Tuesday, July 31, 2012

သျှမ်းပြည်တပ်မတော် SSPP/SSA အဖွဲ့ထောင်ထားသော မြေမြှုပ်မိုင်းအား အပြစ်မဲ့ရွာသားတစ်ဦးနင်းမိသေဆုံး

သျှမ်းပြည်တပ်မတော် SSPP/SSA အဖွဲ့ထောင်ထားသော မြေမြှုပ်မိုင်းအား အပြစ်မဲ့ရွာသားတစ်ဦးနင်းမိသေဆုံး 

ဇူလိုင်လ ၂၅ ရက်နေ့ မနက် ၁၀ နာရီခန့်က တန့်ယန်းမြို့နယ်၊ ပါတက်ကျေးရွာအနီး ၀မ်ဟွေလုံကျေးရွာမှ ရွာသား တစ်ဦးဟာ SSA ၀မ်ဟိုင်းအဖွဲ့လို့လူသိများသော သျှမ်းပြည်တပ်မတော် SSPP/SSA အဖွဲ့မှထောင်ထားတဲ့ မြေမြှုပ်မိုင်းအား နင်းမိပြီးနေရာတွင်ပွဲချင်းပြီးသေဆုံးသွားကြောင်း အဆိုပါရွာသားများထံမှ သိရှိရပါတယ်။
          မိုင်းနင်းသေဆုံးခဲ့သော ရွာသားအမည်မှာ ပေါ်အောင်ဆိုသူ ပလောင်တိုင်းရင်းသားတစ်ဦး ဖြစ်ပြီး ၎င်း၏ ဇနီးနှင့် လူမမယ်အရွယ်ကလေးငယ် ၄ ယောက်ကျန်ရှိခဲ့ကြောင်း သိရပါတယ်။ ဒေသခံ တောင်သူ တွေရဲ့ ပြောစကားအရ ပေါ်အောင်ဟာ ၀မ်ဟွေလုံမှ ၎င်းရဲ့တောင်ယာသို့အသွားလူသွားလမ်းပေါ် မှာပဲ SSPP/SSA အဖွဲ့မှထောင်ထားသော မြေမြှုပ်မိုင်းတစ်လုံးကိုနင်းမိ၍သေဆုံးခဲ့ခြင်းဖြစ်ပါတယ်။
          SSPP/SSA အဖွဲ့အနေနဲ့ ဇွန်လအတွင်း တပ်မတော်နဲ့ တိုက်ပွဲများဖြစ်ပွားခဲ့စဉ်မှာ ကျေးရွာများနှင့် တောင်ယာ သွားသည့် လူသွားလမ်းတစ်လျောက် မြေမြှုပ်မိုင်းများအများအပြားထောင်ထားတဲ့ အတွက် ရွာသားများ၊ ကျွဲ၊ နွားများ မကြာခဏ မိုင်းနင်းသေဆုံးမှုများရှိနေပါတယ်။ ယနေ့အချိန်ထိမိုင်းအလုံး(၃၀) ကျော်လောက် နေ့တိုင်းနီးပါးပေါက်ကွဲသံကြားနေရတယ်လို့ သိရတဲ့အတွက် အနီး ၀န်းကျင်ရွာသားများမှ ကြောက်ရွံ့လျက်ရှိပြီး တောင်ယာနှင့်ရွာအချင်းချင်းသို့ပင် မသွားရဲတော့ကြောင်းနှင့် SSPP/ SSA အဖွဲ့ကိုလည်း မြေမြှုပ်မိုင်းများပြန်လည်ရှင်းလင်းပေးဘို့တောင်းဆိုထားကြောင်း သိရှိရပါတယ်။

"မြစ်ဆုံစီမံကိန်းသို့ လာရောက်လေ့လာရန် CPI ၏ ဖိတ်ခေါ်ချက်အား ဒေါ်အောင်ဆန်းစုကြည် ငြင်းပယ်":


"မြစ်ဆုံစီမံကိန်းသို့ လာရောက်လေ့လာရန် CPI ၏ ဖိတ်ခေါ်ချက်အား ဒေါ်အောင်ဆန်းစုကြည် ငြင်းပယ်":
မြစ်ဆုံရေအား လျှပ်စစ် စီမံကိန်းသို့ လာရောက်လေ့လာ ရန် CPI ကုမ္ပဏီ၏ ဖိတ်ခေါ် ချက်အား အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်က ငြင်းပယ်လိုက် ကြောင်း CPI ကုမ္ပဏီမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။
