Monday, August 13, 2012

မန္တလေးမြို့၊ ညောင်ကွဲရပ်တွင် သြဂုတ်လ ၁၃ ရက်နေ့နံနက် ၈ နာရီခွဲ ၀န်းကျင်ခန့်က ပေါက်ကွဲမှု တစ်ခုဖြစ်ပွား




မန္တလေးမြို့၊ ညောင်ကွဲရပ်တွင် သြဂုတ်လ ၁၃ ရက်နေ့နံနက် ၈ နာရီခွဲ ၀န်းကျင်ခန့်က ပေါက်ကွဲမှု တစ်ခုဖြစ်ပွား  

Monday, 13 August 2012 13:30
မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်တွင် သြဂုတ်လ ၁၃ ရက်နေ့နံနက် ၈ နာရီခွဲ ၀န်းကျင်ခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပုလင်းခွံအိတ်ခွံကဲ့သို့သော စွန့်ပစ်ပစ္စည်းများ ရောင်းဝယ်ဖောက်ကားရန် အတွက် စက္ကူ၊ သံတိုသံစနှင့် ပလပ်စတစ် ပစ္စည်းများကို တစ်သီးတစ်ခြားစီ ခွဲခြားသန့်စင်ရာမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်ဟု ကနဦး စစ်ဆေးချက်များအရ သိရှိရသည်။ “ပစ္စည်းရွေးပြီး သန့်စင်နေတုန်း ပေါက်ကွဲသံတစ်ခုကြားရပြီး မီးခိုးတွေ လုံးတက်လာတာပဲ။ ဒါနဲ့အိမ်ထဲဝင်ပြေးမိတယ်။ အဲဒီအနီးအနားမှာ ကလေးတွေ ပြေးဆော့နေတာတော့ ရှိတယ်။ ဘယ်နှစ်ယောက်ရှိတယ်ဆိုတော့ တိတိကျကျမသိဘူး။ ကျွန်တော်က ညာဘက်လက်ကောက်ဝတ်မှာ ပြတ်ရှဒဏ်ရာလောက်ပဲ ရတယ်။ ချုပ်တော့မချုပ်ရဘူး။ ကလေးတစ်ယောက်ကတော့ ဆေးရုံပို့ထားရတယ်”ဟု ကိုခိုင်မင်းထွန်းက ပြောပါသည်။
“၂၈ နှစ်အရွယ်နဲ့ ၃ နှစ်အရွယ် ယောင်္ကျားလေးနှစ်ယောက် ဒဏ်ရာရတယ်။ တစ်ယောက်က လက်မှာ ပြတ်ရှဒဏ်ရာရခဲ့ပြီး ၃ နှစ် အရွယ်ကလေးကတော့ နားနှာခေါင်းလည်ချောင်း ဆေးရုံမှာ ကုသမှုခံယူနေပါတယ်။ ပေါက်ကွဲသံက တော်တော်ကျယ်ပေမယ့် အတိအကျတော့ မပြောနိုင်သေးဘူး။ လက်လုပ်ဗုံးလို့ ကောက်ချက်ချလို့ရတယ်။ သူတို့ပြောဆိုချက်အရ ကွန်ကျူး(ပီဗွီစီ) ပိုက်ထိပ်မှာပါတဲ့ သံပိတ်ကို ထုရိုက်ပြီး ခွဲထုတ်ရင်း မီးခိုးတွေ ထွက်လာတယ်။ နောက်တော့ ပေါက်ကွဲမှုဖြစ်တာလို့ သိရတယ်”ဟု အခင်းဖြစ်ပွားရာသို့ ရောက်ရှိနေသော တာဝန်ကျ ၀န်ထမ်းတစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါ အခင်းဖြစ်ပွားရာသို့ စစ်ဘက်ရဲဘက်နှင့် ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများမှ တာဝန်ရှိသူများက စစ်ဆေးရှင်းလင်းမှုများ ပြုလုပ်လျက်ရှိပြီး ပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်၍ လေ့လာဖော်ထုတ်မှုများ ဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရသည်။ ယင်းပေါက်ကွဲမှု ဖြစ်ပွားသည့်နေရာမှာ မန္တလေးမြို့၊အောင်မြေသာစံမြို့နယ်၊ အမှတ်(၄)ရဲစခန်းအပိုင်တွင် ဖြစ်သောကြောင့် အဆိုပါရဲစခန်းမှ အရေးယူဆောင်ရွက်မှုများကို ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

