် ချိုးဖောက်မှုများနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် လိုပ်အပ်သလိုအရေး ယူဆောင်ရွက်ခြင်း။”
            စာနယ်ဇင်းကျင့်ဝတ်ဆိုသည်မှာ Moral Values စိတ်ပိုင်းဆိုင်ရာ တန်ဖိုးဖြတ်မှုများသာဖြစ်သည်။ ကျင့် ဝတ်ဖောက်ဖျက်၍ မည်သည့်ဥပဒေနှင့် မည်သည့်အဖွဲ့အစည်းကမှ အပြစ်ပေး၍မရပါ။ ဤသည်ကို ယခုအဖွဲ့မှ အသိပညာပေး၍လိုအပ်သလို အရေးယူဆောင်ရွက်မည်ဆိုသည်မှာ လုံးဝလုပ်ဆောင်သင့်သည့် ကိစ္စမဟုတ်ပါ။ အဆိုပါအဖွဲ့ဝင်များကိုယ်တိုင် ကျင့်ဝတ်နှင့်အညီ နေထိုင်ပါသလားဆိုသည်မှာ ပြန်လည်မေးခွန်းထုတ်စရာဖြစ် နေပါသည်။
၎။ “မြန်မာနိုင်ငံအမြုတေစာနယ်ဇင်းကောင်စီ၏ အဖွဲ့ဝင်များသည် ပြည်သူ့ဝန်ထမ်းတစ်ဦး၏ အခွင့်အာဏာများ ကို ရရှိစေရမည်” ဆိုသည့်အချက်မှာလည်း အာဏာကို လိုအပ်သည်ထက် ပိုပေးထားသလိုဖြစ်နေသည်။ ပြည် သူ့ဝန်ထမ်းများကဲ့သို့ ၎င်းတို့၏တာဝန်ဝတ္တရားများကို နှောင့်ယှက်မှုဟုဆိုပြီး တရားစွဲဆိုခွင့်များ စသည်ဖြင့် အခွင့်အရေးကို မလိုအပ်ဘဲ ပေးထားခြင်းဖြစ်ပြီး စာနယ်ဇင်းကောင်စီအား သတင်းမီဒီယာများက ပြန်လည်ချေပ ရေးသားခြင်း မပြုနိုင်ရန်လည်းကောင်း၊ ပါဝင်သောအဖွဲ့ဝင်များအား ဝေဖန်ခြင်းမပြုနိုင်ရန်ဖြစ်သည်။
            မကြာသေးမီက မီဒီယာများအား တရားစွဲဆိုမှုများ၊ ထုတ်ဝေခွင့်ပိတ်ပင်မှုများ၊ စာနယ်ဇင်းသမားများ အား ခေါ်ယူသတိပေးမှုများကို တွေ့ကြုံခဲ့ကြရပါသည်။ ထိုအခြေအနေမျိုးတွင် အမြုတေစာနယ်ဇင်းကောင်စီ အား ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါသည်။ ယင်းအဖွဲ့ဖွဲ့စည်းခြင်းကို စာနယ်ဇင်းများအား တိုင်ပင်ခြင်းမရှိဘဲ အစိုးရမှတိုက် ရိုက်ခန့်ထားခြင်းဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ယင်းအဖွဲ့သည် စာနယ်ဇင်းလွတ်လပ်ခွင့်ကို အာမခံနိုင်ခြင်းမရှိဟု ယူ ဆပါသည်။ ထို့ပြင် စာနယ်ဇင်းလွတ်လပ်ခွင့်အား နောက်ပြန်သွားစေနိုင်သည့် လုပ်ဆောင်မှုဟုလည်း Eleven Media Group မှ ယူဆပါသည်။ ယခုကဲ့သို့ လုပ်ဆောင်မှုသည် သတင်းမီဒီယာလွတ်လပ်ခွင့်နှင့်ပတ်သက်ပြီး မလလိုလားအပ်သော ရှုပ်ထွေးမှုများဖြစ်ပေါ်စေနိုင်သလို ကန့်သတ်ချုပ်ချယ်ခြင်းများသည် ဒီမိုကရေစီအပြောင်း အလဲအား နောက်ပြန်သွားစေခြင်းများဖြစ်စေနိုင်ပါသည်။ ထို့ကြောင့် အစိုးရအနေဖြင့် ဒီမိုကရေစီအပြောင်းအလဲ အား ရှေ့သို့သွားမည်ဆိုပါက ယခုကိစ္စအား ပြန်လည်စဉ်းစားသုံးသပ်ပေးပါရန် တိုက်တွန်းအပ်ပါသည်။
            ယခုကဲ့သို့ အစိုးရမှဦးဆောင်ပြီး စာနယ်ဇင်းအမြုတေကောင်စီ ဖွဲ့စည်းကြောင်း ကြေညာခြင်းနှင့်ပတ် သက်၍ စာနယ်ဇင်းမီဒီယာသမားများ၊ စာနယ်ဇင်းအဖွဲ့အစည်း အသီးသီးကလည်း လက်မခံနိုင်ကြောင်း ဝိုင်း ဝန်းကန့်ကွက်ခဲ့ကြသည်။
            စာနယ်ဇင်းကောင်စီတွင် ပါဝင်ကြသူအချို့မှာ ယခင်အစိုးရလက်ထက်က စာပေလောကနှင့် အများ ပြည်သူ၏ယုံကြည်ကိုးစားမှု မခံရသောစာပေနှင့် စာနယ်ဇင်းအဖွဲ့မှ အဖွဲ့ဝင်အများစုဖြစ်ပြီး ဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌမှာ လည်း စာနယ်ဇင်းလောက၏ အရးအရာများကို လုံးဝနားလည်သူများ မဟုတ်ကြောင်း ဝေဖန်ထောက်ပြကြ သည်။ ထို့အပြင် ပါဝင်သူအချို့မှာ စာနယ်ဇင်းကျင့်ဝတ်နှင့်ပတ်သက်၍ လေးစားလိုက်နာခြင်းမရှိဘဲ ကျင့်ဝတ်ကို အကြိမ်ကြိမ်ဖောက်ဖျက်ခဲ့သော သမိုင်းနောက်ခံသူများဖြစ်နေခြင်း၊ အချို့စာပေလောကတွင် အစိုးရနှင့်ဝေစား မျှစား လုပ်ကိုင်စားသောက်နေသော  စီးပွားရေးသမားများဖြစ်နေခြင်း စသောအချက်များ ထောက်ပြခဲ့ကြသည်။
            မြန်မာနိုင်ငံအမြုတေစာနယ်ဇင်းကောင်စီဖွဲ့စည်းနှင့် ကြေညာချက်အပိုဒ်(၃)တွင် ဖေါ်ပြထားသော လုပ် ပိုင်ခွင့်များကို အောက်ပါအတိုင်းပြဋ္ဌာန်းထားသည်။
(က) စာနယ်ဇင်းကောင်စီ၏ စည်းမျဉ်းနှင့် လုပ်ထုံးလုပ်နည်းများ (Regulation & Procedure of The Press Council) ကို ရေးဆွဲပြဋ္ဌာန်းခြင်း။
(ခ) စာနယ်ဇင်းလောက ဖွံ့ဖြိုးရေးကိစ္စများအတွက် လွတ်လပ်စွာဆောင်ရွက်ခြင်း။
(ဂ) နိုင်ငံတကာအဖွဲ့အစည်းများနှင့် အပြန်အလှန် ချိတ်ဆက်ဆောင်ရွက်ခြင်း။
(ဃ) သတင်းသမားများ သတင်းရယူခြင်းနှင့် သတင်းရေးသားရာ၌ ဖြစ်ပွားလာသော ပဋိပက္ခများကို စေ့စပ်ညှိ နှိုင်းပေးခြင်း။
(င) စာနယ်ဇင်းကျင့်ဝတ်နှင့် မကိုက်ညီသောသတင်းသမားများအား ခေါ်ယူဆွေးနွေးညှိနှိုင်းခြင်း။
(စ) အထက်ဖေါ်ပြပါ လုပ်ပိုင်ခွင့်များကို ကျင့်သုံးဆောင်ရွက်ရာ၌ သက်သေခံဥပဒေပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပ ဒေ၊ တရားမကျင့်ထုံးဥပဒေနှင့် တရားမနစ်နာမှုဥပဒေ (Tort) တို့ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကျင့်သုံးဆောင် ရွက်ခြင်း။
(ဆ) ပေးအပ်သောတာဝန်နှင့် လုပ်ပိုင်ခွင့်များကို သဘောရိုးဖြင့်ဆောင်ရွက်မှုများအတွက် စာနယ်ဇင်းကောင်စီ၊ ကောင်စီအဖွဲ့ဝင်များ သို့မဟုတ် ကောင်စီတာဝန်ပေးအပ်ခြင်းခံရသူများအား ပြစ်မှုကြောင်းအရသော်လည်း ကောင်း၊
(ဇ) စာနယ်ဇင်းဆိုင်ရာ ကိစ္စရပ်များအတွက် နိုင်ငံတော်အစိုးရသို့ အကြံပြုတင်ပြခြင်း။
(ဈ) စာနယ်ဇင်းကျင့်ဝတ် ချိုးဖောက်မှုများနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် လိုပ်အပ်သလိုအရေးယူ ဆောင်ရွက်ခြင်း။
(ည) စာနယ်ဇင်းကောင်စီ၏ လုပ်ငန်းတာဝန်များနှင့် သက်ဆိုင်ရာကိစ္စများအတွက် ပြည်ထောင်စုအစိုးရ အဖွဲ့မှတဆင့် ဆက်သွယ်ညှိနှိုင်းဆောင်ရွက်ခြင်း။
(ဋ) စာနယ်ဇင်း အဆင့်အတန်းမြှင့်တင်ရေးနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသား နိုင်ငံရေးကို ရှေးရှုသည့်သတင်းများ ဖွင့်လှစ်ခြင်းဟူ၍ ဖေါ်ပြထားသည်။
ကြေညာချက်အပိုဒ်(၃)မှ အပိုဒ်ခွဲများဖြစ်သော အပိုဒ်က(က) (င) (စ) (ဆ) (ဈ) တို့နှင့်ပတ်သက်ပြီး စာနယ်ဇင်းသမားများ ဝေဖန်ထောက်ပြကြသည်။
အပိုဒ်(ဆ)တွင် ဖေါ်ပြထားချက်အရ ဤအဖွဲ့တွင်ပါဝင်သူများအား တရားစွဲခြင်းမှ ကင်းလွတ်ခွင့်ပေး ထားခြင်းသည် ဥပဒေအထက်တွင် ရောက်ရှိနေခြင်းကြောင့် လက်မခံနိုင်ကြပေ။
အပိုဒ်(၃)၏ (ဈ)၌ စာနယ်ဇင်းကျင့်ဝတ် ချိုးဖောက်မှုများနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် လိုအပ် သလို အရေးယူဆောင်ရွက်ခြင်းဆိုသည်မှာ ယင်းအဖွဲ့သည် အရေးယူအပြစ်ပေးမှုသည် အာဏာပိုင်အဖွဲ့အ စည်းဖြစ်နေရာ အများစုက လက်မခံနိုင်ကြပေ။
Messenger သတင်းဂျာနယ် တာဝန်ခံအယ်ဒီတာ ကိုသူရအောင်က -
“လက်ရှိမှာ ဘယ်အဖွဲ့အစည်းပဲပေါ်ပေါ် စာနယ်ဇင်းလောကကို အကျိုးမပြုရင် မပေါ်ပေါက်စေချင်ဘူး။ ကျွန်တော်တို့ရဲ့ လွတ်လပ်စွာ ထုတ်ဖေါ်ရေးသားခွင့်၊ ပြောဆိုခွင့်တွေကို အကာအကွယ်ပေးမယ့်အဖွဲ့မျိုးကိုပဲ ကျွန်တော်တို့ လိုချင်ပါတယ်။ အရင်အဖွဲ့အစည်းတွေကို အသွင်ပြောင်းထားတဲ့ အဖွဲ့အစည်းမျိုး ကျွန်တော်တို့ မလိုချင်ပါဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ရဲ့ လွတ်လပ်စွာထုတ်ဖေါ်ရေးသားခွင့်ကို အကာအကွယ်ပေးမယ့် အ ဖွဲ့အစည်းဖြစ်စေချင်တယ်။ မဟုတ်ရင် လက်ခံမှာမဟုတ်ဘူး” ဟူ၍ ဝေဖန်ခဲ့သည်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုပြုံချိုကလည်း -
“စာနယ်ဇင်းဆိုင်ရာလွတ်လပ်ခွင့်၊ သတင်းလွတ်လပ်ခွင့်တွေ အားနည်းတယ်ဆိုလို့ရှိရင် နိုင်ငံတကာက စောင့်ကြည့်နေတဲ့၊ ပြည်သူတွေက စောင့်ကြည့်နေတဲ့ ပြုပြင်ပြောင်းလဲမှု ထင်သာမြင်သာမှုတွေက အားနည်း လာမှာပဲ။ အဲဒီတော့ အရေးကြီးတဲ့ မဏ္ဍိုင်တစ်ခုရဲ့လှုပ်ရှားမှုကို လွတ်လပ်စွာပေးသင့်သလို အဲဒီမဏ္ဍိုင်က အ ထောက်အကူဖြစ်စေမယ့် အဖွဲ့အစည်းတွေ ဖွဲ့ပြီဆိုလို့ရှိရင်လည်း အားလုံးရဲ့ကိုယ်စားပြုမှု ပါဝင်နိုင်အောင် အရေးတကြီး စဉ်းစားသင့်တယ်။ သတင်းစာလွတ်လပ်ခွင့်၊ သတင်းလွတ်လပ်ခွင့်ဟာ ဒီမိုကရေစီ အသက်သွေး ကြောဖြစ်တယ်။ အင်မတန်မှအရေးကြီးတဲ့ အခန်းကဏ္ဍပ်ဖြစ်တဲ့အတွက် ဒီနယ်ပယ်မှာ ဟန့်တားမှုတွေ၊ ပိတ်ဆို့ မှုတွေနဲ့ ကိုယ်စားပြုမှုတွေ အားနည်းမယ်ဆိုလို့ရှိရင် ကျွန်တော်တို့ ရှေ့ဆက်သွားမယ့် ပြုပြင်ပြောင်းလဲရေးကိစ္စ လမ်းကြောင်းမှာ အဟန့်အတား အနှောင့်အယှက်တွေ အများကြီးဖြစ်စေနိုင်တယ်။ ဒါကြောင့် ကျွန်တော်တို့စိုး ရိမ်တယ်” ဟူ၍ သူ၏အမြင်ကို ပြောပြသည်။
