Sunday, August 5, 2012

ဒီ...ရာဇ၀င် အရိုင်းကိုဖြင့် - ရေးသူ-၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်


ဒီ...ရာဇ၀င် အရိုင်းကိုဖြင့် - ရေးသူ-၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်

ယနေ့ စာနယ်ဇင်းများ၏ တာထွက်ခရီးမှာ အကျည်းတန်ခဲ့ပါသည်။ မိမိ ရေးသား ဖော်ပြလိုသည်များကို ဖြတ်တောက် ဖြုတ်ပယ်သည့် စိစစ်ရေးဒဏ် ခံရသလို မိမိ မယုံကြည်၊ လက်မခံနိုင်သည့် အယူအဆ၊ လမ်းစဉ်များ အပါအ၀င် ပုဂ်္ဂိုလ်ရေး အသားလွတ် တိုက်ခိုက်သည့် မိုးကျရွှေကိုယ် ဆောင်းပါးများကိုလည်း မဖြစ်မနေ ဖော်ပြခဲ့ကြရပါသည်။
ထိုသို့ အနိုင်ကျင့်ခံရစဉ် အယ်ဒီတာ (ခေါ်) စာတည်းတို့ မည်မျှ နာကျင်ခဲ့မည် နည်း။
ရာဇ၀င်ရိုင်းသည် ဆိုတာ ဒါမျိုး ဖြစ်ပါလိမ့်မည်။....

ထိုမှသည် စာနယ်ဇင်းတို့ (ဒီဘက်ခေတ်) သမိုင်းမှာ ပွဲတော်ကြီးလည်း တွေ့ခဲ့ပါ သေးသည်။
ပွဲတော်ကြီး ဆိုသည့်အတိုင်း ရုံသွင်း လက်ဝှေ့စိန်ခေါ်ပွဲများနှယ် ကလောင်ချင်း ထိုးသတ်သည့် ပွဲများကို စာမျက်နှာများ ပေါ်၌ စီစဉ် ရုံသွင်းသူက သွင်း၍ ထိုးသူတွေကထိုး ဗိန်းမောင်းသံတွေ ညံခဲ့ပါတယ်။

ပြီးတော့ ခေတ်စီးကြောင်းဟု ခေါ်ကြသည့် မြောင်းထဲ မျောလာသည့် ဖက်ရှင်ဒီဇိုင်းများ ပြိုင်ဆိုင်ကြရင်း အစွမ်းကုန် တိုပြတ်လာပုံများ၊

