Sunday, August 19, 2012

တနိုင်ငံလုံး အတိုင်းအတာဖြင့် လယ်ဧက ၅ သိန်းကျော် ရေနစ်မြုပ်ခံရ


တနိုင်ငံလုံး အတိုင်းအတာဖြင့် လယ်ဧက ၅ သိန်းကျော် ရေနစ်မြုပ်ခံရ

ပြီးခဲ့သည့် သီတင်းပတ်များအတွင်း မုတ်သုန်မိုး ဆက်တိုက်ရွာသွန်းခဲ့သည့်နောက် ပြည်နယ်နှင့် တိုင်းဒေသကြီး ၆ ခုတွင် ရေနစ်မြုပ်လယ်မြေ ဧကစုစုပေါင်းမှာ ၅၂၈၀၀၀ ကျော်ရှိပြီဟု မြန်မာ့စိုက်ပျိုးရေး လုပ်ငန်းမှ အရာရှိကြီးတဦးက ပြောသည်။
မွန်ပြည်နယ် ပေါင်မြို့နယ်မှ လယ်စိုက်ခင်းတခု
ယခုရက်ပိုင်းအထိ ကောက်ယူရရှိထားသည့် စာရင်းများအရ ရေနစ်မြုပ်ခဲ့သည့် လယ်မြေ ၅၃၀၀၀၀ နီးပါးမှ ယခုလ ၁၈ ရက်နေ့ထိ ဧက ၁၃၆၀၀၀ ကျော် ရေပြန်ပေါ်လာပြီးနောက် ထိခိုက်သည့် လယ်မြေ ဧက ၅ သောင်း ၆ ထောင်ကျော်ရှိသည်ဟုလည်း ယင်းအရာရှိက YPI သို့ပြောသည်။
စိုက်ပျိုးရေး လုပ်ငန်းအရာရှိကြီးက “မြုပ်သွားတဲ့ လယ်မြေတိုင်းတော့ ပျက်စီးတာမဟုတ်ဘူး၊ တချို့က အထွက်နှုန်းလျော့မယ်၊ တချို့က ပျက်စီးတယ်၊ အခုလောလောဆယ် သိရသလောက်တော့ ပျက်စီးတဲ့ အချိုးအစားက နည်းတယ်၊ အထွက်နှုန်း ထိခိုက်တာက အခုထိ ဧက ၁ သိန်း၂ သောင်းနီးပါးရှိတယ်” ဟုပြောသည်။

ပြည်နယ်နှင့် တိုင်းအရ ရေနစ်မြုပ်မှု ဒဏ်ခံရသည့် အဆိုးရွားဆုံး ခံရသည့် ဒေသများမှာ မွန်၊ ကရင်၊ ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် ပဲခူး၊ ရန်ကုန်နှင့် ဧရာဝတီ တိုင်းဒေသကြီးတို့ဖြစ်သည်ဟုလည်း သိရှိရသည်။

