Friday, August 10, 2012

ဒီအတိုင်းဘဲမသိချင်ယောင်ဆောင်နေတော့မှာလား


ဒီအတိုင်းဘဲမသိချင်ယောင်ဆောင်နေတော့မှာလား:

ဒီနှစ်အတွက် ဆေးတက္ကသိုလ်ဝင်ခွင့်ပေးမဲ့လူဦးရေ တ၀က်လျော့ချလိုက်ပြီး မိန်းကလေး အချိုးကိုတော့ ၁၀% တိုးပေးလိုက်တာကို တရားဝင်ကြေငြာထားပြီးဖြစ်ပါတယ်။ ၀င်ခွင့်ပေးမဲ့ တက္ကသိုလ်ကိုကျတော့ တက္ကသိုလ်ဝင်ခွင့် လမ်းညွန် စာအုပ်မှာရန်ကုန်နဲ့ မန္တလေးကလွဲပြီရင် ကျန်တိုင်းနဲ့ပြည်နယ် အားလုံးကိုတော့ မကွေးမှာတက်ရမယ်ဆိုပြီးတော့ ဖော်ပြထားတာ တွေ့ရတယ်။

ကျနော်က၀န်ထမ်းတစ်ဦးပါ။ တနင်္သာရီတိုင်းဒေသကြီးမှာ တာဝန်ကျတာ ၃နှစ်နီးပါးရှိပါပြီ။ အမျိုးသမီးက ၀န်ထမ်းတစ်ဦးဖြစ်ပြီး မွန်ပြည်နယ်မှာ တာဝန်ထမ်းဆောင်နေရတာပါ။ မိသားစုကလဲတကွဲတပြားနဲ့ ဒုက္ခပေါင်းစုံနဲ့ပေါ့ဗျာ။ ကျနော့်သမီး ဒီနှစ် ၁၀ တန်းအောင်ပြီး အမှတ်ကောင်းလို့ ဆေးတက္ကသိုလ်ပို့ဖို့ မကွေးမှာတက်ရမှာဆိုတော့။ ရန်ကုန်မှာ ဆေးတက္ကသိုလ် ၂ခုတောင်ရှိတယ်။ ကျောင်းဝင်ခွင့်ပေးနိုင်တဲ့ အရေအတွက်က (၆၀၀)ဦးပါ။ ရန်ကုန်တိုင်းအောက်ဖက်မှာ ရှိတဲ့ဒေသနဲ့ အနီးအနားဒေသတွေကို ရန်ကုန်မှာဘာလို့တက်ခွင့်မပေးတာလဲ။ ဒါမှမဟုတ်လဲ ကလေးတွေရဲ့ ကြိုးစားမှုအပေါ် မူတည်ပြီးအမှတ်နဲ့ ဆုံးဖြတ်တာမျိုး မဖြစ်သင့်ဘူးလား။ ဒီနှစ်နီးစပ်ရာတက္ကသိုလ်မှာ တက်ခွင့်ပေးမယ်လို့လဲပြောတယ်။ လွတ်တော်မှာ တင်တယ်လို့ သတင်းတွေကြားရတယ်။ အဆင့်မြင့်ပညာဦးစီးဌာနနဲ့ ၀န်ကြီးရုံးမှာ စုံစမ်းကြည့်တော့လဲ တရားဝင်စာထုတ်ပြန်ထားတာ မရှိဘူးလို့ပြောတယ်။ ကြိုက်တဲ့နေရာမှာ တက်ချင်ရင် ၁၀သိန်းလောက် ပေးရင် ရတယ်တဲ့။ ကျနော်တို့က ၀န်ထမ်းဆိုတော့ အဲဒီလောက်ငွေကြေးလဲ မတတ်နိုင်ဘူးလေ။ နောက်ပြီးရန်ကုန်မှာ ဆွေမျိုးနီးစပ်တွေရှိတော့ ရန်ကုန်မှာတက်ရင်စရိတ် ကမကွေးမှာတက်မှာထက် ပိုသက်သာနိုင်တယ်။ အကြောင်းကိစ္စရှိရင်လဲ ရန်ကုန်လောက်ဆို သွားလာရတာအဆင်ပြေတယ်။ ခွင့်ကလဲယူချင်တိုင်း ရက်အကြာကြီး ယူလို့ရတာ မဟုတ်တော့ ကျွန်တော်တို့လဲတရားဝင် ရှင်းရှင်းလင်းလင်း ဖြစ်စေချင်ပါတယ်။ ကျနော်တို့လို ၀င်ငွေနည်းတဲ့ ၀န်ထမ်းတွေအတွက် စဉ်းစားပေးဘို့ကို တင်ပြချင်ပါတယ်။

ဒီတော့မသိချင်ယောင်ဆောင်ပြီး စားပေါက်ထွင်ဖို့ ဂွင်ဆင်ထားတဲ့ပုံပေါက်နေတဲ့ တက္ကသိုလ်ရွေးချယ်မှုကိစ္စကို ဒီအတိုင်းဘဲ ဆက်ပြီး မသိချင်ယောင် ဆောင်မနေဘို့ သက်ဆိုင်ရာဝန်ကြီးဌာနကို အသိပေးချင်ပါတယ်။ ဘယ်လိုပေးပို့ရမယ်ဆိုတာ မသိလို့ သစ်ထူးလွင်ကနေဘဲ တဆင့်တင်ပြလို့ရရင် တင်ပြပေးစေလိုပါတယ်။
ကျေးဇူးတင်ပါတယ်။
Dala Gyan
Myeik, Tanintharyi Division







http://feeds.feedburner.com/thithtoolwin/yIWV

မြန်မာ့သစ်လုပ်ငန်း ပြည်ပရောင်း/စက်ဌာနကြီး မသမာမှုအား တိုင်ကြားခြင်း


မြန်မာ့သစ်လုပ်ငန်း ပြည်ပရောင်း/စက်ဌာနကြီး မသမာမှုအား တိုင်ကြားခြင်း:


