Wednesday, August 22, 2012

အမေရိကန် လုပ်ငန်းရှင်များ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်ကို စောင့်မျှော်


အမေရိကန် လုပ်ငန်းရှင်များ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်ကို စောင့်မျှော် 

ရန်ကုန် (မဇ္ဈိမ) ။       ။ မြန်မာနိုင်ငံတွင် စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နိုင်ရန်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်ကို စိတ်ဝင်စားစွာဖြင့် စောင့်ကြည့်နေကြေကြာင်း အမေရိကန် စီးပွားရေးလုပ်ငန်းရှင်များက သြဂုတ်လ တတိယအပတ်အတွင်း မြန်မာနိုင်ငံသို့ လာရောက်စဉ် ပြောကြားသွားသည်။
“နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကို စိတ်ဝင်စားစွာနဲ့ စောင့်ကြည့်နေပါတယ်။ ဘာလို့လဲ ဆိုတော့ ဒါက ကျနော်တို့ အတွက်လည်း အရမ်းအရေးကြီးပါတယ်။ ပြီးတော့ ရင်းနှီးမြှုပ်နှံလိုတဲ့ ကျနော်တို့ ကုမ္ပဏီတွေ အနေနဲ့လည်း ဘယ်လောက် အတိုင်းအတာထိ စီးပွားရေးဆိုင်ရာ လုပ်ငန်းတွေ လုပ်ကိုင်ခွင့်ပြုမယ်ဆိုတာ သိနိုင်မှာပါ” ဟု အမေရိကန် စီးပွားရေးလုပ်ငန်းရှင် မစ္စတာ စီအေမွန်ခမ် က ပြောသည်။
စင်္ကာပူနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးနှင့်အတူ  စင်္ကာပူနိုင်ငံမှ ထိပ်တန်း အမေရိကန် စီးပွားရေးလုပ်ငန်းရှင် ၂ဝ ဦး မြန်မာနိုင်ငံသို့ လာရောက်စဉ် သြဂုတ်လ ၁၅ ရက်နေ့က ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ထိုသို့ ပြောကြားသွားခြင်း ဖြစ်သည်။ သတင်းစာရှင်းလင်းပွဲသို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး မစ္စတာ ဒဲရစ်မစ်ချယ် လည်း တက်ရောက်ခဲ့သည်။
ထိုခရီးစဉ်တွင် Ford မော်တော်ကား ကုမ္ပဏီ၊ စက်ယန္တရားယားကြီးများ ထုတ်လုပ်သော Caterpillar ကုမ္ပဏီ၊ Hewlet Packard  ကော်ပိုရေးရှင်း၊ Citibank၊ Kraft Foods၊ GE Energy၊ Bell Helicopetr၊  Arrow Technologies Pte Ltd အစရှိသော ကုမ္ပဏီများမှ ကိုယ်စားလှယ်များ လိုက်ပါခဲ့ပြီး ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း အပါအဝင်
အစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးသွားကြသည်။
၂ဝ၁၂ ခုနှစ်အတွင်း အမေရိကန်စီးပွားရေးလုပ်ငန်းရှင်များ မြန်မာနိုင်ငံသို့ နှစ်ကြိမ် လာရောက်ခဲ့ပြီး ဇွန်လအတွင်းက General Electric ကုမ္ပဏီက ပန်းလှိုင်ဆေးရုံသို့ ဒေါ်လာ နှစ်သန်း တန်ဖိုးရှိ ဆေးရုံသုံး ပစ္စည်းများ ရောင်းချရန် သဘောတူ စာချုပ် ချုပ်ဆိုခဲ့သည်။
“မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးတွေထဲမှာ စီးပွားရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုရဲ့ တိုးတက်ရေးအဆင့်တွေမှာ ပူးပေါင်းဆောင်ရွက်ချင်ပါတယ်။ မြန်မာနိုင်ငံမှာ စီးပွားရေးငန်း လုပ်ကိုင်ဖို့က ကောင်းမွန်တဲ့ အခွင့်အလမ်းတွေ ဖန်တီးပေးသလို စိန်ခေါ်မှုတွေလည်း ပါလာပါတယ်။ မြန်မာနိုင်ငံမှာ အပေါ်အမေရိကန်နိုင်ငံရဲ့ စီးပွားရေး ပိတ်ဆို့မှု
တွေ လျှော့ချပေးလိုက်တဲ့အတွက် မြန်မာနိုင်ငံကို ရောက်ရှိလာတာဖြစ်တယ်။ ဒါပေမယ့် ရင်းနှီမြှုပ်နှံမှု ဥပဒေ ထွက်လာ ဖို့ကိုလည်း စောင့်ကြည့်နေပါတယ်” ဟု Capterpillar ကုမ္ပဏီ၏ အာရှဆိုင်ရာ ဥက္ကဋ္ဌ Mr Kevin Tienemen  က ပြောသည်။
ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ၊ စက်မှုဝန်ကြီး ဦးစိုးသိမ်းကလည်း လာမည့် သီတင်းပတ်အတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်သည် ထွက်ရှိလာဖွယ်ရှိကြောင်း ဗီအိုအေ ရုပ်မြင်သံကြား မြန်မာပိုင်းအစီအစဉ်သို့ ပြောကြားသွားသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေသစ် ပြဋ္ဌာန်းနိုင်ခြင်း မရှိသေးသောလည်း နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များ
ကြောင့် မြန်မာနိုင်ငံသို့ လာရောက် ရင်နှီးမြှုပ်နှံလိုသည့် နိုင်ငံ အများအပြား ရှိနေသည်။
ထိုသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ လာရောက်လုပ်ကိုင်ခြင်းသည် ယခုကဲ့သို့ ပြုပြင်ပြောင်လဲမှု ဖော်ဆောင်နေသည့် အချိန်တွင်  အကောင်းဆုံးဖြစ်ကြောင်း သံအမတ်ကြီး မစ္စတာ ဒဲရစ် မစ်ချယ် က ဆိုသည်။