သို့ရာတွင် ဆန်စပါးအသင်း ဗဟိုအလုပ်အမှုဆောင် တဦးဖြစ်သူ ဒေါက်တာစိုးထွန်း က ၎င်းတို့ကောက်ခံ ရရှိထားသည့်စာရင်းများအရ တနိုင်ငံလုံး အတိုင်းအတာဖြင့် ဧက ၆၁၅၀၀၀ ကျော်ရှိ၍ ရေပြန်လည်ပေါ်လာသည့်
ဧကအရေအတွက်မှာ ၂၁၃၀၀၀ ကျော်ရှိသည်ဟု ပြောသည်။
ရေမြုပ်ခံရသည့် လယ်မြေများအား ထိခိုက်မှု လျော့နည်းအောင်၊ ပြန်လည်စိုက်ပျိုးမည့် လယ်မြေများအခြေအနေ ကြည့်ရှုစစ်ဆေးရန်၊ မျိုးစပါးလိုအပ်ပါက အထောက်အပံ့ပေးရန်နှင့် ပိုးသတ်ဆေး မြေသြဇာကဲ့သို့သော သွင်းအားစုများ ဖြည့်ဆည်းပေးရန် ရည်ရွယ်၍ အရေးပေါ်ကူညီရေး အဖွဲ့များ ယခုရက်အတွင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဋ္ဌာနမှဖွဲ့စည်းထားသည်ဟုလည်း မြန်မာစိုက်ပျိုးရေး လုပ်ငန်းမှ ဒုတိယအထွေထွေမန်နေဂျာ ဦးမြင့်ဦးက ပြောသည်။
ယင်းအဖွဲ့များ လာမည့် သီတင်းပတ်အစတွင် ယင်းအဖွဲ့များ မြန်မာနိုင်ငံ အောက်ပိုင်းနှင့် အထက်ပိုင်းဒေသများသို့ စတင်သွားရောက်မည်ဟုလည်း ဆိုသည်။
၎င်းက မြန်မာနိုင်ငံအောက်ပိုင်း ဒေသများတွင် ရေကြီးနေစဉ် မြန်မာနိုင်ငံအထက်ပိုင်း အချို့ဒေသများတွင် ပုံမှန်ထက် မိုးနည်းပါးကာ စပါး မစိုက်နိုင်သည့်ဖြစ်စဉ်များလည်း ရှိနေသည်ဟုလည်း ပြောသည်။
မိုးလေ၀သ ပညာရှင် ဒေါက်တာထွန်းလွင်က လက်ရှိမြန်မာနိုင်ငံ မိုးလေ၀သ အခြေအနေမှာ မြန်မာနိုင်ငံ အလယ်ပိုင်းနှင့်အရှေ့ပိုင်းဒေသများတွင်မိုးခေါင်နေချိန်၌ အောက်ပိုင်းဒေသများ၌ ရေကြီးမှုများ ဖြစ်ပွားနေသည့် ဖြစ်စဉ်သည် ထူးခြားသည့် ဖြစ်စဉ် တခုဖြစ်ကြောင်း ယခုလ (၄) ရက်နေ့က ပြုလုပ်သည့် ဟောပြောပွဲတွင် ပြောဆိုခဲ့သည်။ Yangon press international

မင်းဘူးမြို့နယ်က သူဌေးမောင်လှ တရားမ၀င်ငွေတိုးချေး၊ စည်ပင်နဲ့ ပူးပေါင်းကြံစည်ပြီး ဈေးသည်တွေရဲ့ ဆိုင်ခန်းများ သိမ်းယူခဲ့


မင်းဘူးမြို့နယ်က သူဌေးမောင်လှ တရားမ၀င်ငွေတိုးချေး၊ စည်ပင်နဲ့ ပူးပေါင်းကြံစည်ပြီး ဈေးသည်တွေရဲ့ ဆိုင်ခန်းများ သိမ်းယူခဲ့ 

မင်းဘူးမြို့ကို မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီဥက္ကနှင့်အတူ ရောက်ရှိသွားချိန်မှာ ဈေးဆိုင်ခန်း တွေကို မတရားသဖြင့် သိမ်းယူခံခဲ့ရတဲ့ ဈေးသည်တွေ လာရောက်တွေ့ဆုံပါတယ် ....
ဓာတ်ပုံပါ ဈေးသည်တစ်ဦးကတော့ ဈေးအရင်းအနှီးအတွက်မင်းမြို့ကဦးမောင်လှဆီက ငွေတိုးနဲ့၃၀၀၀၀

 ချေးယူခဲ့ပါတယ်။ အတိုးနှုန်း (၇) ကျပ်နှုန်းနဲ့ ချေးယူခဲ့ပြီး တစ်နှစ်ကျော်ကြာတဲ့အထိ အတိုးသာလစဉ် ပေးစပ်နိုင်ခဲ့ပြီး အရင်းကျေတဲ့အထိတော့ ပေးဆပ်နိုင်ခြင်း မရှိခဲ့ပါဘူး။