မြန်မာနိုင်ငံ သတင်းစာဆရာအသင်း ဖြစ်မြောက်ရေးကော်မတီ၏ ကြေညာချက်တွင် ပြန်ကြားရေးဝန် ကြီးဌာနနှင့် တွေ့ဆုံစဉ်က အမြုတေစာနယ်ဇင်းကောင်စီ၏ ရည်ရွယ်ချက်နှင့် လုပ်ငန်းစဉ်များတွင် အချို့သော အချက်များသည် စာနယ်ဇင်းကောင်စီအနေဖြင့် လုပ်ဆောင်ရန် မလိုအပ်သော၊ မသင့်တော်သောအချက်များ ပါ ဝင်နေသဖြင့် စာနယ်ဇင်းကောင်စီဖွဲ့စည်းမည့် အစီအစဉ်တွင် မပါဝင်နိုင်ဟု ဆွေးနွေးခဲ့ကြောင်း၊ ထို့နောက် စာ ပေစိစစ်နှင့် မှတ်ပုံတင်ဌာနက ၎င်းတို့ကော်မတီ၏ သဘောထားကို တောင်းခံခဲ့သဖြင့် တိကျစွာရှင်းလင်းတင်ပြ ခဲ့ကြောင်း၊ တာဝန်ရှိသူများက ဖြုတ်ပယ်ရန် တောင်းဆိုသောအချက်များ မပါဝင်စေရဟု ကတိပြုခဲ့ကြောင်း၊ သို့ ရာတွင် ယခုထုတ်ပြန်ကြေညာသော မြန်မာနိုင်ငံ အမြုတေစာနယ်ဇင်းကောင်စီ ဖွဲ့စည်းခြင်းကြေညာချက်၌ ၎င်း တို့တောင်းဆိုထားသော တောင်းဆိုချက်များနှင့် လုံးဝမကိုက်ညီဘဲ လက်မခံနိုင်သည့် အချက်များဖြစ်နေ ကြောင်း၊ စာနယ်ဇင်းသမားများ၏ အကျိုးစီးပွားကို အကာအကွယ်ပေးခြင်း မရှိရုံမျှမက စာနယ်ဇင်းသမားများ အား ကန့်သတ်ထိန်းချုပ်မှုများကိုပါ ဆက်လက်ပြုလုပ်မည့် အစီအစဉ်များဖြစ်သည်ဟု ယူဆနိုင်သဖြင့် ထိုအ ချက်များဖြုတ်ပယ်၍ အများလက်ခံနိုင်မည့်တာဝန်နှင့်ဝတ္တရား နှင့် လုပ်ပိုင်ခွင့်များအဖြစ် ပြင်ဆင်ပြောင်းလဲရန် လိုလားကြောင်း၊ အဆိုပါအချက်များ ပြင်ဆင်ပြောင်းလဲခြင်းမပြုပါက မြန်မာနိုင်ငံသတင်းစာဆရာများအသင်းအ နေဖြင့် စာနယ်ဇင်းကောင်စီတွင် ပါဝင်နိုင်မည်မဟုတ်ကြောင်း ကြေညာခဲ့သည်။
ဝါရင့်သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်က ယခုအဖွဲ့တွင် ပါဝင်သူများအနေဖြင့် ၎င်းတို့ တောင်းချက်များမပါဝင်ဘဲ မလိမ့်တစ်ပတ် အလုပ်ခံခဲ့ရသည်ဆိုလျှင် တုံ့ပြန်သည့်အနေဖြင့် နုတ်ထွက်ရလိမ့် မည်။ အဲဒီမီဒီယာဥပဒေတင်မကလဲ လက်ရှိရှိနေတဲ့ဥပဒေကိုလည်း လက်မခံနိုင်ဘူး။ မီဒီယာသမားတွေ တောင်းဆိုတာတွေ ဖြစ်နေတဲ့အချိန်မှာ ဒီစာနယ်ဇင်းကောင်စီဆိုတဲ့လူများဟာ ဒီဥပဒေကို ကာကွယ်စောင့် ရှောက်တဲ့အလုပ်တွေ လုပ်ရမယ်ဆိုတော့ ဘယ်လိုမှ လက်ခံနိုင်စရာအကြောင်းမရှိဘူး” ဟူ၍ ပြောကြားခဲ့သည်။
သတင်းစာဆရာကြီး ဦးသာဘန်းကလည်း -
“အမြုတေကောင်စီတွင် ပါဝင်သူများအနက် ထိပ်ပိုင်းမှပါဝင်သူများသည် စာနယ်ဇင်းကောင်စီတွင် မကြားဘူးသူများဖြစ်ကြောင်း၊ ဆောင်းပါးရေးရုံဖြင့် သတင်းစာဆရာဟု မသတ်မှတ်နိုင်ကြောင်း၊ အဖွဲ့အစည်းကို ကြီးကြပ်ရုံဖြင့် ၎င်းတို့အဖွဲ့အစည်း၏ အနေအထားကို ခန့်မှန်း၍ရကြောင်း၊ ပုဂ္ဂိုလ်ရေးအရရင်းနှီးသော်လည်း နှစ်ဖက်ချွန်၊ သုံးဖက်ချွန်ဖြစ်နေသောလူများဖြင့် ဖွဲ့စည်းထားသော စာနယ်ဇင်းအမြုတေကောင်စီအား လက်မခံ ကြောင်း” မှတ်ချက်ပြုသည်။
မကြာသေးမီက ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်သူများ မှတ်ပုံတင်နှင့် စာပေစိစစ်ဖြန့်ချိရေးလုပ်ငန်းများ ကြီးကြပ်မှုဗဟိုအဖွဲ့သည် ပုံနှိပ်သူနှင့် ထုတ်ဝေသူများ လိုက်နာကျင့်သုံးရမည့် စာပေစိစစ်သူများကို ထုတ်ပြန် လာခဲ့သည်။ ယင်းစာအုပ်နိဒါန်း၌ “မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီး ပါလီမန်ဒီမိုကရေစီစနစ်ဖြင့် လျှောက်လှမ်း ခဲ့သော ၁၉၄၈ – ၆၂ခုနှစ် ကာလများတွင် ပုံနှိပ်မီဒီယာလောကများသည် ဝါဒရေး၊ ပါတီရေး၊ ပုဂ္ဂိုလ်ရေးနှင့် ငွေ ကြေးကိစ္စများအပေါ် အခြေခံဆောင်ရွက်မှုများကြောင့် မဏ္ဍိုင်သုံးရပ်အား ထိန်းကျောင်းရမည့် ရင့်ကျက်တည် ငြိမ်သော စတုတ္ထမဏ္ဍိုင်အဖြစ် မှန်မှန်ကန်ကန် ရပ်တည်နိုင်စွမ်းမရှိခဲ့သည့်အတွက် အထိန်းအကွပ်မဲ့ ပရမ်းပတာ ပုံစံဖြစ်ခဲ့သည်ကို တွေ့ရှိရပါသည်” ဟူ၍ ဖေါ်ပြထားသည်။
ယင်းအချက်ကို စာနယ်ဇင်းသမားများက လက်မခံကြပေ။ ဝါဒရေးပါတီနောက်ခံကြောင့် တစ်ဖက်နဲ့တစ် ဖက်ပုတ်ခတ်ပြီး ရေးသည့်သတင်းစာအချို့ ရှိခဲ့သော်လည်း အများစုမှာ စာနယ်ဇင်းကျင့်ဝတ်နှင့် စည်းကမ်းကို လိုက်နာခဲ့ပေသည်။
ထို့ပြင် စာပေစိစစ်ကြီးကြပ်မှုဗဟိုအဖွဲ့ မူ(၁၂)ခုအနက် (ဋ)၌ “ပြည်သူတဦးချင်း၏ ကိုယ်ပိုင်လွတ်လပ် ခွင့်နှင့် ဂုဏ်သိက္ခာကို တိုက်ခိုင်ရေးသားဖေါ်ပြခြင်း မပြုရ” ဟူ၍ ပါရှိရာ အငြင်းပွားဖွယ်ဖြစ်နေလေသည်။ လူတ ဦးတယောက်သည် ကိုယ်ပိုင်လွတ်လပ်ခွင့်ဆိုတာ အကျင့်စာရိတ္တဖောက်ပြန်ခြင်း၊ အာဏာကိုအလွဲသုံးစားပြု၍ လာဘ်ပေးလာဘ်ယူခြင်း၊ လူ့အခွင့်အရေးနှင့် ဥပဒေချိုးဖောက်ပါက တာဝန်သိသည့် စာနယ်ဇင်းသမားတိုင်က ဖေါ်ထုတ်တင်ပြရမည်သာ ဖြစ်သည်။
တဖန် အသေးစိတ်အခြေခံရမည့် အချက်များထဲ၌ – (က) နိုင်ငံရေး ခေါင်းစဉ်အောက်တွင် -
(၄) အဂတိလိုက်စားမှု၊ တရားမဝင်မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းဝယ်မှု အဓမ္မလုပ်အားပေးခိုင်းစေမှု၊ လူကုန်ကူးမှု၊ ကလေးစစ်သား စသောအကြောင်းအရာတို့နှင့်ပတ်သက်၍ သတင်းအရင်းအမြစ်မခိုင်မာဘဲ ရေး သားဖေါ်ပြခြင်းမပြုရ။
(ခ) စီးပွားရေး ခေါင်းစဉ်အောက်တွင် -
(၂) သတင်းအရင်းအမြစ်မခိုင်မာသော စီးပွာရေးဆိုင်ရာ အချက်အလက်များ၊ သတင်း၊ ဆောင်းပါးနှင့် ဓါတ်ပုံများအား ရေးသားဖေါ်ပြခြင်းမပြုရ။
(ဃ) အထွေထွေ အောက်တွင် -
(၁) ဌာနဆိုင်ရာလုပ်ငန်းများ၊ ပုဂ္ဂလိကလုပ်ငန်းများ၏ အားနည်းချက်များအား ထောက်ပြဝေဖန်ရာတွင် အချိန်၊ နေရာ၊ အဖွဲ့အစည်းအမည် စသဖြင့် သတင်းအရင်းအမြစ်နှင့် အထောက်အထား ခိုင်လုံစွာဖေါ်ပြရမည်” ဟူ၍ ပါရှိသည်။
စာနယ်ဇင်းသမားတိုင်းသည် ခိုင်လုံသည့်သတင်းအရင်းအမြစ်မရှိပါကမရေးနိုင်ပေ။ သို့သော် မိမိသတင်း ဆောင်းပါးအတွက် ရရှိသောသတင်းအရင်းအမြစ် နေရာ၊ ဌာန၊ ပုဂ္ဂိုလ် အချက်အလက်များကို စာနယ်ဇင်းကျင့်ဝတ်စည်းကမ်းအရထုတ်ဖေါ်ပြောပြခွင့်မရှိပေ။ထုတ်ဖေါ်ပြောကြားပါကသတင်းအချက်အလက်ပေးသူ၊ ဌာန ဒုက္ခရောက်ရှိသွားနိုင်ပေသည်။
အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ၁၉၃၆ ခုနှစ်တွင် အိုးဝေမဂ္ဂဇင်း အယ်ဒီတာအ ဖြစ် ဆောင်ရွက်နေစဉ် မဂ္ဂဇင်းအတွဲ(၅)၊ အမှတ်(၁) အင်္ဂလိပ်ကဏ္ဍပ်၌ “Hell Hound at Large” (ငရဲခွေးကြီး လွတ်နေပြီ) ရေးသားသူစာကိုတက္ကသိုလ်အာဏာပိုင်က ထုတ်ဖေါ်ပြောပြောရန် စာနယ်ဇင်းကျင့်ဝတ် အရ ငြင်းဆန်ခဲ့ဖူးသည်။
ဒီမိုကရေစီစနစ်၏ရည်ရွယ်ချက်မှာ လွတ်လပ်သောလူမျိုးတို့သည် အများကောင်းကျိုးအတွက် မိမိတို့၏ အခွင့်အရေးကို လွတ်လပ်စွာအသုံးပြုနိုင်ရန် ဖြစ်သည်။ လူတို့၌ ထိုကဲ့သို့ အများကောင်းကျိုးအတွက် လွတ်လပ် စွာဆောင်ရွက်နိုင်ရန်မှာ အများကောင်းကျိုးနှင့်စပ်လျဉ်းသော သိသင့်သိထိုက်သည့် ကိစ္စရပ်များကို နားလည်မှ သာဖြစ်နိုင်ပေသည်။ ကိစ္စကောင်းဆိုးတို့ကို အုပ်ချုပ်သူအာဏာပိုင်တို့က ထိန်ချန် သတင်းအမှောင်ချထားလို၍ အုပ်ချုပ်သူများ၏အလိုဆန္ဒနှင့် ကိုက်ညီသမျှကိုသာ အသိပေးလိုသောသဘောရှိခဲ့လျှင် ဘယ်သည့်နည်းနှင့်မျှ ဒီမိုကရေစီသဘော သက်ရောက်နိုင်မည်မဟုတ်ပေ။ လွတ်လပ်စွာကန့်ကွက်နိုင်ခွင့်များ မရှိသရွေ့ တိုင်းပြည် ကောင်းကျိုးအတွက် အနစ်နာခံကာ ဆောင်ရွက်နေသည့် ပုဂ္ဂိုလ်များ၏နောက်တွင် အသိဉာဏ်နှင့် အားပေး ထောက်ခံသူများ တည်ရှိနိုင်မည်မဟုတ်ပေ။
အခြားသောအခွင့်အရေးများ ရရှိမှုသည် လွတ်လပ်စွာရေးသားပြောဆိုခွင့် သို့မဟုတ် စာနယ်ဇင်းလွတ် လပ်ခွင့် မည်မျှရှိမရှိအပေါ်၌ များစွာမူတည်နေပေသည်။
ထို့ကြောင့်ပင် ၁၉၆၄ ခုနှစ် ကုလသမဂ္ဂအထွေထွေညီလာခံ ပထမဆုံးအစည်းအဝေးမှာပင် သတင်း လွတ်လပ်ခွင့်သည် အခြေခံအကျဆုံး လူ့အခွင့်အရေးတစ်ရပ်ဖြစ်ပြီး ကုလသမဂ္ဂအဖွဲ့ကြီး အထွက်အမြတ်ပြု ထားသည့် အခြားသောလွတ်လပ်ခွင့်များအားလုံးအတွက် မှတ်ကျောက်လည်းဖြစ်သည်ဟု ဆုံးဖြတ်ကြေညာခဲ့ သည်။