တရုတ်အစိုးရ ဖိအားကြောင့် စစ်ပြေးဒုက္ခသည်များ စတင်ပြောင်းရွှေ့နေ


တရုတ်အစိုးရ ဖိအားကြောင့် စစ်ပြေးဒုက္ခသည်များ စတင်ပြောင်းရွှေ့နေ 


ချင်းမိုင်(မဇ္စျိမ) ။       ။ တရုတ်အာဏာပိုင်များ၏ စေခိုင်းချက်အရ တရုတ်နိုင်ငံ နောင်တောင်းခရိုင်၊ ရွှေလီမြို့နယ် အတွင်း ခိုလှုံနေသော ကချင်စစ်ပြေးဒုက္ခသည်များမှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO နယ်မြေအတွင်းသို့ စတင်၍
ပြောင်းရွှေ့နေပြီ ဖြစ်ကြောင်း ဒုက္ခသည် စခန်းတာဝန်ခံများက ပြောသည်။
နောင်တောင်းခရိုင်အတွင်း ဒုက္ခသည်စခန်း ခြောက်ခုမှ လူဦးရေ ၄,ဝဝဝ ကျော် ရှိရာ ပထမဆုံး အသုတ်အဖြစ် အိမ်ထောင်စု ၁၅ဝ ကျော်မှ လူ ၆ဝဝ ကျော်မှာ KIO ၏ တပ်မဟာ ၃ နယ်မြေ လနာဇွပ် Lana Zup ဒုက္ခသည်စခန်းသို့ ဗုဒ္ဓဟူးနေ့တွင် စတင်ပြောင်းရွှေ့နေခြင်း ဖြစ်သည်။
ဒုက္ခသည်များ ပြောင်းရွှေ့သည့် မှတ်တမ်းရိုက်ကူးရန် ကင်မရာ ကိုင်ဆောင်ခွင့်ကို တရုတ်အာဏာပိုင်များက တားမြစ် ထားသလို ပြောင်းရွှေ့နေကြဆဲမှာပင် စခန်းများကို ဖျက်ဆီးခြင်းများ ပြုလုပ်နေသဖြင့် ဒုက္ခနှစ်ကြိမ် ခံရသလို ခံစားရ သည်ဟု စခန်းတာဝန်ခံ တဦးဖြစ်သူ ဒေါ်မရန်လုလု က ပြောသည်။
“တရုတ် စစ်သားရော၊ ရဲရော အရမ်းများတယ်။ လူတောင် မထွက်သေးခင် သွပ်မိုးတွေ အကုန် ခွာလိုက်ပြီ။ လမ်းဘေး က ငှားနေတဲ့ လူတွေတောင် ပေးမနေတော့ဘူး။ အကုန်လုံးကို မောင်းထုတ်နေတယ်။ စခန်းတွေ အကုန်လုံး လိုက်ဖျက်
နေတယ်။ ဓါတ်ပုံ ကင်မရာလည်း ကိုင်လို့ မရဘူး။ ကားတော့ ငှားပေးတယ်” ဟု မဇ္စျိမကို ပြောသည်။
၎င်းက ဆက်လက်ပြီး “သူတို့ နိုင်ငံကနေ မောင်းထုတ်လို့ ပြန်တာကို ခုလို ကျမတို့ကို လူလို သူလို မဟုတ်ဘဲ မောင်းနေ တယ်ဆိုတော့ လူ့အခွင့်အရေး ချိုးဖောက်ခံရသလိုပဲ။ ကျမတို့လည်း နေချင်လို့ နေတာမှ မဟုတ်တာ။ ကျမတို့က
သေနတ် ကျည်ဆံကြောက်လို့ ကိုယ့်အိုးအိမ်တွေ ပစ်ထားပြီး ဒုက္ခသည်လို လာနေတာ။ နေခွင့် ရခဲ့တာကိုတော့
ကျေးဇူးတင်ပါတယ်။ အစိုးရတခု ဖြစ်ပြီးတော့ အဲဒီလောက် လုပ်ရက်တယ်။ သူတို့ စိတ်ထဲမှာ လူသားချင်းစာနာ စိတ်တော့ ရှိကြရဲလား” ဟု ခံစားပြောဆိုသည်။
ထိုစခန်းအတွင်းရှိ ဒုက္ခသည်များအား မြန်မာနိုင်ငံအတွင်းသို့ ပြောင်းရွှေ့ကြရန် ဇူလိုင်လ ၂ဝ ရက်နေ့ကတည်းက တရုတ်အာဏာပိုင်များက ပြောဆိုထားပြီးဖြစ်သည်။
ထိုဒုက္ခသည်စခန်းတွင် မူလတန်းကျောင်း ဖွင့်လစ်ထားပြီး ကျောင်းသူကျောင်းသားပေါင်း ၈၆၈ ဦး ရှိနေကာ ကလေးများ ပညာရေး ထိခိုက်မည်စိုး၍ ဒုက္ခသည်များက လနာ့ဇွပ်သို့ မပြောင်းရွှေ့လိုကြခြင်း ဖြစ်သည်။
ယခု ပြောင်းရွှေ့လာသည့် နေရာသည် ယခင် တရုတ်လူမျိုးများ ဖဲဝိုင်းအဖြစ် အသုံးပြုရန် ဆောက်လုပ်ထားသည့် အဆောက်အအုံနှင့် ဟိုတယ်ဟောင်း တိုက်တန်းများတွင် နေထိုင်နေရမည် ဖြစ်ပြီး အဓိက မီးဖိုချောင်၊ အိမ်သာများကို
