Thursday, August 2, 2012

မြစ်ဆုံဒေသတွင် သစ်ခိုးထုတ်ယူခြင်း

မြစ်ဆုံဒေသတွင် သစ်ခိုးထုတ်ယူခြင်း 




ကျိန်ခရန်ကျေးရွာနှင့် တန်ဖဲကျေးရွာ ( မြစ်ဆုံဒေသ)တွင် သစ်ခိုးထုတ်ယူခြင်း

အောင်မြင်သာကျေးရွာ အုပ်ချုပ်ရေးမှူး- Myitung Naw Ja နှင့် ကြံ့ခိုင်ဖွံ့ဖြိုးရေး စည်းရုံးရေးမှူး La Ram တို့ဦးဆောင်ပြီး အောင်းမြင်သာ ကျေးရွာ ဖွံ့ဖြိုးရေးအတွက် စာကြည့်တိုက် ပြုလုပ်ရန် အကြောင်းပြ လိမ် လည် ပြောဆိုပြီး မိမိ ကိုယ်ကျိုး အတွက် ရွာသားများကို မတိုင်ပင်ဘဲ ကျိန်ခရန်-မြစ်ဆုံဒေသမှ သစ်များကို ခိုးထုတ်နေကြတယ်လို့ ဒေသခံ တဦးက ဧရာဝတီ ကို စာရေးသားပေးပို့လာပါတယ်။

ထို သစ်ခိုးထုတ်ခြင်းကို ရွာသားများမည်သူမှ သဘောတူခြင်းမရှိပါ။ စာကြည့်တိုက်၏ တန်ဖိုးထက် သဘာဝပတ်ဝန်းကျင် ပျက်စီးသည့် တန်ဖိုးက ပိုများသည်။ ကျေးရွာတွင် အသုံးပြုရမည့် သစ်များလည်း ကုန်ဆုံးသွားမည်။


ထို့ကြောင့် ရွာသား များက အခုလို လုပ်ရပ်မျိုးကို ရပ်ဆိုင်းရန် ရွာသားအချို့က ကန့်ကွက်ကြသည်။ ကန့်ကွက်သော ရွာ သားများကို ကျေးရွာအုပ်ချုပ်ရေးဆိုင်ရာ လူကြီးနှင့်ဦးဆောင်သူများက ခြိမ်းခြောက်နေ သည်။

ထိုသစ်ခိုးထုတ်လုပ်ငန်းတွင် မြစ်ကြီးနားမြို့နယ်သစ်တောဦးစီးဌာနမှ အရာရှိများက လာရောက်ကြည့်ရှုကြ သည်။ သို့သော် သစ်ခိုးထုတ်သူများ၏ လာဘ်ငွေကို ယူပြီး အရေးယူဆောင်ရွက်ခြင်းမပြုလုပ်ဘဲ ပြန်သွား သည်ကို တွေ့ရှိရသည်။

အခုသစ်ခိုးထုတ်မှာ ဦးဆောာင်ပါဝင်နေသူများမှာ ရွာသားများကို ကူညီဟန်ဆောင်ပြီး CPI/ Asia world company မှ ထောက်ပံခြင်းကို အများဆုံးလက်ခံသူများလည်း ဖြစ်သည်။

နှစ်ဘက်ခွ၍ ကိုယ်ကျိုးအတွက် လုပ်ဆောင်နေသူများဖြစ်သည်ဟု ရွာသားများက ပြောဆိုနေသည်။
ဦး La Ram ဟာ CPI company မှ တည်ဆောက်ပေးထားသော အောင်မြင်သာ စံပြကျေးတွင် အကောင်းဆုံး အိမ် ၅ လုံး ကိုစိတ်ကြိုက်ရွေးချယ်ပိုင်ဆိုင်သူဖြစ်ကြောင်း၊ မြစ်ကြီးနားမြို့ရပ်ကွက်များတွင် ဈေးအကောင်းဆုံး ရပ်ကွက်ဖြစ်သော တပ်ကုန်း ရွှေလမ်းမကြီးတွင် အိမ်ခြံ တစ်ခြံဝယ်ယူထားသူဖြစ်ပြီး ဗဟိုနေပြည်တော်မှာလည်း အိမ်ခြံတစ်ခြံ ၀ယ်ယူသူဖြစ် သည်။