စတုတ္ထမဏ္ဍိုင်ကြံ့ခိုင်မှ တိုင်းပြည်တွင် ဒီမိုကရေစီ ကျန်းမာကြံ့ခိုင်နိုင်ပေမည်။ ကြံ့ခိုင်သန်စွမ်းသော စတုတ္ထမဏ္ဍိုင်ဖြစ်ရန်အတွက် အဓိကလိုအပ်ချက်သည် စာနယ်ဇင်လွတ်လပ်ခွင့်ပင် ဖြစ်သည်။
ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၅၄ တွင်လည်း -
“နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မ ဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေနှင့်မဆန့်ကျင်လျှင် အောက်ပါအခါင့်အ ရေးများကို လွတ်လပ်စွာ သုံးစွဲဆောင်ရွက်ခွင့်ရှိသည်။
(က) “မိမိ၏ယုံကြည်ချက်၊ ထင်မြင်ယူဆချက်ကို လွတ်လပ်စွာထုတ်ဖေါ်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေ ခွင့်” ဟူ၍ ဖေါ်ပြထားရာ ဤသည်မှာ နိုင်ငံသားတို့အတွက်လည်းကောင်း၊ နိုင်ငံတော်အတွက်လည်းကောင်း အသက်တမျှအရေးပါသည့် မူလအခွင့်အရေးတရပ်ကို သတ်မှတ်ပြဋ္ဌာန်းပေးထားခြင်းဖြစ်သည်။
အဆိုပါတန်ဖိုးရှိလှသော အခွင့်အရေးကို စာအုပ်ထဲတွင်သာမကဘဲ တိုင်းပြည်နှင့်လူမျိုးအကျိုးဖြစ်ထွန်း ရေးအတွက် ထိရောက်စွာအသုံးပြုဖို့သည် နိုင်ငံသားတိုင်း၏ တာဝန်ပင်ဖြစ်သည်။
ကိစ္စရပ်တိုင်းကို သိနားလည်ကာ ဝေဖန်ထောက်ခံမှုမရှိခြင်းသည် လူထု၏အသိဉာဏ်ကို ခေါင်းပါးစေ သည်။ လူထု၌အသိဉာဏ်မရှိလျှင် အဂတိလိုက်စားခြင်းကဲ့သို့ မလိုလားအပ်သောဆိုးကျိုးများ ဖြစ်ပေါ်လာတတ် သည်။ အဂတိလိုက်စားမှုကြောင့် လူထု၏စာရိတ္တပျက်ပြားလာသည်။ ထိုအခါ အုပ်ချုပ်ရေးယန္တရားမှာလည်း ကောင်းမွန်စွာ မလည်ပတ်နိုင်တော့ဘဲ ချွတ်ယွင်းပျက်ပြားလာနိုင်ပေသည်။
ကျွန်ုပ်တို့မြန်မာမှု၌ မင်း၊ ပုဏ္ဏား၊ သူဌေး၊ ဆင်းရဲသား ဟုဆိုအပ်သော အမျိုးလေးပါးရှိ၍ ထိုအမျိုးလေး ပါးကို စောင့်ရှောက်ရမည့်တာဝန်မှာ မင်းကျင့်တရား (၁၀)ပါးဖြစ်သကဲ့သို့ စတုတ္ထမဏ္ဍိုင်ဟူသော စာပေလွတ် လပ်မှုကို စောင့်ရှောက်ရန်တာဝန်မှာလည်း ယနေ့ခေတ်တွင် ယဉ်ကျေးသောနိုင်ငံများ ကျင့်သုံးလျက်ရှိသည့် ဒီမိုကရေစီကျင့်စဉ်ပင်မဟုတ်ပါလော။
စာပေသည် ပြည်သူ၏နား၊ ပြည်သူ့မျက်စိ၊ ပြည်သူ့ပါးစပ်ပေါက်နှင့်တူရာ စာပေလွတ်လပ်မှုမရှိသော တိုင်းပြည်မှာ မျက်စိကန်း၊ နားပင်း၊ စားကားမပြောတတ်သောသူများနှင့် မခြားတော့ပေ။
“လွတ်လပ်မှုကို ချစ်မြတ်နိုးမှုသည် တခြားလူများကို ချစ်မြတ်နိုးမှုဖြစ်သည်။ အာဏာကိုချစ်မြတ်နိုးမှု သည် မိမိကိုယ်ဟာကိုယ်ချစ်မြတ်နိုးသည်” ဟူ၍ ဗြိတိသျှစာရေးဆရာ “ဝီလျံဟတ်စလေ”က ဆိုခဲ့ဖူးသည်။
စင်စစ် စာနယ်ဇင်းသမားများသည် လက်ရှိအစိုးရကို ဆီလိုအပေါက်ရှာ၊ လုပ်သမျှကို ဝေဖန်ရှုတ်ချ အပြစ်တင်နေသည် မဟုတ်ပေ။ ဖြစ်နေသောပြဿနာ၊ ကျင့်သုံးနေသောစနစ်၊ မှားယွင်းနေသောမူဝါဒ၊ ဥပဒေ တို့ကို အပြုသဘောဖြင့် သုံးသပ်တင်ပြနေခြင်းသာဖြစ်သည်။
သို့သော် အာဏာပိုင်ပုဂ္ဂိုလ်တိုင်းနှင့် ကိုယ်ကျိုးအတ္တသမားများသည် မိမိအကြောင်း သတင်းစာထဲ၊ ဂျာ နယ်ထဲပါလာသည်ကို ကြိုက်ကြသည်တော့ မဟုတ်ပေ။ အာဏာရှင်စနစ်ကျင့်သုံးနေသော အစိုးရများသည် တိုင်းပြည်၌ ပြည်သူလူထုဘက်မှရပ်တည်၍ အမှန်တရားကိုဖေါ်ထုတ်နေသော စာနယ်ဇင်းသမားများကို ရန်သူ သဖွယ်သဘောထားကာ ၎င်းတို့ရှိနေခြင်းသည် စင်ပြိုင်အစိုးရတရပ်ရှိနေခြင်းနှင့်တူသည်ဟု ခံယူ၍ နည်းမျိုးစုံ ဖြင့် နှိပ်ကွပ်နေကြသည်။ ယင်းတို့သည် ၎င်းတို့လုပ်သမျှ ကိစ္စရပ်တိုင်းကိုထောက်ခံ၍ ၎င်းတို့၏ဘုန်းတော်ဘွဲ့ ထောပနာပြုနေသူများကိုသာ အလိုရှိပေသည်။
ထို့ကြောင့် ပြည်သူလူထု၏အကျိုးကို လိုလားလေဟန်နှင့် စာနယ်ဇင်းများကို ချုပ်ချယ်ထိန်းချုပ်နေခြင်း သည် ဉာဏ်အမြော်အမြင်နည်းပါးသော အစိုးရအတွက် ကောင်းချင်ကောင်းပေလိမ့်မည်။ သို့သော် တိုင်းပြည် နှင့်လူထုအတွက်ကား ရင်လေးစရာပင်ဖြစ်သည်။ ဤအချက်ကို သိမ်းစွန်ရဲတို့၏ဇွဲမာန်ကို စာသူငယ်မသိနိုင်သ ကဲ့သို့ “ဘယ်သူသေသေ ငတေမာလျှင်ပြီးရော”ဟူ၍ သဘောထားကာ အာဏာမာန်ယစ်ကာ ထင်တိုင်းကြဲနေ သော အုပ်ချုပ်ရေးအာဏာပိုင်တို့သည် နားလည်မည်မဟုတ်ပေ။
“လူတိုင်းလူတိုင်းသည် အများကောင်းကျိုး၊ ဆိုးကျိုးနှင့်သက်နိုင်သော ကိစ္စရပ်များကို သိပိုင်ခွင့်ရှိသည်။ မိမိထင်မြင်ချက်ကို စာနယ်ဇင်းများမှ ထုတ်ဖေါ်ခွင့်ရှိသည်။ မိမိရသင့်ရထိုက်သောအခွင့်အရေးကို တရားသဖြင့် တောင်းဆိုပိုင်ခွင့်ရှိသည်”ဟူ၍ လူထုအလိုရှိသောသတင်းစာ စာအုပ်ကို ပြုစုခဲ့သော ကင်စလေမာတင် (Kingsley Martin)က ဆိုခဲ့ဖူးသည်။
လွတ်လပ်စွာပြောဆိုင်ခွင့်၊ ရေးသားခွင့်မပေးဘဲ လူထု၏ပါးစပ်နှင့်လက်ကို ထိန်းချုပ်ထားခြင်းသည် လွတ်လပ်စွာတွေးခေါ်လိုသောစိတ်ကို အကျဉ်းချထားသည်နှင့်တူပေသည်။
တနည်းဆိုရသော် စာနယ်ဇင်းလွတ်လပ်ခွင့်သည် လူတဦးစီ၏အခွင့်အရေး၊ ကျန်းမာသန်စွမ်းသော လူ့အဖွဲ့အစည်း၏ အခြေခံအုတ်မြစ်နှင့် လူမှုပြုပြင်ပြောင်းလဲရေးအင်အားစု၏ ဒေါက်တိုင်ကြီးသဖွယ် ဖြစ်နေပေ သည်။
ယင်းကြောင့်လည်း ဝါရင့်သတင်းစာဆရာကြီး ဦးဝင်းတင်က စာနယ်ဇင်းသမားတွေအနေနဲ့ အမှန်တ ရားချည်းရေနေရုံနဲ့မပြီးဘူး၊ အမှားတရားတွေကိုလည်း ထုတ်ဖေါ်တူးစွပြီးရေးရမည်”ဟု ဆိုခဲ့ပါသည်။ ထို့နည်းတူ စွာ Centre for Law and Democracy အမှုဆောင်ညွန်ကြားရေးမှူး မစ္စတာတိုအီအန်ဒဲလ် ကလည်း-
“စာပေလွတ်လပ်ခွင့်ဆိုတာ အခြာဘယ်လွတ်လပ်ခွင့်မှ ဒီလောက်အရေးမပါပါဘူး။ သတင်းအချက်အ လက်ဆိုတာ ဒီမိုကရေစီရဲ့ အောက်စီဂျင်ဖြစ်ပြီး၊ အဲဒီအောက်စီဂျင် ဆက်လက်တည်မြဲဖို့ဆိုတာ စာပေလွတ်လပ် ခွင့်က အဓိကကျတယ်” ဟု ဆိုခဲ့သည်။
စာပေလွတ်လပ်ခွင့်ကို မည်သည့်ရှုထောင့်မှပင် ကြည့်ကြည့် နိုင်ငံ့ကောင်းကျိုးကို ဆောင်သည်ချည်း ဖြစ်သည်။
သို့သော် လက်ရှိအရပ်သားအရေခြုံအစိုးရသည် ၎င်းတို့၏အာဏာအလွဲသုံးစားမှုများ၊ ကိုယ်ကျိုးရှာမှု များ၊ ရဟန်းရှင်ပြည်သူလူထုအပေါ် ဥပဒေမဲ့ရက်စက်စွာ နှိပ်ကွပ်ခဲ့မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ လာဘ်ပေးလာဘ်ယူမှုများ ဘူးပေါ်သလိုပေါ်သွားမည်ကို အကြောက်ကြီးကြောက်နေသည်မှာ ထင်ရှားပေသည်။ ထို့ကြောင့် စာနယ်ဇင်းများအပေါ်၌ နည်းပေါင်းစုံဖြင့်ထိန်းချုပ်ရန် ခေတ်အဆက်ဆက်ကြိုးပမ်းခဲ့ကြသည်။
နောက်ကြောင်းပြန်မလှည့်ပါဘူးဟု ကမ္ဘာသို့ အကြိမ်ကြိမ်ဟစ်ကြွေးနေသော်လည်း ဥပဒေမဲ့ ထင်သလို ရမ်းကားအုပ်ချုပ်နေသော အာဏာရှင်အစိုးရ၏ ဖိနပ်အောက်၌ လူထုတရပ်လုံးသည် ထိတ်လန့်တုန်လှုပ်နေ သည်မှာ မဆန်းလှပေ။ မြွေပွေးမြွေဟောက်များကို မိမိတို့ခါးပိုက်ထဲ ပိုက်ထားမိလျှင်လည်း လူတို့ကြောက်ကြ မည်မှာ ဓမ္မတာပင်ဖြစ်သည်။ သို့သော် ကြောက်လို့ကောင်းသည် မဟုတ်ပေ။ ကြောက်တတ်လျှင် ဝန်မကင်းဘဲ ဝန်ပိတတ်သည်ကို ဆင်ခြင်သင့်ပေသည်။ မတရားသော အမိန့်အာဏာ လူထုအား အမျိုးမျိုးဖိနှိပ်ထားသော ဥပဒေများကို ဖီဆန်ဆန့်ကျင် ဖျက်သိမ်းမှသာလျှင် လူတိုင်းသည် “အိပ်နိုးချမ်းသာ” ဘဝကို ရရှိပေမည်။
မည်သို့ဆိုစေ အဂတိလိုက်စားမှု၊ လူ့အခွင့်အရေးချိုးဖောက်မှု၊ အာဏာအလွဲသုံးစားမှု၊ ငါနှင့်ငါ့ဆွေမျိုး ကောင်းစားရေးမူဝါဒများ ခေါင်းမထောင်လာစေရန်အတွက် အာဏာရှင်ဆိုးတို့၏ အမှားတရားများကို ဖေါ်ထုတ် တူးစွကာ အပြစ်ရှိသူများကို တရားဥပဒေ၏ရှေ့မှောက်အရောက် ပို့ပေးရမည့်တာဝန်မှာ စာနယ်ဇင်းသမားတိုင်း ၏ သမိုင်းပေးတာဝန်ပင် ဖြစ်ပေသည်။ ထို့ပြင် စာနယ်ဇင်းလောကအား ထိန်းချုပ်ရန်အတွက် ခေတ်ပျက်စာနယ် ဇင်းသမားအတုများ၊ စီးပွားရေးကပ်ပါးများ၊ အလံရှူးဂျာနယ်သမားများ၊ အစိုးရလက်ကိုင်တုတ် အရာရှိများ၊ ဥပ ဒေသမားများ၊ လက်ရှိအာဏာပိုင်များ ပူးပေါင်း၍ မကြာမီပြဋ္ဌာန်းတော့မည့် စာပေလွတ်လပ်ခွင့်အား နားလှည့် ပါးရိုက်မည့် ပုံနှိပ်မီဒီယာဥပဒေနှင့် ဆိတ်ခေါင်းကိုချိပ်၍ ခွေးသားရောင်းစားမည့် အမြုတေစာနယ်ဇင်းကောင်စီ ကို တော်လှန်ရေးသတိဖြင့် ဝိုင်းဝန်းကန့်ကွက် ရှုတ်ချဆန့်ကျင်ကြပါဟု ကြေညာမောင်းခတ် တိုက်တွန်းလိုက်ပါ သည်။
သန်းဝင်းလှိုင်
၁၉ – ၈ – ၂၀၁၂