ဆောက်လုပ်ရန် လိုအပ်နေကြောင်း သိရသည်။
ကလေးများ ပညာသင်ကြားရေးအတွက် ဖဲဝိုင်းအဆောက်အအုံနှင့် မီးဖိုချောင်အဖြစ် ဆောက်လုပ်ထားသော အဆောက်အအုံအား အကန့်လိုက် ပြုလုပ်ကာ မနက် တကြိမ်၊ ည တကြိမ် စာသင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဒုက္ခသည်များထဲမှ အိမ်ထောင်စု ၁ဝဝ ကျော်မှာ ဝေးလံလှသည့် ဤလနာ့ဇွပ်သို့ မပြောင်းရွှေ့လိုသဖြင့် မိမိဒေသ မန်ဝင်းကြီးသို့ အင်္ဂါနေ့က ပြောင်းရွှေ့သွားကြပြီဟု သိရသည်။
လက်ရှိ မိုးရာသီဖြစ်၍ ကလေးငယ်များ ဝမ်းသွားခြင်း၊ နာစေး၊ ချောင်းဆိုး အနည်းအကျဉ်းဖြစ်ပြီး သက်ကြီးများ အားနည်း၍ ဗီတာမင် အားဆေးများ သောက်သုံးရန် လိုအပ်နေသည်ဟု လနာ့ဇွပ် စခန်းတွင် ဆေးကုသ ပေးနေသည် ဆရာဝန်တဦးက ပြောသည်။
အစိုးရနှင့် KIO တို့ တိုက်ပွဲစတင်ဖြစ်ပွားချိန်မှစ၍ ၄င်းလနာ့ဇွပ် ဒုက္ခသည်စခန်းတွင် ဒုက္ခသည်ပေါင်း ၁,၄ဝဝ ရှိနေပြီး လက်ရှိ ၆ဝဝ ကျော် ထပ်မံ ရောက်ရှိလာခြင်းဖြစ်သည်။ နောက်နေ့တွင်လည်း ဒုက္ခသည်များ ထပ်မံ ပြောင်းရွှေ့ လာကြမည် ဖြစ်သည်။
သြဂုတ်လ ၁၉ ရက်နေ့ကလည်း ဖားကန့်မြို့နယ် KIA တပ်ရင်း ၆ လက်အောက်ခံ တပ်များနှင့် မြန်မာအစိုးရ နမခ လက်အောက်ခံ တပ်မ ၃၃ တပ်ဖွဲ့များအကြား တင်းမာမှုများ ရှိခဲ့သဖြင့် တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်ကာ မှော်မောင်း ဘွမ်၊ လမောင်ကုန်း၊ မှော်ဝမ်းကြီး၊ မှော်ဝမ်းကလေးနှင့် သူဌေးချောင်းများမှ ဒေသခံ ၁,ဝဝဝ နီးပါးမှာ ဖားကန့်မြို့ပေါ်ရှိ ကချင်ခရစ်ယာန် ဘုရားကျောင်းများသို့ လာရောက် ခိုလှုံနေရသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကိုယ်စားလှယ်လောင်း ဦးဒရှီလဆိုင်း က ပြောသည်။
“တင်္ဂနွေနေ့က KIO နဲ့ အစိုးရတို့ ထိပ်တိုက် ပစ်ခတ်တော့မလိုလို ပြည်သူတွေက ထိတ်လန့်ပြီးတော အစိုးရတပ် မူလရှိတာက ၄ဝ လောက် ရှိတယ်။ ဒါပေမယ့် စစ်ကိုင်း မုံရွာတပ်တွေက အင်အား နှစ်ထောင်လောက် ပြန်ရောက် တယ်လို့ လူတွေက ပြောနေကြလို့ တိုက်ပွဲဖြစ်မှာ ကြောက်လို့၊ KIO ကနေ ဒေသခံတွေ ဒုက္ခရောက်မှာစိုးလို့ ဖားကန့်ကို ခဏရှောင်ပေးဖို့ ပြောလို့ ကက်သလစ်၊ နှစ်ခြင်းဘုရားကျောင်းတွေမှာ ခိုလှုံနေတယ်” ဟု မဇ္စျိမကို ပြောသည်။
သို့သော် ယနေ့ထိ ပစ်ခတ် တိုက်ခိုက်ခြင်း မရှိသေးဘဲ တည်ငြိမ်လျက်ရှိသည်ဟုလည်း ၎င်းက ပြောသည်။
KIO နှင့် အစိုးရတို့ နှစ်ဖက်တိုက်ပွဲကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူ စစ်ပြေးဒုက္ခသည် စုစုပေါင်း ၈ဝ,ဝဝဝ ကျော် ရှိနေပြီ ဖြစ်သည်။ နှစ်ဖက် စစ်ရေးကိစ္စနှင့် ပတ်သက်၍ နှစ်ဖက် စစ်ပိုင်းဆိုင်ရာ ခေါင်းဆောင်များ
တွေ့ဆုံမည် ဖြစ်၍ ထပ်မံ တွေ့ဆုံမည့်နေရာ သဘောတူညီမှု မရသေးဘဲ ဖြစ်နေသည်။