မှုခင်း ပြစ်မှုဆိုင်ရာများ၌လည်း မည်သည့်အမှုအကြောင်း ခေါင်းစဉ်ပြာ များဖြင့် ရေပန်းစားခဲ့သည်ကို စာဖတ်
သူများ အသိခဲ့ဆုံး ဖြစ်ပါလိမ့်မည်။ ငွေကြယ်ပွင့်တို့ အတွင်းရေးကိုမှ မုဆိုး သားကောင်လိုက်သလို တောနင်းရှာခဲ့ ကြသည့် ကျွန်တော်တို့ သတင်းထောက် အယ်ဒီတာများ ရွှေသမင်လိုက်ခန်းတွေ လည်း မှော်ရုံတောမှာ ရှိခဲ့ပါပြီ။
ချုပ်ပြောရလျှင်တော့ အဲဒီကာလ စကားအတိုင်း “နိုင်ငံရေးမပါလျှင် ပြီးရော” ကျင့်စဉ်ပဲ ဖြစ်ပါသည်။
ထိုသို့ စာပေ သရောကြီး ခိုင်းမှုကို အတွေးအခေါ်အရ ကြံ့ကြံ့ခိုင် ခုခံခဲ့ကြ သော ကလောင်များကိုတော့ ရာဇ၀င်ထဲ က သူရဲကောင်းများ အဖြစ် မှတ်တမ်း တင်ကြပါလိမ့်မည်။
.....
မကြာမြင့်မီကာလမှာတော့ စာနယ်ဇင်း၏ ရာဇ၀င်အရိုင်းကို ပြင်ခွင့် ကြိုးပမ်းလာကြ ပါသည်။
ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့ အစည်းသို့ဟု ကျွန်တော်တို့ ကြွေးကြော် ချိန်၊ စာနယ်ဇင်းများကလည်း စာပေ လွတ်လပ်ခွင့်ကို သံကုန်ဟစ်ကြပြီ။
ပွင့်လင်း လူ့အဖွဲ့အစည်းဆိုသည်မှာ အမှောင်ပိတ်ခေတ်လို ပြစ်ဒဏ်တွေ ပေးလိုက်မည်ဟု ခြိမ်းခြောက်ခံမည် မဟုတ်။ အခွင့်အရေးကိုလည်း သိ၊ တာဝန်ယူမှုလည်း ရှိရမည်။
စာနယ်ဇင်းတွင်လည်း လွတ်လပ်ခွင့် နှင့် တွဲလျက် ကျင့်ဝတ်ဆိုတာ ယှဉ်လျက် ထင်ရှား လာသည်။
စကားလုံးတွေ ကွဲသည့်တိုင်၊ သဘောချင်းတော့ တူသည်ပင်။
စာနယ်ဇင်း လွတ်လပ်ခွင့်နှင့် အတူ ပရိသတ်၏ အာရုံဩတ်မှုလည်း ပြောင်း လှည့်လာသည်။ ယခင်က လေသံဟခွင့် မရခဲ့သော နိုင်ငံရေးဆိုသည့် စကားလုံး နှင့် ဒီမိုကရေစီ သဘောတရားများ ဟောခွင့် နာခွင့်လည်း ရလာသည်တွင် မူလ လက်ဟောင်း နိုင်ငံရေးသမား ဒီမိုကရေစီ ဘက်တော်သားများသာမက ခါတော်မီ ဂုရုကြီးတွေပါ ထွန်းပခဲ့ပါသည်။
ဈေးကွက်သဘော နောကျေသည့် ထုတ်ဝေသူများကလည်း မူရင်း အပျော် ဖတ်၊ အပေါ့စား (အပေါစားဟု မဆိုရက်ပါ) အလှအပရေးရာနှင့် ဈေးဝယ်စာစောင်များ မကျန် နိုင်ငံရေးဆိုင်ရာ သတင်း၊ တွေ့ဆုံ မေးမြန်းခန်းတွေ အလုအယက် ထည့်ကြ ရသည့် ကာလတစ်ခုကို ဖြတ်သန်း ရတော့သည်။
နဂို နိုင်ငံရေး အခြေခံ စာစောင်တွေ ကတော့ ရှင်းပါသည်။ မိမိတို့ လုပ်နိုင် ရေးနိုင်စွမ်းတွေကို ထပ်ချဲ့သည်။ တွေ့ဆုံ မေးမြန်းခန်းတွေမှာ ၀မ်းစာကောင်းသော အမေးအဖြေတွေ ဖတ်ရသည်။ နိုင်ငံရေး တစ်ခေတ်ဆန်းပြီပေါ့။