မြန်မာ့စက်မှုဆိပ်ကမ်း ဧရိယာတိုးချဲ့ရန်အတွက် ဖယ်ရှားပေးခဲ့ရသည့် အလုံသင်္ဘောကျင်းအား ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ပြောင်းရွှေ့တည်ဆောက်


မြန်မာ့စက်မှုဆိပ်ကမ်း ဧရိယာတိုးချဲ့ရန်အတွက် ဖယ်ရှားပေးခဲ့ရသည့် အလုံသင်္ဘောကျင်းအား ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ပြောင်းရွှေ့တည်ဆောက် 

Sunday, 12 August 2012 14:16
7458
မြန်မာ့စက်မှုဆိပ်ကမ်း တိုးချဲ့ရန်အတွက် ဖယ်ရှားပေးခဲ့ရသော အလုံသင်္ဘောကျင်း တစ်နေရာ
မြန်မာ့စက်မှုဆိပ်ကမ်း ဧရိယာ တိုးချဲ့ရန်အတွက် ဖယ်ရှားပေးခဲ့ရသည့် အလုံသင်္ဘောကျင်းအား ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ပြောင်းရွှေ့ တည်ဆောက်လျက်ရှိပြီး ခြောက်လမှတစ်နှစ်အတွင်း အပြီး တည်ဆောက်ကာ သင်္ဘောကျင်းလုပ်ငန်းများ ဆက်လက်လုပ်ဆောင် သွားနိုင်မည်ဟု မြန်မာ့ဆိပ်ကမ်း အာဏာပိုင်မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးချိုသန်းမောင်၏ ပြောကြားချက်အရ သိရသည်။
“အလုံသင်္ဘောကျင်းကို ဒဂုံ ဆိပ်ကမ်းမြို့နယ်မှာ ပြောင်းရွှေ့တည်ဆောက်နေပါပြီ။ ဟိုမှာဆောက်လုပ်ပြီးတဲ့အချိန်ကနေ လုပ်ငန်းမပျက် ဆောင်ရွက်သွားမှာပါ။ ခြောက်လကနေ တစ်နှစ်အတွင်း အပြီးတည် ဆောက်သွားမှာပါ”ဟု ဦးချိုသန်း မောင်ကသြဂုတ်လ ၄ ရက်နေ့က ပြောကြားခဲ့သည်။ ၁၉၀၄ ခုနှစ်တွင် ရန်ကုန်သံရည်ကြိုလုပ်ငန်းအဖြစ် စတင်ခဲ့ သော အလုံသင်္ဘောကျင်းသည် ပြည်တွင်းရေကြောင်းပို့ဆောင်ရေး လက်အောက်ရှိ သဘောင်္ကျင်းခြောက်ခု အနက် တစ်ခုဖြစ်ပြီး ဌာနပိုင်ရေယာဉ်များအား ပြင်ဆင်ပေးမှုနှင့် ပုဂ္ဂလိကမှ လာရောက်အပ်နှံသည့် ရေယာဉ်သစ်များကို အများဆုံးတည်ဆောက်ပေး နေသော သင်္ဘောကျင်းတစ်ခုဖြစ်သည်။ အဆိုပါသင်္ဘောကျင်းအား မြန်မာ့စက်မှုဆိပ်ကမ်း ဧရိယာ တိုးချဲ့ရန်အတွက်  ၂၀၁၁ ခုနှစ် ဖေဖေါ်ဝါရီလက ဆိပ်ကမ်းနေရာ ထက်ဝက်ကို လွှဲပြောင်းပေးခဲ့ရကြောင်း သိရ သည်။
ယခုအခါတွင် မြန်မာ့စက်မှု ဆိပ်ကမ်းဧရိယာတိုးချဲ့ရန်အတွက် အလုံသင်္ဘောကျင်းမြေ နေရာတစ်ခု လုံးအားဖယ်ရှားပေးခဲ့ရပြီး လုပ်ငန်းခွင်မပျက် ပြန်လည်ပတ်နိုင်ရေးအတွက် မြန်မာ့စက်မှုဆိပ်ကမ်းမှ အလုံသင်္ဘောကျင်း၏ အဆောက်အအုံများကို အစားထိုး တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
“၀န်ကြီးဌာနက သတ်မှတ် ပေးတဲ့နေရာမှာအခုထက် ပိုမိုကောင်းမွန်ခိုင်ခံ့တဲ့ ပြည်တွင်းသွား သင်္ဘောများ ပြုပြင်တည်ဆောက်တဲ့ ခေတ်မီ Ship Yard ကြီးအဖြစ် အမြန်ဆုံးပြီးစီးအောင် စီမံဆောင်ရွက်နေ ပါတယ်။ ပြည်တွင်းရေကြောင်းက ၀န်ထမ်းများအားလုံးကိုလည်း ဒီထက် ပိုမိုကောင်းမွန်တဲ့ အိမ်ရာသစ်နဲ့ လုပ်ငန်းဆိုင်ရာ အဆောက်အအုံအသစ်များ၊ လွန်းကျင်းများအားလုံးကို ဒီထက်ပိုမို ခိုင်ခံ့ကောင်းမွန်ပြီး အရှိန်မပျက်ဆက်လက် တာဝန်ထမ်းဆောင်ဖို့ အစွမ်းကုန်ကြိုးစား ဆောင်ရွက်ပေးသွားမှာပါ”ဟု မြန်မာ အဏ္ဏ၀ါစွမ်းအားရှင် ဂရုပ်(အက်စ်) ကုမ္ပဏီလီမီတက်မှ မန်နေဂျင်း ဒါရိုက်တာ ဦးကိုကိုထူးကပြောကြား ခဲ့သည်။
အလုံသင်္ဘောကျင်း၏ လွန်းလမ်း၊ လွန်းကျင်း၊ စက်ရုံ၊ အလုပ်ရုံ၊ သံရည်ကြိုစက်ရုံ၊ အောက်ဆီဂျင် စက်ရုံ၊ လူမှုရေးနှင့် ဘာသာရေး အဆောက်အအုံများကို တစ်ဆင့်ချင်း တည်ဆောက်ရွှေ့ပြောင်းသွားမည် ဟု သိရှိရသည်။   

