Wednesday, August 22, 2012

ကွဲပြားငြိမ်းချမ်းပါတီဥက္ကဋ္ဌကို ဦးခင်ရွှေ တရားစွဲပြီ


ကွဲပြားငြိမ်းချမ်းပါတီဥက္ကဋ္ဌကို ဦးခင်ရွှေ တရားစွဲပြီ

တရားစွဲခံရတဲ့ ဦးနေမျိုးဝေ၊ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ (ဓာတ်ပုံ - စည်သူ)
မိုင်အဲမလီ ~
မြန်မာတနိုင်ငံလုံးချီပြီး ဖြစ်ပေါ်နေတဲ့ မတရား လယ်သိမ်းခံရမှု၊ မြေယာ ပြဿနာ၊ လယ်ယာမြေဥပဒေဟောင်းတွေရဲ့ အားနည်းချက်တွေအကြောင်း ဝေေ၀ဆာဆာ ရေးသား ထုတ်ဖော် ပြောဆိုနေတဲ့ မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေ တရားစွဲဆိုခံထားရပါတယ်။
သူ့ကို ဇေကမ္ဘာကုမ္ပဏီပိုင်ရှင် ပြည်ထောင်စုလွတ်တော် ကိုယ်စားလှယ် ဦးခင်ရွှေက အသရေဖျက်မှု ပုဒ်မ ၅၀၀ နဲ့ တရားစွဲဆိုထားတာပါ တဲ့။
ဦးနေမျိုးဝေဟာ ဇေကမ္ဘာကုမ္ပဏီနဲ့ လယ်သမားများပြဿနာ ဆိုတဲ့ စာအုပ်ကို ၂၀၁၁ ခုနှစ် ဇွန်လပိုင်းမှာ ရေးသားခဲ့ပြီး လယ်ယာမြေ ဥပဒေဟောင်းတွေရဲ့ အားနည်းချက်တွေကိုလည်း ဖော်ထုတ်ခဲ့သလို အစိုးရ၀န်ထမ်းတွေရဲ့ လာဘ်စားမှု တွေကိုလည်း အတိအလင်း ဖော်ထုတ် ရေးသားခဲ့သူပါ။
အဲဒီတုန်းက ရလဒ်အဖြစ် စာပေစိစစ်ရေးက သူ့ရဲ့ ပုံနှိပ်ထုတ်ဝေခွင့် အာမခံကြေးငွေ ကျပ် ၅သိန်းကို နိုင်ငံတော် ဘဏ္ဍာငွေအဖြစ် သိမ်းဆည်းလိုက်ပြီး စာပေထုတ်ဝေခွင့်ကို ပိတ်ပင်လိုက်ပါတယ်။
နိုင်ငံရေးပါတီနဲ့ သက်ဆိုင်ခြင်းမရှိတဲ့ အကြောင်းအရာတွေကို ထည့်သွင်းရေးသားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ပါ။
ဦးနေမျိုးဝေက မှတ်ချက် ဘယ်လို ပေးသလဲ
ဇူလိုင်လ ၂၆ရက်နေ့ ပြည်ထောင်စုလွတ်တော်မှာ နိုင်ငံလုံးချီ ဖြစ်ပွားနေတဲ့ မြေယာမှုခင်းတွေကို စုံစမ်းစစ်ဆေးဖို့ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းမယ့်
ကိစ္စကို မဲခွဲဆုံးဖြတ်ခဲ့ပါတယ်။ မဲအရေအတွက် ၃၉၅မဲနဲ့ ဆုံးဖြတ်ချက် ချမှတ်နိုင်ခဲ့ကြောင်း သိရှိရပါတယ်။
အဲဒီလိုမြေယာမှုခင်းနဲ့ ပတ်သက်လို့ စုံစမ်း စစ်ဆေးကော်မရှင်တွေ ဖွဲ့ဖို့ ဆုံးဖြတ်ချက် ချမှတ်ခြင်း၊ ဇေကမ္ဘာကုမ္ပဏီက ဦးနေမျိုးဝေကို တရားစွဲခြင်း တွေဟာ လယ်သမားအရေး လုပ်ကိုင်သူများအတွက် စိတ်ဝင်စားစရာပါပဲ။
တကယ်တော့ ဒါဟာ ဇေကမ္ဘာကုမ္ဘာဏီ နဲ့ နေမျိုးဝေတို့ ဖြစ်နေတဲ့ပွဲ မဟုတ်ပါဘူး။ သူတို့နှစ်ဦးကြားမှာ Class နှစ်ခု ရှိနေပါတယ်။
နစ်နာသူ ( တုံးအောက်က ဖားတွေ ) ရှိနေတယ်၊
အဲဒီတုံးကအောက်က ဖားတွေမှာ အသိပညာပိုင်းဆိုင်ရာ ၊ ငွေကြေးပိုင်း ဆိုင်ရာ အားနည်းမှုတွေ ရှိနေတယ်။
သူတို့က Class တခု ၊ အဲဒီလူတွေနဲ့ ငွေကြေးဥစ္စာ ဒါနတွေကြွယ်ဝပြီးတော့ ရာထူးရာခံ ရှိတဲ့လူတွေနဲ့ လာဘ်ပေးလာဘ်ယူလုပ်၊ ပူးပေါင်းဆောင်ရွက်နိုင်သူ လူတန်းစားတွေရှိတယ်။
အဲဒီလူတန်းစား Class နှစ်ခုရဲ့ တိုက်ပွဲက နေမျိုးဝေနဲ့ ဇေကမ္ဘာရဲ့ ပြဿနာကို ဖြစ်ပေါ်လာစေတာပါ လို့ ဦးနေမျိုးဝေက ပြောပြပါတယ်။
ဦးနေမျိုးဝေ (ဓာတ်ပုံ - စည်သူ)
ဇူလိုင်လမှာ သူ့ရဲ့ မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီဟာ သမ္မတနဲ့ သွားရောက်တွေ့ဆုံခွင့် ရခဲ့ပြီး နိုင်ငံရေးရာ အကြံပြုချက်တွေကို တင်ပြခဲ့ကြောင်း သိရပါတယ်။
လတ်တလော တရားစွဲဆို ခံထားရတဲ့ ဦးနေမျိုးဝေ ဘက်က ရှေ့နေများကွန်ယက်မှ ရှေ့နေတွေ ဖြစ်ကြတဲ့ ဦးအောင်သိန်း၊ ဦးသိန်းသန်းဦး၊ ဦးကြီးမြင့်တို့က အခမဲ့ ကူညီကြမှာဖြစ်ကြောင်း သိရပါတယ်။
လွှတ်တော်ထဲမှာ ဦးခင်ရွှေ ဘာတွေ တွက်ချက်လေ့လာနေသလဲ ? (ဓာတ်ပုံ - ဧရာဝတီ)