အခုလိုသစ်ခိုထုတ်ခြင်းကြောင့် မြစ်ဆုံဒေသတွင် ဒေသခံလူထုများအပေါ်တွင် လူမှုရေးဆိုင်ရာ ဆိုးကျိုးများ စွာနှင့် သဘာဝ ပတ်ဝန်းကျင်လည်း ဆိုးဝါးစွာထိခိုင်လာနိုင်သည်။

မြစ်ဆုံဒေသတွင် မူးယစ်ဆေးဝါးရောင်းဝယ်ခြင်း၊ သုံးစွဲခြင်းလည် အလွန်များလာသည်။ ဧရာဝတီမြစ်ကို ကာကွယ်စောင့် ရှောက်ရန် အဟန့်အတားလည်း ဖြစ်နေသည်။

U Byit Tang Gun၊ Labang Sam Awng နှင့် Lawaw Naw Mai ဆိုသူများမှာ ဒေသရဲ့ သစ် လောပန်း ( သစ်လုပ်ငန်း သူဌေးကြီးများ) ဖြစ်ကြသည်။

မြစ်ဆုံဒေသခံ တာဝန်သိသူ တဦး

အာလက်ပိုမြို့သိမ်း ထိုးစစ်ကြီး စတင်တော့မည်




အာလက်ပိုမြို့သိမ်း ထိုးစစ်ကြီး စတင်တော့မည်

ကုလငြိမ်းချမ်းရေး သံတမန် ကိုဖီအာနန်နှင့် ဆီးရီးယားသမ္မတ ဘက်ရှာ အယ်လ် အာဆဒ်။
ဗွီအိုအေ (မြန်မာဌာန)
ဆီးရီးယားနိုင်ငံ၊ အာလက်ပိုမြို့ကို ထိန်းချုပ်ဖို့ အဓိကတိုက်ပွဲကြီးတခု စတင်တော့မယ်လို့ ကုလသမဂ္ဂ ငြိမ်းချမ်းမှုထိန်းသိမ်းရေး အဖွဲ့အကြီးအကဲ Herve Ladsous က ပြောလိုက်ပါတယ်။
အာလက်ပိုမြို့မှာ တိုက်ပွဲတွေ ပိုဆိုးလာနေတယ်လို့ အဲဒီမှာရောက်နေတဲ့ လေ့လာသူတွေ က ပြောကြောင်း ကြာသပတေးနေ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးပြီးတဲ့နောက်မှာ Ladsous က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ဆီးရီးယားနိုင်ငံရဲ့ အကြီးဆုံးမြို့ကို အစိုးရတပ်တွေက တင့်ကားတွေ၊ ရဟတ်ယာဉ်တွေနဲ့ အပြင်းအထန် ပစ်ခတ် တိုက်ခိုက်နေခဲ့တာ သီတင်းသုံးပတ်နီးပါး ကြာနေပြီဖြစ်ပါတယ်။ သမ္မတ ဘာရှာ အယ်လ်-အာဆဒ်ကို ဖြုတ်ချချင်တဲ့ အစိုးရဆန့်ကျင်ရေး လက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ အာလက်ပိုမြို့ကို အရသိမ်းနိုင်ဖို့ အစိုးရတပ်တွေက ကြိုးစားနေတာပါ။

ဆီးရီးယားပဋိပက္ခဆိုင်ရာ ကုလသမဂ္ဂရဲ့ အထူးသံတမန် ကိုဖီအန်နန်က သူ့ရဲ့တာဝန်ကနေ နုတ်ထွက် ကြောင်း ကြာသပတေး နေ့မှာပဲ ကြေညာခဲ့ပါတယ်။ တိုက်ပွဲတွေက ပိုဆိုးလာတဲ့ အချိန်မှာ ငြိမ်းချမ်းရေးအတွက် သူတယောက်ထဲ လုပ်နေလို့မရနိုင်ဘူးလို့ သူက ပြောပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ သူ့အဆိုအားဖြင့် ညီညွတ်မှုမရှိတာကိုလည်း သူက အပြစ်တင် ပြောဆိုခဲ့ပါတယ်။