ဈေးရောင်းချခြင်း မပြုရန် တားမြစ်ခံရသည့် ဈေးသည်များ လှုပ်ရှားမှုပြုလုပ်ခဲ့သည့် အတွက် ထိန်းသိမ်းခံခဲ့ရ


ဈေးရောင်းချခြင်း မပြုရန် တားမြစ်ခံရသည့် ဈေးသည်များ လှုပ်ရှားမှုပြုလုပ်ခဲ့သည့် အတွက် ထိန်းသိမ်းခံခဲ့ရ 

Sunday, 12 August 2012 14:06
7457
ဈေးရောင်းချခွင့် တားမြစ်ခြင်းခံခဲ့ရသော ဈေးသည်များကို အင်းစိန်ပန်းခြံအနီးတွင် တွေ့ရစဉ်
အင်းစိန်မြို့နယ် စည်ပင်သာယာရေး ကော်မတီမှ အင်းစိန်ပန်းခြံအနီးတွင် ရောင်းချနေသော လမ်းဘေး ဈေးရောင်းသူများကို ဈေးရောင်းချခြင်း မပြုရန် တားမြစ်မှုများပြုလုပ်ခဲ့သည့်အပေါ် အဆိုပါဈေးသည်များက လှုပ်ရှားမှုများ ပြုလုပ်ခဲ့သည့်အတွက် သက်ဆိုင်ရာမှ ဈေးသည်များကို ခေါ်ယူထိန်းသိမ်းခဲ့ကြောင်းနှင့် နောက်တစ်ရက်တွင် အာမခံဖြင့် ပြန်လည် လွတ်မြောက်လာခဲ့ကြောင်း သိရသည်။
ဈေးရောင်းချခွင့် တားမြစ်ခြင်း ခံခဲ့ရသော ဈေးသည်များမှာ သြဂုတ်လ ၆ ရက်နေ့မွန်းလွဲ ၃ နာရီဝန်း ကျင်ခန့်က ၎င်းင်းတို့ဈေးရောင်းချခဲ့ သည့်နေရာဖြစ်သော အင်းစိန်ပန်းခြံ အနီးတစ်နေရာတွင် ‘ဈေးသည်များ ဈေးမရောင်းရ၍ အလှူခံနေပါသည်’ ဟူသောဆိုင်းဘုတ်များ ကိုင်ဆောင်၍ ဈေးသည် ၃၀ ဦးဝန်းကျင်က လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြသဖြင့် အင်းစိန် မြို့နယ် ရဲစခန်းမှညနေ ၅ နာရီအ ချိန်ခန့်တွင် ဈေးသည် ၁၁ ဦး ၀န်းကျင်အား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