ကျောက်သင်ပုန်းကိုင်ပြီး ဘာလုပ်နေသလဲ


ကျောက်သင်ပုန်းကိုင်ပြီး ဘာလုပ်နေသလဲ 

ကျောက်သင်ပုန်းနဲ့တူတဲ့အရာတခုကို ပုံမှာ တွေ့ရတဲ့အတိုင်းကိုင်ထားပြီဆိုရင် အဲဒါ ဓာတ်ပုံရိုက်နေတာပဲပေါ့။ ဒီကနေ့ မြ၀တီမြို့ပြင်က နယ်ခြားစောင့်တပ် ၂ နှစ်ပြည့် အခမ်းအနားတခုမှာ ဒီလို ကွန်ပျူတာပြားပြားလေးတွေထောင်ထောင်ပြီး ဓာတ်ပုံရိုက်နေသူကို တွေ့ရပါတယ်။
သူကိုင်တဲ့ ကွန်ပျူတာပြားမှာ အဖုံး အကာအရံ တပ်ထားတဲ့အတွက် အကြီးကြီးလို့ ထင်ရတာပါ။

မြ၀တီရုပ်သံက သတင်းတင်ဆက်သူတဦးကလည်း သူ့ရဲ့ စမတ်ဖုန်းနဲ့ မြင်ကွင်းတွေကို အမှတ်တရ မှတ်တမ်းတင်ပါတယ်။
ကွန်ပျူတာပြားကို tablet computer လို့ ခေါ်သလို tablet လို့လည်း အတိုကောက် ခေါ်ကြပါတယ်။
ကွန်ပျူတာကြီးမှာ mouse သုံးပေမယ့် သူ့ကိုတော့ ဖန်သားပြင်ကို လက်ဖျားထိပ်နဲ့ ပွတ်ဆွဲပြီး သုံးကြပါတယ်။
touch screen လို့ ဆိုတဲ့ အဲဒီဖန်သားပြင်ကို တချို့က ထိတွေ့မျက်နှာပြင် လို့ တိုက်ရိုက် ဘာသာပြန်သုံးပါတယ်။
လက်နှိပ်စက်/ကွန်ပျူတာ လက်ကွက်လည်း ထည့်ထားတာမို့ အဲဒီ ထိတွေ့မျက်နှာပြင်မှာ စာရိုက်စာစီနိုင်ပြန်ပါသေးတယ်။
ပထမဆုံး တီထွင်တာကတော့ Apple ကုမ္ပဏီ ဖြစ်ပါတယ် တဲ့။
လူကြိုက်များ အသုံးတည့်လာတော့ Samsung, HTC, Motorola, RIM, Sony, Amazon, HP, Microsoft, Archos စတဲ့ စတဲ့ ကုမ္ပဏီများကလည်း ဒီလို သင်ပုန်းကွန်ပျူတာတွေ ထွင်လာကြပါတယ်။
အားသွင်းထားရင် သုံးလေးနာရီမက သုံးနိုင်မယ်။ အခုဆိုရင် ၁၂ နာရီအထိ သုံးနိုင်တာတောင် ထွက်နေပြီ ဆိုပဲ။
အရမ်းပေါ့၊ သယ်ရလွယ်တဲ့ သင်ပုန်းကွန်ပျူတာတွေကို ဘက်စုံသုံးအောင် ထွင်လာကြတာ အခု ဆိုရင်
ကြိုးမဲ့အင်တာနက် သုံးနိုင်တယ်၊
လက်ကိုင်ဖုန်းအဖြစ် သုံးနိုင်တယ် (နားရွက်နား ကပ်ပြီး ပြောရတာ နည်းနည်းတော့ အူကြောင်ကြောင်နိုင်ဖွယ်ရှိတယ်)
ဂျီပီအက်စ်မြေပုံ ပါမယ်။
ဓာတ်ပုံရိုက်၊ ဗီဒီယို ရိုက်မယ်။ ရိုက်ပြီးသား ပြန်ကြည့်မယ်၊ တည်းဖြတ်မယ်။
Ebook ဖတ်နိုင်မယ်။
ဂိမ်းလား? သိပ်ဆော့နိုင်တာပေါ့။ သင်ပုန်းကွန်ပျူတာတွေ အင်မတန် အရောင်းသွက်နေတဲ့ ထိုင်းနိုင်ငံမှာ ဆိုရင် ဒီလို ကွန်ပျူတာပြားနဲ့ ဂိမ်းဆော့နေသူတွေကို ဆေးရုံ၊ ရုံး၊ ကျောင်း၊ ဆိုင် စတဲ့ နေရာတွေမှာ မကြာခဏ တွေ့နေရပါတယ်။
ကွန်ပျူတာပြားတွေထဲ အရောင်းအသွက်ဆုံးက Apple ဖြစ်တယ်လို့ ဒီကနေ့ ထွက်ပေါ်လာတဲ့ စစ်တမ်းတခုက ဆိုပါတယ်။
ကွန်ပျူတာပြား ၁၀ လုံး ရောင်းရရင် အဲဒီထဲမှာ Apple ၇ လုံး ပါတယ် ဆိုပဲ။
ဒါကတော့ အရောင်းသွက် ၅ ခု စာရင်း ဖြစ်ပါတယ်။
1 - Apple Inc., maker of the iPad, 17 million shipped worldwide, 69.6 percent share
2- Samsung Electronics Co., maker of Galaxy line, 2.3 million, 9.2 percent.
3- Amazon.com Inc., maker of Kindle Fire, 1 million, 4.2 percent
4 - AsusTek Computer Inc., maker of Transformer line, 688,000, 2.8 percent
5 - Barnes & Noble Inc., maker of Nook Tablet, 459,000, 1.9 percent
Other, 3 million, 12.3 percent
Source: IHS iSuppli
ဘက်စုံသုံးကွန်ပျူတာပြားနဲ့ ဒီလို ဒီလို ရိုက်ဖို့ ဆိုတာ တချိန်က စဉ်းစားမိလိမ့်မယ် မထင်ပါဘူး။ ခုတော့ ရိုက်နေကြပါပြီ။
ဒီကနေ့ နယ်ခြားစောင့်တပ် အခမ်းအနား သွားသူ တချို့