မြစ်ကို အလျားလိုက်ကူးခိုင်းထားခံရသော စုံစမ်းစစ်ဆေးရေး ကော်မရှင်- အောင်ထူး (ရှေ့နေ)

ကော်မရှင် ပထမ အကြိမ် အစည်းအဝေး ကျင်းပနေစဉ်။

Photo..(နိရဉ္စရာ)

ရခိုင်ပြည်နယ် အဓိကရုဏ်းနှင့် စပ်လျှဉ်း၍ အမှန်တရားဖေါ်ထုတ်ပေးရန် ပြည်တွင်းလူထုနှင့် နိုင်ငံ တကာ၏ ဖိအားများ ကျရောက်လာပြီး နောက် သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် စစ်အစိုးရသည် အမှန်တရားကို ဖုံးဖိ ထားရန်အတွက် အဖွဲ့အစည်း တခုပြီး တခုကို အသုံးချ ခဲ့သည်။ ပထမ တခုအား ပြည်ထဲရေး ဒုဝန်ကြီး ဦးဆောင် စေခဲ့သည်။ ဖွဲ့စည်း စေလွှတ် စုံစမ်းစစ်ဆေးခဲ့သော်လည်း မည်သည့်အစီရင်ခံစာ တစွန်းတစမျှ ပြည်သူလူထုအတွက် ထွက်ပေါ်ခဲ့ခြင်း မရှိပါ။ ဒုတိယ တခုမှာ လူ့အခွင့်အရေး ကော်မရှင်ဖြစ်သည်။ ယင်းမှာလည်း ပြည်ထဲရေး ဒုဝန်ကြီး ဦးဆောင်သည့် အဖွဲ့နှင့် ခြားနားမှုများစွာ မရှိလှပါ။ အမှန်တရားနှင့် စပ်လျှဉ်း၍ အားကိုးလောက်သော အချက်များ ပေါ်ထွက်မလာသည့်အပြင် လူ့အခွင့်အရေးရှုဒေါင့်မှပင် တိကျသည့် သုံးသပ်ချက်များ မထုတ်နိုင်ခဲ့ပါ။ ဟော ယခု တတိယ အဖွဲ့တခု လာပြန် ချေပြီ။



ရွာတရွာတွင် ရွာသူကြီး ကိုယ်တိုင်က ပြစ်မှုကျူးလွန်သည် ဟု စွပ်စွဲခံရသော အမှု၌ ယင်းကိုစုံစမ်းစစ်ဆေးရန် အတွက် ရွာသူကြီးက ပထမ ၄င်း၏ ညီကို တာဝန်ပေးလိုက်သည်။ သမ္မတက ခန့်ထားသော ပြည်ထဲရေး ဒုတိယ ၀န်ကြီးသည် ရွာသူကြီး၏ညီအဆင့်ထက် မည်သို့မျှ မပိုပါ။ ဘာတခုမျှ စုံစမ်းစစ်ဆေး ဖေါ်ထုတ်မှု မတွေ့သဖြင့် ရွာသားတွေက မကြေနပ်ကြောင်း ဆန္ဒထုတ်ဖေါ်ကြသည်။ ဤတွင် ရွာသူကြီး က ဒုတိယ ၄င်း၏ တူကို လွှတ်လိုက်ပြန် သည်။ သမ္မတ က ခန့်ထားခြင်းခံရ၊ သမ္မတရုံး၏ အစိပ်အပိုင်းတရပ်အနေဖြင့် ရပ်တည်၊ သမ္မတက ချပေးသော ငွေ ကြေးဖြင့် လုပ်ငန်း လည်ပတ်နေရသော လူ့အခွင့်အရေးကော်မရှင်သည် ရွာသူကြီး၏ တူ အဆင့်ထက် မည်သို့မျှ မပိုပါ။ ရွာသူကြီး၏ တူ သည်လည်း အမှန်တရားပေါ်အောင် ဘာတခုမျှ ထုတ်ဖေါ်ချက် ထွက်မလာသော အခါ ရွာသားတွေက မကြေနပ် ကြောင်း ဆက်လက်ဆန္ဒထုတ်ဖေါ်ကြပြန်သည်။ ဤတွင် ရွာသူကြီး က တတိယ အဆင့်အနေဖြင့် မွေးစားဦးလေး တဦး ကို ထပ်မံပြီး စေလွှတ်လိုက်ပြန်သည်။



မွေးစားဦးလေး ဟူ၍ သုံးလိုက်သဖြင့် စာရှုသူအနေဖြင့် မအံ့သြပါနှင့်။ ဦးလေးကို မွေးစားတာမှ မရှိတာ ဟူ၍ စောဒက မတက်ပါနှင့်။ စစ်အာဏာရှင်စနစ်အောက်တွင် မရှိသည့်အရာများ ရှိခဲ့သည်မှာ ကြာလှပါပြီ။ သမ္မတရုံးညွှန်ကြားရေးမှုး ဦးဇော်ဌေး က သြဂုတ်လ ၁၇ ရက်နေ့ ဘီဘီစီနှင့် အင်တာဗျူး တွင်ပြောကြား သွားသည်ကို လေ့လာကြည့်ပါ။



"အစိုးရချည်းဘဲ အများထောက်ခံမှုမရနိုင်ဘူး။ ပြည်သူလူထု ပါဝင်မှုလည်း အလေးထားရမယ်။"



အများထောက်ခံမှုရစေရန်သာ ရွာသူကြီးက ရွာသားများအနက်မှ ပုဂ္ဂိုလ်အချို့ကို စုံစမ်းစစ်ဆေးစေရန် ဖွဲ့စည်းပေး လိုက်ပြန်ခြင်း ဖြစ်သည်။ ဖြစ်ပွားခဲ့သော အဓိကရုဏ်းကြီးနှင့် စပ်လျှဉ်း၍ တာဝန်ရှိမှုကို ဖေါ်ထုတ်ရန် အတွက် ဖွဲ့စည်း ပေးလိုက်ခြင်း မဟုတ်ပါ။ သမ္မတရုံး၏ အမိန့်