ထိုအခြေမှ ပိုအားရစရာကောင်း လာသည်ကတော့ ယခင် အသံလွှင့်ဌာန များမှသာ ထုတ်လွှင့်လေ့ရှိသည့် တိုင်ကြားချက်များ ပြည်သူ့နစ်နာချက်များ မတရားမှုများအကြောင်း စာနယ်ဇင်းတို့ အပြိုင် ဖော်ပြလာခြင်းပင်။ (အမှိုက်ပုံ ရွှေ့ပေးပါ၊ ညှော်နံ့နံတယ် စသည်လောက် ဖော်ပြပေးခဲ့သော တိုင်ကြားချက်မျိုးကို မဆိုလိုပါ)
သည်တွင် သတိပြုစရာကောင်းသော အချက်ကို တွေ့ရပါသည်။ ဤသည်မှာ (ဌာနဆိုင်ရာများ အပါအ၀င်) မတရား ပြုနေသူတို့သည် အမှောင်ထဲ အသံတိတ် ဒုစရိုက်ပြုနေသူများနှင့် တူလှသည်။
စာနယ်ဇင်း အပါအ၀င် သတင်း ဌာနတွေမှ မီးမောင်းထိုးလိုက်သည်နှင့် တစ်ပြိုင်နက် အမှောင်ကြိုက် မသမာ သူတို့ လက်တွန့် လက်ရုပ်သွားကြရသည်။ သတင်း မီဒီယာတွေမှ အသံကုန် ဟစ်လိုက်သည်နှင့် မသူတော်တို့ ကိုယ်ရှိန်သတ် သွားရသည်။ စာနယ်ဇင်း အပါအ၀င် မီဒီယာတွေ၏ စွမ်းအားမှာ အပြစ်ရှိသူကို အပြစ်ဒဏ်မပေးနိုင်သည့် တိုင် အထက်က ဆိုခဲ့သလောက် (ကိုယ်ရှိန်သတ်၊ နောက်ဆုတ်သွားအောင်) တော့ စွမ်းဆောင်နိုင်ကြပါသည်။
အချို့ မတရားမှုများအတွက် ပွင့်လင်း လူ့အဖွဲ့အစည်းသို့ လာရောက် တိုင်ကြား ရာ၌ တရားစွဲခိုင်းသော်လည်း တိုင်ကြား သူတို့ကပြောတာ စဉ်းစားဖွယ် ကောင်းလှ သည်။
“တရားရုံးက ကြာဦးမှာ၊ မီဒီယာမှာ ပါသွားရင် သူတို့ ပျာယာခတ်ပြီး လာညှိ ကြတာ များတယ်” ဟူ၏။
ကျွန်တော်တို့ စဉ်းစားသင့်လှသည် ထင်ပါသည်။
တရားစီရင်ရေး အာဏာကို ပြည်သူ တွေ မယုံကြည်ကြတာ ကောင်းသော အလားအလာ မဟုတ်ပါ။ အန္တရာယ် အလွန်ကြီးပါ သ ည်။ ထိုမျှမကသေးပါ။
မဟုတ်မတရား လုပ်နေသူတွေ ကိုယ်တိုင်လည်း တရားရုံးများကို မကြောက်ကြတာ လွန်စွာ စိုးရိမ်ဖွယ် ဖြစ်ပါသည်။
တရားစွဲခံရမည် ဆိုတာ သိလျက် ဆက်လက်၍ ဗြောင်ကျကျ မတရား လုပ်ဝံ့သူတွေ တစ်နေ့တခြား ပွားလာ နေခြင်းမှာ တရားစီရင်ရေးကို သူတို့ ချယ်လှယ်နိုင်သည်ဟု ယုံကြည်နေ၍ ဖြစ်ပါသည်။ အဆိုးဆုံးကတော့ အုပ်ချုပ်ရေးအာဏာက တရားစီရင်ရေး အာဏာကို လွှမ်းမိုး ထားနိုင်သည်ဟု အများစုက ယုံကြည်ဆဲ ရှိနေခြင်းပင်။
တရားမစွဲဘူး အလကားပဲ၊ မီဒီယာက အော်လိုက်မှ အထက်ကသိပြီး အရေးယူ ခံရမှာကြောက်လို့ မတရားမှုတွေ ဇက်ပုပြီး ရုပ်သိမ်းသွားမည်ဟု အားလုံးနီးပါး ယူဆ မြဲ။ ဒီအချက်က ကျွန်တော်တို့ လူ့အဖွဲ့ အစည်းအတွက် အ်္တရာယ်ကြီးလှပါသည်။
သို့သော် မတရားလုပ်သူတို့မီဒီယာ တွေကို ကြောက်တာတော့ တော်သေးရဲ့ဟု ဖြေသာရမလို ဖြစ်နေသည်။