ပူပန်မှု ရှိသော်လည်း အိန္ဒိယရှိ မြန်မာ ရဟန်းတော်များ အေးချမ်းစွာ ပညာသင်ကြားနိုင်


ပူပန်မှု ရှိသော်လည်း အိန္ဒိယရှိ မြန်မာ ရဟန်းတော်များ အေးချမ်းစွာ ပညာသင်ကြားနိုင်

နယူးဒေလီ (မဇ္ဈိမ) ။       ။ အိန္ဒိယနိုင်ငံတဝှမ်းတွင် ထွက်ပေါ်လျက်ရှိသော လူမျိုးရေး ပဋိပက္ခများနှင့် ပတ်သက် သည့် ကောလာဟလ သတင်းများကြောင့် ဗုဒ္ဓဂါယာနှင့် ဗာရာဏသီမြို့များရှိ မြန်မာ စာသင်သား ရဟန်းတော်များ အနေဖြင့် အနည်းငယ် စိတ်ပူပန်ခဲ့သော်လည်း အေးချမ်းစွာပင် စာပေသင်ကြား လျက်ရှိကြောင်း သိရသည်။
အိန္ဒိယ အရှေ့မြောက်ပိုင်းရှိ အာသံပြည်နယ်နှင့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ဒေသခံ တိုင်းရင်းသား များနှင့် မူဆလင် ဘာသာဝင်များအကြား အကြမ်းဖက်မှုများနှင့် တင်းမာနေမှု သတင်းများကြောင့် အိန္ဒိယနိုင်ငံတွင် ပညာသင်ကြားနေသော ဗုဒ္ဓဘာသာ မြန်မာရဟန်းတော်များအကြား စိုးရိမ်ကြောင့်ကြမှု အနည်းငယ် ဖြစ်ပွားခဲ့ရကြောင်း ဥတ္တရ ပရာဒေ့ရှ် UP ပြည်နယ် ဗာရာဏသီ ဟိန္ဒူတက္ကသိုလ် BHU တွင် တက်ရောက်နေသည့် ဦးနိပုဏလင်္ကာရ က မိန့်ကြားသည်။
“ပြဿနာတွေ ဖြစ်ကြတော့ သတင်းတွေက တော်တော်လေး ကြီးလာတယ်လေ။ အဲဒီအခါကျတော့ တယောက်နဲ့ တယောက် သတိပေးလာကြတယ်။ အရှင်ဘုရားတို့ မြို့ထဲ သွားတဲ့အခါ တပါးတည်း မသွားကြဖို့၊ စိုးရိမ်စိတ်ကတော့ ဒီရက်ပိုင်းမှာ အားလုံးရှိကြတယ်” ဟု မဇ္ဈိမကို မိန့်ကြားသည်။
ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီ မူဆလင်များအကြား ဇွန်လအတွင်းက အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သလို အိန္ဒိယနိုင်ငံ အာသံပြည်နယ်ရှိ ဘိုရို လူမျိုးစုများနှင့် ဘင်္ဂလားဒေ့ရှ်မှ ဝင်ရောက်လာသည်ဟု ဆိုသော မူဆလင်များ အကြား ဇူလိုင်လအတွင်း အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် လူပေါင်း ၈ဝ ခန့် သေဆုံးခဲ့ရသည်။
သြဂုတ်လ ၁၁ ရက်နေ့တွင် မုံဘိုင်းမြို့ကြီးရှိ မူဆလင်များ သောင်းနှင့်ချီ၍ ငြိမ်းချမ်းစွာ ဆန္ဒပြကြစဉ် မသမာသူတစုက ဝင်ရောက်အကြမ်းဖက်၍ ရဲတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံးခဲ့ရပြီး သတင်းမီဒီယာသမားများလည်း ရိုက်နှက်ခံခဲ့ရသည်။
၎င်းနောက်တွင် အရှေ့မြောက်ပိုင်းရှိ ပြည်နယ်သားများအပေါ် အကြမ်းဖက် တိုက်ခိုက်မည် ဟူသည့် ခြောက်ခြားဖွယ်
ခြိမ်းခြောက်မှုများ ကောလာဟလအဖြစ် ဖေ့စ်ဘွတ်နှင့် မိုဘိုင်း မက်ဆေ့ခ်ျများမှတဆင့် ပျံ့နှံ့လာခဲ့သည်။