CPI ကုမ္ပဏီအနေဖြင့် မြစ်ဆုံစီမံကိန်း အပါအဝင် ဧရာဝတီမြစ် ညာမြစ်ဝှမ်း ရေအားလျှပ်စစ် စီမံကိန်းများ၏ အကျိုးရလဒ်များအား မြန်မာနိုင်ငံရှိ ပြည်သူများ သဘောကျ နှစ်သက်သည့် ဒေါ်အောင်ဆန်းစုကြည်အား ဖိတ်ကြား၍ ရှင်းလင်းတင်ပြသွားရန်အတွက်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ဆက်သွယ်အကြောင်းကြားခဲ့သော်လည်း
 ဒေါ်အောင်ဆန်း စုကြည်အနေဖြင့် ယခု နှစ်အတွင်း ပြည်ပခရီးစဉ်များနှင့် လွှတ်တော်တက်ရန် အစီအစဉ်များ ရှိနေသည့်အတွက် လာရောက်လေ့ လာခြင်း မပြုနိုင်ဟု အကြောင်းပြန် ခဲ့ကြောင်း CPI ကုမ္ပဏီမှ စီမံခန့်ခွဲမှု ဒါရိုက်တာ Mr. Wang Quiye ကပြောသည်။
''ကျွန်တော်တို့ အနေနဲ့ ဒေါ် အောင်ဆန်းစုကြည်ကို မြစ်ဆုံစီမံ ကိန်း အကြောင်း လာရောက်လေ့ လာဖို့အတွက် ဖိတ်ခေါ်ခဲ့ပေမယ့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြန် ကြားရေးမှူး ဦးဥာဏ်ဝင်းက တစ်ဆင့် ဒေါ်စုက ဒီနှစ်အတွင်းမှာ ပြည်ပခရီးစဉ်တွေနဲ့ လွှတ်တော် အစီအစဉ်တွေရှိတဲ့အတွက် မလာ နိုင်ဘူးလို့ ပြောတယ်'' ဟု ၄င်းက ဆိုသည်။
CPI ကုမ္ပဏီမှ ဒုတိယဥက္ကဋ္ဌ ဖြစ်သူ မစ္စတာ ကော့ကိမ်းလျှောင်က ၄င်းတို့ အနေဖြင့် မြစ်ဆုံစီမံကိန်း အပါအဝင် ဧရာဝတီမြစ်ညာမြစ်ဝှမ်း ရေအား လျှပ်စစ်စီမံကိန်း၏ အကျိုး ရလဒ်များနှင့် ပတ်သက်၍ မြန်မာ ပြည်သူများ သိရှိနိုင်ရန်အတွက် ကြိုးပမ်းလျက်ရှိကြောင်း၊ ထိုသို့ ကြိုးပမ်းရာတွင် မြန်မာ့ ဒီမိုကရေစီ ခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်အား မြစ်ဆုံ စီမံကိန်းသို့ ဖိတ်ကြား၍ စီမံကိန်း၏ အကျိုးတရားများအား ရှင်းပြရန်အတွက်လည်း ပါဝင် ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ထိုစီမံကိန်း၏ အကျိုးကျေးဇူး များအား သိရှိပါက ပြည်သူများအား နားလည် သဘောပေါက်အောင် ပြန်လည်ပြောကြားနိုင်မည်ဟု ယူဆသည့်အတွက်ဖြစ်ကြောင်း ပြောသည်။
CPI ကုမ္ပဏီအနေဖြင့် မြစ်ဆုံ အပါအဝင် ဧရာဝတီ မြစ်ညာမြစ်ဝှမ်း ရေအား လျှပ်စစ်စီမံကိန်း ၇ ခု အား ၂ဝဝ၆ ခုနှစ်တွင် တိုင်းတာ စစ်ဆေးမှုများ ပြုလုပ် ၍ ၂ဝ၁ဝ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ သော်လည်း ၂ဝ၁၁ ခုနှစ် မေလ ၁၉ ရက်တွင် ပြည်သူများ၏ တောင်းဆိုချက် အရ မြစ်ဆုံစီမံကိန်းအား နိုင်ငံတော် သမ္မတ၏ အမိန့်ဖြင့် ရပ်ဆိုင်းလိုက် ရခြင်း ဖြစ်သည်။
သူရထွန်း(Popular Myanmar News Journal)

ပြည်ထောင်စုမြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များ၏ သဘောထား။