စာနယ်ဇင်း အပါအ၀င် မီဒီယာတွေ တန်ခိုး ထွားလာတာ တရားမျှတမှု ဓားထက် လာတာကို ကြိုဆိုပါသည်။ ပွင့်လင်း လူ့အဖွဲ့အစည်းက မတရားမှု တွေကို ဖော်ထုတ် မီဒီယာတွေက မီးမောင်းထိုး အသံချဲ့စက်တပ် ဟစ်အော်၊ လက်တွဲညီ ဆောင်ရွက်နိုင်ကြတာ တစ်မျိုးတော့ ကောင်းပါသည်။
သို့သော် သတင်းသမားတွေအနေနှင့် ဖြစ်စဉ်တစ်ခုကို ရေဆုံးရေဖျား လိုက်ဖို့ တော့ လိုပါသည်။ မတရားမှုဖြစ်စဉ်ကို မစို့မပို့လေး တို့ထိပြီး ပစ်ထားမိလျှင် ဆေးယဉ်သွားမှာ ကြောက်ရပါသည်။
တရားမျှတမှုဘက်မှ ရပ်ခံသူတွေနှင့် သတင်းဌာနတွေ လက်တွဲ ဖော်ထုတ်ခဲ့၍ အကြိမ်ကြိမ် အားပြိုင်ပြီးမှ အမှန်တရား ဘက်က အောင်ပွဲခံခဲ့သည့် သာဓကများ ယခုအခါများမှာ ရှိနေပြီ ဖြစ်ပါသည်။ (ဥပမာ ၀န်ထမ်း လစာထဲမှ အရစ်ကျ ပေးဝယ်ထားသည့် မြေများကို သိမ်းယူမှု၊ မီးသင့်ဈေး ဆိုင်ခန်းများ ပြန်လည် နေရာချထားရာ နစ်နာမှုများကို ဖြေရှင်း ပေးနိုင်ခဲ့ခြင်း အပါအ၀င် များစွာသော ဖြစ်စဉ်များ)
မကြာမီ စာပေ စိစစ်ရေး ပြုတ်၍ စာနယ်ဇင်းကောင်စီ ကျန်ခဲ့မည်။ ကျန်ခဲ့ သည့် ကောင်စီမှာလည်း ဒိုင်းဝန်းထက် ကဲသည့် မောင်ပုလဲ မဖြစ်ဖို့ အရေးကြီးသည်။
စာနယ်ဇင်း လောကသားတစ်ယောက်က ဆိုပါသတဲ့၊ စိစစ်ရေး ရှိတာကမှ တော်သေးတယ်၊ ကိုယ့်ဟာ ကိုယ် တာဝန်ခံထုတ်၊ ဖြစ်လာရင် တရားစွဲမယ်ဆိုတော့ ငါ့ထုတ်ဝေခွင့်လေး အသိမ်းခံရမှ ဒုက္ခ ...၊
အတော် လက်မခံစရာကောင်းသည့် အပြုခံ စိတ်ဓာတ်ဟု မြင်ပါသည်။ ခုချိန်တွင် စာနယ်ဇင်း အချို့ကို ၀န်ကြီး ဌာနအချို့က တရားစွဲဆိုချိန် ဘ၀တူချင်း ကျောချင်းကပ်ကြတာကိုလည်း သိမှတ် ပြုရပါသည်။
နောက်ဆုံး ပြောခွင့်ပြုစေချင်သည် ကတော့ လူ့အဖွဲ့အစည်းရဲ့ တစ်ထောင့် တစ်နေရာက ကယ်ပါ ယူပါ အသံများ၊ မတရားမှုကို သံကုန်ဟစ် အော်သံများ၊ အမှန်တရား၏ အောင်ပွဲခံသံများ အားလုံး လေထုထဲ ပဲ့တင် မပျောက်ခင် အမိအရ ဖမ်းယူလျက် သမိုင်းနှင့်အတူ ပြေးလွှား ရင်း မှတ်တမ်းတင်ရာတွင်
ကျယ်ပြန့်လှသော ဖြစ်စဉ်တိုင်းကို စာတစ်မျက်နှာ နေရာကျဉ်းကျဉ်း ကျားကုတ်ကျားခဲ ရေးထွင်း ကမ္ပည်း တင်ရသည့် စာနယ်ဇင်းသမား မှန်သမျှ သည် သမိုင်းမူကြမ်း ရေးရသည့် လက်များ ပီပီ ရာဇ၀င်အရိုင်းကိုဖြင့် ကျက်သရေ ရှိသော သမိုင်းအဖြစ် ရေးထွင်းနိုင်ကြစေ လိုခြင်း ဖြစ်ပါသည်။ ၊၊
မင်းကိုနိုင်
၂၃ ဇွန် ၂၀၁၂
(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ-၂၊ အမှတ်-၁၀၀၊ ၂၀၁၂ ခုနှစ်၊ဇွန် ၂၈)