အစိုးရ တာဝန်ရှိသူများနှင့် ရဲဌာနမှ ထို ကောလာဟလများနှင့်ပတ်သက်၍ စိုးရိမ်ကြောင့်လန့်ခြင်း မရှိရန် ကတိကဝတ် များ ပြုထားသော်လည်း မုံဘိုင်း၊ ဘန်ဂလို၊ ချန်နိုင်း စသည့် ပြည်မကြီးရှိ မြို့များတွင် အရှေ့မြောက်ပြည်နယ်များမှ လာရောက် အလုပ်လုပ်ကိုင်နေသူများနှင့် ကျောင်းသူ ကျောင်းသားများမှာ ၎င်းတို့နေရပ်သို့ သောင်းနှင့်ချီ၍ ပြန်လည် ထွက်ခွါသွားခဲ့ကြသည်။
ထိုသို့သော အခြေအနေတွင် အိန္ဒိယ အရှေ့မြောက် ပြည်နယ်သားများနှင့် ရုပ်သွင်ပြင် ဆင်ဆင်တူသည့်
မြန်မာနိုင်ငံသား ဗုဒ္ဓဘာသာ ရဟန်းသံဃာများအနေနှင့်လည်း လုံခြုံရေးအတွက် စိုးရိမ်ဖွယ်ရာ ဖြစ်လာခဲ့ခြင်း ဖြစ်သည်။
“သတင်းတွေက အများကြီး။ ခက်တာက ကောလာဟလတွေ ဖြစ်နေတာဆိုတော့ သတိတော့ ထားပါတယ်။ သတင်းကိုတော့ အမြဲမပြတ် နားထောင်စေချင်တယ်။ ထွက်ပေါ်လာနေတဲ့သတင်းတွေကိုလည်း ချင့်ချိန်ပြီးတော့မှ လက်ခံကြဖို့ပေါ့” ဟု ဘီဟားပြည်နယ် ဂါယာမြို့ရှိ မဂဓ တက္ကသိုလ်တွင် တက်ရောက်နေသည့် ဦးအရုဏ က မိန့်ကြားသည်။
သို့သော် လက်ရှိအချိန်အထိ လုံခြုံရေး ထိခိုက်စေလောက်သော အရိပ်အယောင် မတွေ့ရသေးဘဲ ကောင်းမွန်စွာ သီတင်းသုံးနေနိုင်ကြောင်းလည်း သိရသည်။
“ဦးပဉ္စင်းတို့ အခုနေတာ နိုင်ငံခြားကျောင်းသား အဆောင်မှာ နေတာလေ။ ဘာသာပေါင်းစုံနဲ့။ မူဆလင်၊ ဟိန္ဒူ၊ ခရစ်ယာန် ဘာသာပေါင်းစုံ စုပေါင်းပြီး နေကြတာပဲ။ မူဆလင်နဲ့ ဗုဒ္ဓဘာသာ ဖြစ်တာမျိုးလည်း ဘာမှ မရှိဘူး။ ဘာသာရေးနဲ့ ပါတ်သက်တဲ့ ပြဿနာ တခုခု မဖြစ်ဖူးသေးဘူး” ဟု ဦးနိပူဏလင်္ကာရ က မိန့်ကြားသည်။
ဟိန္ဒူ- မူဆလင် အဓိကရုဏ်းများ ဖြစ်ပွားခဲ့စဉ်ကလည်း ကျောင်းဆောင်များတွင် အိန္ဒိယအစိုးရမှ လုံခြုံရေး ရဲဝန်ထမ်းများ ထားရှိကာ စောင့်ရှောက်ပေးခဲ့ဖူးကြောင်းလည်း ဆက်လက်မိန့်ကြားသည်။
မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ ထိုင်ဝမ်၊ တိဘက်နှင့် ကိုးရီးယား နိုင်ငံတို့မှ စာသင်သား ရဟန်းတော် အပါး ၃ဝဝ ခန့် ဗာရာဏသီမြို့တွင် ဗုဒ္ဓစာပေများ လာရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။
လက်ရှိ ရခိုင်ပြည်နယ်တွင်း ပြဿနာများမှာလည်း “ဘာသာရေးပြဿနာ မဟုတ်ဘူး။ လူမျိုးရေး တခုနဲ့တခု
ဖြစ်နေတဲ့ ပြဿနာပဲလေ။ ပြေပြေလည်လည် ဖြေရှင်းသွားရင် ပြေလည်သွားမှာပါ။ မလိုလားအပ်တဲ့ ဖွတာတွေ။ သတင်းတွေကို အမှန်အတိုင်း နှစ်ဖက် မျှမေးပြီး လွှင့်ပေးဖို့ပါ” ဟု ဦးနိပုဏ က မိန့်ဆိုသည်။
ဂါယာမြို့တွင်လည်း မြန်မာရဟန်းတော် အပါး ၈ဝ ခန့်ရှိပြီး လုံခြုံရေး စိုးရိမ်စရာ မရှိကြောင်း သိရသည်။