7457a အဆိုပါအင်းစိန်ပန်းခြံအနီးတွင် သစ်သီးရောင်းသူ ကိုအောင်အောင် က “ဒီမှာရောင်းလာတာ ဆယ်နှစ် ကျော်ပါပြီ။ ဈေးရောင်းခွင့်ပိတ်တာ က ရက်နှစ်ဆယ်ကျော်ပြီဗျ။ အခုဟာ ကဆန္ဒပြတာ မဟုတ်ပါဘူး။ ဈေးသည်တွေ ဈေးရောင်းချခွင့်မရတော့ စားဝတ်နေရေးခက်ခဲလို့ ကျွန်တော်တို့ကလည်း အခြားပညာတွေ မတတ်တော့ အခုလို အလှူခံတာပါ။ ပွင့်ပွင့်လင်းလင်း ပြောရရင် တောင်းစားနေတာပါဗျာ။ ဖမ်းရင်လည်းခံရမှာပဲ။ မတတ်နိုင်တော့ဘူး”ဟုပြောပြခဲ့သည်။
အင်းစိန်မြို့နယ်စည်ပင် အုပ်ချုပ်ရေးမှူးဦးလှထွေးက “ဈေးကောက် ကောက်ခြင်းလည်း မရှိပါဘူး။ အရင်တုန်းက အရေးမယူခဲ့ဘူးဆိုတာက ကျွန်တော်တို့ဝန်ထမ်းတွေက အခွန်ကိစ္စတွေ လုပ်ငန်း တာဝန်တွေ များနေတဲ့အတွက်ကြောင့်ပါ။ ဈေးသည်တွေ ပလက်ဖောင်းပေါ်မှာ အပြည့်ခင်းပြီး ဈေးရောင်းနေရင် ခရီးသွားပြည်သူတွေ အနေနဲ့ ကားလမ်းပေါ်က လမ်းလျှောက်တဲ့အခါ ယာဉ်အန္တရာယ် ဖြစ်ပွားနိုင်တာကြောင့်လ ည်း အခုလို ဈေးရောင်းချခွင့် ပိတ်ပင်တာပါ”ဟု ပြောခဲ့သည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ အင်းစိန်မြို့နယ်၊ မြို့နယ်မှူး ဒုရဲမှူးမြင့်သိန်းက “ဈေးသည်တွေက ကတ်ထူ စက္ကူတွေပေါ်မှာ စာတွေရေး၊ လူစုပြီးတော့ ပြောဆိုနေကြတယ်။ အခုလို လုပ်မယ်ဆိုရင် ဥပဒေတွေရှိတယ်။ ကြိုတင်ခွင့်ပြုချက် လျှောက်ထားပြီး မလုပ်ဆောင်တဲ့အတွက် ထိန်းသိမ်းရခြင်း ဖြစ်ပါတယ်”ဟု ပြောကြားခဲ့ပါသည်။
အဆိုပါလမ်းပေါ်တွင် ဆိုင်းဘုတ်များ ကိုင်ဆောင်၍ အလှူခံခြင်းများ ပြုလုပ်နေသော ဈေးသည်များသည် ဟင်းသီးဟင်းရွက်၊ သစ်သီး၊ အသားငါးနှင့် စားသောက်ဖွယ်ရာများ စသည်တို့ကို ရောင်းချကြသူများ ဖြစ်ကြကြောင်း သိရသည်။
ထိန်းသိမ်းခံရသော ဈေးသည်များအနက် အများစုမှာ မိသားစုစားဝတ်နေရေးကို အဓိက ဦးဆောင် ရှာဖွေနေသူများ ဖြစ်ကြောင်း ထိန်းသိမ်းခံရသော ဈေးသည်များနှင့် နီးစပ်သူများက ပြောပြခဲ့သည်။