ကြော်ငြာစာကို အစအဆုံး အသေအချာ ဖတ်ကြည့်ပါ။ ဖြစ်ရပ်မှန် စုံစမ်း စစ်ဆေးစေရန် ဟုသာ ပါရှိပြီး တာဝန်ရှိမှုကို ဖေါ်ထုတ်ရန် ဟူသည် ကို မည်သည့်နေရာတွင်မျှ တွေ့ရမည် မဟုတ်ပါ။ သို့ဖြစ်၍ ဤကော်မရှင်အားလည်း အရေးပေါ်မွေးစားဦးလေးထက် ပို၍ သမ္မတက ကြောက်ရွံ့လေးစားမည် မဟုတ်ပါ။ အဘယ်ကြောင့်ပါနည်း။



ရခိုင်ပြည်နယ်အဓိကရုဏ်းနှင့် စပ်လျှဉ်း၍ စုံစမ်းစစ်ဆေးရန် ဖွဲ့စည်းတာဝန်ပေးမှုဖြစ်စဉ် တစုံလုံးလွဲမှားနေ၍ ဖြစ်သည်။ ရွာသူကြီးကိုယ်တိုင်



ပြစ်မှုကျူးလွန်ပါသည် ဟု စွပ်စွဲခံရသော မှုခင်းတွင် စုံစမ်းစစ်ဆေးစေဘို့ အခွင့်အာဏာကို ရွာသူ ကြီး ကဘဲ ကျင့်သုံးပြီး တဖွဲ့ပြီးတဖွဲ့ အသုံးချနေသည်ကိုက လွဲမှားနေပါသည်။ ရွာသူကြီးအား ဖြုတ်ပိုင်ခန့်ပိုင်ခွင့် ရှိသူ က စုံစမ်းစစ်ဆေးရေး အဖွဲ့ဖွဲ့ပေးမှသာ သဘာဝကျ ပါမည်။ နိုင်ငံများတွင် သမ္မတ၊ ၀န်ကြီးချုပ်စသူများကို ဖြုတ်ပိုင်ခွင့် ရှိသူများ၊ အယုံအကြည်မရှိ အဆိုတင်ပိုင်ခွင့် ရှိသူများမှာ လွှတ်တော် နှင့် လွှတ်တော်အမတ်များ ဖြစ်ကြသည်။







ရွာသူကြီးနှင့် စပ်လျှဉ်း၍ စုံစမ်းစစ်ဆေးစေ၇န် ပေါ်ပေါက်လာသောဖြစ်ရပ်မှာ ရိုးရိုးမှုခင်း မဟုတ်ပါ။ လူ့အခွင့်အရေး နှင့် စပ်ဆိုင်နေသည်။



ဤတွင် လူ့အခွင့်အရေး နှင့် နိုင်ငံတကာ၏ ပါဝင်ပတ်သက်မှုကို တစုံတရာ ရှင်းရန်လိုပါမည်။ သာဓက ပြပါမည်။ လူ့အခွင့်အရေးတွင် အသက်ရှင်သန်ပိုင်ခွင့် ဟူ၍ရှိပါသည်။ လူတဦးက အခြားတဦးကို သတ်ခြင်းမှာ အသတ်ခံရသူ၏ အသက်ရှင်သန်ပိုင်ခွင့် ကို ရုပ်သိမ်းလိုက် ခြင်းပင် ဖြစ်သည် ဟု နားလည်၍ရနိုင်သည်။ လူတဦးက အခြားလူတဦး၏ အသက်ရှင်သန်ပိုင်ခွင့်ကို ရုပ်သိမ်းလိုက်ခြင်းအားဖြင့် လူ့အခွင့် အရေးချိုးဖေါက်မှုကျူးလွန်ခြင်းဟု ဆိုနိုင်သည်။ သို့ရာတွင် နိုင်ငံတနိုင်ငံအတွင်း၌ လူတဦးက သို့မဟုတ် အများက အခြားလူတဦး သို့ မဟုတ် အများ၏ အသက်ရှင် သန်ပိုင်ခွင့်ကို ရုပ်သိမ်းလိုက်သော်လည်း နိုင်ငံတကာအနေဖြင့် လူ့အခွင့်အရေးရှုဒေါင့်မှ ချက်ခြင်း ထောက် ပြခြင်း ပါဝင်ခြင်း မရှိကြပါ။ အဘယ်ကြောင့်ဆိုသော် ရိုးရိုးသာမန်ပြစ်မှုအတွင်းတွင် အကြုံးဝင်သောကြောင့်ဖြစ်သည်။







နိုင်ငံတနိုင်ငံ၌ ပြည်သူအချင်းချင်းအတွင်း ဖြစ်ပွားသော လူသတ်မှု၊ မုဒိမ်းမှု၊ လုယက်မှု၊ နာကျင်စေမှု၊ မီးရှို့မှု၊ စသည် တို့အားလုံးမှာ ရိုးရိုးပြစ်မှုများ ဖြစ်နေသည်။ သက်ဆိုင်ရာနိုင်ငံ၏ ပြည်တွင်းရေးလည်း ဖြစ်နေ သည်။ ၄င်းနိုင်ငံအတွင်းရှိ တည်ဆဲ ဥပဒေများအရ ပြစ်မှုကျူးလွန်သူများအား အရေးယူ ဆောင်ရွက် သွားရန်သာ ဖြစ်သည်။ နိုင်ငံတကာက ၀င် ရောက်ပြောဆိုကြလေ့မရှိ။ ပါဝင်ဆောင်ရွက်ကြလေ့မရှိပါ။







"အိန္ဒိယ နိုင်ငံ အာသံပြည်နယ်မှာ ဖြစ်ပွားနေတဲ့ လူမျိုးရေးအဓိကရုဏ်းကိုတော့ နိုင်ငံတကာက ဘာမှမပြောဘူး။မြန်မာ နိုင်ငံကိုတော့ ပြောလာတယ်။ ဒါ မတရားဘူး။" ဟူ၍ ထောက်ပြသူများ ရှိသည်။ သို့ဖြစ်လျှင် အိန္ဒိယ နှင့် မြန်မာနိုင်ငံ မည်သို့ကွာခြားနေပါသနည်း။ အိန္ဒိယ တွင် ဖြစ်ပွားသော လူမျိုးရေး အဓိကရုဏ်းမှာ သာမန်မှုခင်းဖြစ်သည်။ အစိုးရက လှုံ့ဆော်၊ ဖန်တည်း၊ ပါဝင်ကျူးလွန်မှုကြောင့် ဖြစ်ပွားရသည်ဟူသော စွပ်စွဲသံများ မကြားရ။ မွတ်ဆလင် လွှတ်တော် ကိုယ်စားလှယ်များက တောင်းဆိုခဲ့ကြသည်မှာ ပြည်နယ်အစိုးရက အဓိကရုဏ်းကို ကိုင်တွယ်ရာတွင် အားနည်း နေ သည်။ ပြည်ထောင်စု အစိုးရက တိုက်ရိုက်ဝင်ကိုင်သင့်သည် ဟူ၍ဖြစ်သည်။ သို့ဖြစ်၍ အိန္ဒိယ အရေးတွင် နိုင်ငံတကာ က ၀င်ရောက်ပြောဆို၇န် အကြောင်းမရှိ။ မည်သည့်နိုင်ငံမှာ မဆို ယင်းအဓိကရုဏ်းမျိုးဖြစ်ပွားလျှင် အစိုးရ ကသာ အလယ်မှာ တည့်တည့် ရပ်၍ သူ့နိုင်ငံအတွင်း ဖြစ်ပွားသော အဓိကရုဏ်းများအား သူကိုယ်တိုင် ဖြေရှင်းဆောင် ရွက် ပါက နိုင်ငံတကာက ၀င်ေ၇ာက်စွက်ဘက် ပြောဆိုစရာ အကြောင်းမရှိပါ။







မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အဓိကရုဏ်းတွင်မူ အစိုးရကိုယ်တိုင်ပါဝင်ကျူးလွန်မှုများပြုနေကြောင်း နိုင်ငံတကာလူ့အခွင့် အရေး အဖွဲ့အစည်း ကြီး များ က စတင်ထောက်ပြလာသဖြင့် ဤပြသနာကို လူ့အခွင့်အရေးရှုဒေါင့်မှ ဝေဘန်ဆွေးနွေး မှုများ ပို၍ကျယ်လောင် လာခြင်းဖြစ် သည်။ အစိုးရ၏ ပါဝင်ပတ်သက်မှု မှာပင် ဦးသိန်းစိန် ဦးဆောင်သည့် ပြည်ထောင်စု အစိုးရတွင် ပို၍တာဝန်ရှိကြောင်းတွေ့ရသည်။ အဘယ်ကြောင့်ဆိုသော် အဓိကရုဏ်းအတွင်း ပြည်ထောင်စု ၀န်ကြီးများ ကသာ နေရာ တကာ ၀င်ရောက်အမိန့်ပေးနေကြသည်ဟူသော တိုင်းတန်းချက်များ ထွက်ပေါ်လာခဲ့သောကြောင့် ပင်။ မြန်မာနိုင်ငံ အတွင်း၌ စစ်အစိုးရက လူ့အခွင့်အရေးချိုးဖေါက်မှုများပြုခဲ့သဖြင့် ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ လူ့ အခွင့် အရေး အဖွဲ့အစည်းကြီးများက ၀င်ရောက်ပြောဆိုလာခဲ့ကြသည်မှာ ယခုမှ မဟုတ်ပါ။ အနည်းဆုံးအားဖြင့် ဆယ်စုနှစ် နှစ်စု ကျော်ခဲ့ပါပြီ။



နိုင်ငံတကာအနေနဲ့ လူ့အခွင့်အရေး ရှုဒေါင့်ကဆိုပြီးတော့ ရိုဟင်ဂျာ မွတ်ဆလင်တွေ ခံရတာတော့ ထောက်ပြပြော ဆိုမှု ပြု ကြတယ်။ ရခိုင်တိုင်းရင်းသားတွေ ခံရတာတော့ ဘာကြောင့် မပြောသလဲ။ ရခိုင်တွေကရော လူမဟုတ်ဘူး လားဟူ၍ ဂရုဏာ ဒေါသောဖြင့် ဝေဘန်ကြသည်ကိုလည်း ကြားရသည်။ ဤသည်ကိုလည်း လိုက်စဉ်းစားဘို့်လိုပါမည်။ လူ့အခွင့်အရေးရှုဒေါင့်မှ နှစ်ဖက်မျှတစွာ ကြည့်ရန်တာဝန်ရှိပါလျှက် နိုင်ငံတကာသည် အမှန်တကယ် ဘက်လိုက်နေ သလား ဟူ၍ဖြစ်သည်။ အထက်တွင် တင်ပြခဲ့သကဲ့သို့ပင် နိုင်ငံတကာအမြင်မှ ကြည့်လျှင် လူ့အခွင့်အရေး ချိုးဖေါက် မှုကို အစိုးရကိုယ်တိုင်က ပြုလုပ်ခြင်းဟုတ် မဟုတ် ဆိုသည်ကို အဓိကကြည့်သည်။ လက်ရှိအာဏာရနေသော သမတ ဦးသိန်းစိန်ခေါင်းဆောင်သည့် စစ်အစိုးရသည် ရခိုင်တိုင်းရင်းသားများအပေါ် လူ့အခွင့်အရေးချိုးဖေါက်မှုကျူးလွန်နေပါ သလား။ သံသယဖြစ်ဘွယ်အချက်အလက်များ တွေ့ရှိလျှင် နိုင်ငံတကာသိအောင် တင်ပေးစေလိုပါသည်။ တစုံတရာ ခိုင်မာ လုံလောက်သည်ဟု ယူဆပါက ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းကြီးများသည် ချက်ခြင်းပင် စိတ်ဝင်တစား တုန့်ပြန်ရန် သေချာသလောက်ဖြစ်သည်။



အမှန်တရားပေါ်ပေါက်ရေးအတွက် အစိုးရ၏ လုပ်ဆောင်မှုများအပေါ် စစ်ဆေးသင့်ကြောင့် သာဓက ဆက်လက်တင်ပြ ပါမည်။