မြန်မာတွင် ဂျပန်ယဉ်ကျေးမှုလှိုင်းထွက်ပေါ်အောင် ယဉ်ကျေးမှုဖလှယ်ရေးမစ်ရှင် တွန်အားပေး


မြန်မာတွင် ဂျပန်ယဉ်ကျေးမှုလှိုင်းထွက်ပေါ်အောင် ယဉ်ကျေးမှုဖလှယ်ရေးမစ်ရှင် တွန်အားပေး

(The Asahi shinbun မှ 3 Aug 2012 ရက်စွဲပါ “Exchange Mission Pushes Wave of Japanese Culture In Myanmar”သတင်းကို ဘာသာပြန်ဆိုသည်)
ထွန်းသစ်ရန်အစပျိုးနေသော မြန်မာနိုင်ငံသို့သွားရောက်ခဲ့သည့် ဂျပန်ချစ်ကြည်ရေးနှင့်ဖလှယ်ရေးမစ်ရှင်၏အဆိုအရ မြန်မာနိုင်ငံတွင် ဂျပန်ဖက်ရှင်၊ ဂျပန်ယဉ်ကျေးမှုနှင့် ဂျပန်အစားအစာများအပေါ်များစွာ ခုံမင်မှုရှိသည်ဟု သိရှိရသည်။

၎င်းမစ်ရှင်အဖွဲ့က သြဂုတ်လ ၂ ရက်တွင် ဂျပန်နိုင်ငံခြားရေးဝန်ကြီးကို အိချိရိုဂမ်ဘာထံ အကြံပြုချက်တင်သွင်းခဲ့သည်။

ဂျပန်နိုင်ငံ National Graduate Insittute for Policy Studies ဥက္ကဋ္ဌ တာကာရှီရှီရိုင်ရှီက ဂျပန်ချစ်ကြည်ရေးမစ်ရှင်ကို ဦးဆောင်သည်။

၎င်းက ဂျပန်ယဉ်ကျေးမှုသွင်ပြင်လက္ခဏာအားလုံးအကြံပြုထားပြီး၊ ဂျူဒိုအားကစားနည်းသည်ပင် မြန်မာနိုင်ငံ၌ မိတ်ဆက်ထားပြီးဖြစ်သည်ဟု ပြောကြားသည်။

ဂျပန်မစ်ရှင်အဖွဲ့ဝင်များသည် ဇွန်လကုန်တွင် မြန်မာနိုင်ငံသို့သွားရောက်ခဲ့ကြခြင်းဖြစ်ပြီး၊ သမ္မတဦးသိန်းစိန်ကိုလည်း ဂါဝရပြုတွေ့ဆုံခဲ့ကြသည်။

ယဉ်ကျေးမှုဖလှယ်ရေးမစ်ရှင်တွင် ဖက်ရှင်ဒီဇိုင်နာဂျန်ကိုကိုရှီနိုနှင့် ဂျူဒိုပညာရှင် ၁၉၈၄ အိုလံပစ်ရွှေတံဆိပ်ဆုရှင် ယာဆူဟီရိုယာမာရှီတာ တို့လည်း လိုက်ပါသွားခဲ့ကြသည်။