လယ်သမားများ စီတန်းလှည့်လည် ဆန္ဒပြခွင့် လျှောက်ထားမှု ငြင်းပယ်ခံရ


လယ်သမားများ စီတန်းလှည့်လည် ဆန္ဒပြခွင့် လျှောက်ထားမှု ငြင်းပယ်ခံရ

2012-08-22
လယ်ယာမြေ သိမ်းခံထားရတဲ့ လယ်သမားကြီး ၆၀၀ ခန့် ဒီလ ၂၇ ရက်ကျရင် ပြည်မြို့မှာ စီတန်းလှည့်လည် ဆန္ဒပြဖို့  ၁၉ ရက်နေ့က လျှောက်ထားခဲ့တာကို ငြင်းပယ်ကြောင်း ပြည်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက မနေ့ညက ထုတ်ပြန်ကြေညာ လိုက်ပါတယ်။
ဆန္ဒပြပွဲကို ဦးဆောင်မယ့် သူလည်းဖြစ် ခွင့်ပြုမိန့် လျှောက်ထားသူ တစ်ဦးလည်းဖြစ်သူ ကိုရဲထင်ကျော်က အမိန့်စာ ရရှိပုံကို အခုလို ပြောပြပါတယ်။
"ကျွန်တော်တို့ ကို ၂၁ ရက် ၈ လပိုင်း ၂၀၁၂ ရက်စွဲနဲ့ ပေါ့နော်။ ပြည်မြို့နယ် ရဲတပ်ဖွဲ့ မှူးရုံး ကနေပြီးတော့ပေါ့၊ ဒီငြင်းပယ်တဲ့ အကြောင်းပေါ့နော်၊ သဘောထား ပြန်ကြားလိုက်ပါတယ်။ ည ၈ နာရီ ၁၀ မိနစ် လောက်က လာပေးရပါတယ်။ ပြည်မြို့နယ် ရဲတပ်ဖွဲ့ မှူးရုံးက ဒီ ကျွန်တော်တို့  ဒု တပ်ကြပ် တစ်ယောက်နဲ့ ပေးခိုင်းလိုက်တာပါ စာအိတ်နဲ့ ပေါ့"
အမိန့်စာထဲမှာ မြို့ နယ်ရဲတပ်ဖွဲ့မှူးက အချက်သုံးးချက် အကြောင်းပြ ငြင်းဆိုခဲ့ရာမှာ ဦးဆောင်မဲ့သူတွေဟာ ပန်းတောင်းမြို့မှာ နေထိုင်သူတွေ ဖြစ်တာရယ်၊ ပြည်မြို့နယ်မှာ လယ်ယာမြေ သိမ်းဆည်းခံရတဲ့ ကိစ္စ ကြီးကြီး ငယ်ငယ် မရှိတာရယ်၊ သိမ်းဆည်းထားတဲ့ လယ်ယာမြေတွေဟာ သက်ဆိုင်ရာ ဥပဒေနဲ့အညီ ဆောင်ရွက်တဲ့ကိစ္စ ဖြစ်တာရယ်တို့ကြောင့် ငြင်းပယ်တာလို့ ဆိုပါတယ်။
ဒီနောက်ဆုံး အကြောင်းပြချက်ဟာ မိမိတို့ ရဲ့လုပ်ပိုင်ခွင့် ဘောင်ကို ကျော်လွန် အကြောင်းပြခြင်း ဖြစ်ကြောင်း ကိုရဲထင်ကျော်က ပြောပါတယ်။
"ဒီ သိမ်းဆည်းပြီး လယ်ယာမြေများ သည်လည်း သက်ဆိုင်ရာဋ္ဌာနမှ ဥပဒေနဲ့ အညီ ဆောင်ရွက်သည့် ကိစ္စများဖြစ်ခြင်း ဆိုတာသည် သူတို့ လုပ်ရမယ့် သူတို့ ပြောရမယ့်စကား မဟုတ်ပါဘူး။ သူတို့ အကြောင်းပြရမယ့်ကိစ္စ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီလယ်ယာမြေ သိမ်းပြီးသားတွေက ဥပဒေနဲ့ ညီ၏၊ မညီ၏ ပေါ့။ လူသူပိုင်၏၊ မပိုင်၏ ဆိုတာကို ဆုံးဖြတ်ရမည့် တာဝန်နဲ့ လုပ်ပိုင်ခွင့်သည် ပြည်တောင်စုလွှတ်တော် အဆင့်မှာသာလျှင် ရှိပါတယ်။ အခုပုံစံ အရဆိုရင် ကျွန်တော်တို့ ပြည်ထောင်စုလွှတ်တော် ကနေပြီးတော့ လယ်ယာမြေ ပြဿနာနဲ့ ပတ်သက်လို့  ဒီဖြေရှင်းဖို့အတွက် စုံစမ်း စစ်ဆေးရေးကော်မရှင်တွေနဲ့ တွေ့ဖို့အတွက် အတည်ပြုလိုက်ပြီ ဆိုတော့လေ။ အဲဒီတော့ အဲဒီအပေါ်မှာ သူတို့ပယ်တယ်ဆိုရင် တစ်ခြားနည်းဥပဒေနဲ့ ညီ၏၊ မညီ၏ ပေါ့နော်။ ကျွန်တော်တို့ လျှောက်ထားတဲ့ပုံစံ မှန်၏၊ မမှန်၏ ဆိုတာကို ကြည့်ပြီးတော့ သူတို့ အနေနဲ့ ပယ်ရမယ်လို့ ကျွန်တော်တို့ ယူဆတယ်"
အခုလို ငြင်းပယ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်လို့  ပြည်ထောင်စုလွှတ်တော်နဲ့ နိုင်ငံတော် သမ္မတထံ အိတ်ဖွင့်ပေးစာ တစ်စောင်ပေးပို့ တင်ပြမှာဖြစ်ပြီး ဆန္ဒပြပွဲ နည်းဥပဒေအရ တိုင်းရဲတပ်ဖွဲ့မှူးထံ အယူခံတင်ဖို့ ကိုတော့ အာဏာပိုင်များအပေါ် ယုံကြည်မှု မရှိလို့ လောလောဆယ် စဉ်းစားဆဲပဲ ဖြစ်တယ်လို့ သိရပါတယ်။