အဲဒီအချိန်မှာ သူဌေးဦးမောင်လှက ဈေးသည်ကြီးပိုင်တဲ့ ဆိုင်ခန်း နှစ်ခန်းကို သိမ်းဖို့လုပ်ပါတယ်။ အဲဒါကိုမြို့နယ်စည်ပင်သာယာဌနမှ ဦးစီးမှူး ဦးစိုးအောင် က ငွေက တရားမ၀င်ချေးတာ ဆိုင်ခန်းနဲ့ မပတ်သက်တဲ့အတွက် ဈေးသည်ကြီးကို အနိုင်ပေး ခဲ့ပါတယ်။
အဲဒီလို ဆုံးဖြတ်ပေးပြီး ရာထူးတိုးနဲ့ မကွေးကို ပြောင်းသွားပြီး အသစ်ရောက်လာတဲ့ ဦးစီးမှူးဟာ မောင်လှနဲ့ပေါင်းပြီး ဒီဆိုင်တွေကို မောင်လှပိုင်စေလုပ်လိုက်ပါတယ်။ ၁၉၉၅-၉၆ခုနှစ်ထဲမှာ ဖြစ်ခဲ့တဲ့ပြဿနာအတွက် ဈေးသည်ကြီးတွေခမျာ ယနေ့အထိ တအုံနွေးနွေးခံစားနေရ ဆဲပါ။ အခုတော့ ဆိုင်ခန်းမရှိတော့လို့ လမ်းဘေး ဈေးသည်တွေ ဖြစ်နေပါပြီ


Naung Taw Lay

အိန္ဒိယ-မြန်မာ နယ်စပ်လမ်းများ ပြင်ဆင် မွမ်းမံသွားမည်


အိန္ဒိယ-မြန်မာ နယ်စပ်လမ်းများ ပြင်ဆင် မွမ်းမံသွားမည်

ဗွီအိုအေ (မြန်မာဌာန)
အိန္ဒိယနဲ့ မြန်မာ နှစ်ဘက်နယ်စပ်အကြား ကုန်သွယ်ရေးလမ်းတွေကို ပြုပြင်မွန်းမံဖို့ မကြာခင် ဆောင်ရွက်သွားတော့မယ်လို့ အိန္ဒိယ နိုင်ငံခြားရေး အတွင်းဝန်က ပြောလိုက်ပါတယ်။ ဒီလမ်းတွေဟာ အိန္ဒိယနိုင်ငံ အတွက်  မြန်မာနိုင်ငံတင်မဟုတ်ဘဲ အခြား အရှေ့တောင်အာရှ နိုင်ငံတွေနဲ့လည်း ဆက်သွယ် သွားနိုင်မယ့် ကုန်းတွင်းပိုင်း လမ်းကြောင်း ဖြစ်လာပါလိမ့်မယ်။ ဒီအကြောင်း ကိုသားညွန့်ဦးက တင်ပြထားပါတယ်။
အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း မနိပူ ပြည်နယ်ဟာ မြန်မာနဲ့ နယ်ချင်းကပ်ပြီး၊ ကုန်သွယ်ရေးအရလည်း အချက်အချာဖြစ်နေတဲ့ နေရာတခုပါ။ ပြီးခဲ့တဲ့ စနေနေ့ကတော့ မနီပူပြည်နယ်မြို့တော် အင်ဖာ မှာ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ ဆွေးနွေးပွဲတရပ် ပြုလုပ်ပါတယ်။ မနိပူပြည်နယ်က တဆင့် မြန်မာနိုင်ငံ ဖြတ်ပြီး အရှေ့တောင်အာရှ ဒေသအထိ အိန္ဒိယကုန်စည်တွေနဲ့ ဒေသတွင်းက ကုန်စည်တွေ အပြန်အလှန် ကုန်သွယ်နိုင်ကြမယ့် အလားအလာကိုလည်း ဆွေးနွေးခဲ့ပါတယ်။ ဒီအတွက် အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာန အနေနဲ့ မြန်မာနဲ့ နယ်စပ် လမ်းပန်း ဆက်သွယ်ရေး ကိစ္စရပ်ကို မကြာခင်မှာ ဆောင်ရွက်သွားဖို့ ရှိနေတယ်လို့ အစည်းအဝေး တတ်ရောက်နေတဲ့ အိန္ဒိယ နိုင်ငံခြားရေး အတွင်းဝန် Ranjan Mathai က ပြောပါတယ်။