အခမ်းအနားတက်တဲ့ ဧည့်သည်များ
နယ်ခြားစောင့်တပ်ဖွဲ့တယောက်ကလည်း ကွန်ပျူတာပြားနဲ့ပါပဲ
လုံခြုံရေးတာဝန်ကျသူတယောက်
လုံခြုံရေးတာဝန်ကျသူတယောက်
သူတို့လည်း နယ်ခြားစောင့်တပ် ၂ နှစ်ပြည့် အခမ်းအနားအတွက် ရောက်နေပါတယ်။
ဘာတွေ ပြောနေကြသလဲ၊
ကွန်ပျူတာပြားအကြောင်း ပြောနေကြတာများလား။

ဓာတ်ပုံရိုက်ချင်စရာများတဲ့ ဒီနေ့ခေတ်မှာ ကွန်ပျူတာပြားက အလုပ်ဖြစ်နေပါတော့တယ်။
ပုံထွက်လည်း ကောင်းပါတယ် တဲ့။ ဈေးကတော့ မသေးပါဘူး။
ကွန်ပျူတာပြားအကြောင်း နောင်မှာ လေ့လာပြီး ဆက်လက် ရေးသားပါအုံးမယ်။

ဗိုလ်ကျနေတဲ့ စစ်ဗိုလ် လူထွက်များ


ဗိုလ်ကျနေတဲ့ စစ်ဗိုလ် လူထွက်များ

ဒါကတော့ ပေးစာ တစောင်ဖြစ်ပါတယ်။
Irrawaddy သတင်းဌာနမှ Editors များနှင့် သတင်းရေးသား အစီအစဉ် တင်ဆက်သူများခင်ဗျား…..
ကျွန်တော်က ရန်ကုန်တိုင်းမှ ဖြစ်ပါတယ်ခင်ဗျား….
သတင်းပေးပို့သူကတော့ ဌာနဆိုင်ရာမှ ၀န်ထမ်းတစ်ဦးဖြစ်ပါတယ်ခင်ဗျား…
ဘယ်ဌာနဆိုင်ရာလည်းဆိုတာကိုတော့ ဗိုလ်မှူးကြီးများသိလျှင် မျက်မာန်ရှပြီး အလုပ်ပြုတ်အောင် လုပ်မှာ ကို ကြောက်တဲ့အတွက် မပြောရဲသေးပါခင်ဗျား .. အဲလိုလည်း ခြိမ်းခြောက်ခံထားကြရလို့ပါ ခင်ဗျား…
အခုတော့ စစ်တပ်မှ ပြောင်းလာသော ဗိုလ်မှူးကြီးများဧ။် နေ့စဉ်နှင့် အမျှ ဆဲရေးတိုင်းထွာ ပါးရိုက် ကိုယ်ထိ လက်ရောက် ထိုးနှက်မှုများကို ထိုဌာနဆိုင်ရာမှ ၀န်ထမ်းများအားလုံး ခံစားနေရပါသောကြောင့် အားလုံး ကိုယ်စား Irrawaddy သတင်းဌာန သို့ နိုင်ငံတော်သမ္မတကြီး သိစေရန် ရင်ဖွင့် ပြောကြားလိုက်ရခြင်း ဖြစ်ပါ တယ်……
သမ္မတကြီးမှ သိရှိပြီး အမြန်ဆုံး ဖော်ထုတ် အရေးယူပေးနိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်ခင်ဗျား………. အကြောင်းအရာများကို attachment နှင့် ထည့်ပေးထားပါသည်ခင်ဗျား .. စာအရမ်းရှည်နေလျှင် လိုအပ်သလို ဖြတ်တောက်ပြီး သတင်းအစီအစဉ်မှာ ထည့်ပေးပါလို့ မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျား....
အလုပ်ပြုတ်မည့်စိုးသောကြောင့် အမည် မဖော်လိုသေးသော ဌာနဆိုင်ရာမှ ၀န်ထမ်း တစ်ဦး ဆိုပြီး ပေးပို့လာတဲ့ စာတစောင်ဖြစ်ပါတယ်။
စစ်တပ်မှပြောင်းလာသည့် ရာထူးနှင့် မထိုက်တန်သည့် အချို့သော အရာရှိဗိုလ်မှူး၊၊ ဒုတိယဗိုလ်မှူးကြီးများနှင့် ဗိုလ်မှူးကြီးများဧ။် အုပ်ချုပ်မှုအကြောင်း
ယခု အရပ်ဘက် ဌာနဆိုင်ရာ အများစု၌ စစ်တပ်မှဝင်ရောက်၍ အထက် အရာရှိနေရာများ ယူထားကြ သည့် စစ်တပ် အရာရှိကြီးများသည် စစ်တပ်တွင် မည်သည့် ပညာများဖြင့် အုပ်ချုပ်ခဲ့သည် မသိရှိပါ။
သို့သော်ယင်းတို့၏အရပ်ဘက်ဌာနဆိုင်ရာများ၌အုပ်ချုပ်သည့်ပုံစံများမှာအလွန်တရာရိုင်းစိုင်းအကျည်းတန်ပါ