ဂျပန်-မြန်မာနိုင်ငံရေး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအတွက် အခြေခံအုတ်မြစ်အဖြစ် ယဉ်ကျေးမှုနှင့် အားကစားဖလှယ်မှုအစီအစဉ်များကို စဉ်းစားသင့်သည်ဟု မစ်ရှင်အဖွဲ့က အကြံပြုထားသည်။

တောင်ကိုရီးယားနိုင်ငံမှ ယဉ်ကျေးမှုပို့ကုန်ဖြစ်သည်ဟု ရုပ်သံဒရာမာဇာတ်လမ်းတွဲများ၊ ရုပ်ရှင်များ၊ တေးဂီတများ အာရှတစ်လွှားတွင် ရေပန်းစားလာမှုကြောင့် Korean wave လှိုင်းလုံးထွက်ပေါ်လာခြင်းကိုထောက်ရှု၍ ပေါ့ပ်သီချင်း၊ manga anime စသော ဂျပန်ယဉ်ကျေးမှု ထွက်ကုန်များကို မြန်မာနိုင်ငံနှင့်မိတ်ဆက်ပေးရန် ဂျပန်ယဉ်ကျေးမှုမစ်ရှင်က အဆိုပြုထားသည်...

yangonchronicle

Saturday, August 4, 2012

ရွှေဖြူ နှင့် အခြားသတ္တုတွင်းကြောင့် တာချီလိတ်ကျေးလက်များအခက်တွေ့


ရွှေဖြူ နှင့် အခြားသတ္တုတွင်းကြောင့် တာချီလိတ်ကျေးလက်များအခက်တွေ့

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်ခရိုင် ကျေးလက် ဒေသခံများ ရွှေဖြူ ရွှေဝါ သတ္တုတွင်းကြောင့်  သုံးရေခက်၊ စပါးခင်းပျက်ကာ ၀မ်းရေးအတွက်ပါ အခက်အခဲဖြစ်နေကြောင်းဒေသခံများက ပြောပါသည်။
dscf2820“မနှစ်ကလဲ စပါးစိုက်လို့မရဘူး၊ ဒီနှစ်ပိုဆိုးတယ်၊ သတ္တုကနေ ထွက်တဲ့ ဓါတုဆေးရေတွေ အညစ်အကြေး တွေက ချောင်းရေ နဲ့လယ်ကွင်း စိုက်ခင်းတွေထဲကို ၀င်ကုန်တယ်။ နွေတုန်းကလဲ ချောင်းရေ လုံးဝသုံးလို့ မရဘူး၊ နွေဘက်ဆိုရင် ကျနော်တို့ကျေးလက်တွေက ချောင်းရေကို ဘဲ သုံးကြတယ်လေ” - ဟု မိုင်းလင်းဒေသ ခံတဦးက ပြောပါသည်။
ရွှေဖြူ ရွှေဝါ သတ္တုတွင်းကြောင့် တာချီလိတ်မြို့နယ် မုံးကိုးကျေးရွာအုပ်စုအပြင် တာလေမြို့ နယ်ခွဲအတွင်းရှိ နားဟိုင်းလုံရွာ၊ နားဟိုင်းနွဲ့ရွာ၊ မိုင်းလင်းကျေးရွာအုပ်စုဝင် နမ့်ခင်းရွာ၊ ပါလျောင်း၊ ကျိန်းလပ်၊ ဒေသခံများ လယ်ယာ စိုက်ပျိုးရေးအတွက် အခက်အခဲကြုံတွေ့နေရ ကြောင်း၊ ဒေသခံအာဏာပိုင်များထံတိုင်ကြားထား သော်လည်း အရေးယူဖြေရှင်းပေးခြင်း မရှိကြောင်း ဒေသခံများက ပြောပါသည်။
“ကျနော်တို့ မိမိလယ်ယာ စိုက်ခင်းမထိခိုက်အောင်၊ အဲဒီသတ္တုတွင်းပိတ်ပေးဖို့ တောင်းဆိုခဲ့တယ်။ ထွေအုပ်ဆီ၊ အနိုင်ရပါတီဝင်တွေဆီ တိုင်တန်းထား တယ်။ အခုလဲ ဆိုင်ရာလက်နက်ကိုင်အဖွဲ့အစည်းတွေကို ပါတိုင်တန်းထားတယ်၊ လာရောက် ဖြေရှင်းပေးလိမ့်မယ်လို့မျှော်လင့်တယ်” - ဟု ဒေသခံ စိုင်းကျောဝ်(က်) က ပြောပါသည်။
ထို့အပြင် သတ္တုသယ် ၁၀ ဘီး ၊ ၁၈ ဘီး ၊ ၂၆ ဘီး ကားများကြောင့် လမ်းများပျက်စီးကုန် ကြောင်း၊ အထူး သဖြင့် ကျောင်းသူ/သားများ ကျောင်းတက်/ဆင်း ရေးအတွက် အဓိကအခက် အခဲဖြစ်နေကြောင်း ဒေသခံ ကျောင်းသားမိဘ နန်းအွန် က ပြောပါသည်။
တာချီလိတ်မြို့ မြောက်ဘက် ၁၃ ကီလိုမီတာ( ၈ မိုင်ခန့်)အကွာ မိုင်းကိုးကျေးရွာအုပ်စုအတွင်း ရွှေဖြူတူး ဖော်မှုကြောင့် ရွာပေါင်း ၈ ရွာ(လားဟူ၊ အခါ၊ သျှမ်း) ၊ အိမ်ခြေ ၃၉၃ အိမ်၊ လူဦးရေ ၂၀၀၀ ခန့် ဆိုးကျိုး ခံစားရပြီး အနည်းဆုံး လယ်မြေဧက ၉၂ ဧက ပျက်စီးသွားပြီဖြစ်ကြောင်း၊ ဒေသခံများ၏ လယ်မြေများ ကိုလည်း ကုမ္မဏီက ဈေးနှိမ်ဝယ်ယူကြောင်း၊ တချို့ခြံများကို ကန့် သတ်နယ်မြေအဖြစ် သတ်မှတ် လိုက် သောကြောင့် ခြံပိုင်ရှင်များ လုပ်ကိုင်ခွင့်မရဖြစ်နေကြောင်း လားဟူ အမျိုးသမီးအစည်းအရုံး (LWO) က အစီရင်ခံစာထုတ်ပြန်ဖူးပါသည်။
အဆိုပါဒေသအတွင်း ၂၀၀၇ ခုနှစ်မှစ၍ စိုင်းလောင်ဟိန်း၊ မြင့်ဦးအောင်၊ ဟိန်းလင်းစံ၊ စံပါရမီ၊ ၀ဏ္ဏသိန်းသန်း ကုမ္မဏီ က ရွှေဖြူတူးဖော်ပြီး ထိုင်းနှင့်တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချလျက်ရှိ ကြောင်း၊ ယခုနှစ်အတွင်း ရွှေဖြူတူးဖော်ရေး ကုမ္မဏီ ၁၅ ခု ရှိလာ ပြီဖြစ်ကြောင်း၊ ရွှေဖြူကုန် ကြမ်း ၁ တန်ကို ဒေါ်လာ ၃၀၀ ရရှိကြောင်း ယခုနှစ် မေ ၂၈ ရက် နေ့က ထုတ်ပြန်သည့် အဆိုပါအစီရင်ခံစာကရေးသားပါသည်။