ပြည်ထောင်စုမြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များ၏ သဘောထား။: နိုင်ငံတကာသို့ မေတ္တာရပ်ခံခြင်း။
ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း အေးချမ်းတည်ငြိမ်စွာနေလိုသော နိုင်ငံတော်ကိုချစ်မြတ်နိုးသော မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်တစ်ယောက်အနေနှင့်နိုင်ငံတကာရှိအစ္စလာမ်ဘာသာဝင်များ၊အစိုးရအဖွဲ့များ၊ကုလသမဂ္ဂအဖွဲ့အစည်းများ၊လူ့အခွင့်အရေးအဖွဲ့အစည်းများ၊ အစ္စလာမ် ဘာသာရေး အဖွဲ့အစည်းများ သို့ အောက်ပါအတိုင်း မေတ္တာရပ်ခံအပ်ပါသည်။
ကျွန်ုပ်တို့ မြန်မာမွတ်စလင်မ် လူ့အဖွဲ့အစည်းသည် ရှေးယခင် နှစ်ပေါင်းများစွာ ရှေးမြန်မာဘုရင်များလက်ထက်ကထဲက လူမျိုးစုံ ဘာသာတရားမျိုးစုံနှင့်အတူ အေးအတူပူအမျှ ကောင်းတူဆိုးဖက် ငြိမ်းချမ်းစွာအတူလက်တွဲနေထိုင်နေခဲ့ကြသူများဖြစ်ပါသည်။
တမိထဲမှမွေးဖွားလာသောတအူတုံဆင်းညီအစ်ကိုမောင်နှမအရင်းအချာများအတွင်းတွင်ပင် ပြသနာဆိုသည်မှာရှိတတ်ပါသည်။
ကျွန်ုပ်တို့ လူ့အဖွဲ့အစည်းတွင်လည်း လူမျိုးစုံ ဘာသာစုံဖြစ်သည့်အားလျှော်စွာ သဘောထားအမြင်ကျဉ်းမြောင်းသူများ-အယူသီးသူများ-တယူသန်သူများ ထိပ်တိုက်တွေ့သောအခါ ပဋိပက္ခ အထိကရုန်းအသွင်ဆောင်သောပြသနာများ ဖြစ်ပွားခဲ့သည်မှာ မငြင်းနိုင်သော ကိစ္စများဖြစ်ပါသည်။
မကြာခဏ ဖြစ်ပွားခဲ့သောပြသနာများကို နိုင်ငံတော်မှ တာဝန်ရှိသူများက မှန်မှန်ကန်ကန်ဖြေရှင်းပေးသည်ဖြစ်စေ-မဖြေရှင်းပေးသည်ဖြစ်စေ ကျွန်ုပ်တို့ အချင်းချင်း ဖြစ်သည့်နည်းနှင့် ပြေလည်အောင် တည်ငြိမ်မှုရှိအောင် ဖြေရှင်းခဲ့သည်သာဖြစ်ပေသည်။
ကျွန်ုပ်တို့အချင်းချင်းဖြစ်သောပြသနာများအတွက် မည်သည့်ပြည်ပအကူအညီမှမပါဘဲ ကျွန်ုပ်တို့ဖြေရှင်းနိုင်ပါသည်။
ပြည်ပမှကျွန်ုပ်တို့၏ပြသနာများအတွင်းဝင်ရောက်စွက်ဖက်မှုများရှိလာသည့်အခါကျွန်ုပ်တို့ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းနေထိုင်ကြသော အစ္စလာမ် ဘာသာဝင်များအတွက် ပိုမိုခက်ခဲသော အခြေအနေများကိုသာဖြစ်ပေါ်စေခဲ့သော သာဓကများရှိခဲ့ပါသည်။
မည်သည့် အကြောင်းပြချက်နှင့်ပြုလုပ်သည်ဖြစ်စေ တာလီဘန်များက ဗုဒ္မရုပ်ပွားတော်များကို ဖျက်စီးခဲ့သည့် အကျိုးဆက်များသည် ကျွန်ုပ်တို့အတွက် ဆိုးယွားလှစွာသော ဘာသာရေးစော်ကားမှုအမည်းစက်အဖြစ် အပြစ်တင်ခံနေရဆဲဖြစ်နေပါသည်။ရုပ်ပွားတော်များကို ဖျက်ဆီးခဲ့သူများ သက်ရှိထင်ရှား ရှိနိုင်တော့မည်မဟုတ်တော့ပါ။သို့သော် သူတို့၏ မှားယွင်းသော လက်တုန့်ပြန် ဖျက်ဆီးမှုဒဏ်ကို ကျွန်ုပ်တို့က ယနေ့တိုင်ခံစားနေရဆဲဖြစ်ပါသည်။