သည်။ ယင်းကို နိုင်ငံတော် အဖွဲ့အစည်းများမှ အကြီးအကဲများမှ သိရှိလိမ့်မည်ဟု မထင်ပါ၊၊

၎င်းတို့ အုပ်ချုပ်နည်း ပညာမှာပါးရိုက်ခြင်း၊ ဆဲရေးတိုင်းထွာခြင်း၊ ကိုယ်ထိလက်ရောက် ထိုးနှက်ခြင်း ဟူသည့် လူ့အခွင့်အရေး ကို ချိုးဖောက်သော အုပ်ချုပ်သည့် ပညာပင်ဖြစ်သည် ဟုတွေးထင်မိပါသည်။

ယင်းကိစ္စရပ်များကို နိုင်ငံတော်၏ အကြီးအကဲများ သိရှိစေချင်ပါသည်။ အဆိုပါဌာနဆိုင်ရာရောက် စစ်တပ် အရာရှိကြီး အချို့သည် လုပ်ငန်းအကြောင်း တစ်လုံးတစ်ပါဒ မျှလ ည်း မသိရှိ၊ မည်ကဲ့သို့ဆောင်ရွက်ရမည်ကို လည်း မလေ့လာ၊ လုပ်ငန်းအကြောင်းလည်းနားမလည်၊ ယင်းတို့ရောက်ရှိနေသည့် ထိုင်ခုံကိုလည်း ပျောက် မှာစိုး၊ စီမံ ခန့်ခွဲမှုလည်း မတတ်ကျွမ်း၊ ၄င်းတို့ မတတ်ကျွမ်း မသိရှိသည်ကိုလည်း လက်အောက် ငယ်သားများ သိရှိမည် စိုး၍ နိုင်ထက်စီးနင်း နင်ပဲငဆ ဟိန်းဟောက်ကြိမ်းမောင်း မော်မကြည့်ဝံ့ရန် တစ်သွေး တစ်သံ တစ်မိန့် ဆောင်ရွက်နေကြပါသည်။

ဝန်ထမ်းများမှာ မိမိတို့နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့သည့် လုပ်သက်များကြောင့်လည်းကောင်း၊ မိသားစု စားဝတ်နေရေးအတွက် စဉ်းစား ငဲ့ညှာ၍လည်းကောင်း ကြိတ်မှိတ် သည်းခံ၍ ဆောင်ရွက် နေကြရသည်ကို အားလုံး သိရှိစေချင်ပါသည်၊၊
စစ်တပ်နှင့် အရပ်ဘက် ရောထွေးဆောင်ရွက်မှု၏ အကြောင်းများကို သိရှိစေချင်ပါသည်။ စစ်တပ်မှ ပြောင်းလာ သည့် အရာရှိကြီးများ အထူးတလည် ကျွမ်းကျင်သည့် ပညာရပ်မှာ ဦးဏှောက်မသုံးရသည့် ပါးရိုက်ခြင်း၊ တစ်ဆွေလုံး တစ်မျိုးလုံးအား ဆဲရေးတိုင်းထွာခြင်း၊ ကိုယ်ထိလက်ရောက် ပိတ်ထိုးခြင်းဟူသည့် ပညာရပ် များပင်ဖြစ်ပါကြောင်း၊ လက်အောက်ဝန်ထမ်းများကို ယင်းသို့ အုပ်ချုပ်နေသည့် စစ်တပ်မှ ပြောင်းရွေ့လာသော ဗိုလ်မှုးကြီးများကို သူတို့နှင့်သင့်တော်သည့် နေရာသို့သာ ထားရှိသင့် ပါ ကြောင်း၊ ဌာနဆိုင်ရာအချို့မှ ကြားသိရသည့် သတင်းများစွာနှင့် ကိုယ်တိုင်တွေ့ကြုံ ခံစားရသူမှ ခံစားရေးသား လိုက်ရခြင်းဖြစ်ပါသည်။