မစ္စတာအန်နန် အခုလို နုတ်ထွက်သွားတာဟာ အဓိပ္ပာယ်ပြည့်ဝတဲ့ ဆုံးဖြတ်ချက်တွေကို ထောက်ခံဖို့ ရုရှားနဲ့ တရုတ်တို့က ပျက်ကွက်ခဲ့တာကို မီးမောင်းထိုးပြနေတယ်လို့ အမေရိကန်က ပြောပါတယ်။

ကုသိုလ်ဖြစ်အဖွဲ့အစည်း အကူအညီရပ်ဆိုင်းဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရ အမိန့်ချ


ကုသိုလ်ဖြစ်အဖွဲ့အစည်း အကူအညီရပ်ဆိုင်းဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရ အမိန့်ချ

2012-08-02
မြန်မာနိုင်ငံဘက်က နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာတဲ့ Rohingya မူဆလင် ဒုက္ခသည်တွေကို ကူညီထောက်ပံ့နေတဲ့ နိုင်ငံတကာ ကုသိုလ်ဖြစ် အဖွဲ့အစည်း သုံးခုကို အကူအညီတွေ ရပ်ဆိုင်းဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရက အမိန့်ချမှတ် လိုက်ပါတယ်။

AFP
၂၀၁၂ ခုနှစ် ဇွန်လ ၁၇ ရက်က ဘင်္ဂလားဒေ့ခ်ျနိုင်ငံ Teknaf ခရိုင်အတွင်းရှိ ရိုဟင်ဂျာ ဒုက္ခသည် နေအိမ်များကို တွေ့ရစဉ်။
အဲဒီအဖွဲ့တွေကတော့ ပြင်သစ်အခြေစိုက် MSF နယ်စည်းမခြား ဆရာဝန်များအဖွဲ့၊ ACF ခေါ် ငတ်မွတ်ခေါင်းပါးမှု ကယ်ဆယ်ရေးအဖွဲ့နဲ့ ဗြိတိန်အခြေစိုက် Muslim AID UK အဖွဲ့တို့ ဖြစ်ပါတယ်။
ဒီအဖွဲ့တွေဟာ မြန်မာနယ်စပ်အနီး Cox's Bazaar ခရိုင်တွင်းက ဒုက္ခသည်တွေကို အကူအညီ ပေးနေတာကို ဆိုင်းငံ့ဖို့ အစိုးရက ပြောတာလို့ ဒေသ အုပ်ချုပ်ရေးမှူး Joymul Bari က AFP သတင်းဌာနကို ပြောသွားပါတယ်။
အကူအညီပေးရေး အဖွဲ့တွေဟာ စာရွက်စာတမ်း အထောက်အထားမရှိတဲ့ ရိုဟင်ဂျာ မူဆလင် ဒုက္ခသည်တွေကို တရားမ၀င် ပံ့ပိုးကူညီ ပေးနေကြတာ ဖြစ်တယ်လို့လည်း Mr. Bari ကပြောပါတယ်။
ဒီအဖွဲ့တွေဟာ ၁၉၉၀ ပြည့်ုနှစ် ကာလထဲက Cox's Bazaar ခရိုင်ထဲက ဒီဒုက္ခသည်တွေကို ကျန်းမာရေး၊ လေ့ကျင့်ရေး၊ အရေးပေါ် စားနပ်ရိက္ခာနဲ့ သောက်သုံးရေတွေကို ကူညီ ပံ့ပိုးပေးနေကြတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေဖြစ်ပါတယ်။

ရွှေမင်းသားဖောင်ဒေးရှင်း ချိုင်းထောက်နဲ့ ဘီးတပ်ကုလားထိုင်လှူဒါန်း




ရွှေမင်းသားဖောင်ဒေးရှင်း ချိုင်းထောက်နဲ့ ဘီးတပ်ကုလားထိုင်လှူဒါန်း 

2012-08-02
ကချင်ပြည်နယ်က ပြည်တွင်းစစ်ကြောင့် ကိုယ်လက်အင်္ဂါ ချို့ယွင်းသွားသူတွေအတွက် ချိုင်းထောက်နဲ့ ဘီးတပ် ကုလားထိုင်ကို ရွှေမင်းသား ဖောင်ဒေးရှင်းက ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ ကနေတဆင့် ဒီနေ့ လှူဒါန်းလိုက်ပါတယ်။