စစ်တွေမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဦးအောင်မြတ်ကျော် က ပုဒ်မ ၁၄၄ အောက်တွင် ထုတ်ထားသော ညမထွက် ရ အမိန့်ကို ချိုးဖေါက်သည်ဟူ၍ ရခိုင်တိုင်းရင်းသား ၆၅ ဦးကို ဖမ်းပြီး ထောင်ချခဲ့ကြောင်း။ ၄င်းတို့မှာအလုပ် အပြန် နောက်ကျ၊ နာရေးသွားကြ သူများဖြစ်ကြောင်း၊ ရခိုင်တိုင်းရင်းသားတွေသာ ယင်းသို့ထောင်ချခံထားရပြီး ဘင်္ဂါလီ ကုလား တွေကို တယောက်မှ မတွေ့ကြောင်း ၄င်းက သြဂုတ်လ ၂၃ ရက် ဘီဘီစီ အင်တာဗျူးတွင် ပြောကြားသွား ခဲ့သည်။



တချိန်တည်းတွင် ဘူးသီးတောင်မြို့နယ် လွှတ် တော်ကိုယ်စားလှယ်ဦးရွှေမောင်က ဘူးသီးတောင်တွင်မူ ထောင်ဒဏ် (၁၀) နှစ် အထိ အပြစ်ပေး ခံ ရသူ မွတ်ဆလင် ၁၀ ယောက်ခန့်ရှိကြောင်း၊ ၈ ရက်နေ့ဆူပူ မှု တွင် ပါဝင် ပတ်သက် ကြောင်းဖြင့် စွပ်စွဲကာ ၈ ရက် နှင့် ၉ ရက်နောက်ပိုင်းတွင် ဖမ်းခဲ့ခြင်း ဖြစ်ကြောင်း၊ ၄င်းတို့သည် ရှေ့နေငှား ခွင့်မရ၊ သက်သေခေါ်ခွင့်မရှိ၊ သက်ဆိုင်ရာ မိသားစုများအားလည်း တွေ့ခွင့်မရကြောင်း၊ တရားလိုဘက်က သက်သေ များကို သာ စစ်ဆေး၍ပြစ်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း စသည်ဖြင့် ပြောသွားခဲ့ပြန်သည်။



ဦးအောင်မြတ်ကျော်၏ ပြောကြားချက်ကို အခြေခံလျှင် လူအုပ်စု နှစ်ဘက်လုံးမှ ညဘက်ကို ထွက်ပါလျှက် အုပ်စု တခု မှ လူများကို တနည်းအားဖြင့် ရခိုင်တိုင်းရင်းသားများကိုသာ ရွေးချယ်ဖမ်းဆီးပြီး အခြားအုပ်စုမှလူများအား ဖမ်းဆီး ခြင်း မပြုသည့် သဘော ဆောင်သည်။ ယင်းသို့ဖြစ်လျှင် ခွဲခြားဆက်ဆန်ကိုင်တွယ်ခြင်း ဖြစ်သည်။ ယင်းဖြစ်ရပ်မှန်လျှင် ရခိုင် တိုင်းရင်းသားများ၏ လူ့အခွင့်အရေး အရ တန်းတူရေးခံစားခွင့်ကို အစိုးရအာဏာပိုင်များက ငြင်းဆန်ရာရောက် သည်။ ဥပဒေစိုးမိုးရေးကို လည်း ရုပ်သိမ်းခြင်းဖြစ်သည်။ ဤသည်ကို လက်ခံ၍မရပါ။ ယင်းအတွက် တာဝန်ရှိသူမှာ စစ်တပ်၊ ရဲ အပါအ၀င် လုံခြုံရေးတပ်ဖွဲများ၏ အမြင့်ဆုံးအရာရှိကြီးများ၊ ၄င်းတို့ အပေါ် တိုက်ရိုက်အမိန့်ပေးခွင့်ရှိသော အုပ်ချုပ်ရေး အာဏာပိုင်အဆင့် ဆင့်များဖြစ်သည်။ စုံစမ်းစစ်ဆေးရေးကော်မရှင် အနေဖြင့် ၄င်းတို့ကိုစစ်ဆေးပြီး အမှန် တရားကို ဖေါ်ထုတ်ရပါမည်။



ဦးရွှေမောင်၏ ပြောကြားချက်ကို အခြေခံလျှင် အဖမ်းခံရသူများအနေဖြင့် မှုခင်းတွင် တရားမျှတစွာ စစ်ဆေးခံယူပိုင်ခွင့် ဆုံးရှုံးနေသည့် သဘောဆောင်သည်။ တရားစီရင်ရေးနှင့် စပ်လျှဉ်း၍ တည်ဆဲဥပဒေများပါ လူတိုင်းရသင့်သည့် အခွင့် အရေးများ ရုပ်သိမ်းခံရသလို ဖြစ်နေသည်။ အမှုများတွင် ခုခံချေပခွင့် ဟူသည်မှာ စစ်အစိုးရ၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံမှာ ပင် ပြဌာန်းပါရှိသည်။ ပုဒ်မ ၁၄၄ ထုတ်ထား သော်လည်း ယင်းအခွင့်အရေးကိုရုပ်သိမ်း၍မရပါ။ ယင်းသို့ဖြစ်ပါကတာဝန် ရှိသူများမှာ အဆိုပါမှုခင်းများအား ကိုင်တွယ်စစ်ဆေးခဲ့ သည့် တရားရုံးများနှင့် တရားသူကြီးများဖြစ်သည်။ စုံစမ်း စစ် ဆေး ရေးကော်မရှင်အနေဖြင့် ၄င်းတို့အား စစ်ဆေး ဖေါ်ထုတ်ရန် လိုအပ်ပါသည်။


အဓိကရုဏ်းကြီးအတွင်းဖြစ်ပွားခဲ့သည့် ပြစ်မှုဆိုင်ရာ မှုခင်းများ အားလုံးမှာ လျှို့ဝှက်ချက်များနှင့် ပြည့်လျှက်ရှိသည်။ ပထမဆုံး စတင်ဖြစ် ပွားခဲ့သည့် ရခိုင်မိန်းခလေးတဦးအား မုဒိမ်းကျင့်ပြီး သတ်ခဲ့သည် ဟူသော အမှုတွင် တရားခံသုံးဦး အနက် တဦးမှာ အချုပ်ခန်းအတွင်း၌ ကြိုးဆွဲချသေဆုံးသွားကြောင်းသိရသည်။ အမှန်တကယ် ကြိုးဆွဲချသေတာ ဟုတ် ရဲ့လား။ မည်သည့်စစ်ဆေးဖေါ်ထုတ်မှုမျှ မကြားရ။ သေမှုသေခင်း စစ်ဆေးခဲ့သည့် မှုခင်းမှတ်တမ်းမရှိ။ ဤမျှနှင့် ဇာတ် လမ်းပြီးဆုံးသွားသည်။ အဓိကရုဏ်းဖန်တည်းဘို့ မှုခင်းကျူးလွန်ခိုင်း ခံရသူက နောင်ကို အမှန်တရား ထုတ်မပြော နိုင် စေရန် နုတ်ပိတ်လိုက်သလား။ သံသယများ ရှင်းသွားစေရန် အမှန်တရားကို ဖေါ်ထုတ် ရပါမည်။



ထို့အပြင် ကုလသမဂ္ဂ၀န်ထမ်းများအား အရေးယူခဲ့သည့် မှုခင်းများ အပါအ၀င် အဓိကရုဏ်းအတွင်း ပြစ်မှုဆိုင်ရာ အရ အရေးယူခဲ့သည့် မှုခင်းများအားလုံး၌ သတင်းဌာနများ၏ မေးမြန်းခွင့်၊ အများပြည်သူ၏ သိရှိခွင့်များ ရုပ်သိမ်းခံနေရဆဲ ဖြစ်ကြောင်းတွေ့ရသည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဌာန်းပါရှိသည့် အများပြည်သူရှေ့မှောက်တွင် တရားစီရင်ရေး ဆိုသည်မှာ အသံသာရှိပြီး အဆန်မရှိဖြစ်နေ သည်။ တရားရုံးများ၏ အမှုတွဲများသည် တိုင်းပြည်၏ လျှို့ ၀ှက်ချက်မဟုတ်ပါ။ အများနှင့် ဆိုင်သော စာတမ်းအမှတ်အသားများဖြစ်သည်။ သက်ဆိုင်သူများက သတ်မှတ်သော အခကြေးငွေပေးလျှင် မိတ္တူကူးခွင့်ပြုရပါမည်။ ယင်းအမှုတွဲမှတ်တမ်းများအား လေ့လာခွင့်ရလျှင်ပင် အမှန်တရားကို အတော်အသင့်ထုတ်ဖေါ်နိုင်ပါမည်။



ချုပ်၍ ဆိုရလျှင် စုံစမ်းစစ်ဆေးရေးကော်မရှင် တရပ်ရပ်က အမှန်တရားဖေါ်ထုတ်ရာတွင် ပထမဆုံးအနေနှင့် ပြစ်မှု ကြောင်းအခြေခံများနှင့် စပ်လျှဉ်း၍ သမတ ဦးသိန်းစိန်မှစပြီး အခြားတာဝန်ရှိအစိုးရအဖွဲ့ဝင်အဆင့်ဆင့်၊ အုပ်ချုပ် ရေးအာဏာပိုင်အဆင့်ဆင့်၊ တရားစီ၇င်ရေး အပါအ၀င် တိုင်းပြည်ယန္တယားများနှင့် လုံခြုံရေးအရတာဝန်ယူ ဆောင် ရွက်ခဲ့ကြသည့် စစ်တပ် ရဲ စသည့် လုံခြုံရေး ဆိုင်ရာအဖွဲ့အစည်း အဆင့်ဆင့်တို့အား အဓိကအားဖြင့် ဇောင်းပေး၍ စစ်ဆေးရန်ဖြစ်သည်။ သမ္မတရုံးညွှန်ကြားရေးမှုး ဦးဇော်ဌေး က



"ပြစ်မှုဆိုင်ရာတွေ အတွက် ပြည်ထဲရေး ဒုဝန်ကြီး ဦးဆောင်ဖွဲ့ခဲ့တာရှိတယ်။ ပြစ်မှုတွေဟာ ပြည်နယ် အဆင့် ကြီး မားကျယ်ပြန့်တဲ့ အတွက် ပြည်ထဲရေး ဒုဝန်ကြီး ကိုယ်တိုင် စစ်ဆေးတယ်။ Criminal Investigation (ပြစ်မှုဆိုင်ရာ စုံးစမ်းစစ်ဆေးရေး) ဖြစ်တယ်။ အခုဟာက community (လူ့အသိုင်းအ၀ိုင်း) နှစ်ခုရဲ့အကြားက ပဋိပက္ခတွေ --" ဟု ပြောသွားခြင်းကို ထောက်လျှင် ပြစ်မှုဆိုင်ရာတွေ အတွက် စစ်ဆေးပြီးပြီ ဟု ပြောလိုပုံရသည်။ အဓိကရုဏ်းကြီးအတွင်း ဖြစ်ပွားခဲ့သည့် ပြစ်မှုဆိုင်ရာမှုခင်းကြီးများနှင့်စပ်လျှဉ်းပြီး ယခုဖွဲ့ပေး လိုက်သည့် ကော်မရှင်က စုံစမ်းရန်မလိုဟုလမ်းညွှန် သည့်သဘော ဆောင်သည်။ ဤသည်ကို လက်မခံသင့်ပါ။ လူ့အသိုင်းအ၀ိုင်းနှစ်ခု အကြားက ပဋိပက္ခ ကိုတော့ အဖြေ တွေ့အောင်ရှာ၊ ပြစ်မှုဆိုင်ရာ မှုခင်းကြီးတွေနဲ့ပတ်သက်ပြီး အစိုးရရဲ့တာဝန်ရှိမှုကို ဖေါ်ထုတ်ဘို့ ကတော့ ခင်ဗျားတို့ အလုပ်မဟုတ်ဘူး ဟု ဆိုလိုရာရောက်သည်။



အစိုးရ ကိုယ်တိုင်က ပါဝင်ကျူးလွန်သော မှုခင်းဖြစ်လျှင် ကော်မရှင်အနေဖြင့် ၄င်းအားပေးအပ်ထားသော တာဝန်ဖြစ် သည့် "ကွဲပြားသော အယူဝါဒ ရှိသူ မတူညီသည့် လူမျိုးစုများအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်မည့် နည်း လမ်းများ ရှာဖွေရန်" ဟူသည်မှာ မည်သည့်အခါတွင်မျှ အောင်မြင်မည် မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် နောင်ကို လည်း အစိုးရကိုယ်တိုင်က ပဋိပက္ခထပ်မံဖန်တည်းမှာ ကို စိုးရိမ်ရသောကြောင့်ဖြစ်သည်။