နေပြည်တော်မှာ Mitsubishi ရုံးဖွင့်မည်


နေပြည်တော်မှာ Mitsubishi ရုံးဖွင့်မည်

ဂျပန်နိုင်ငံရဲ့ နံမည်ကြီး ကုမ္ပဏီကြီး တခုဖြစ်တဲ့ မစ်ဆုဘိရှီ ( Mitsubishi) ကော်ပိုရေးရှင်းကြီးဟာ ဟာ မြန်မာနိုင်ငံ မြို့တော်သစ် နေပြည်တော်မှာ လာမယ့် စက်တင်ဘာလ ၁ ရက်နေ့မှာ ရုံးခန်းသစ် တခု တည်ထောင်ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ သဘာဝ အရင်းအမြစ်တွေ ပေါကြွယ်ဝတဲ့ နိုင်ငံဖြစ်တဲ့အပြင် တရုတ်နိုင်ငံ၊ အန္ဒိယနိုင်ငံနဲ့ အခြား အာဆီယံ နိုင်ငံတွေနဲ့ နယ်နိမိတ်ချင်း ထိစပ်နေပြီး ပထ၀ီ သဘောအရ အားသာချက်တွေ ရှိတဲ့ နိုင်ငံလည်းဖြစ် ပါတယ်။ လူဦးရေက လည်း ၆၂ သန်းလောက်ရှိပြီး နောက်ထပ် စက်မှု ဖွံ့ဖြိုးတိုးတက်မှု အလားလားကောင်း
တွေ ရှိနေတာ၊ စတာတွေကြောင့် ဈေးကွက်ကောင်း တခုအဖြစ်လက်ခံပြီးအခုလို ကော်ပိုရေးရှင်းကြီး အခြေလာချတာလည်းဖြစ်ပါတယ်။
နိုင်ငံတော်တော်များများက မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်လာပြီးနောက် ပိတ်ဆို့ထားတဲ့ စီးပွားရေး ဒဏ်ခတ်မှုတွေကို ဖြေလျှော့ ဖယ်ရှားမှုတွေ လုပ်လာပြီးနောက်ပိုင်း ပြုပြင်ပြောင်းလဲရေး အရှိန်လည်း ရလာခဲ့ ပါတယ်။
တဆက်တည်းမှာဘဲ မြန်မြန်ဆန်ဆန်ဘဲ အစိုးရက ဦးဆောင်ပြီး စွမ်းအင်ကဏ္ဍ၊ တီလီဆက်သွယ်ရေး ၀န်ဆောင်မှု၊ လေဆိပ်နဲ့ လမ်းဆောက်လုပ်ရေး အစရှိတဲ့ အခြေခံ အဆောက်အဦ တိုးတက်ဖွံ့ဖြိုးရေးတွေ ကို နိုင်ငံတကာရဲ့ အားပေးမှုတွေ အပေါ် အခြေခံပြီး ဖော်ဆောင်သွားဖို့လည်း မျှော်လင့်ထားတာပါ။
၁၉၅၄ ခုနှစ်ကတည်းက မစ်ဆုဘိရှီ ကော်ပိုရေးရှင်းရဲ့ ရုံးခန်းတခုကို ရန်ကုန်မြို့မှာ အခြေချဖွင့်လှစ်ထားခဲ့ တာပါ။ ဒါကို လည်း ဖိုင်ဘာ၊ အစားအသောက်၊ သံမဏီနဲ့ စက်ပစ္စည်း ဆိုင်ရာ ထုတ်ကုန်တွေနဲ့ပတ်သက်ပြီး ကုန်သွယ်လုပ်ဆောင် လာ ခဲ့ရင်း အခုထိ ဆက်လက်ပြီး ထိမ်းထိမ်းသိမ်းသိမ်း လုပ်ဆောင်လာခဲ့တယ်လို့ တိုကျို အခြေဆိုက် (JCN Newswire) သတင်း တပုဒ်မှာ ဖော်ပြထားပါတယ်။
အခုလို နေပြည်တော်မှာပါ နောက်ထပ် ရုံးသစ်စိုက်လိုက်ပြီးနောက်မှာ ရန်ကုန်ရုံးနဲ့ နေပြည်တော်ရုံးတို့ သတင်းအချက် အလက်တွေနဲ့ ရုံးလုပ်ငန်းတွေကို အတူပူးပေါင်းပြီးလုပ်ဆောင်ဖို့ ရှိပြီး အနာဂတ်မှာ မြန်မာ့ စက်မှု ထွက်ကုန် တိုးတက်မှုနဲ့ အခြေခံ အဆောက်အဦဆိုင်ရာ စီမံကိန်းကြီးတွေကိုလည်း ရန်ပုံငွေ ရှာပြီး ဆက်လက်ဖွံ့ဖြိုးအောင် လုပ်သွားဖို့ ရည်စူးထားတယ်လို့ ဆိုပါတယ်။
နေပြည်တော် ရုံးခန်းမှာ ဦးဆောင် တာဝန်ယူမယ့် မြန်မာနိုင်ငံဆိုင်ရာ အထွေထွေ မန်နေဂျာကတော့ Mitsuo Ido ဖြစ်ပြီး အခုလက်ရှိ ရန်ကုန် ရုံးရဲ့ အထွေထွေ မန်နေဂျာအဖြစ် တာဝန်ယူနေသူဖြစ်ပါတယ်။ နေပြည်တော် ရုံးလိပ်စာကတော့ အမှတ် ၁၂၉၊ သီရိ ရတနာ Shopping Complex နေပြည်တော်ဖြစ်ပါတယ်။
မစ်ဆုဘိရှီ ကော်ပိုရေးရှင်းကြီးဟာ ကမ္ဘာတ၀န်း နိုင်ငံပေါင်း ၈၀ မှာ လုပ်ငန်းပေါင်း ၂၀၀ လောက်အခြေဆိုက် ထားပြီး ကုမ္ပဏီပေါင်း ၅၀၀ ကျော်နဲ့ စုဖွဲ့ထားတဲ့ ကော်ပိုရေးရှင်းကြီးတခုလည်း ဖြစ်ပါတယ်။ ကော်ပိုရေး ရှင်းကြီးမှာ စုစုပေါင်း ကုမ္ပဏီ ၀န်ထမ်း ၆ သောင်း ကျော် ရှိပါတယ်။