မြေယာ ပြဿနာဖြေရှင်းရေး NDF ဆွေးနွေးပွဲကျင်းပ


မြေယာ ပြဿနာဖြေရှင်းရေး NDF ဆွေးနွေးပွဲကျင်းပ

2012-08-22
မြန်မာနိုင်ငံတ၀ှမ်းက လယ်မြေ သိမ်းယူခံထားရတဲ့ တောင်သူ လယ်သမားများအတွက် နေပြည်တော် လွှတ်တော်မှာ ဖွဲ့စည်းထားတဲ့ မြေယာ ပြဿနာ ဖြေရှင်းရေး ကော်မရှင်ကို ကူညီတင်ပြပေးဖို့ NDF အမျိုးသားဒီမိုကရေစီ အင်အားစုပါတီဝင် (၂၀၀) နီးပါးလောက် ရန်ကုန်မြို့ စီးတီးစတား ဟိုတယ်မှာ ဒီကနေ့ ဆွေးနွေးပွဲ ကျင်းခဲ့ပါတယ်။
RFA
၂၀၁၂ ခုနှစ် သြဂုတ်လ ၂၁ ရက်က ရန်ကုန်မြို့ စီးတီးစတား ဟိုတယ်တွင် NDF ပါတီက တောင်သူ လယ်သမားရေးရာ ကော်မတီ ဆွေးနွေးပွဲတွင် ဒေါ်ဘောက်ဂျာ (လူ့အခွင့်အရေးလှုပ်ရှားသူ)က ဆွေးနွေးတင်ပြနေစဉ်။
သိမ်းယူခံထားရပြီးနောက် အကောင်အထည် မဖော်နိုင်တဲ့ စီမံကိန်းတွေ၊ အခွင့်အရေး ချိုးဖောက်ခံရမှုတွေ အားလုံးကို လွှတ်တော်မှာ တင်ပြနိုင်ဖို့ ဒီဆွေးနွေးပွဲ ကျင်းပရတာ ဖြစ်တယ်လို့ NDF ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ဆွေးနွေးပွဲမှာ RFA ကို ပြောကြားခဲ့ပါတယ်။
"တပ်ရင်း တပ်ဖွဲ့တွေ၊ ကုမ္ပဏီတွေ၊ စက်ရုံတွေကနေပြီးတော့ကာ တကယ်တမ်း သိမ်းထားပြီးတော့ တကယ် အလုပ်မလုပ်ပဲနဲ့ ပြည်သူ့အခွင့်အရေး ဆုံးရှူံးနေတာကို ဖော်ထုတ်ပြီးတော့ ကော်မရှင်သိအောင် ပြောကြားဖို့အတွက် ဒီနေ့ပွဲကို ကျင်းပရခြင်း ဖြစ်ပါတယ်"
အဲဒီ တွေ့ဆုံဆွေးနွေးပွဲကို ရန်ကုန်တိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ကချင်ပြည်နယ်စတဲ့ ပြည်နယ်နဲ့တိုင်း ဒေသအသီးသီးက NDF ပါတီဝင်တွေ တက်ရောက် ဆွေးနွေးခဲ့ကြတာ ဖြစ်ပြီး ပြည်တွင်း ပြည်ပ သတင်းမီဒီယာတွေလည်း သတင်းရယူခဲ့ကြပါတယ်။