ဦးသိန်းစိန်ကိုယ်စား ဦးဇော်ဌေးလမ်းကြောင်းချပေးနေသည်ကို လက်ခံလျှင် တရားခံအစစ်ကို မည်သည့်အခါတွင်မျှ ဖေါ်ထုတ်နိုင်မည် မဟုတ်ပါ။ တရားခံအစစ်မပေါ်ပါက အနာရင်းကို မသိသဖြင့် ဆေးစစ်ဆေးမှန် မတွေ့နိုင်ပါ။ စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဝင်များသည် အောက်ခြေ တွင်သာ ဟိုမေးသည်လိုက်ဖြင့် ဖတ်ဖတ်မောကာ မြစ်ကို အလျားလိုက်ကူးခိုင်းခံထားရသလို ဖြစ်နေပါမည်။ ယင်းသို့ မဖြစ်လိုပါက စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ ပထမဆုံး အလုပ်မှာ ရခိုင်ပြည်နယ်တွင် မရှိပါ။ နေပြည်တော်တွင် ရှိပါ မည်။ သမတ ဦးသိန်းစိန်ကို စတင် စုံစမ်းမေးမြန်းရန် ဖြစ်သည်။ အဓိကရုဏ်းကာလအတွင်း သမတရုံးနှင့် သက်ဆိုင် ရာ ၀န်ကြီးများက ထုတ်လိုက်သည့် အမိန့်များ၊ ညွန်ကြားလွှာများ၊ ကြေးနန်းများ၊ တယ်လီဖုံးမှတ်တမ်းများ၊ ၀န်ကြီး အဖွဲ့ အစည်းအဝေးမှတ်တမ်းများကို ဖတ်ရှု လေ့လာ၇န်လိုပါမည်။ ဤလုပ်ပိုင်ခွင့်များ မရနိုင်ပါက ယခုအသစ်ဖွဲ့လိုက်သော ကော်မရှင်သည် အစိုးရ၏ တာဝန်ရှိမှု ကို တိတိကျကျ ဖေါ်ထုတ်နိုင်မည့် အလားအလာ လွန်စွာနည်းနေပါမည်။



သူရ ဦးရွှေမန်းသည် ဥပဒေရှေ့မှောက်တွင် လူတိုင်းတန်းတူဖြစ်သည် ဟူသည့် ဥပဒေစိုးမိုးရေး စကားလုံးကို လွန်ခဲ့ သည့် ရှစ်နှစ်ခန့် ဗိုလ်ချုပ်ဘ၀ ကထဲက စသုံးလာခဲ့သည်။ လူထု အတော်များများက ဟုတ်များ ဟုတ်လေမလားဟူ၍ မျက်လုံးပြူးကာ ထကြည့်မိခဲ့ကြသည်။ သို့ရာတွင် လက်တွေ့အရ စစ်မှန်သော ဥပဒေစိုးမိုးရေး ကို အုတ်မြစ်ချစေမည့် မည်သည့် လုပ်ဆောင်မှုမျှ မတွေ့ရ။



ဥပဒေစိုးမိုးရေးအခြေခံကို တည်ဆောက်ရန် ၂၀၀၈ ဖွဲ့စည်းပုံ၏ ကြောရိုးများအား ပြင်ရေး အတွက် ကမကထပြုသံ ၄င်းထံမှ တခါမျှ မကြားရ။ ဥပဒေစိုးမိုးရေး ကို ဖျက်သိမ်းထားသည့် မတရား ဥပဒေ တခုတလေကိုမျှ ရုပ်သိမ်းပေးခဲ့ခြင်းမရှိ။ ဥပဒေစိုးမိုးရေးကို အားဖြစ်စေရန် State Institution ဟု ခေါ်သည့် တိုင်းပြည် အုပ်ချုပ်ရေး အဆောက်အအုံများကို ပြင်ရန် လှုံ့ဆော်မှု တခုတလေမျှ မပြု။ တိုင်းပြည်အာဏာခွဲဝေကျင့်သုံးမှု ဟူသည် ကို ပါးစပ်ကပြောသော်လည်း လက်တွေ့တွင် ၄င်းဦးဆောင်သည့် ဥပဒေပြုလွှတ်တော်သည် သမတ ဦးဆောင်သည့် အုပ်ချုပ်ရေးအာဏာကို စစ်ဆေးရမည့် အလုပ်အား မလုပ်။



ကောင်းမွန်သော အုပ်ချုပ်ရေး၊ သန့်ရှင်းသောအစိုးရ ဖြစ်ပေါ်စေရေးအတွက် အစိုးရ အဖွဲ့ အဆင့်ဆင့်တွင် တာဝန်ပေး အပ် ခံရသူများသည် ၎င်းတို့၏ ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းနှင့် အကျိုးစီးပွားများကို ထုတ် ဖော်ကြေညာပြီး မှတ်တမ်းတင်ထားရန် ဟူသော အဆိုကို သူရဦးရွှေမန်း ဦးဆောင်သည့် လွှတ်တော်က ပယ်ချခဲ့ခြင်း ဖြင့် ဆိုးဝါးသည့် အုပ်ချုပ်ရေးနှင့် လာဘ်စားနေသည့် အစိုးရအဖွဲ့ဝင်များကို ကာကွယ် စေါင့်ရှောက်သည့် လုပ်ငန်းများ သာ လုပ်ဆောင်နေကြောင်းတွေ့ရသည်။



ယခုလည်း စစ်မှန်သော ပြည်သူ့လွှတ်တော်တရပ်က ထမ်းဆောင်ရမည့် တာဝန်ကိုမျက်ကွယ်ပြုနေပါပြီ။ ယင်းမှာ ရခိုင် ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော အဓိကရုဏ်းကြီးနှင့် စပ်လျှဉ်း၍ သမတ ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရ၏ တာဝန် ယူမှု၊ တာဝန်ခံဆောင်ရွက်မှု ကိစ္စများ အား စုံစမ်းစစ်ဆေးရမည့်တာဝန်ကို လွှတ်တော်က မသိခြင်ယောင်ဆောင် လျှက် ရှိသည်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်စေလျှက် တရားဥပဒေစိုးမိုးရေး နှင့် တည်ငြိမ်ရေး ကော်မတီ ကို ဖွဲ့စည်း ထားရှိပြီးဖြစ်ပါလျှက် သမတက စုံစမ်းစစ်ဆေးရေးကော်မရှင် အသစ် တခုထပ်မံဖွဲ့စည်းခြင်းအပေါ် လွှတ်တော်က ကန့် ကွက်မှု မပြု။

ယင်းကော်မရှင်အသစ် ဖွဲ့စည်းရခြင်းနှင့် စပ်လျှဉ်း၍ အောက်တွင် ဖေါ်ပြ ထားသည့် သမတရုံး အမိန့်ကြော်ငြာစာကို လေ့လာကြည့်ပါ။



"ရခိုင်ပြည်နယ်တွင် မေလနှင့် ဇွန်လ အတွင်း၌ တည်ငြိမ်အေးချမ်းရေးနှင့် ဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားစေသည့် လူစုလူဝေးဖြင့် ဥပဒေမဲ့ဆောင်ရွက်မှုများ တိုက်ခိုက်သတ်ဖြတ်မှုများ ဖြစ်ပေါ်ခဲ့သည်။ အဆိုပါဖြစ်ပွားမှုများနှင့် စပ်လျှဉ်း ၍ ဖြစ်စဉ်ဖြစ်ရပ် အမှန် ပေါ်ပေါက်ရေး စုံစမ်းစစ်ဆေးရန် အမျိုးသား အကျိုးစီးပွားတိုးတက်ရေးအကြံပြုရန် ဖွဲ့စည်း တာဝန်ပေးအပ်သည်။"



သမ္မတကိုယ်တိုင်ကပင် ယခုပြသနာမှာ တည်ငြိမ်အေးချမ်းရေးနှင့် ဥပဒေစိုးမိုးရေး ဟူသည်ကို လက်ခံထားပြီး ဖြစ် သည်။ စကားလုံးအားဖြင့် ရှေ့နောက်သာ ကွာသည်။ လွှတ်တော်က ဖွဲ့ပေးထားသည်မှာ ဥပဒေစိုးမိုးရေး နှင့် တည်ငြိမ် ရေး ကော်မတီ ဖြစ်သည်။ ယင်းကော်မတီ၏ လုပ်ငန်းတာဝန် ကွက်တိ ဖြစ်သည်။ ပြည်သူ့လွှတ်တော် ဟူသော အဖွဲ့ အစည်းသည် အစိုးရ၏ အာဏာကို ကြပ်မတ်ထိမ်းကျောင်းရန် တာဝန်ရှိသည် ဟူသော အပိုင်းကို လက်တွေ့ ဖေါ် ဆောင်လိုပါက ဤ ဖွဲ့စည်းပြီးထားသော ကော်မတီအား တာဝန်ပေးအပ်လိုက်ရုံသာ ရှိသည်။ ဤ ကော်မတီသည် ဒေါ် အောင်ဆန်းစုကြည် ဦးဆောင်လျှက် လွှတ်တော်ကိုယ်စားလှယ်များနှင့် ဖွဲ့စည်းထားသဖြင့် လုပ်ပိုင်ခွင့် ပိုရှိပြီး သဘာဝ လည်း ကျလှပါသည်။ ဦးရွှေမန်းသည် အဘယ်ကြောင့် ငြိမ်သက်နေပါသနည်း။ ဦးရွှေမန်း နှင့် ဦးသိန်းစိန် လက်ဝါးခြင်း ရိုက်လျှက် လွှတ်တော်ကဖွဲ့ထားသည့် ကော်မတီကြီးကို ငုတ်တုတ်ထိုင်ထားစေကာ သမတ ဖွဲ့ပေးသည့် ကော်မရှင် သစ်အား ပွဲ ထုတ်လာပြန်ခြင်း ဖြစ်သလား။ အစိုးရ၏ တာဝန်ရှိမှု အမှန်တရား ပေါ်ထွက်မလာစေ ရန် ပိပိရိရိ နှင့် ဖုံးဖိ နေကြသလား။ စဉ်းစားရန်ရှိသည်။



ပြည်သူ့လွှတ်တော်က ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်လျှက် ဥပဒေစိုးမိုးရေး နှင့် တည်ငြိမ် ရေး ကော်မတီ ဖွဲ့စည်း ထားပြီးဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန် မုချသိရှိပြီးဖြစ်သည်။ ဦးသိန်းစိန်အနေဖြင့် ရိုးသားစွာ အမှန်တရားကို ဖေါ်ထုတ် လိုသည်ဆိုလျှင် ရခိုင်ပြည်နယ် အဓိကရုဏ်းနှင့် စပ်လျှဉ်း၍ စုံစမ်းစစ်ဆေးပေးပါရန် ယင်းကော်မတီအား ပန်ကြားလိုက် ရုံသာဖြစ်သည်။ ယင်းကော်မတီကသာ ကိုင်တွယ် စုံစမ်းလျှင် တိုင်းပြည်ယန္တယားဖွဲ့စည်းလည်ပတ်မှုအရ သဘာဝကျလှ သလို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်ထားသဖြင့် နိုင်ငံတကာ နှင့် ပြည်တွင်းလူထု၏ ယုံကြည်မှု ကို ပိုမိုရ ရှိနိုင်သည်။ တိုင်းပြည်အတွက် ပိုမိုအကျိုးရှိမည်။



ဤသည်ကိုမလုပ်ဆောင်ခြင်းအားဖြင့်တိုင်းပြည်အုပ်ချုပ်ရေးယန္တယား များအား တလွဲအသုံးချ၊ လူထုများကို မျက်လှည့် ပြကာ အမှန်တရား ကို အစီအစဉ်ရှိရှိ ဖုံးကွယ်ရာ ရောက်သည်။ သမတ ကိုယ်တိုင်နှင့် ၄င်း၏ ပြည်ထောင်စု အစိုးရ အဖွဲ့ဝင်များအနေဖြင့် ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်သည့် ကော်မရှင်၏ စုံစမ်းစစ်ဆေးမှုကို မခံယူလို၍ဖြစ်ကြောင်း လည်း သုံးသပ်နိုင်သည်။ လွှတ်တော်က ဖွဲ့စည်းလိုက် သည့် ကော်မတီ၊ ကော်မရှင်များသည် ပြည်ထောင်စု အဆင့်မရှိ ဟူ၍ ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးမှ နေ၍ အဆင့်လျှော့ချထားမှု ကိုလည်း ဆက်စပ်သုံးသပ်သင့်သည်။