သြဂုတ်လ ၁၁ ရက် ည ၈ နာရီခွဲခန့်တွင် ဆရာစံလမ်း၌ ကားနှစ်စီး မျက်နှာချင်းဆိုင်တိုက်မိမှုဖြစ်ပွား


သြဂုတ်လ ၁၁ ရက် ည ၈ နာရီခွဲခန့်တွင် ဆရာစံလမ်း၌ ကားနှစ်စီး မျက်နှာချင်းဆိုင်တိုက်မိမှုဖြစ်ပွား   

Saturday, 11 August 2012 22:46
ကားရှေ့ခန်းတွင် ပိတ်မိနေသူကို အပြင်သို့ထုတ်ရန် ကြိုးပမ်းနေကြစဉ်
သြဂုတ်လ ၁၁ ရက်နေ့ ည ၈ နာရီခွဲခန့်အချိန်တွင် ရန်ကင်း မြို့နယ်၊ ဆရာစံလမ်းနှင့် ရန်ကင်းလမ်းဆုံရာ မီးပွိုင့်အနီး၊ ရန်ကင်းပန်းခြံရှေ့၌ ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ 
ဖြစ်ပွားပုံမှာ ည ၈ နာရီခွဲအချိန်ခန့်တွင် မီးပွိုင့်ဘက်မှလာသော ကန်တာယာဉ်နှင့် ဈေးကွေ့ဘက်မှလာသော ဘီအမ်ခရီးသည် တင်ယာဉ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိခြင်းဖြစ်ပြီး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
''ကားတိုက်မှုက ည ၈ နာရီ ခွဲလောက်မှာ ဖြစ်တယ်။ ဖြစ်ပြီး ၁၅ မိနစ်လောက်အကြာမှာ မီးသတ်ကို ဖုန်းဆက်လိုက်လို့ မီးသတ်ကားနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ ရောက်လာတယ်။ ကန်တာကားရှေ့ခန်းမှာ ညှပ်မိနေတဲ့သူတစ်ဦးကို ခက်ခက်ခဲခဲ အပြင်ထုတ်ရတယ်။ မီးသတ်တပ်ဖွဲ့တွေ ရောက်လာပြီး မိနစ် ၂၀ အကြာလောက်မှာ အပြင်ကို ထုတ်နိုင်ခဲ့ပါတယ်''ဟု မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးက ပြောပြခဲ့သည်။
ကန်တာယာဉ်ကို ကရိန်းဖြင့်ဆွဲတင် နေစဉ်
''ကန်တာနဲ့ ဘီအမ်မျက်နှာချင်းဆိုင် တိုက်မိကြတာပါ။ ကန်တာရဲ့ရှေ့ခန်းမှာ အမျိုးသားသုံးဦး လိုက်ပါလာပြီး တစ်ဦးကတော့ တော်တော်ခက်ခက်ခဲခဲ အပြင်ထုတ်ရတယ်။ အနောက်မှာပါလာတဲ့သူတွေလည်း ကားခေါင်းခန်းနဲ့ရိုက်မိကုန်ပြီး ဒဏ်ရာရကုန်တယ်။ ဘီအမ် ပေါ်မှာပါလာတဲ့ ခရီးသည်တွေလည်း ဒဏ်ရာရကြတယ်''ဟု ဆရာစံလမ်းတွင် နေထိုင်သူတစ်ဦးက မြင်တွေ့ခဲ့ရပုံကို ပြောပြခဲ့သည်။

Comments 

+12 #2 Zawtika 2012-08-12 12:02
Quoting ရန်ကုန်အောင်:
......အတင်းနောက်ကနေ လိုက်ခြိမ်းခြောက်နေတတ်တာ အဲဒီ ဘတ်စ်ကားတွေပါပဲ။ သူတို့ လောဘအတွက် ပြိုင်မောင်းပြီး .......
နိုင်မယ်ထင်လို့ကတော့ ဗျင်းပီးသားဘဲ။
ဗမာ့ သတ္တိတဲ့ ကွဲ့နော်..
 