အကျင့်ပျက်ခြစားမှု ၂ ခုအား အရေးယူရန် ဧရာဝတီတိုင်းလွှတ်တော် ဆုံးဖြတ်

အကျင့်ပျက်ခြစားမှု ၂ ခုအား အရေးယူရန် ဧရာဝတီတိုင်းလွှတ်တော် ဆုံးဖြတ်


ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးဆန်းဆင့် (ဓာတ်ပုံ – သန့်စင်ငြိမ်းချမ်း / ဧရာဝတီ)
ဧရာဝတီတိုင်း အစိုးရအဖွဲ့အနေဖြင့် အကျင့်ပျက်ခြစားမှု ၂ ခုအား ၂ လအတွင်း အရေးယူ ဆောင်ရွက်ပေးရန် ဧရာဝတီတိုင်းလွှတ်တော် အထူးအစည်းအဝေးက သြဂုတ်လ ၂၀ ရက်နေ့က အတည်ပြု ဆုံးဖြတ်ခဲ့သည်။
ပုသိမ်မြို့ ဧရာမင်း ဈေးပိုင် စည်ပင်မြေကွက်အား ဌာနဆိုင်ရာများက အိမ်ခြံမြေ အကွက်ဖော် ရောင်းစားခဲ့မှုနှင့် ပုသိမ်မြို့နယ် သစ်ပုတ်ကုန်းကျေးရွာ ဘောလုံးကွင်းအား ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူများက ရောင်းစားခဲ့သည့် အမှု ၂ ခုကို ထိရောက်စွာ အရေးယူရန် တိုင်းလွှတ်တော်က တိုင်းအစိုးရအဖွဲ့အား တာဝန်ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
“ပုသိမ်မြို့ အမှတ် ၈ ရပ်ကွက် ဧရာမင်း ဈေးပိုင်မြေကွက်ကို အိမ်မြေကွက် ၈ ကွက်ပြုလုပ်ပြီး လူနေအိမ်များ ဆောက်လုပ်နေထိုင်မှု အစီရင်ခံစာအပေါ် သုံးသပ်ချက်၊ တိုက်တွန်းချက်များကို အစိုးရအဖွဲ့က ၂ လအတွင်း ပြီးပြတ်အောင် ဆောင်ရွက်ပေးရန် လွှတ်တော်က ဆုံးဖြတ်ကြောင်း ကြေညာပါတယ်” ဟု တိုင်းလွှတ်တော် ဥက္ကဋ္ဌ ဦးဆန်းဆင့်က လွှတ်တော် အစည်းအဝေးတွင် ပြောသည်။
၁၉၉၆ ခုနှစ်က တည်ဆောက်ခဲ့သည့် ဧရာမင်းဈေးကို ၂၀၀၁ ခုနှစ်တွင် ပြန်လည် တည်ဆောက်ခဲ့ရာ ဈေးအိမ်သာနှင့် မီးသတ်ရေကန် တည်ဆောက်ရန် မြေနေရာ ချန်ထားခဲ့သည်။
ယင်းမြေနေရာများအား သက်ဆိုင်ရာ အစိုးရဌာနများက အိမ်ခြံမြေကွက် ၈ ကွက် ဖော်ထုတ်ကာ ဂရန်ကျစေပြီး ပုဂ္ဂလိကအဆင့်ဆင့် ရောင်းစားခဲ့ခြင်းဖြစ်သည်။
ယခုအခါ ဧရာမင်း ဈေးသူဈေးသားများက ယင်းမြေနေရာများကို ပြန်လည်ရလိုကြောင်း လွှတ်တော်သို့ တင်ပြတိုင်ကြားခဲ့ရာ တိုင်းလွှတ်တော် ဥပဒေစိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ ထိန်ဝင်း ဦးဆောင်သည့်အဖွဲ့က ကွင်းဆင်းစစ်ဆေးပြီးနောက် လွှတ်တော်သို့ အစီရင်ခံစာ ပြန်လည်တင်သွင်းခဲ့သည်။
အစီရင်ခံစာတွင် “အချင်းဖြစ်မြေမှာ စည်ပင်သာယာပိုင်မြေ ဖြစ်သည်ကို သိလျက်နှင့် တင်ပြရန် ပျက်ကွက်ခဲ့သည့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် မြေစာရင်း ဦးစီးဌာနမှ တာဝန်ရှိသူများကို လိုအပ်သလို အရေးယူသင့်ကြောင်း” ဖော်ပြပါရှိသည်။
အစီရင်ခံစာပါ အကြောင်းအရာများကို မြောင်းမြအမတ် ဦးပြုံးချို၊ လပွတ္တာအမတ် ဦးထိန်လင်းနှင့် ဖျာပုံအမတ် ဦးလှဝင်းဗိုလ်တို့က လွှတ်တော်တွင် ထောက်ခံ ဆွေးနွေးခဲ့ကြသည်။
“စည်ပင်သာယာပိုင်မြေ ဖြစ်သည်ကို သိလျက်နဲ့ လက်ခံရယူသူ၊ ဆောက်ရွက်ပေးသူများဟာ ဥပဒေချိုးဖောက်သူများ ဖြစ်တဲ့အတွက် စီမံခန့်ခွဲရေး နည်းလမ်းများအရ လိုအပ်သလို အရေးယူသင့်ပါတယ်” ဟု ဖျာပုံမြို့နယ် တိုင်းလွှတ်တော်အမတ် ဦးလှဝင်းဗိုလ်က လွှတ်တော်တွင် ဆွေးနွေးသည်။
ထို့ပြင် သစ်ပုတ်ကုန်းကျေးရွာ ဘောလုံးကွင်းအား ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်ဝင်း၊ ရာအိမ်မှူးနှင့် နယ်မြေခွဲခေါင်းဆောင်တို့က ငွေ ၂၆ သိန်းဖြင့် အငြိမ်းစား မြေတိုင်းစာရေး ဦးစိုးမြင့်အား ရောင်းချခဲ့သည့်ကိစ္စကို လွှတ်တော်အမတ် ၄ ဦးက ဆက်လက် ဆွေးနွေးခဲ့သည်။
ဘောလုံးကွင်း ရောင်းချသည့်ကိစ္စအား ကျေးရွာလူထုက မကျေနပ်သည့်အတွက် တိုင်ကြားမှုများ ပြုလုပ်ခဲ့ရာ ရာအိမ်မှူးနှင့် နယ်မြေခွဲခေါင်းဆောင်တို့က ယူထားသည့်ငွေများ ပြန်ပေးခဲ့သော်လည်း ကျေးရွာအုပ်ချုပ်ရေးမှူးက ပြန်မပေးဘဲ “တိုင်ချင်ရာ တိုင်နိုင်တယ်” ဟု စိန်ခေါ်ခဲ့သည့်အတွက် တိုင်ကြားတောင်းဆိုမှုများ ပိုမို ပြင်းထန်လာကြောင်း လပွတ္တာအမတ် ဦးဇော်ဝင်းက ပြောသည်။
“အုပ်ချုပ်သူရဲ့ ငါတကောကောတဲ့ လုပ်ရပ်တွေကို ဟန့်တားနိုင်အောင် နမူနာစံပြအဖြစ် အရေးယူဖို့ အမှန်တကယ် လိုအပ်နေပါပြီ။ ဒါကြောင့် ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားသင့်ပါကြောင်း ထောက်ခံ တင်ပြအပ်ပါတယ်”ဟု ၎င်းက ပြောသည်။
လွှတ်တော် ဥက္ကဋ္ဌ ဦးဆန်းဆင့်က သစ်ပုတ်ကုန်းရွာ ဘောလုံးကွင်းကိစ္စအပေါ် အစိုးရအဖွဲ့၏ သဘောထားကို မေးမြန်းခဲ့ရာ တိုင်းအစိုးရ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မောင်မောင်ဝင်းက ယင်းဖြစ်ရပ်အတွက် တာဝန်ရှိသူအဆင့်ဆင့်ကို ဖော်ထုတ်ပြီး အရေးယူသင့်ပါကြောင်း လွှတ်တော်တွင် ထောက်ခံ ပြောဆိုသွားသည်။
တိုင်းလွှတ်တော် သက်တမ်းတလျှောက် ပထမဆုံး ခေါ်ယူကျင်းပခဲ့သည့် ဧရာဝတီတိုင်း လွှတ်တော် အထူးအစည်းအဝေး (၁/၂၀၁၂) ကို သြဂုတ်လ ၁၅ ရက်နေ့မှ ၂၀ ရက်နေ့အထိ ပုသိမ်မြို့ လွှတ်တော်ခန်းမတွင် ကျင်းပခဲ့သည်။
ယမန်နေ့ လွှတ်တော်အစည်းအဝေးသို့ တိုင်းဝန်ကြီးချုပ် ဦးသိန်းအောင်နှင့် တပ်မတော်သား ကိုယ်စားလှယ် ၂ ဦး အပါအ၀င် ကိုယ်စားလှယ် ၅ ဦး တက်ရောက်ရန် ပျက်ကွက်ခဲ့ပြီး စုစုပေါင်း အမတ် ၆၇ ဦး တက်ရောက်သည်။