“မြန်မာနိုင်ငံတွင်းက လမ်းတွေကို ပြုပြင်မွမ်းမံသွားဖို့ အစီအစဉ် ရှိပါတယ်။ မြန်မာအာဏာပိုင်တွေ ဘက်ကလည်း ဒါကို လက်ခံဆောင်ရွက်သွားဖို့ ရှိပါတယ်။ ဒါကြောင့် လာမယ့် လေးနှစ် ငါးနှစ် အတွင်းမှာ အိန္ဒိယနဲ့ မြန်မာ၊ အိန္ဒိယနဲ့ အခြား အရှေ့တောင်အာရှ နိုင်ငံတွေအကြား ဆက်သွယ်မှုတွေ အားကောင်းလာဖို့ ရှိပါတယ်။”

မနိပူပြည်နယ် အင်ဖာနဲ့ မြန်မာနိုင်ငံက ဒုတိယအကြီးဆုံး မြို့တမြို့ဖြစ်တဲ့ မန္တလေးမြို့အကြားမှာ ခရီးသည်တင် ဘက်စ်ကား ထားရှိဖို့ ကိစ္စကို အိန္ဒိယနဲ့ မြန်မာနိုင်ငံအကြား အတော်ကြာ ကတည်းက ဆွေးနွေးနေတဲ့ကိစ္စ ဖြစ်ပါတယ်။ ဒီ လမ်းပေါက်သွားမယ်ဆိုရင် နှစ်နိုင်ငံ ကုန်သွယ်ရေးနဲ့ နှစ်နိုင်ငံ အပြန်အလှန် ဆက်ဆံရေး အတွက် အလားအလာကောင်းတွေ ပိုပြီး ရှိလာမှာဖြစ်ပါတယ်။

အိန္ဒိယဘက်ကတော့ ဒီလမ်းတွေ ပြုပြင်မွမ်းမံလိုက်ခြင်းအားဖြင့် မြန်မာနဲ့သာမက အခြားအရှေ့တောင်အာရှနိုင်ငံတွေနဲ့ပါ ကုန်တွင်းပိုင်း ကုန်သွယ်မှုဆက်ဆံရေး ထူထောင်နိုင်ဖို့ မျှော်လင့်ထားပါတယ်။ ဒါကြောင့် မိုးတွင်းဆိုရင် သွားလာမှုခက်ခဲတဲ့ ဒီလမ်းတွေကို ပြန်ပြီး ပြင်ဆင်မွန်းမံသွားဖို့၊ ရာသီ မရွေး ပုံမှန်အသုံးပြုနိုင်ဖို့ လိုလားနေတာပါ။

“မိုးရာသီကာလမှာ လမ်း အစိတ်အပိုင်းအချို့ ပျက်စီးသွားတာတွေ ရှိပါတယ်။ ဒါကြောင့် အဲဒီလမ်းတွေကို ပြန်ပြီး ပြုပြင်မွမ်းမံဖို့ ကျနော်တို့ သဘောတူထားပါတယ်။ ဒီ အစီအစဉ် ပြီးဆုံးဖို့ နှစ်အနည်းငယ်တော့ ကြာနိုင်ပါတယ်။ ဒုတိယအဆင့်ကတော့ လူဝင်မှု ကြီးကြပ်ရေးတွေ အခွန်အကောက် ကိစ္စတွေ စသဖြင့် ပါဝင်တဲ့ စနစ်တရပ် ဖြစ်လာဖို့ကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ပြင်ဆင် တည်ဆောက် သွားရပါမယ်။ ဒီအတွက် မြန်မာ အာဏာပိုင်တွေနဲ့ တွဲပြီး ဆောင်ရွက်သွားမှာပါ။ တတိယနဲ့ နောက်ဆုံး ကိစ္စရပ်ကတော့ ကျနော်တို့ ဘက်က လမ်းရှိမယ်၊ မြန်မာဘက်က လမ်းရှိမယ်၊ အဲဒီမှာ ကုန်စည်တွေ သယ်ပို့ရတဲ့ ကြားစခန်းအနေနဲ့ ဘယ်လို ဆောင်ရွက်မလဲ ဆိုတာကိုလည်း ကျနော်တို့ ဆွေးနွေးရမှာ ဖြစ်ပါတယ်။”