+60 #1 ရန်ကုန်အောင် 2012-08-12 00:08
အဲဒီ မီးပွိုင့်က သိပ်ကောင်းကောင်း အလုပ်မလုပ်ပါဘူး။
နောက်ပြီး မဟားဒယား ဘတ်စကားတွေက မီးပွိုင့်ကို ဖရီးကြောဘက်ကနေ အတင်းကျော်တက်ပြီး ကွေ့ ကွေ့ နေတာ အမြဲတွေ့ နေရပါတယ်။
ကျနော်တို့  အိမ်စီးကားတွေကို ကားတွေလို့ တောင် ထင်တာမဟုတ်ဘူး၊ အတင်းနောက်ကနေ လိုက်ခြိမ်းခြောက်နေတတ်တာ အဲဒီ ဘတ်စ်ကားတွေပါပဲ။ သူတို့ လောဘအတွက် ပြိုင်မောင်းပြီး ထိခိုက်တော့ အများပြည်သူတွေ၊ အတော်ပဲ နစ်နာရပါတယ်။ ထိထိရောက်ရောက် အရေးယူပေးစေချင်ပါတယ်ဗျာ။

ဗဟန်း ၃လမ်းမှတ်တိုင်အနီးတွင် ယာဉ်တိုက်မှုတစ်ခုဖြစ်ပွားခဲ့ပြီး ကားခေါင်းခန်းအတွင်း ညှပ်နေသူယာဉ်မောင်းကိုသုံး နာရီနီးပါးအကြာမှ ထုတ်ယူခဲ့




ဗဟန်း ၃လမ်းမှတ်တိုင်အနီးတွင် ယာဉ်တိုက်မှုတစ်ခုဖြစ်ပွားခဲ့ပြီး ကားခေါင်းခန်းအတွင်း ညှပ်နေသူယာဉ်မောင်းကိုသုံး နာရီနီးပါးအကြာမှ ထုတ်ယူခဲ့ 

Wednesday, 08 August 2012 18:21
ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး ကားခေါင်းခန်းအတွင်း ညှပ်နေသည့် ယာဉ်ယာဉ်မောင်းအမျိုးသားအား တွေ့ရစဉ်
သြဂုတ်လ ၈ရက်နေ့ မွန်းလွဲ ၁နာရီခန့်တွင် ဗဟန်း ၃လမ်းမှတ်တိုင်အနီးတွင် ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး ကားခေါင်းခန်းအတွင်း ညှပ်နေသူ ယာဉ်ယာဉ်မောင်းအမျိုးသားကို သုံးနာရီနီးပါးအကြာမှ ထုတ်ယူနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။
ဖြစ်စဉ်မှာ ဗဟန်း ၃လမ်းမှတ် တိုင်အနီးတွင် ရွှေဂုံတိုင်မှဆူးလေသို့ သွားရာလမ်းကြောသို့ မောင်းနှင်နေသည့် ရေသန့်တင် ဒိုင်နာယာဉ်မှ ရှေ့မှာသွားနေသည့် ယာဉ်အား ရှောင်ရန်ကြိုးစားရာမှ ကားဘီးပေါက်၍ လမ်းဘေးတွင် ရပ်တန့်ထားသည့် ဒိုင်နာယာဉ်အား အနောက်မှ ၀င်ရောက်တိုက်မိခဲ့ကြောင်း သိရှိရသည်။

b5_19_08_01
ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး ကားခေါင်းခန်းအတွင်း ညှက်နေသည့် ယာဉ်ယာဉ်မောင်းအမျိုးသားအား မီးသတ်တပ်ဖွဲ့ဝင်များမှ ကယ်ထုတ်လာစဉ်
ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး ကားခေါင်းခန်းအတွင်း ညှပ်နေသူ ယာဉ်ယာဉ်မောင်းအမျိုးသား အားသက်ဆိုင်ရာနှင့် ပြည်သူများက ၀ိုင်းငန်းကယ်တင်ရန် ကြိုးစားနေစဉ်