ကျောက်တော်မြို့နယ်ရှိ ကျေးရွာသူတွေကို ဒေသခံ အာဏာပိုင်တွေ ခေါ်ယူစစ်ဆေး


ကျောက်တော်မြို့နယ်ရှိ ကျေးရွာသူတွေကို ဒေသခံ အာဏာပိုင်တွေ ခေါ်ယူစစ်ဆေး

2012-08-22
မကြာသေးခင်က ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အတွင်းရှိ ကျေးရွာတွေက အမျိုးသမီးတွေကို အခု ရက်ပိုင်းအတွင်း ဒေသခံ အာဏာပိုင်တွေက ခေါ်ယူ စစ်ဆေးနေတယ်လို့ သိရပါတယ်။
ကျောက်တော်မြို့နယ်မှာ ဒေသခံ ရခိုင်တိုင်းရင်းသားတွေနဲ့ ရိုဟင်ဂျာတွေအကြား ပဋိပက္ခတွေ ဖြစ်ပေါ်ခဲ့ပြီးနောက် ရွှေလှိုင်၊ ဂုတ်ဘီထောင့်၊ ရွာသစ်ကေ၊ ကျောက်ဖြူရွာသစ်၊ တောင်ဘွေ၊ ကသစ်တော စတဲ့ကျေးရွာ တွေက ရွာခံတွေကို အာဏာပိုင်တွေက စစ်ဆေးနေရာမှာ အခုအချိန်အထိ ဖမ်းဆီးခံထားရသူ ၃၀ ကျော် ရှိနေပြီလို့ ဒေသခံတွေကပြောပါတယ်။
အခုရက်ပိုင်းတွေအတွင်း ရွာခံအမျိုးသမီးတွေကိုပါ အာဏာပိုင်တွေက စစ်ဆေးနေတာ ဖြစ်တယ်လို့ ခေါ်ယူမေးမြန်းခံရပြီး နေအိမ်ကိုပြန်လည် ရောက်ရှိလာတဲ့ ရွှေလှိုင်ရွာသူ အမျိုးသမီးတစ်ဦးက RFA ကိုပြောပါတယ်။
ကျောက်တော်မြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် နေအိမ်ပေါင်း ၃၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ရပြီး လူဦးရေ ၃၀၀၀ ခန့် ဒုက္ခရောက်ခဲ့ရပါတယ်။ ဒါ့အပြင် စစ်တွေမြို့မှာလည်း အခုအချိန်အထိ ပဋိပက္ခတွေကြောင့် လူဦးရေပေါင်း ခြောက်သောင်းကျော်လောက် ဒုက္ခသည်စခန်းတွေကို ခိုလှုံနေရဆဲ ဖြစ်ပါတယ်။
ဘုန်းတော်ကြီးကျောင်းတွေမှာ ခိုလှုံနေကြရတဲ့ ဒုက္ခသည်တွေအတွက် အစိုးရက သီးခြားစခန်းတွေ ဆောက်လုပ်ကာ ပြောင်းရွှေ့ပေးနေတာ ရှိပေမယ့် မီးလောင်ခံခဲ့ရတဲ့ အိမ်ရာမြေတွေကိုတော့ ပြန်လည်ပေးအပ်ဖို့ လတ်တလော စီစဉ်ထားတာ မရှိသေးဘူးလို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းပြန်ကြားရေးနဲ့ မှတ်တမ်းပြုစုရေး ကော်မတီ ဥက္ကဋ္ဌ ဦးလှသိန်းက RFA ကို ပြောပါတယ်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။