အိန္ဒိယနဲ့ မြန်မာနိုင်ငံ နှစ်နိုင်ငံအကြားမှာ သမိုင်းကြောင်းအရရော လူမျိုးနွယ် ယဉ်ကျေးမှု ဘာသာရေး အရပါ ဆက်စပ်မှုတွေ ရှိခဲ့တာပါ။ နယ်စပ် ကုန်သွယ်ရေးတွေလည်း အပြန်အလှန် ရှိခဲ့ပါတယ်။ နှစ်နိုင်ငံဟာ ကုန်တွင်းပိုင်းအရ ကီလိုမီတာ ၁,၆၀၀ လောက် နယ်မြေချင်း ဆက်စပ်နေသလို၊ ဘင်္ဂလား ပင်လယ်အော်မှာလည်း ရေနယ်နမိတ် ဆက်စပ်နေပါတယ်။ တရားမ၀င် မှောင်ခို နယ်စပ် ကုန်သွယ်ရေး နှစ်ပေါင်းများစွာ ရှိခဲ့ပြီးနောက်၊ ၁၉၉၄ ခုနှစ်မှာတော့ နှစ်ဘက် နယ်စပ် ကုန်သွယ်ရေး သဘောတူညီချက် တရပ် ရရှိခဲ့ပါတယ်။ ဒီနောက် နယ်စပ် ကုန်သွယ်ရေး စခန်းနှစ်ခုကို ဖွင့်ခဲ့ပါတယ်။ မကြာခင်မှာလည်း နောက်ထပ် ကုန်သွယ်ရေး စခန်းသစ်တခု ထပ်မံ ဖွင့်လှစ်ဖို့လည်း ပြင်ဆင်နေပါတယ်။

ဒါကြောင့်လည်း အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟန်ဆင်း မကြာခင်လတွေ အတွင်းက မြန်မာနိုင်ငံ သွားရောက်စဉ်မှာ နယ်စပ်တည်ငြိမ်ရေးနဲ့ လမ်းပန်းဆက်သွယ်ရေး ကိစ္စတွေကို အလေးထား ဆွေးနွေးခဲ့ပါတယ်။ ဒါ့အပြင် အိန္ဒိယအနေနဲ့ ရခိုင်ပြည်နယ် အတွင်းက စစ်တွေ ရေနက်ဆိပ်ကမ်း တည်ဆောက်ရေး ပိုင်းမှာလည်း ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ထားပြီး၊ အဲဒီကတဆင့်လည်း အရှေ့တောင်အာရှဒေသနဲ့ ကုန်သွယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့ မျှော်လင့်ထားပါတယ်။