ယာဉ်တိုက်မှုဖြစ်စဉ်ဖြစ်ပွားပြီး ခဏအကြာတွင် ယာဉ်ထိန်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ချို့ ရောက်ရှိခဲ့ပြီး ပုံမှန်လုပ်ငန်းစဉ်များကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ရေသန့်တင် ကားယာဉ်မောင်းမှာ ကားခေါင်းအတွင်း စတီယာရင်နှင့် ထိုင်ခုံအကြား ညှပ်နေသဖြင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ကားခေါင်းအတွင်းညှပ်နေသော ယာဉ်မောင်းအား လူအင်အားသုံး၍ ညနေ ၃နာရီ ၄၀ မိနစ်ခန့်တွင် ဆွဲထုတ်ကယ်ဆယ်ခဲ့ကြောင်းသိရ သည်။

''ဒီဖြစ်စဉ်ဖြစ်နေတာ မွန်းလွှဲတစ်နာရီလောက်ကတည်းကလို့ သိရတယ်။ ဒါပေမယ့် ကျွန်တော်ဆီ သတင်းရောက်တာ မွန်းလွှဲ ၃ နာရီ ၂၀မိနစ်လောက်မှ ကျွန်တော်တို့ဆီ သတင်းရောက်ပါတယ်။ ကားခေါင်းထဲမှာ ညှပ်နေတဲ့ ယာဉ်မောင်းကို ဆွဲထုတ်တဲ့အချိန်က ၁၀ မိနစ်ဝန်းကျင်လောက်ပဲ ကြာခဲ့ပါတယ်''ဟု မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပြပါသည်။ ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ရေသန့်တင်ယာဉ်မှ ကားညာဘက်ခေါင်း ကြေမွမှုရှိခဲ့ပြီး အတိုက်ခံရသော ယာဉ်မှာ အနောက်ပိုင်း ဘယ်ဘက်ကြေမွမှု ရှိခဲ့သည်။ ''၀ုန်းဆိုတဲ့အသံကြားလို့ ဆိုင်ထဲက ထွက်ကြည့်လိုက်တော့ ကားအခုလိုရပ်ထားတဲ့ကားကို ၀င်တိုက်တာ တွေ့ရတာပါ။ ယာဉ်မောင်းက ကားတိုက်မှုဖြစ်ပွားတဲ့ မွန်းလွှဲ ၁နာရီအချိန်ကတည်းက ခေါင်းခန်းမှာ ညှပ်နေပါတယ်''ဟု ယာဉ်တိုက်မှု ဖြစ်စဉ်အနီးတွင် ရှိနေသူတစ်ဦးက ပြောပြပါသည်။
အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်အား မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ အသက်ကယ်ယာဉ်တစ်စီး၊ လူနာတင်ယာဉ်တစ်စီး၊ မီးသတ်ယာဉ်နှစ်စီး ၀န်ထမ်းအင်အား(၂၅)ဦးတို့ဖြင့် ကယ်ဆယ်ခဲ့ပြီး အသက်(၄၂)နှစ်ခန့် ယာဉ်မောင်း ဦး......မှာ ညာဘက်ခြေထောက်ပေါက်ပြဲဒဏ်ရာ ရရှိ(မစိုးရိမ်ရ)ခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်ခဲ့သော မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရပါသည်။
 

Comments 

 
+11 #8 tartie 2012-08-09 20:20
တစ်စုံတစ်ယောက်ရဲ့မဆင်မခြင်မှု့ကြောင့်ပတ်ဝန်းကျင်ကိုပါအကောင်းအဆိုးသက်ရောက်စေပါတယ်။စည်းကမ်းရှိစွာ(တတ်အားသရွေ့)ဖြင့်လုပ်ကိုင်စားသောက်နိုင်ကြပါစေ
 