အိမ်မပြန်နိုင်သေးသည့် ဘားအံမြို့ ရေဘေးဒုက္ခသည်များ ကျန်းမာရေးကောင်းမွန်


အိမ်မပြန်နိုင်သေးသည့် ဘားအံမြို့ ရေဘေးဒုက္ခသည်များ ကျန်းမာရေးကောင်းမွန် 

ပြီးခဲ့သည့်ဇူလိုင်လကုန်ပိုင်းက သံလွင်မြစ်ရေ မြှင့်တက်လာကာ ရေကြီးမှုကြောင့် ယာယီ ကယ်ဆယ်ရေး စခန်းများသို့ ပြောင်းရွှေ့နေထိုင် နေရသည့် ကရင်ပြည်နယ် ဖားအံမြို့ပေါ်ရှိ ရပ်ကွက်အချို့မှရေဘေး ဒုက္ခသည် များမှာ ယနေ့အချိန်ထိ အိမ်မပြန်နိုင်သေးသော်လည်း ကျန်းမာရေးကောင်းမွန်လျှက်ရှိကြောင်း ကယ်ဆယ်ရေးစခန်းများက ပြောသည်။
Floody-in-July-2011jpgကြားတောရ ကယ်ဆယ်ရေးစခန်းမှ တာဝန်ရှိသူ မထားထားနွယ်က “ရေဘေးဒုက္ခသည်တွေ ကျန်းမာရေးက ကောင်းပါတယ်။ ဒီမှာက ဆရာဝန်တွေ၊ သူနာပြုဆရာမတွေလည်း ရှိနေတယ်လေ။ လောလောဆယ်တော့ သူတို့တွေ အိမ်မပြန်နိုင်သေးတာ တစ်ခုပါပဲ”ဟု ယနေ့ နေ့လည်ပိုင်းက ကရင်သတင်းဌာနသို့ ပြောသည်။
အဆိုပါရေဘေးဒုက္ခသည်များကို ဖားအံမြို့ရှိ ယာယီကယ်ဆယ်ရေးစခန်းများတွင် ပြီးခဲ့သည့် ဇူလိုင်လ ၂၉ရက်နေ့၊ မွန်းလွဲပိုင်းကတည်း က နေရာချထားပေးခြင်းဖြစ်ပြီး ၎င်းကြားတောရကျောင်းတွင် အမှတ်(၁)ရပ်ကွက် အုတ်ဖိုမှ လူဦးရေ ၉၉ဦး ယာယီခိုလှုံနေကြောင်း သိရ သည်။
အဆိုပါသတင်းစာ၌ ဖားအံမြို့ရှိ ကြားတောရဘုန်းတော်ကြီးကျောင်း၊ မိုးလုံလေလုံ အားကစားရုံ၊ အောင်သံ လွင် အားကစားကွင်း၊ ပရဟိ တဘုန်းတော်ကြီးကျောင်း၊ ရွှေရင်မျှော်ကျောင်းတိုက်၊ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်း စသည့်ကယ်ဆယ်ရေးစခန်း ၇ခု တွင် ရေဘေးဒုက္ခသည်များကို နေရာချထားသည်ဟု ဖော်ပြထားသော်လည်း အမက(၁)မူလွန်၊ အမက(၂)မူလွန်နှင့် အစ္စလာမ်ကျောင်း များလည်း ပါဝင်သေး ကြောင်း ရွှေရင်မျှော်ကယ်ဆယ်ရေးစခန်းမှ တာဝန်ခံက ပြောသည်။
ရေဘေးဒုက္ခသည်များကို ပြည်နယ်အစိုးရအဖွဲ့နှင့် ကျန်းမာရေး၊ မီးသတ်နှင့် ကြက်ခြေနီအဖွဲ့များ၊တပ်ဖက် ဆိုင်ရာ အာဏာပိုင်များက ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်၊ ကြက်ဥနှင့် အ၀တ်အထည်များကို မိသားစုအလိုက် ခွဲဝေလှူဒါန်းပေးသည့်အပြင် မြို့ပေါ်ရှိ စေတနာရှင်၊ ရပ်မိ ရပ်ဖများမှလည်း ကူညီထောက်ပံ့ပေးကြောင်း အဆိုပါ တာဝန်ရှိသူမှ ဆက်လက် ပြောကြားသည်။
မထားထားနွယ်က “ကျမတို့ဆီက ဒုက္ခသည်တွေကို အမှတ်(၈) အုပ်ချုပ်ရေးမှူးက ဒီမနက်မှာ ဆန်ပြုတ်လာ တိုက်ပါတယ်။ နောက်ပြီး ဦးစောထားလုံနဲ့ အဖွဲ့ကလည်း ခေါက်ဆွဲခြောက်တွေ လာဝေပေးပါတယ်”ဟု ပြောဆိုသည်။
ယမန်နေ့ထုတ် မြန်မာ့အလင်းစာ၌ သံလွင်မြစ်ရေသည် ဇူလိုင်လ ၂၉ရက်နေ့မှ စတင်ကာ စိုးရိမ်ရေမှတ် ၇၅၀စင်တီမီတာကို ကျော်လွန်၍ မြှင့်တက်လာမှုကြောင့် မြို့ပေါ်ရှိ ရပ်ကွက်(၁)၊ ရပ်ကွက်(၂)နှင့် ရပ်ကွက်(၅)တို့မှ ရေဘေးဒုက္ခသည်များကို ယာယီကယ်ဆယ်ရေးစခန်း ၇ ခု ဖွင့်လှစ်ပေးထားပြီး အိမ်ထောင်စု ၇၈၇စုမှ မိသားစုဝင်ပေါင်း ၄,၁၇၇ဦးကို ပြောင်းရွှေ့နေရာချထားပေးသည်ဟု ဖော်ပြထားသော်လည်း အစိုးရအဖွဲ့၏ အချက်အလက် ကောက်ခံမှုအရ ရေဘေးဒုက္ခသည်များမှာ ယမန်နေ့ညနေပိုင်းအထိ စုစုပေါင်း ၄,၈၀၀ ကျော်သွား ပြီဖြစ် ကြောင်း သိရသည်။
အမှတ်(၃)ရပ်ကွက်ရှိ မြေနိမ့်ပိုင်းတွင် နေထိုင်သူ ဦးစောလွန်းရှိန်က “ကျနော်တို့အိမ်အောက်ထပ်မှာ ရေက ခါးလည်လောက်ရှိနေပြီ။ အိမ် ကလူတွေအားလုံး အပေါ်ထပ်မှာပဲ နေလို့ရတော့တယ်။ ဒီနေ့ဟာ စိုးရိမ်ရေမှတ် ခေါင်ထိပ်ကို ရောက်မှာမို့ ရေကျဖို့တော့ မရှိသေးဘူး”ဟု ဆိုသည်။
လက်ရှိအချိန်တွင် ရေကြီးသည့် ဖားအံမြို့ရှိ မြေနိမ့်ပိုင်းရပ်ကွက်များတွင် လှေများဖြင့် သွားလာနေရသော် လည်း ရေဘေးကြောင့် သေ ကြေပျက်စီးမှုများ မရှိကြောင်း သိရသည်။ ဖားအံမြို့သည် သံလွင်မြစ်ရေလျှံကာ နှစ်စဉ် ရေကြီးလေ့ရှိပြီး ယမန်နှစ်ကလည်း မြို့တွင်းရှိ အထက(၁)ကျောင်းကိုပါ ရက်အတန်ကြာ ပိတ်ထား ခဲ့ရသည်။
မြန်မာပြည်တွင် ယခုလို မိုးတွင်းရာသီ၌ သံလွင်မြစ်၊ ဧရာဝတီမြစ်၊ စစ်တောင်းမြစ်၊ င၀န်မြစ် အပါအ၀င် မြစ်ချောင်းအတော်များများမှာ မြစ် ရေလျှံလေ့ရှိပြီး နီးစပ်ရာ မြို့ရွာများမှာ နှစ်စဉ် ရေကြီးမှုနှင့် ကြုံဆုံနေ ရသည်။