Photo:88 Generation Students
၈၈ မျိုးဆက် ကျောင်းသားများ၏ ဂုဏ်ပြုလက်မှတ်ကို ကိုမင်းကိုနိုင်က ရွှေမင်းသား ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးမြတ်သူဝင်းကို ပေးအပ်နေစဉ်။
ပြီးခဲ့တဲ့လက ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ဝင်တွေ ကချင်ဒုက္ခသည် စခန်းတွေကို သွားရောက် လေ့လာပြီးတဲ့နောက် ဒုက္ခသည်တွေရဲ့ လိုအပ်ချက်ကို သိခဲ့ရတဲ့အတွက် အလှူရှင် ရှာခဲ့တဲ့အခါမှာ ရွှေမင်းသား ဖောင်ဒေးရှင်းက အခုလို လှူဒါန်းလိုက်တာပါ။
ချိုင်းထောက် အခု ၃၀ နဲ့ ဘီးတပ်ကုလားထိုင် ၃ လုံးကို ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးမြတ်သူဝင်းနဲ့ အမှုဆောင်အဖွဲ့ဝင် အဆိုတော် ဂျေညီညီတို့က ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ရဲ့ ရုံးခန်းမှာ လာရောက် လှူဒါန်းတာဖြစ်ပြီး အဖွဲ့ခေါင်းဆောင် ကိုမင်းကိုနိုင်က လက်ခံရယူတယ်လို့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က ကိုပဏ္ဍိတ်ထွန်းက ပြောပါတယ်။ ဒီပစ္စည်းတွေကို ဒုက္ခသည်တွေဆီ အမြန်ဆုံး ရောက်အောင် ပေးပို့မယ်လို့လည်း သိရပါတယ်။

အကျဉ်းကျ ထိုင်း ၉ ဦး လက်နက်တွေ ပိုင်ဆိုင်တယ်လို့ ၀န်ခံ

အကျဉ်းကျ ထိုင်း ၉ ဦး လက်နက်တွေ ပိုင်ဆိုင်တယ်လို့ ၀န်ခံ

2012-08-02
မြန်မာနိုင်ငံထဲမှာ ဖမ်းဆီးမိထားတဲ့ ထိုင်း ၉၂ ယောက်အနက် ၉ ယောက်က လက်နက်တွေ ပိုင်ဆိုင်တယ်လို့ ၀န်ခံတဲ့အကြောင်း စစ်ဘက် သတင်းရပ်ကွက်က ပြောကြားခဲ့ကြောင်း ထိုင်းနိုင်ငံထုတ် The Nation သတင်းစာမှာ ဖော်ပြထားပါတယ်။
စုံစမ်းစစ်ဆေးရေး အဖွဲ့သစ်က နှစ်ရက်ကြာ စစ်ကြောရေး ၀င်ပြီးတဲ့နောက် အဲဒီလို ၀န်ခံတာပါ။ ကိုယ့်ကိုယ်ကို ခုခံကာကွယ်ဖို့ပါလို့ အဲဒီလူ ၉ ယောက်က ထပ်ခါတလဲလဲ ပြောပေမဲ့ သူတို့ကို ဒီနေ့ အမှု စစ်ဆေးပါမယ်။ သူတို့ လက်ဝယ်မှာ M 16 , AK 47 ရိုင်ဖယ်တွေ၊ လက်ပစ်ဗုံးတွေ ရှိတယ်လို့ ဆိုပါတယ်။
ဥပဒေ လမ်းကြောင်းသစ်နဲ့ အမှုသစ် စတင်ဖို့ ချင်းနင်း ကျူးကျော် ၀င်ရောက်မှုနဲ့ တခြားဥပဒေ ရေးရာတွေမှာ တတ်ကျွမ်း နားလည်တဲ့ စုံစမ်း စစ်ဆေးရေးမှူးတွေနဲ့ တာဝန်ရှိသူတွေ ပါဝင်တဲ့ အဖွဲ့သစ်ကို မြန်မာ အာဏာပိုင်တွေက ဖွဲ့စည်းထားတယ်လို့ သတင်းစာမှာ ဖော်ပြထားပါတယ်။
သမ္မတ ဦးသိန်းစိန် ကတိက၀တ် ပေးထားတဲ့အတိုင်း ပြစ်ဒဏ် ကင်းလွတ်ခွင့် ဒါမှမဟုတ် ပြစ်ဒဏ် သက်သာခွင့်ပေးဖို့ သုံးသပ် စဉ်းစားရအောင် ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ ကျန်လူ ၈၃ ဦးရဲ့ အမှုကို နေပြည်တော်ကို လွှဲအပ်မယ်လို့ ထိုင်း မြန်မာ နယ်ခြား ကော်မတီ အကြီးအကဲ ဗိုလ်မှူးကြီး Pornsak က ပြောပါတယ်။