 
+36 #7 tertee 2012-08-09 10:21
ကိုယ်.ယာဉ်ကြောနဲ. ကိုယ် စည်းကမ်းရှိရှိ မမောင်းဘဲ အတင်းကျော်တက် လို.ဖြစ်တဲ.ပုံ ဘဲ
ဗမာပြည်မှာ စည်းမရှိကမ်းမရှိ ပရမ်းပတာ မောင်ကြတဲ. ဒရိုင်ဘာတွေ သူ.အပြစ်နဲ.သူ ခံရတာအရေးမကြီးပေမဲ.
ကြားထဲကမဆိုင်တဲ.သူတွေ ဒုတ်ခရောက်ကြရပါတယ်
လိုင်းကားတွေ အဆိုးဆုးံ ပါ
ထိထိရောက်ရောက် အရေးယူကြပါ
 
 
+15 #6 AMKs 2012-08-09 07:18
Hello Eleven Media Team

show this photo ( being carried by firemen) to Health Minister Pe Thet Khin. And ask him what he can do about it better in future after having a look of that photo? What is necessary in this photo? That is the hint question for him to ' see what is wrong ' in this photo.

What can he do with budget x 4 in next financial year, other than , talking about ' informed consent ' for 2 minutes in radio interview?

Keywords about this news are:

1. Retrieval response and retrieval time was 3 hours. How to overcome in next time?
2. Who will take care of this matter as a team leader in accident scene? And How ?
3. Man power and equipment j( Emergency Medicine, Traumatology, Disaster Response )
4. Legislation for heavy vehicles and all other vehicles - Road Traffic Authority Legislation - drivers' license rules and regulation
5. Who will cover those expenses for retrieval, acute management, long-termed management in hospital, X'ray, C T scan, surgical operation, ongoing care ( only for 2 months ) . from Government pocket? Vehicle registration fees' pocket? or just by bloody ' donation from relative and friends from work' ....like 500, 50, 1000, 2599 kyats etc etc and show a photograph in newspaper as ' donation ' ? Is that all ?

Major concern is ' photo ' being carried by firemen. All Emergency Physicians laughed ( jeered ) at this photo of ' being carried 'in major city like Yangon.

Health Minister should look into this as a ' first and foremost ' response for city dwellers' wellbeing - road traffic accident is one of the commonest ones in urban areas.
 
+25 #5 oonayoo 2012-08-08 22:09
ပြည်သူတွေ အားလုံးဘေးကင်းကြပါစေ။
လမ်းစနစ်တွေ၊ သွင်းထားတဲ့ကားတွေ အကုန်ယိုယွင်းနေတဲ့ မြို့အိုကြီးမှာ ကုန်ဈေးနှုန်းက ကမ္ဘာ့အဆင့်မြင့်အနေအထားဆိုတော့ ပြည်သူတွေလဲ ကံကြမ္မာဆိုးကို အမြဲကြုံနေရမှာပါပဲ။
 
-11 #4 shyat_sayagyi 2012-08-08 20:45
ကျွန်တော်လည်း ပါပရစေ၊
ကြေ = be crumbled
မွ = be flaky
ဟွင်းး..ဟွင်းး
 
-7 #3 ewin 2012-08-08 20:41
အမှန်ပြောတဲ့သူကို ဘာကြောင့် Minus ပေးကြတာလဲ။ kinglakeshore ဆက်ပြောပါ။ "မကျေမွဘူး" ကြေမွတာ။ မွန်းကမလွှဲရဘူး၊ သူ့ဖာသူ "လွဲ'တာ။ ယာဉ်က မ"ဥ(အု)"ရဘူး ဉရတာ။ :D
Quoting kinglakeshore:
ယာဉ်ယာဉ်မောင်းအမျိုးသားက မညှက်ပါဘူးးး အရပ်တော်တော်ရှည်တာ ဓါတ်ပုံကြည့်ရင် သိသာပါတယ်.. :-*
+27 #2 kinglakeshore 2012-08-08 19:53
အားလုံးကိုကျေးဇူးတင်ပါတယ်
ညှက် = Diminutive, Small
ညပ် = be wedged in between; be jammed in.

:-)
 
-25 #1 kinglakeshore 2012-08-08 19:04
ယာဉ်ယာဉ်မောင်းအမျိုးသားက မညှက်ပါဘူးးး အရပ်တော်တော်ရှည်တာ ဓါတ်ပုံကြည့်ရင် သိသာပါတယ်.. :-*
 

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။