ဒေသဖွံ့ဖြိုးရေးအကောင်အထည်ဖော် သွားမည်ဟု ပြည်နယ်အစိုးရပြော


ဒေသဖွံ့ဖြိုးရေးအကောင်အထည်ဖော် သွားမည်ဟု ပြည်နယ်အစိုးရပြော 

ကရင်နီ(ကယား)ပြည်နယ် အစိုးရက ပြည်သူလူထုတို့နှင့် ဇူလိုင်လ ၂၈ရက်နေ့က တွေ့ဆုံခဲ့ကြရာလူထုတောင်း ဆိုသည့် ပြည်နယ်အ တွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေး သွားမည်ဟု ပြောကြားသွားခဲ့သည်။
2804ကရင်နီပြည်သူလူထုတို့က ပညာရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် လျှပ်စစ်မီးရရှိရေး အစရှိသည့် ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ ဖြည့်ဆည်း ဆောင်ရွက်ပေးရန် လွိုင်ကော်မြို့၌ ကျင်းပခဲ့သည့် အဆိုပါ ပြည်နယ်အစိုးရ အဖွဲ့နှင့် လူထုတို့ တွေ့ဆုံပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်ဟု KNPP လွိုင်ကော်ဆက်ဆံရေးရုံးတာဝန်ခံ ခူဒယ်နီယာက ပြောသည်။
“ပွင့်လင်းလာတယ်လို့ ပြောလို့ရတာပေါ့နော်။ ဘာလို့လဲဆိုတော့ ကျနော်တို့ အဖွဲ့အစည်းအားလုံးကိုလည်း ဖိတ်တယ်။ ပြည်သူလူထုတွေ ဘက်ကလည်း ဘာတွေလိုအပ်တာလည်း တင်ပြခိုင်းတယ်။ ပွင့်ပွင့်လင်းလင်းပဲ တင်ပြခိုင်းတယ်။ ကျနော်တို့လည်း လူထုတွေ ဘာတွေလို အပ်နေလဲဆိုတာကိုလည်း သိရတယ်”ဟု ၎င်းက ပြောသည်။
ပြည်နယ်အစိုးရမှ ဦးဆောင်ကျင်းပသည့် ထိုတွေ့ဆုံဆွေးနွေးပွဲတွင် ကရင်နီပြည်သူလူထုများသာမက ကရင်နီအမျိုးသား တိုးတက်ရေးပါ တီ(KNPP) အပါအဝင် ကရင်နီအဖွဲ့အစည်းတချို့လည်းတက်ရောက်ခဲ့ သည်ဟု သိရသည်။
တွေ့ဆုံဆွေးနွေးပွဲမှ ကရင်နီပြည်သူလူထုတို့၏ တောင်းဆိုချက်များအပေါ် လက်ရှိအချိန်တွင် ပြည်နယ် အစိုးရအနေနှင့် အကောင်အထည် ဖော်နေသလို ဆက်လက်၍လည်း တတ်နိုင်သလောက် ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ပြီး တချို့ကို ဗဟိုအစိုးရထံ ထပ်မံ တင်ပြ သွားမည်ဟု ပြောဆိုခဲ့သည်။
တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သူ လွိုင်ကော်မြို့ခံ အမျိုးသမီးတဦးက “လူထုဘက်ကတော့ မီးတွေပေးဖို့ လမ်း၊ တံထားတွေ နောက်ပြီးတော့ စာသင်ကျောင်းတွေ တည်ဆောက်ပေးဖို့ တောင်းဆိုကြတာတယ်။ သူတို့ (ပြည်နယ်အစိုးရ) ဘက်ကလဲ ဒီဟာတွေ သူတို့ လုပ်ပေးပြီးပြီ။ ဘယ်ဟာတွေ ဆက်လုပ်ပေးဖို့ရှိလည်း အဲဒါတွေ ပြောသွားတာပေါ့”ဟု ဆိုသည်။
ထိုတွေ့ဆုံဆွေးနွေးပွဲတွင် ပြည်နယ်အစိုးရ ဝန်ကြီးအဖွဲ့ အပါအဝင် လွိုင်ကော်ရှိ ကျေးရွာအုပ်စု ၂၄အုပ်စုမှ ကရင်နီပြည်သူလူထု စုစုပေါင်း လူဦးရေ ၃၀၀ကျော် တက်ရောက်ခဲ့ကြခြင်းဖြစ်သည်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။