ပိုင်ဆိုင်မှုစာရင်းများ သမ္မတထံ ချိတ်ပိတ်တင်ပြရ

ပိုင်ဆိုင်မှုစာရင်းများ သမ္မတထံ ချိတ်ပိတ်တင်ပြရ

Hits: 423
If you see this message, it means that your browser doesn't support frames or they are disabled. အစိုးရအဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှုနှင့် အကျိုးစီးပွား ထုတ်ဖော်ရေး အဆိုသည် လွှတ်တော်တွင် အရေးနိမ့်ခဲ့သော်လည်း အစိုးရ၀န်ကြီးများ၊ တရားသူကြီးချုပ်များနှင့် အစိုးရ ထိပ်တန်း တာဝန်ရှိသူများ၏ ပိုင်ဆိုင်မှုများအားလုံးကို စာရင်းပြုစုပြီး သမ္မတဦးသိန်းစိန်ထံသို့ လျှို့ဝှက် ချိတ်ပိတ် တင်ပြရကြောင်း သတင်းရရှိသည်။
ခေတ်နောက်ပြန်ဆွဲလိုသူများကို ချန်ထားခဲ့မည်ဟု သမ္မတ ဦးသိန်းစိန် က မေလ ၁၁ ရက်နေ့ အစိုးရအဖွဲ့ အစည်းအဝေးတွင် ပြောဆိုခဲ့သည် (ဓာတ်ပုံ – သမ္မတရုံး ဝက်ဘ်ဆိုဒ်)
“သြဂုတ်လ ၂၀ ရက်နေ့မှာ ရန်ကုန်တိုင်း ၀န်ကြီးချုပ်ဦးမြင့်ဆွေ၊ တိုင်းဝန်ကြီးတွေ၊ တိုင်းတရားသူကြီးချုပ်၊ ဥပဒေချုပ်၊
တိုင်းတရား သူကြီးတွေရဲ့ ပိုင်ဆိုင်မှုတွေ အားလုံးကို သမ္မတရုံးဆီ တင်လိုက်ပါပြီ။ အစိုးရအဖွဲ့ဝင် အားလုံးရဲ့ ပိုင်ဆိုင်မှုတွေကို
တင်ခိုင်း ထားတာပါ။ ပြည်ထောင်စုအဆင့်နဲ့ ပြည်နယ်/ တိုင်း အဆင့်တွေအားလုံး သြဂုတ်လ ၂၀ ရက်နေ့ နောက်ဆုံးထား တင်ရတာပါ” ဟု ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူတဦးက အတည်ပြုပြောဆိုသည်။

NLD ပါတီမှ ပုသိမ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးဝင်းမြင့်က ကောင်းမွန်သော အုပ်ချုပ်ရေး၊ သန့်ရှင်းသော အစိုးရဖြစ်ပေါ်ရေးအတွက် ပြည်ထောင်စု အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ် အစိုးရ အဖွဲ့ဝင်များအဖြစ် တာဝန်ထမ်းဆောင် သူများသည် ၎င်းတို့၏ ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းနှင့် အကျိုးစီးပွားများကို ထုတ်ဖော်ကြေညာရန် အဆိုကို ဇူလိုင်လ ၂၅ ရက်နေ့တွင် တင်သွင်းပြီးနောက် သမ္မတ ဦးသိန်းစိန်က ဇူလိုင်လ ၂၆ ရက်နေ့တွင် အစိုးရအဖွဲ့ဝင်အားလုံး၏ ပိုင်ဆိုင်မှုနှင့် အကျိုးစီးပွားများကို သြဂုတ်လ ၁ ရက်နေ့ နောက်ဆုံးထား တင်ပြကြရန် အမိန့်ထုတ်ပြန်ခဲ့ကြောင်း၊ သို့ရာတွင် အချိန် နည်းပါးလွန်းသည့်အတွက် ပိုင်ဆိုင်မှုနှင့် အကျိုးစီးပွား တင်ပြသည့်
အမိန့်ကို ရွှေ့ဆိုင်းပြီး သြဂုတ်လ ၂၀ ရက်နေ့ နောက်ဆုံးထား တင်ပြရန် ထပ်မံ အမိန့်ထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။

“ပထမ ထွက်လာတဲ့ ညွှန်ကြားချက်က ငါးရက်အတွင်း ပိုင်ဆိုင်မှု တင်ခိုင်းတာမျိုးပေါ့။ နောက်တော့ အဲဒီ နောက်ဆုံးရက်
သတ်မှတ်ထားတဲ့ သြဂုတ်လ ၁ ရက်နေ့ကို ထပ်ပြီးတော့ ရွှေ့ဆိုင်းပေးတယ်၊ အမိန့် ထပ်ထွက်လာတယ်။ အခုတော့ အားလုံး တင်လိုက်ပါပြီ။ ပိုင်ဆိုင်မှုစာရင်းတွေ တရားဝင် ကြေညာဖို့ဆိုတာထက် သမ္မတရုံးမှာ မှတ်တမ်း တင်ထားဖို့လို့ပဲ ထင်ပါတယ်” ဟု ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင်က ရှင်းပြသည်။