ယခုတဖန် ရခိုင်ပြည်နယ် တွင်ပြသနာများဖြစ်ပွားလာသောအခါ နိုင်ငံတကာမှ ဂယက်ရိုက်မှုများ ဖြစ်ပွားလာပြန်ပါသည်။
ရခိုင်ပြသနာသည် မြန်မာ့နိုင်ငံရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မိန့်ကြားခဲ့သလို တရားဥပဒေ စိုးမိုးရေးပြသနာကို နိုင်နင်းစွာ ကိုင်တွယ်ဖြေရှင်းမှု မရှိသည့်အတွက် မလိုလားအပ်သောပြသနာများ ဆက်လက်ပြန့်ပွားဖြစ်ပေါ်ခဲ့ခြင်းသာဖြစ်ပါသည်။
နိုင်ငံအုပ်ချုပ်သူများ၏ လျှင်မြန် မှန်ကန်စွာဖြေရှင်းမှုမရှိခြင်း၊ပြည်တွင်းမီဒီယာများ၏ မှားယွင်းသောသတင်းတင်ပြမှုများ-စိတ်ဆန္ဒစောတင်ပြမှုများအပေါ်အခြေခံကာ ပြည်တွင်းအင်တာနက်စာမျက်နှာများပေါ်တွင်နယ်စပ်ပြသနာကို ပြည်တွင်းနေထိုင်သော အစ္စလာမ်ဘာသာဝင်များထံသို့ပါ ကူးစက်ပြန့်ပွား လာစေရန်ကျိုးပမ်းအားထုတ်မှုများ၊အစ္စလာမ်ဘာသာဝင်များကိုဆဲဆိုစော်ကားမှုများ၊ခြိမ်းခြောက်မှုများ များစွာဖြစ်ခဲ့သော်လည်း ငြိမ်းချမ်းရေးကိုလိုလား သော ဗုဒ္မဘာသာဝင် သံဃာတော်များ၊လူပုဂ္ဂိုလ်များ၏ ပူးပေါင်းကူညီမှုဖြင့် ပြသနာရပ်များပြန့်နှံ့မလာအောင် ကျွန်ုပ်တို့ တားဆီးထားနိုင်ခဲ့ပါသည်။
ကျန်ရှိနေသေးသော ပြသနာများကိုဖြေရှင်းရန်မှာ နိုင်ငံတော်ကို အုပ်ချုပ်နေသော အစိုးရ၏တာဝန်သာဖြစ်ပါသည်။
ထိုသို့ဖြေရှင်းရာတွင် နှစ်ရှည်လများဖြစ်ခဲ့သည့်ပြသနာဖြစ်ခြင်း-နယ်စပ်မှတရားမဝင်ဖြတ်ကျော်ဝင်ရောက်မှုများရှိနေခြင်း-တဘက်နှင့်တဘက် မဖြစ်နိုင် သောတောင်းဆို အပြစ်တင်မှုများရှိနေခြင်း-များပြားလှစွာသော ပြသနာများ ဖြေရှင်းရန်ရှိနေခြင်း တို့ကြောင့် လည်းကောင်း ၊နိုင်ငံတော်၏ ဘဏ္ဍာရေး အခြေအနေအရလည်းကောင်း ထိုက်သင့်သည့် အချိန်ယူဖြေရှင်းရမည့် ကိစ္စဖြစ်နေပါသည်။
နိုင်ငံတကာအဖွဲ့အစည်းများ၊အစိုးရများအနေဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း နေထိုင်ကြသော အစ္စလာမ်ဘာသာဝင်များအတွက် စစ်မှန်သော အကူအညီ ပေးအပ်လိုသည်ဆိုပါက-နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ခေါင်းဆောင်သော အစို့ရအဖွဲ့နှင့် ဆွေးနွေးညှိနှိုင်းပြီး လိုအပ်သောရုပ်ဝတ္ထုပစ္စည်း အကူအညီများ၊ငွေရေးကြေးရေးအကူအညီများ၊နည်းပညာအကူအညီများပေးရန်သာ အကြောင်းရှိပါသည်။