အယ်ဒီတာခင်ဗျား

၁။ နိုင်ငံပိုင်သစ်စက်များ/သစ်လုံးဆိပ်များတွင် အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံပိုင်ပစ္စည်းများ မီးလောင်ပျက်စီးဆုံးရှုံးမှုများရှိခဲ့ပါက အထက်သို့တင်ပြရန်မလိုပဲ တာဝန်ရှိသူများအနေဖြင့် ရဲစခန်းသို့ တိုက်ရိုက်သွားရောက်အဖမ်းခံကြရန် ပတ်ဝန်းကျင်ထိမ်းသိန်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန(ယခင်သစ်တောရေးရာဝန်ကြီးဌာန)မှ အငြိမ်းစားဝန်ကြီးတစ်ဦးက မိန့်ကြားခဲ့ဘူးသည်ကို ယနေ့အချိန်တွင် အသက်(၅၀)ဝန်းကျင်ရှိနေပြီဖြစ်သော တာဝန်ထမ်းဆောင်ဆဲ သစ်တောဌာနဝန်ထမ်းအားလုံးလိုလို သိရှိမှတ်သားခဲ့ဘူးပြီးဖြစ်ပါလိမ့်မည်။

၂။ သို့ပါသော်လည်း(၂၆-၃-၂၀၁၂)ရက်နေ့မှ (၂၇-၃-၂၀၁၂)ရက်နေ့အထိ လောင်ကျွမ်းခဲ့သော သံလျင်မြို့နယ် သီလဝါသစ်လုံးဆိပ်ရှိ နိုင်ငံပိုင်ကျွန်းနှင့်သစ်မာ သစ်လုံးတန်(၇၀၀၀)နီးပါး (တန်ဖိုး အမေရိကန်ဒေါ်လာ ၅.၅ သန်း) မီးလောင်ပျက်စီးဆုံးရှုံးမှုတွင် တာဝန်ရှိ ဝန်ထမ်းကြီး/ငယ်များအား ယနေ့အထိ တစ်ဦးတစ်ယောက်မျှ အရေးယူခြင်း/အပြစ်ပေးခြင်း မပြုလုပ်ခဲ့ပါ။
အဓိကတာဝန်ရှိသစ်ဆိပ်တာဝန်ခံ(၃)ဦးအနက် (၁)ဦးအား ရာထူးတိုးမြှင့်ပေးလိုက်ခြင်း၊ကျန်(၁)ဦးအား အပိုဝင်ငွေ(အောက်ဆိုဒ်) ရရှိသော ဌာနများသို့ ဆက်လက်ပြောင်းရွှေ့ပေးလိုက်ပြီး တာဝန်ရှိမန်နေဂျာ(၃)ဦးအားလည်း ယနေ့အထိ လုံးဝအရေးယူမှု မရှိခဲ့ပါ။ သို့ပါ၍  ဌာနရှိဝန်ထမ်းများနှင့် သစ်ကုမ္ပဏီအသီးသီးမှ ပုဂ္ဂိုလ်များက သီလဝါသစ်လုံးဆိပ်ရှိ နိုင်ငံပိုင်သစ်လုံး ဒေါ်လာ(၅.၅)သန်းဖိုး မီးလောင်ပျက်ဆီးဆုံးရှုံးမှုတွင် တာဝန်ရှိသူတစ်ဦးတစ်ယောက် အရေးယူခံရခြင်း/အပြစ်ပေးခံရခြင်း မရှိသည့်ကိစ္စအား အထက်လူကြီးများမှ အမှန်တကယ် မသိကြခြင်းလော၊အိပ်ပျော်နေကြသလော စသည်ဖြင့် ယနေ့ထက်တိုင် သို့လောသို့လောနှင့် ပြောဆိုဝေဖန်လျှက် ရှိနေဆဲဖြစ်ပါသည်။ 

၃။ နိုင်ငံတော်သမ္မတကြီး၊ဒုသမ္မတကြီးနှင့်ပြည်သူ့လွှတ်တော်ဥက္ကဌကြီး အပါအဝင် အကြီးအကဲအားလုံးက Clean Government၊Good Government ဖြစ်ရေး၊လာဘ်ပေးလာဘ်ယူပပျောက်ကင်းစင်ရေးနှင့် ပွင့်လင်းမြင်သာသောအစိုးရ၊ဌာနဖြစ်စေရေးအတွက် အချိန်တိုင်း၊နေရာတိုင်းတွင် လမ်းညွန်မိန့်ကြားလျှက်ရှိသော်လည်း ပတ်ဝန်းကျင်ထိမ်းသိန်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန မြန်မာ့သစ်လုပ်ငန်း ပြည်ပရောင်း/စက်ဌာနကြီး လက်အောက်ရှိ သီလဝါသစ်လုံးဆိပ်မှ နိုင်ငံပိုင်သစ်လုံးများ မီးလောင်ဆုံးရှုံးမှုတွင် ပွင့်လင်းမြင်သာမှုမရှိပဲ ထိမ်ချန်ဖုံးကွယ်ထားမှုအား ဖော်ထုတ်အရေးယူပေးပါရန် အယ်ဒီတာမှတဆင့် တင်ပြလိုက်ရပါသည်။


အငြိမ်းစားသစ်တောဝန်ထမ်းတစ်ဦး

http://feeds.feedburner.com/thithtoolwin/yIWV

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။