NLD ပါတီမှ ဦးဝင်းမြင့် တင်သွင်းသည့် အစိုးရအဖွဲ့ဝင်များ အကျိုးစီးပွားနှင့် ပိုင်ဆိုင်မှုများ တရားဝင်ကြေညာရေး အဆိုမှာ လွှတ်တော်တွင် မဲအပြတ်အသတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။
သမ္မတထံ ပိုင်ဆိုင်မှုနှင့် အကျိုးစီးပွား တင်ပြရသော အစိုးရအဖွဲ့ဝင်များတွင် ပြည်ထောင်စု တရားသူကြီးချုပ်နှင့် ပြည်ထောင်စု လွှတ်တော် တရားသူကြီးများ၊ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံး ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်ထောင်စု ၀န်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့
ဝန်ကြီးချုပ်နှင့် ၀န်ကြီးများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဥပဒေချုပ်များ၊ တရားသူကြီးချုပ်များ၊ တရားသူကြီးများ ပါဝင်သည်။

သမ္မတထံ တင်ပြရသော ပိုင်ဆိုင်မှုနှင့် အကျိုးစီးပွားများတွင် မရွှေ့ပြောင်းနိုင်သော ပစ္စည်းများ၊ ရွှေ့ပြောင်းနိုင်သော
ပစ္စည်းများပါဝင်ပြီး ရွှေ့ပြောင်းနိုင်သော ပစ္စည်းများတွင် စီးပွားရေးလုပ်ငန်း၊ စုဆောင်းထားရှိသော ငွေကြေး၊ မော်တော်ယာဉ်၊ စိန်၊ ရွှေ၊ ငွေ၊ ကျောက်သံပတ္တမြားနှင့် ၀တ်ဆင်ရန် ရတနာများ၊ မရွှေ့ပြောင်းနိုင်သော ပစ္စည်းများတွင် မြေ၊ အိမ်၊ အဆောက်အအုံတို့ ပါဝင်ကြောင်း သိရှိရသည်။

တရုတ်နိုင်ငံမှလက်မခံဘဲ ထွက်ပြေးတိမ်းရှောင်လာသော စစ်ဘေးဒုက္ခသည်များစားနပ် ရိက္ခာပြတ်လပ်နေ


တရုတ်နိုင်ငံမှလက်မခံဘဲ ထွက်ပြေးတိမ်းရှောင်လာသော စစ်ဘေးဒုက္ခသည်များစားနပ် ရိက္ခာပြတ်လပ်နေ 

 သြဂုတ် (၂၂)
 တရုတ်နိုင်ငံနယ်စပ်အနီးနောင်တောင်းဒေသတွင်ထွက်ပြေးတိမ်းရှောင်နေသော မြန်မာနိုင်ငံဘက်မှ စစ်ဘေးဒုက္ခသည်များကို တရုတ်အစိုးရက လက်မခံ ဘဲ နေရပ်ပြန်ရန်ညွှန်ကြားသဖြင့် ယမန်နေ့နှင့် ယနေ့(သြဂုတ် ၂၁နှင့်၂၂ရက်) တို့တွင် 
ဒုက္ခသည်များ မြန်မာနိုင်ငံဘက်ခြမ်း မန်စီမြို့နယ်သို့ပြောင်းရွေ့ပေး နေရကြောင်း စစ်ဘေးဒုက္ခသည်များကို အဓိကအကူညီပေးနေသော ကချင်နှစ်ခြင်းခရစ်ယာန်အသင်းချုပ်မှ ဦးဂွမ်ရှော်ကပြောသည်။
တရုတ်နိုင်ငံနောင်တောင်းဒေသတွင်းသို့ ကချင်ပြည်နယ်တွင်းစစ်ပွဲ များကြောင့်ထွက်ပြေတိမ်းရှောင်နေသူများမှာ ယန်လူနှင့်လောင်ဖိုင် စခန်းနှစ်ခုတွင်နေထိုင်နေကြရာမှ တရုတ်နိုင်ငံအစိုးရ၏ နေရပ်ပြန် ရန်ညွှန်ကြားမှုကြောင်း မြန်မာနိုင်ငံဘက်ခြမ်း မန်စီမြို့နယ် အတွင်း သို့ ပြောင်းရွေ့ရခြင်းဖြစ်သည်။
အချို့မှာ မန်စီမြို့နယ်တွင်းမှ လနဇုန်၊ မန်ဝိန်းကြီးစသည့်နေရာများသို့ရွေ့ပြောင်းဖွယ်ရှိကြောင်းလည်း သတင်းရရှိသည်။
“မိုးကလည်း တအားရွာတော့ တအားဒုက္ခရောက် တယ်။နေရေး ထိုင်ရေး၊ စားရေးသောက်ရေးကအစ အရမ်းခက်ခဲတယ်”ဟု ဦးဂွမ်ရှော် က ယနေ့နံနက် ဖုန်းဖြင့် ဆက်သွယ်မေးမြန်းမှု့ကိုဖြေကြားခဲ့သည်။
တရုတ်နိုင်ငံမှ မြန်မာနိုင်ငံဘက်သို့ ပြန်လည်ပြောင်းရွေ့လာရသော စစ်ဘေးဒုက္ခသည်အရေအတွက် မှာစခန်းနှစ်ခုပေါင်း တစ်ထောင်ကျော် မည်ဟု ခန့်မှန်းထားပြီး ကျောင်းသူကျောင်းသာ ၈၀၀ဦး၊
ဆရာ၊ဆရာမ ၄၂ဦးတို့ပါဝင်ကြောင်း ကချင်နှစ်ခြင်းခရစ်ယာန်အသင်းချုပ်မှ သိရသည်။

7day news 

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။