အမေရိကန်က သူ့ကို သုတ်သင်ဖို့ ကြိုးပမ်းဟု Assange စွပ်စွဲ


အမေရိကန်က သူ့ကို သုတ်သင်ဖို့ ကြိုးပမ်းဟု Assange စွပ်စွဲ 

ဗွီအိုအေ (မြန်မာဌာန)
ဝီကီလိခ် ထူထောင်သူ Julian Assange က အမေရိကန်ဟာ သူ့ကို သုတ်သင်ဖယ်ရှားဖို့ လုပ်ဆောင်နေတယ်လို့ စွပ်စွဲလိုက်ပါတယ်။ လန်ဒန်မြို့ အီကွေဒေါ သံရုံးမှာ နှစ်လကြာ ခိုလုံနေခဲ့ပြီး တနင်္ဂနွေနေ့က ပထမဆုံးအကြိမ်အဖြစ် သံရုံးလေသာဆောင်ကနေ အခုလို ပြောဆိုလိုက်တာပါ။ သူ ထူထောင်ထားတဲ့ ၀ီကီလိခ် အင်တာနက် စာမျက်နှာကနေ ၂၀၁၀ ပြည့်နှစ်တုန်းက ထောင်နဲ့ချီတဲ့ အမေရိကန် သံတမန်ရေးနဲ့ စစ်ဘက်ဆိုင်ရာ သီးသန့် အတွင်းရေးနဲ့ လျှို့ဝှက် စာအသွားအလာတွေ ပေါက်ကြားအောင် ဖော်ထုတ်ခဲ့လို့ အမေရိကန် ပြည်ထောင်စုက သူ့ကို အလိုရှိနေတာ ဖြစ်ပါတယ်။
ဆွီဒင်နိုင်ငံကလည်း Julian Assange ကို အမျိုးသမီးတွေကို ဗလက္ကာရ ပြုမှုနဲ့ စစ်ဆေး မေးမြန်းဖို့အတွက် အလိုရှိနေတာပါ။ ဗြိတိန်နိုင်ငံက သူ့ကို ဆွီဒင်နိုင်ငံကို လွှဲပြောင်းပေးခဲ့ရင် ဆွီဒင်နိုင်ငံကနေ အမေရိကန်ကို ထပ်ဆင့် လွှဲပြောင်း ပေးအပ်မှာကို Julian Assange က စိုးရိမ်နေတယ်လို့ ပြောပါတယ်။

သတင်းသမားတွေကို တရားစွဲဆိုမယ်လို့ ခြိမ်းခြောက်ပြီး အန္တရာယ်များတဲ့ ဖိနှိပ်တဲ့ ကမ္ဘာဖြစ်အောင် အမေရိကန် ပြည်ထောင်စုက ဖန်တီးနေတယ်လို့ Julian Assange က စွပ်စွဲလိုက်ပါတယ်။ ဗြိတိန် အာဏာပိုင်တွေကတော့ Assange ကို နိုင်ငံကနေ ထွက်ခွာခွင့် မပြုပါဘူး။ ဖမ်းဝရမ်း ရရှိထားပြီးဖြစ်လို့ ဆွီဒင်နိုင်ငံကို လွှဲပြောင်းပေးဖို့ ဗြိတိန်နိုင်ငံမှာ တာဝန်ရှိတယ်လို့ ဆိုပါတယ်။

Assange ဟာ အီကွေဒေါ သံရုံးဝန်းကနေ အပြင်ကို ထွက်လိုက်တာနဲ့ တပြိုင်နက် ဖမ်းဆီးနိုင်ဖို့အတွက် သံရုံးပတ်လည်မှာ ဗြိတိန်ရဲတွေက မျက်ခြေမပျက် စောင့်ကြည့်နေကြပါတယ်။