ဦးသိန်းစိန်သည် ဤ အနေအထားကို အမြန်ဆုံးပြင်သင့်သည်။ ဒီမိုကရေစီ နိုင်ငံများ၌ သမတ၊ ၀န်ကြီးချုပ်များ ပြသနာ ဖြစ်လာပါက သက်ဆိုင်ရာနိုင်ငံ၏ လွှတ်တော်ကော်မတီ များက စုံစမ်းစစ်ဆေးကြရသည်ကို ဒီမိုကရေစီ ကို ဦးတည်ပါ သည်ဟု ဆိုသူသမတ ကိုယ်တိုင်က မျက်ကွယ်ပြုခြင်းမှာ မသင့်လျှော်ပါ။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ကော်မတီ၏ ရှေ့မှောက်တွင် အစစ်ဆေးခံရ မည်ကို မနှောင့်နှေးသင့်ပါ။ ရှင်းရှင်းလင်းလင်း ရှိသောအစိုးရ၊ တာဝန်ခံမှု ရှိ သော အစိုးရဖြစ်ရန်လိုအပ်ကြောင်း သမတ ဖြစ်စက မိမိ ကိုယ်တိုင် အသုံးပြုသွားခဲ့သော စကားလုံးများအား လက်တွေ့ အကောင်အထည်ဖေါ်ရန် အချိန်ရောက်ပါပြီ။



အောင်ထူး (ရှေ့နေ)



သြဂုတ်လ (၂၃) ရက် ၂၀၁၂ ခုနှစ်

သာပေါင်းမြို့နယ်ရေဘေး အကူအညီများစွာလိုအပ်နေ


သာပေါင်းမြို့နယ်ရေဘေး အကူအညီများစွာလိုအပ်နေ:
Photo...Aung Kyaw Myint

သာပေါင်းမြို့နယ် အတွင်း ကျေးရွာပေါင်း ၃၈၉ ရွာ ရှိသည့် အနက် ၃၀၅ ရွာမှာ ရေနစ်မြုပ်သည့် ရက် တလခန့်ကြာလာပြီဖြစ်သည်။ ဆိုးရွားသော ရက်တာရှည်လာသည်နှင့် အမျှ ဆိုးကျိုးများ ပိုပို များပြားကျယ်ပြန့်လာသည်ကို တွေ့ရသည်။ လောလောဆယ် အားဖြင့် မိဘပြည်သူများ အချင်းချင်း လက်ဆင့်ကမ်း အရေးကြီး သတင်းပါးနိုင်ပါရန် အောက်ပါ အသုံးအဆောင်များ ကို အမြန်ဆုံး ရနိုင်သရွေ့စုဆောင်းပြီး သာပေါင်း ဒေသသို့ အမြန်ဆုံးပေးပို့ကြစေလိုပါသည်။



မိမိတို့ ကွန်ယက်မှ လည်း တပတ်အတွင်း ထိုရွာများဆီသို့ အရေးပေါ် ကယ်ဆယ်ရေး တခေါက် ထပ်မံသွားရောက်ဦးမည်ဖြစ်သည်။

(က) စားစရာ ဆန်၊ ခေါက်ဆွဲခြောက်၊ ငပိနှင့် သကြားလုံး၊ သကြား၊

(ခ) အအေးမိခြင်းကာကွယ်ရန် စောင် အ၀တ်အစားများ၊ ခြေအိတ်များ၊ မိုးကာပလပ်စတစ်ကာများ။

(ဂ) ငှက်ဖျားကာကွယ်ဆေးများ၊

(ဃ) ကားတာယာထဲမှ လေထိုးကျွတ်များ၊ လေထိုးထားသော ကျွတ်များကို ကြိုးဖြင့် ဆက်တွဲချီပြီး တအိမ်နှင့် တအိမ် ၀ါးခင်းလမ်းငယ်များ၊ ကလေးများ အညောင်းပြေ အညာပြေ လမ်းလျောက်ရန်နှင့် နေရောင်ကို ခံယူရန် နေရာများကို အရေးပေါ် ဆောက်လုပ်ပေးရန် မိမိတို့ကွန်ယက်မှ ပြင်ဆင်ထားသောကြောင့် ကားဘီးကျွတ် အဟောင်းများ ဖါထေးပြီး အသင့်စုဆောင်း ပေးနိုင်ပါရန် လက်ဆင့်ကမ်း သတင်းပါးပေးကြပါ။ မိမိတို့ လိုက်လံ လက်ခံရယူပါမည်။ သို့မဟုတ် မိမိတို့ထံ ပေးပို့နိုင်သည်။

(င) မြွေဆိပ်ဖြေဆေး အလှူရှင်များ လိုအပ်နေသည်။ မြွေများက သစ်ပင်ထက်များတွင် ကပ်နေပြီး အိမ်များ အထက် တက်ခြင်း ရန်ပြုခြင်းများ ဖြစ်နေသည်။

(စ) ရေ၀ဲစားခြင်း ကိုကုသပေးနိုင်သော ဆေးများ။ အကြောဆိုင်း အကြောထုံခြင်း ကုသသော လိမ်းဆေးများ

(ဆ) အသက်ကယ် လှေငယ်များ၊ ဘောများ၊ ရေပေါ်တွင်ပေါ်နိုင်သော ရွေ့လျား သွားလာနိုင်သည့် ကရိယာများ



စသည်တို့နှင့် အလှူငွေများ ရနိုင်သလောက် လိုအပ်နေပါသည်။ ယနေ့ညတွင် အသေးစိတ် အစီရင်ခံချက် တင်ပြပါမည်။ လောလောဆယ် အရေးပေါ် လိုအပ်ချက်များကို အချိန် ရသလောက် စုဆောင်းနိုင်ရေး လက်ဆင့်ကမ်းဖြန့်ဝေနိုင်ရန် အားချင်း တင်ပြလိုက်ပါသည်။



နေမျိုးဇင်



မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်

ဖုန်း 0949328559

" အားလုံး ခင်ဗျားဘက်က ရှိနေတာ ယုံပါ" (မင်းကိုနိုင်)


" အားလုံး ခင်ဗျားဘက်က ရှိနေတာ ယုံပါ" (မင်းကိုနိုင်):
ဇေကမ္ဘာကုမ္ပဏီမှ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဌ ဦးနေမျိုးဝေသို့ တရားစွဲဆိုမှုအား စက်တင်ဘာလ(၆)ရက်နေ့သို့ ရုံးချိန်း ပြောင်းလဲခေါ်ယူလိုက်ကြောင်း သတင်းရရှိသည်။



ဇေကမ္ဘာကုမ္ပဏီလီမိတက်မှ မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာကျေးရွာရှိ လယ်ယာမြေကိစ္စများနှင့် စပ်လျဉ်း၍ ဦးနေမျိုးဝေအား ကုမ္ပဏီအား အသရေဖျက်မှုဖြင့် ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ(၅၀၀)ဖြင့် တရားစွဲဆိုလိုက်ပြီး ပထမဆုံးရုံးချိန်းအား သြဂုတ်လ (၂၃)ရက်နေ့၌ ခေါ်ယူခဲ့ကြောင်း သိရသည်။



ရုံးချိန်းသို့ တရားလို ဖြစ်သူ ဇေကမ္ဘာကုမ္ပဏီမှ အထွေထွေမန်နေဂျာဦးမြင့်ဇော်၊ တရားစွဲဆိုခြင်း ခံရသူဦးနေမျိုးဝေ နှင့် ဇေကမ္ဘာကုမ္ပဏီ မှ စက်မှုဇုန်အဖြစ် အကောင်အထည် ဖော်ရန် သိမ်းယူခြင်းခံရသော မင်္ဂလာဒုံစက်မှုဇုန် အပိုင်း(၁၊ ၂၊ ၃၊ ၄) မှ လယ်သမားများ တက်ရောက်ခဲ့ပြီး ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ လည်း လာရောက်ခဲ့ကြောင်း၊ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က လည်း အဆိုပါအမှုတွင် ဦးနေမျိုးဝေဘက်မှ အမြဲရပ်တည်သွားမည့် အကြောင်း စာပေးပို့ခဲ့ကြောင်း သိရသည်။



“ရွှေနံ့သာလယ်ကိစ္စမှာ ဇေက မ္ဘာကုမ္ပဏီကို အသရေပျက်စေလိုမှု နဲ့ ရည်ရွယ်ရင်းမရှိဘူး။ လယ်သမားတွေဘက်က မျှတမှုရှိအောင် လိုက်ပါဆောင်ရွက်ပေးခြင်း ဖြစ်ပါတယ်။ ဒီနေရာမှာ ဇေကမ္ဘာမှ မဟုတ်ဘူး။ ဘယ်သူ့ကိုမဆို ဒီလိုမျိုးပွင့်လင်းစွာ ဝေဖန်ပြောဆို ဖော်ထုတ်မှာပဲဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။



ဦးလန်ချောင်က “ဦးနေမျိုးဝေကို တရားစွဲတာအဓိပ္ပါယ် မရှိပါဘူး။ ဒီကိစ္စကဦးနေမျိုးဝေနဲ့ မဆိုင်ပါဘူး။ တရားစွဲခြင်းခံရရင် လယ်သမားတွေကိုပဲ စွဲရမှာပါ။ ဦးနေမျိုးဝေက ကုမ္ပဏီကလိမ်ပြီး လယ်သမားတွေဆီက လယ်သိမ်းတာကို ကူညီပေးရုံပါပဲ။ လယ်သမားတွေက ပြောဆိုလို့မှ မတတ်တော့ ကုမ္ပဏီကို ရင်ဆိုင်ဖို့မလွယ်ပါဘူး။ ကျွန်တော် တို့အကူညီလိုရင် ဦးနေမျိုးဝေက ကူညီနေကြ ဖြစ်ပါတယ်။ ဒါကြောင့် သူ့ရုံးချိန်းကို လာရခြင်းဖြစ်ပါတယ်” ဟု ပြောပြခဲ့သည်။



တရားလိုဖြစ်သူ ဇေကမ္ဘာကုမ္ပဏီ အထွေထွေမန်နေဂျာ ဦးမြင့်ဇော်က “အခုကိစ္စက လယ်သမားတွေနဲ့ ဘာမှမဆိုင်ပါဘူး။ တရားစွဲဆိုတဲ့အထဲ လယ်သမားတွေ မပါပါဘူး။ ကုမ္ပဏီ ကို ဂုဏ်သိက္ခာကျဆင်းအောင် အသရေဖျက်မှု အတွက်ကြောင့် ဦးနေမျိုးဝေ တစ်ဦးတည်းကိုပဲ အသရေ ဖျက်မှုပုဒ်မ(၅၀၀)နဲ့ တရားစွဲဆို လိုက်တာဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

ဇေကမ္ဘာကုမ္ပဏီ အထွေထွေမန်နေဂျာ ဦးမြင့်ဇော်အား တရားရုံးရှေ့တွင် သတင်းထောက်များက မေးမြန်းနေသည်ကို တွေ့ရစဉ်

တရားလိုဖြစ်သူ ဇေကမ္ဘာကုမ္ပဏီ အထွေထွေမန်နေဂျာ ဦးမြင့်ဇော်က “အခုကိစ္စက လယ်သမားတွေနဲ့ ဘာမှမဆိုင်ပါဘူး။ တရားစွဲဆိုတဲ့အထဲ လယ်သမားတွေ မပါပါဘူး။ ကုမ္ပဏီ ကို ဂုဏ်သိက္ခာကျဆင်းအောင် အသရေဖျက်မှု အတွက်ကြောင့် ဦးနေမျိုးဝေ တစ်ဦးတည်းကိုပဲ အသရေ ဖျက်မှုပုဒ်မ(၅၀၀)နဲ့ တရားစွဲဆို လိုက်တာဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။



အဆိုပါအမှုတွင် မင်္ဂလာဒုံမြို့နယ် တရားသူကြီး ဦးကိုကိုနိုင်မှ ဆောင်ရွက်ပေးမည်ဖြစ်ပြီး အမှုဆောင်ရှေ့နေများအဖြစ် ဇေကမ္ဘာ ကုမ္ပဏီဘက်မှ ရှေ့နေဦးစိန်မြင့်က လည်းကောင်း၊ ဦးနေမျိုးဝေဘက်မှ ဦးသိန်းသန်းဦး(မြန်မာနိုင်ငံရှေ့နေ များ ကွန်ယက်)က လည်းကောင်း လိုက်ပါဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရပြီး အမှုကာလအတွင်း ဦးနေမျိုးဝေအား ငွေကျပ်(၁၀)သိန်းဖြင့် အာမခံထားရှိကြောင်း သိရသည်။

(Eleven Media Group)

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။