ယခုလုပ်ဆောင်နေသော နိုင်ငံတကာရှိမြန်မာသံရုံးများရှေ့တွင် ဆန္ဒပြခြင်း၊ပြည်ထောင်စုမြန်မာနိုင်ငံတော်အလံအားစော်ကားမော်ကားပြုမီးရှို့ပြခြင်း၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံသမ္မတကြီး၏ဓာတ်ပုံအား မဖွယ်မရာပြုလုပ်ခြင်း၊မြန်မာနိုင်ငံ၏အကျိုးစီးပွားများအား တိုက်ခိုက် ဖျက်ဆီးမည်ဟု ခြိမ်းခြောက်ခြင်းများသည် မည်သည့် အကျိုးတရားကိုမှ ရရှိလာမည်မဟုတ်ဘဲ-ပြည်တွင်းမှ အစ္စလာမ်ဘာသာဝင်များအတွက် ပိုမို ခက်ခဲကျပ်တည်းသော အခြေအနေတရပ်သို့ တွန်းပို့ပေးသလိုသာဖြစ်မည်ကို သတိချပ်သင့်ပါသည်။
အီရန်နိုင်ငံအနေနှင့် မြန်မာနိုင်ငံကိစ္စအပေါ် ကုလသမဂ္ဂတပ်များစေလွှတ်ရန် တိုက်တွန်းမည့်အစား အခြေအနေပိုမိုဆိုးယွားနေသော ဆီးရီးယားကိစ္စကို အာရုံစိုက်သင့်ပါသည်။ထိုနည်းတူစွာ ဟစ်ဘိုလာအဖွဲ့သည်လည်း အီရန်နိုင်ငံ၏နောက်မှ သံယောင်မလိုက်သင့်ပါ။ပါကစ္စတန်နိုင်ငံအနေနှင့်လည်း မြန်မာ နိုင်ငံအပေါ်ရန်လိုသော သဘောထားများမထားသင့်ပါ။တာလီဘန်အဖွဲ့အနေနှင့်လည်း မြန်မာနိုင်ငံသူ နိုင်ငံသားများ-မြန်မာနိုင်ငံ၏အကျိုးစီးပွားများ၊ သံတမန်များ၊အစိုးရအဖွဲ့ဝင်များကို ခြိမ်းခြောက်မှုလုပ်ခွင့်မရှိပါ။
မြန်မာနိုင်ငံ၏အကျိုးစီးပွားကိုကာကွယ်ရန်မှာကျွန်ုပ်တို့ မြန်မာနိုင်ငံသားအစ္စလာမ်ဘာသာဝင်များ၏တာဝန်လည်းဖြစ်ပါသည်။သို့ဖြစ်သည့်အတွက် မြန်မာနိုင်ငံ၏ အကျိုးစီးပွားကိုထိခိုက်လာပါက ကျွန်ုပ်တို့မှလည်း အသက်ပေး ကာကွယ်တိုက်ခိုက်သွားမည်ဖြစ်ကြောင်းသိစေအပ်ပါသည်။
သို့ဖြစ်သည့်အတွက်သက်တမ်းနုနယ်လှသေးသော မြန်မာ့ဒီမိုကရေစီစနစ်တိုးတက်ရာတိုးတက်ကြောင်းအတွက်လည်းကောင်း၊ဖွံ့ဖြိုးမှုနိမ့်ကျနေသောနိုင်ငံတော်လျှင်လျှင်မြန်မြန်ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက်လည်းကောင်း၊နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက်လည်းကောင်း အပြုသဘောနှင့် ဝိုင်းဝန်းအကူအညီပေးကြပါရန် မေတ္တာရပ်ခံပန်ကြားအပ်ပါသည်။
အစ္စလာမ်သာသနာတော်၏အဆုံးအမများနှင့်ကိုက်ညီမှုမရှိသောနိုင်ငံတကာမှလက်မခံနိုင်သော-ပြည်ထောင်စုမြန်မာနိုင်ငံသားလူမျိုးမရွေးဘာသာမရွေးကလက်မခံနိုင်သောအကျပ်ကိုင်ခြင်း၊ခြိမ်းခြောက်ခြင်း၊သတင်းမှားထုတ်ပြန်ခြင်း၊သတင်းမှန်ကိုချဲ့ကားဝါဒဖြန့်ခြင်း၊နိုင်ငံတော်-နိုင်ငံတော်အလံနှင့် နိုင်ငံခေါင်းဆောင်ကြီးများအားစော်ကားမော်ကားပြုလုပ်ခြင်းများကို ရပ်တန့်ပေးပါရန် လေးနက်တည်ကြည်စွာမေတ္တာရပ်ခံ တောင်းဆိုအပ်ပါသည်။
မြန်မာမွတ်စလင်မ်အဖွဲ့
မန္တလေးမြို့။
၂၀၁၂ခုနှစ်၊ဇူလိုင်လ(၃၀)ရက်၊တနင်္လာနေ့။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။