အစ္စလာမ်ဘာသာဝင်များရဲ့ အစ် အခါသမယ အမေရိကန်သမ္မတ သ၀ဏ်လွှာပေးပို့


အစ္စလာမ်ဘာသာဝင်များရဲ့ အစ် အခါသမယ အမေရိကန်သမ္မတ သ၀ဏ်လွှာပေးပို့ 

ဗွီအိုအေ (မြန်မာဌာန)
အစ္စလာမ် ဘာသာဝင်တို့ရဲ့ ရာမာဒန် ဥပုပ်လကုန်ဆုံးတဲ့ နေ့ထူးနေ့မြတ် အခါသမယ အစ် (Eid) နေ့အဖြစ် ကမ္ဘာပေါ်က အစ္စလာမ်ဘာသာဝင် သန်းပေါင်းများစွာဟာ အစ် ပွဲတော်ကို စီရင်ကျင်းပကြပါတယ်။
မိသားစု ပြန်လည် စုစည်း ပေါင်းစည်းတာတွေ၊ စားသောက်ပွဲတွေနဲ့ တခြား အခမ်းအနားပွဲတွေ စီရင်ကျင်းပကြပါတယ်။ ကမ္ဘာ့ မူစလင်တွေရဲ့ အစ် နေ့ အခါသမယ အတွက် ကြိုဆိုတဲ့ သ၀ဏ်လွှာတွေကို အမေရိကန် သမ္မတ ဘရက်အိုဘားမားရဲ့ အိမ်၊ ရုံး၊ အိမ်ဖြူတော်နဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် တို့က ထုတ်ပြန် ကြိုဆိုလိုက်ကြပါတယ်။

အစ္စလာမ်ဘာသာဝင် အများဆုံး ရှိတဲ့ အင်ဒိုနီးရှား နိုင်ငံမှာ တနင်္ဂနွေနေ့ အရုဏ်ဦးကတည်းက ဘုရား ၀တ်ပြုမှုတွေ စတင်ပါတယ်။ ဂျကာတာ မြို့တော်ရဲ့ အယ်လ်အာဇာ ဗလီကြီးမှာ ၀တ်ပြုသူတွေ ထောင်ပေါင်း များစွာ လာရောက်ကြတယ်လို့ သတင်းများက ဆိုပါတယ်။

အာဆီယံဦးဆောင်သူများ အစည်းအဝေး ဒေါ်စု မိန့်ခွန်းပြောမည်

အာဆီယံဦးဆောင်သူများ အစည်းအဝေး ဒေါ်စု မိန့်ခွန်းပြောမည် 

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြင်သစ်နိုင်ငံ ပဲရစ်မြို့ Sorbonne တက္ကသိုလ် ဆွေးနွေးပွဲတခု တက်ရောက်နေစဉ်။ (ဇွန်လ ၂၈၊ ၂၀၁၂) ဓာတ်ပုံ - အေပီ
ဗွီအိုအေ (မြန်မာဌာန)
အခုနှစ်နှောင်းပိုင်း မြန်မာနိုင်ငံမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ASEAN 100 Leadership Forum လို့ အမည်ပေးထားတဲ့ အာဆီယံ ဒေသတွင်း ဦးဆောင်သူများ ညီလာခံကို နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မှာ ဖြစ်ကြောင်း ညီလာခံ ကျင်းပရေး တာဝန်ရှိသူတွေက ပြောပါတယ်။
ညီလာခံကို ဒီဇင်ဘာလ ၅ ရက် နဲ့ ၆ ရက် နေ့တွေမှာ ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ ကျင်းပမှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ညီလာခံမှာ မိန့်ခွန်းပြောကြားမှာ ဖြစ်သလို ဒုတိယနေ့မှာတော့ ညီလာခံ တက်ရောက်သူတွေနဲ့ အပြန်အလှန် ဆွေးနွေးစကားပြောဆိုဖို့ ရှိတဲ့အကြောင်း ဒီဆွေးနွေးပွဲ ကျင်းပဖို့ တာဝန်ယူထားတဲ့ Asia Inc အဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ညီလာခံရဲ့ ပထမနေ့မှာ သမ္မတကြီး ဦးသိန်းစိန်လည်း တက်ရောက် မိန့်ခွန်းပြောကြားမှာ ဖြစ်ပါတယ်။ အခုနှစ်ညီလာခံမှာ ကမ္ဘာပေါ်က အရှုပ်အထွေးကိစ္စတွေ၊ အာရှရဲ့တိုးတက်မှု၊ ဒီနေရာကနေ ဘယ်ကိုသွားကြမှာလဲ ဆိုတဲ့ ခေါင်းစဉ်တွေနဲ့ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
ဒီနှစ်ညီလာခံဟာ ကမ္ဘာကြီးနဲ့ ပြန်လည် ထိတွေ့ ဆက်ဆံမှုပြုတဲ့ အာဆီယံအဖွဲ့ဝင် နိုင်ငံတခုအတွင်း အရေးကြီးတဲ့အချိန်မှာ ကျင်းပတာ ဖြစ်တယ်လို့ တာဝန်ယူကျင်းပတဲ့ Asia Inc ကုမ္ပဏီ အကြီးအကဲ Dato Paduka Timothy Ong က ပြောပါတယ်။
Timothy Ong ဟာ သြဂုတ်လ ၁၆ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်မှာ သွားရောက် တွေ့ဆုံခဲ့ပါတယ်။ ဒီညီလာခံကို ၂၀၀၃ ခုနှစ်ကစပြီး အာဆီယံ နိုင်ငံတွေမှာ ကျင်းပခဲ့တာပါ။ အာဆီယံ ခေါင်းဆောင်တွေ၊ ဒေသတွင်းမှာရှိတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ၊ ရင်နှီးမြှုပ်နှံသူတွေ၊ အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ တက်ရောက်ကြတာ ဖြစ်ပါတယ်။