သွင်းကုန်ပိတ်ဆို့ရေး ပြစ်ဒဏ် တစ်နှစ်ထပ်မံ သက်တမ်းတိုး



သွင်းကုန်ပိတ်ဆို့ရေး ပြစ်ဒဏ် တစ်နှစ်ထပ်မံ သက်တမ်းတိုး

2012-08-02
မြန်မာနိုင်ငံအပေါ် အမေရိကန် ပြည်ထောင်စုက ချမှတ်ထားတဲ့ သွင်းကုန် ပိတ်ဆို့ရေး ပြစ်ဒဏ်ကို တစ်နှစ်ထပ်မံ သက်တမ်းတိုးဖို့ အမေရိကန် လွှတ်တော်က အတည်ပြု လိုက်ပါတယ်။

senate (photo)
အမေရိကန် အထက်လွှတ်တော်အမတ် Mitch McConnell က ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၂၆ ရက်နေ့ အမေရိကန် အထက်လွှတ်တော်တွင် မြန်မာနိုင်ငံအကြောင်း ဆွေးနွေး တင်ပြစဉ်။
အမေရိကန် အထက်လွှတ်တော်နဲ့ အောက်လွှတ်တော် နှစ်ရပ်စလုံးက ကန့်ကွက်မဲမရှိ သဘောတူ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်လို့ နောက်ထပ် လုပ်ဆောင်စရာတွေ အများကြီး ကျန်ရှိ နေသေးတဲ့အတွက် သွင်းကုန်ပိတ်ဆို့ရေး ပြစ်ဒဏ်ကို ဆက်လက်ထားရှိတာ ဖြစ်ကြောင်း အမေရိကန် လွှတ်တော်အမတ်တွေက ပြောဆိုပါတယ်။
ပြီးခဲ့တဲ့ လတုန်းကတော့ ရင်းနှီးမြှုပ်နှံမှုနဲ့ ငွေကြေးဆိုင်ရာ ပိတ်ဆို့ အရေးယူမှုကို သမ္မတ အိုဘားမား အစိုးရက ပြန်လည် ရုပ်သိမ်းပေးခဲ့ပါတယ်။ သွင်းကုန် ပိတ်ဆို့ရေး ပြစ်ဒဏ်ကို ၂၀၀၃ ခုနှစ်က စတင် ပြဋ္ဌာန်း ထားခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားတွေ ကျန်ရှိနေသေးတာ၊ ဖွဲ့စည်းပုံ စည်းမျဉ်းမှာ ဒီမိုကရေစီ နည်းလမ်းမကျတဲ့ အချက်တွေပါဝင်နေတာ၊ တိုင်းရင်းသား နယ်မြေတွေမှာ လူ့အခွင့်ရေး ချိုးဖောက်မှုတွေ ဆက်လက် ဖြစ်ပေါ်နေတာ၊ မြောက်ကိုရီးယားနဲ့ ဆက်ဆံနေတာ စတဲ့အချက်တွေဟာ ဆက်လက် စိုးရိမ်ရဆဲ အချက်တွေ ဖြစ်တယ်လို့ သွင်းကုန် ပိတ်ဆို့ရေး အဆိုကို ဦးဆောင်ချမှတ်ခဲ့တဲ့ ရီပတ်ဘလီကင် အမတ် Mitch McConnell က ပြောဆိုခဲ့ပါတယ်။ အခုမူကြမ်းကို သမ္မတ အိုဘားမား လက်မှတ် ရေးထိုးလိုက်ရင် ဥပဒေတစ်ရပ်အဖြစ် ရောက်ရှိမှာ ဖြစ်ပါတယ်။
ဒီသတင်းနဲ့ ပတ်သက်ပြီး RFA အဖွဲ့သား ဦးဇော်မိုးကျော်ရဲ့ တင်ပြချက်ကို နားဆင်နိုင်ပါတယ်။




နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။