ဖိလစ်ပိုင် ပြည်ထဲရေးဝန်ကြီး ခုထိ ရှာမတွေ့သေး


ဖိလစ်ပိုင် ပြည်ထဲရေးဝန်ကြီး ခုထိ ရှာမတွေ့သေး

ဗွီအိုအေ (မြန်မာဌာန)
ဖိလစ်ပိုင်နိုင်ငံမှာ စနေနေ့တုန်းက အရေးပေါ် ဆင်းသက်စဉ်မှာ ပျက်ကျသွားတဲ့ လေယာဉ်ငယ်ကို ရှာဖွေဖို့ သင်္ဘောတွေ၊ ရဟတ်ယာဉ်တွေ၊ ရေငုပ်သမားတွေဟာ အပူတပြင်း ကြိုးပမ်းနေကြပါတယ်။ အဲဒီလေယာဉ်နဲ့အတူ လိုက်ပါသွားတဲ့ ဖိလစ်ပိုင် ပြည်ထဲရေးဝန်ကြီး Jesse Robredo နဲ့အတူ လေယာဉ်မှူး နှစ်ဦး ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။ ဖိလစ်ပိုင်သမ္မတ Benigno Aquino ကိုယ်တိုင် နိုင်ငံအလယ်ပိုင်း လေယာဉ်ပျက်ကျသွားတဲ့ Masbate ကျွန်းကို ဒီကနေ့ သွားရောက်ပြီး ရှာဖွေရေး လုပ်ငန်းတွေကို ကြီးကြပ်ခဲ့ပါတယ်။
လေယာဉ်ပေါ်မှာ လူ လေးဦး လိုက်ပါသွားတာ ဖြစ်ပေမဲ့ ပြည်ထဲရေးဝန်ကြီး နဲ့ အကြံပေး အရာရှိတစ်ဦးကတော့ လွတ်မြောက်သွားပြီး ဒဏ်ရာ အနည်းငယ်ပဲ ရခဲ့ပါတယ်။ ခုချိန်ထိတော့ အဲဒီ ကိုယ်ပိုင်လေယာဉ်ရဲ့ တောင်ပံတခုကိုပဲ ပင်လယ်ထဲကနေ ဆယ်ယူရှာဖွေလို့ ရသေးတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ပြည်ထဲရေးဝန်ကြီး Robredo ဟာ နိုင်ငံရဲ့ အမျိုးသား ရဲတပ်ဖွဲ့ကို ကြီးကြပ်ရသူဖြစ်ပြီး အဂတိလိုက်စားမှု ပပျောက်ရေး သူ့ရဲ့လုပ်ဆောင်မှုတွေကြောင့် လူထုကြားမှာ ထင်ရှားကျော်ကြားသူ တဦးလည်း ဖြစ်ပါတယ်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။